အပိုင်း (၃၉)
သို့သော်လည်း အန်းရှကိုသာ အမြဲတမ်း မျက်နှာသာပေးလေ့ရှိကြသော လင်မယားနှစ်ဦးသည် ယခုအချိန်တွင်တော့ အန်းသုန်၏ သဘောထားအတိုင်း ရပ်တည်လိုက်ကြလေသည်။
“သမီးအစ်ကိုပြောတာ မှန်တယ်။ သမီးက ကုမ္ပဏီအတွက် ကိစ္စမှန်သမျှကို လုပ်ပေးထားတော့ ဒီကုမ္ပဏီက သမီးပိုင်ဆိုင်မှုပဲ ဖြစ်ရမှာပေါ့”။
သူမ၏ဆုံးဖြတ်ချက်သည် အငြင်းပယ်ခံလိုက်ရတော့သည်။
အန်းရှသည် စိတ်ပျက်မိသွားလေသည်။
သူမ၏ဆန္ဒအတိုင်း အမြဲတမ်း လိုက်နာဖြည့်ဆည်းပေးခဲ့သော မိဘများသည် ယခုအချိန်တွင်တော့ သူမ၏ ဆုံးဖြတ်ချက်ကို သဘောမတူညီကြတော့ချေ။
နောက်ဆုံးတွင်တော့ အန်းရှအတွက် ထိုကိစ္စသည် အလွန်ခက်ခဲသော အကြောင်းတစ်ခုသာ ဖြစ်နေလေတော့သည်။ မိဘများသည် အန်းရှထောက်ပံ့ပေးထားသော ယွမ်ခြောက်သန်းကို ထုတ်ယူ၍ ထိုလုပ်ငန်း၌ ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်လိုက်ကြတော့သည်။
“ရှရှ… အငြင်းသန်မနေနဲ့တော့။ သမီးအစ်ကိုအတွက် ကုမ္ပဏီ တည်ထောင်ပေးချင်တယ်မလား။ အဲဒါဆိုရင် လုပ်လိုက်လေ။ သမီးက ဒီကုမ္ပဏီရဲ့ ရှယ်ယာပိုင်ဆိုင်မှု အများဆုံးသူပဲ ဖြစ်နေမှာကို။ သမီးအစ်ကိုက သမီးအတွက် အလုပ်လုပ်ပေးလိမ့်မယ်”
အန်းချောင်ရှုန်းသည် နောက်ဆုံး ဆုံးဖြတ်ချက်ကို သတ်မှတ်ပေးလိုက်လေသည်။ ထို့ကြောင့် အန်းရှ၏ စိတ်ကူးများသည်လည်း ဖိနှိပ်ခံလိုက်ရတော့သည်။
အန်းရှသည် သူမ၏အစ်ကိုမှာ နောက်ဆုံးအချိန်အထိ ကုမ္ပဏီပိုင်ရှင် ဖြစ်မလာရဘဲ အလုပ်သမားအဖြစ်သာ ဆက်လက် ဖြစ်နေရခြင်းအတွက် စိတ်မသက်မသာမှုကို ခံစားနေရတော့သည်။
သို့သော် သူမအနေဖြင့် ပိုင်ရှင်ဖြစ်နေရခြင်းမှာလည်း ဘာမျှအကျိုးမထူးပေ။ သူမသည် ကုမ္ပဏီသို့ သွားရောက်မည်လည်း မဟုတ်ချေ။
သူမသည် ကုမ္ပဏီကို သူမအစ်ကိုထံသို့ တာဝန်ရှိသူအဖြစ် တိုက်ရိုက် လွှဲပြောင်း ပေးအပ်လိုက်မည်ဖြစ်သည်။ ထိုနည်းလမ်းဖြင့် အစ်ကိုသည် ကုမ္ပဏီ၏ အကြီးအကဲ ဖြစ်သွားမည် ဖြစ်သည်။
သူမသည် စိတ်မချမ်းသာမှုကို ဆက်လက်၍ မခံစားရတော့ပေ။ ထိုအစား သူမသည် မျှော်လင့်ချက်များဖြင့်သာ ပြည့်နှက်သွားတော့သည်။ သူမသည် အချစ်ဆုံးသူငယ်ချင်းကို စောစောလာခိုင်းထားလေသည်။ ထိုမှသာ သူမအစ်ကို၏ ဒေါသများကို မြန်မြန်ဆန်ဆန် ပေးဆပ်နိုင်မည် ဖြစ်လေသည်။
…
“မော့ယွီစန်း… မင်း ပွင့်ပွင့်လင်းလင်း ရှင်းပြစမ်းပါဦး။ မင်းရဲ့ ဇနီးဟောင်းကို ဘယ်လို သဘောထားတာလဲ”
ဂေါက်ကွင်းတွင် ချီလိသည် ထက်မြတ်လှသော မော့ယွီစန်းကို ကြည့်နေလျက် သိချင်စိတ် ပြင်းပြနေလေတော့သည်။
ချီလိသည် မော့ယွီစန်း၏ ကိုယ်ပိုင်ရှေ့နေဖြစ်လေသည်။ ထို့ကြောင့် သူ၏ ပတ်ဝန်းကျင်မှ ကိစ္စများကို ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အနည်းငယ်တော့ သိရှိထားလေသည်။
သို့သော်လည်း သူသည် မော့ယွီစန်း၏ လတ်တလော ခံစားချက်များကိုတော့ နားမလည်နိုင်သေးပေ။
သူသည် မူလတုန်းက သူ့ဇနီးဟောင်းကို အလွန်မုန်းနေသည်မှာ သိသာထင်ရှားလှသည်။ ထို့ကြောင့် သူမနှင့် ကွာရှင်းနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။
အမှန်တကယ် ကွာရှင်းချိန်တွင်တော့ သူ့သူငယ်ချင်းသည် သူ၏ ဇနီးဟောင်းအပေါ်တွင် မုန်းတီးနေပုံ သိပ်မပေါ်တော့ချေ။
“မင်းက ဘာကိုဆိုလိုတာလဲ” သူသည် ဂေါက်သီးကို ရိုက်လိုက်ပြီးနောက် ချီလိကို ကြည့်လိုက်လေသည်။
“စိတ်ရှုပ်ထွေးချင်ယောင် ဆောင်မနေပါနဲ့။ မင်းသာ ချောင်ယွီကို ဆက်သွယ်ခဲ့ပြီး ချန်ရွှယ်မင်ကို မကူညီခိုင်းခဲ့ဘူးဆိုရင် အစီအစဉ်တွေက အဲဒီလောက်အထိ အသေးစိတ်ကျပြီး လွယ်ကူပါတော့မလား။ ငါ့ကို ဟာသလုပ်မနေပါနဲ့တော့။ ချောင်ယွီက ဘယ်သူလဲ။ ဘယ်သူက ကိုယ် အကျိုးအမြတ်ကြီးတွေရနိုင်မဲ့ လုပ်ငန်းတွေကို စွန့်လွှတ်ပြီး လူစိမ်းတစ်ယောက်အတွက် အစီအစဉ်တွေကို အချိန်အကုန်ခံပြီး ရေးဆွဲပေးပါ့မလဲ”။ သူသည် ရယ်မောလိုက်ပြီးနောက် သူ့နောက်ကွယ်တွင် မော့ယွီစန်း ပြုလုပ်ထားခဲ့သော ကိစ္စများအားလုံးကို ပြောနေလေသည်။
ချီလိသည် အရာအားလုံးကို သိနှင့်နေပြီ ဖြစ်လေသောကြောင့် မော့ယွီစန်းသည် အမှုမထားသကဲ့သို့ ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်လေသည်။ “ငါက သူမအတွက် လုပ်ပေးချင်ရုံပါပဲ”
ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်လျက် မော့ယွီစန်းသည် စိတ်တည်ငြိမ်မှုကို ခံစားလိုက်ရလေသည်။
ထိုကဲ့သို့သော မိန်းမတစ်ယောက်သည် သူ့ကို ပျော်ရွှင်စွာဖြင့် ကွာရှင်းပေးလိုက်ရခြင်း၏ နောက်ကွယ်တွင် အကြံအစည်တစ်ခုခုများ ရှိနေနိုင်လောက်မည်လားဟု သူသိချင်နေမိသည်။
သူတို့ကွာရှင်းပြီးနောက်တွင် သူမသည် သူ၏မြင်ကွင်းရှေ့မှ လုံးဝပျောက်ကွယ်သွားလိမ့်မည်ဟုလည်း သူ မထင်မှတ်ထားမိခဲ့ပေ။
ထိုကိစ္စသည် သူတွေးထင်ထားသည်နှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်လို့နေသည်။ တစ်နည်းအားဖြင့် သူ့ကိုပင် စိတ်မသက်မသာ ဖြစ်စေလေသည်။
သူ့ကို အနေရ ခက်စေလေသည်။
အထူးသဖြင့် အန်းရှမထွက်ခွာမီ သူမ ပြောခဲ့သော စကားလုံးများကြောင့် သူ့ကို အပြစ်ရှိသူတစ်ယောက်ကဲ့သို့ ခံစားရစေသည်။
“ဒါက… သူမရဲ့ ပုံစံ မဟုတ်ဘူးလေ…”
ချီလိသည် မော့ယွီစန်းကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်လေသည်။ သူ့သူငယ်ချင်းသည် အန်းရှအပေါ်တွင် ခံစားချက်တစ်စုံတစ်ရာ မရှိတော့သည်မှာ သံသယဝင်နေရန်ပင် မလိုတော့ချေ။
အမှန်တကယ်တော့ သူသည် ထိုသူနှစ်ဦး၏ စတင်လက်ထပ်ချိန်မှ ကွာရှင်းလိုက်သည်အထိ အစအဆုံး သိမြင်ထားသူဖြစ်သည်။
“ဒါပေမဲ့လည်း သူမကို ကူညီပေးလိုက်နိုင်တာ ကောင်းပါတယ်။ သူမက ဆင်းရဲသလို မင်းရဲ့ ဇနီးဟောင်းလည်း ဖြစ်တယ်လေ”
“ဟင်… သူ့ကို ငါ့ရဲ့ဇနီးဟောင်းဖြစ်မှန်း ဘယ်သူမှ မသိပါဘူး”
မော့ယွီစန်းသည် မျက်ခုံးပင့်လိုက်လေသည်။ သူတို့သည် အန်းရှ၏ အကြောင်းများကိုသာ စကားဖောင်ဖွဲ့ ပြောဖြစ်နေကြ၍ ဂေါက်သီးကို ဆက်မရိုက်ဖြစ်သကဲ့သို့ ဖြစ်နေသည့်အတွက် စိတ်တိုမိသွားတော့သည်။
မော့ယွီစန်းသည် ထိုနေရာမှထွက်ခွာရန် ပြင်ဆင်လိုက်ချိန်တွင် ချောမောလှပ၍ နူးညံ့သိမ်မွေ့လှသော အမွှာကလေးနှစ်ဦးသည် သူ့ထံသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။
“ဦးလေးမော့… ဦးလေးမော့…”
မော့ယွီစန်း၏ မျက်ဝန်းများသည် နူးညံ့သွား၍ ရင်ထဲမှ ပူလောင်မှုများသည်လည်း အလုံးစုံ ပျောက်ဆုံးသွားရတော့သည်။
သူ၏ နူးညံ့၍ ဖခင်မေတ္တာများနှင့် ပြည့်နှက်နေသော အမူအယာတို့ကို မြင်လိုက်ရသောအခါ ချီလိသည် သက်ပြင်းချမိလိုက်တော့သည်။ သူသည် သူငယ်ချင်းဖြစ်သူ၏ မင်္ဂလာပွဲမှ အရက်ကို မကြာခင်တွင် သောက်သုံးရတော့မည်ဟု ထင်မိတော့သည်။