DBFFL အပိုင်း ၃၈

အပိုင်း (၃၈)

သူ၏ ညီမလေးသည် သူမ၏ လေလုံးထွားမှုကို လျှော့ချလိုက်သည်မှာ ရက်အနည်းငယ်မျှသာ ရှိနေသေးသည်။ ယခုတော့ သူမသည် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဝယ်ယူမည်ဟု ပြောနေပြန်လေသည်။

မူလက အန်းသုန်ထင်ခဲ့မိသည်က ညီမလေးဖြစ်သူသည် အရည်မရ အဖက်မရ လျှောက်ပြောနေခြင်းသာ ဖြစ်သည်ဟူ၍ပင်။

သို့သော်လည်း သူမသည် အတည်ပြောနေခြင်း ဖြစ်လေသည်။

“အစ်ကိုကြီး… ကျွန်မမှာ ပိုက်ဆံတွေ အများကြီးရှိပါတယ်”

ထိုအချိန်တွင် အန်းသုန်သည် အန်းရှ၏လက်ထဲမှ ဖုန်းကို ယူကြည့်လိုက်သောအခါ သူမ၏ ဘဏ်အကောင့်မှ သုညအလုံးပေါင်းများစွာကို မြင်တွေ့လိုက်ရသောကြောင့် မူးမေ့မတတ်ပင် ထိတ်လန့်သွားတော့သည်။

သူ၏ ညီမလေးသည် ကွာရှင်းလိုက်သည့်အတွက် နစ်နာကြေးအဖြစ် ငွေကြေးများစွာ ရရှိလိုက်သည်ဟု သူ့အနေဖြင့် သိနှင့်နေသည် ဖြစ်သော်လည်း ထိုမျှများပြားလှသော ပိုက်ဆံပမာဏကို မြင်တွေ့လိုက်ရချိန်မှာတော့ သူသည် ထိတ်လန့်မိသွားတော့သည်။

“ညီမလေး… မင်း အတည်ပြောနေတာလား” နောက်ဆုံးတွင်တော့ အန်းသုန်သည် အသိစိတ် ပြန်ဝင်လာ၍ ညီမဖြစ်သူကို စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိတော့သည်။

သူထင်ခဲ့မိသည်က ညီမဖြစ်သူသည် သူ့အတွက်ကြောင့်သာ ကုမ္ပဏီကို ဝယ်ယူချင်နေခဲ့သည် ဟူ၍ဖြစ်သည်။

သို့သော်လည်း…

“ဟုတ်တယ်… ကျွန်မ အတည်ပြောနေတာပါ အစ်ကို။ ကျွန်မ စဉ်းစားပြီးသွားပြီ။ အခြားသူ တစ်ယောက်အတွက် အလုပ်လုပ်ပေးနေရတာထက် အစ်ကို ကိုယ်တိုင်ပဲ အကြီးအကဲလုပ်လိုက်တာ ပိုကောင်းတယ်လေ။ အဲဒါက ပိုပြီးတော့လည်း လွယ်ကူတာပေါ့” အန်းရှသည် အများကြီး တွေးတောမနေတော့ဘဲ သူမ၏ စိတ်ကူးများအတိုင်း ပြောပြလိုက်တော့သည်။

သူမထံတွင် ပိုက်ဆံများစွာရှိနေပြီး ထိုအရာများ အားလုံးသည်လည်း မူလပိုင်ရှင်၏ ပိုင်ဆိုင်မှုများသာ ဖြစ်လေသည်။

မူလပိုင်ရှင်၏ ပိုက်ဆံများသည်လည်း သူမ မိသားစု၏ ပိုင်ဆိုင်မှုများ ဖြစ်သည်လေ။

ထို့ကြောင့် ဤပိုက်ဆံများအားလုံးကို သူမ၏ မိသားစုအတွက် အသုံးပြုရမည်သာ ဖြစ်သည်။

“ညီမလေး… မင်းက အသက် ၂၆ နှစ်ရှိနေပြီနော်။ ဘာဖြစ်လို့ အရာအားလုံးကို ရိုးရိုးစင်းစင်း တွေးတောနေရတာလဲ။ ပိုက်ဆံတွေရှိတိုင်းလည်း ဒီလိုမျိုး သုံးဖြုန်းပစ်လို့ မရဘူးလေ”

အန်းသုန်သည် ထိုကိစ္စကြောင့် စိတ်လှုပ်ရှားမိသော်လည်း ထိုအရာနှင့်ပတ်သက်၍ တွေးတောနေမိဆဲပင်။

ဖြစ်ပျက်နေသော ပြဿနာများအရ ဤသည်က ပို၍ လက်တွေ့ကျလေသည်။

“ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီရဲ့ အရင်းအနှီး မတည်ငွေက လုံးဝကို အရှုံးပေါ်နေပြီးတော့ အဲဒီကုမ္ပဏီက တာဝန်ယူထားတဲ့ အဆောက်အအုံတွေကလည်း မပြီးပြတ်သေးဘူး။ ညီမလေး အဲဒါတွေအားလုံးကို လက်လွှဲယူလိုက်မယ်ဆိုရင် ရှုပ်ထွေးမှုတွေက အများကြီးပဲနော်။ ဒါတောင် ညီမလေးက အိမ်ခြံမြေအကြောင်းကို လုံးဝ နားလည်တာ မဟုတ်သေးဘူး”

ထို့ကြောင့် သူသည် ညီမဖြစ်သူကို မဝယ်ယူစေခြင်း ဖြစ်သည်။

“ကိစ္စမရှိပါဘူး အစ်ကိုရဲ့။ အရင်ရက်တွေတုန်းက ကျွန်မ သူငယ်ချင်းတစ်ယောက်နဲ့ ဆွေးနွေးကြည့်သေးတယ်။ သူက လေ့လာကြည့်ပြီးသွားတော့ အဲဒီကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံလိုက်တာက ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုပဲတဲ့”

သူမသည် ထိုအချိန်တုန်းက ထိုကုမ္ပဏီကို သူမ၏ပိုက်ဆံများဖြင့် ဝယ်ယူရန် ကြံကြံဖန်ဖန် စိတ်ကူးရခဲ့လေသည်။

ထို့ကြောင့် သူမသည် အစ်ကိုဖြစ်သူကို သူမ၏စိတ်ကူးကို စိတ်လှုပ်ရှားစွာဖြင့် ပြောပြပြီးနောက်တွင် သူမ၏ အခင်ဆုံး သူငယ်ချင်းဖြစ်သူ ချန်ရွှယ်မင်ကို ဆက်သွယ်ခဲ့လေသည်။

ချန်ရွှယ်မင်သည် ရှေ့နေတစ်ဦးဖြစ်ပြီး မြို့တော်ရှိ အကောင်းဆုံး ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေခြင်းဖြစ်လေသည်။

ထို့ကြောင့် သူမထံတွင် အဆက်အသွယ်များစွာနှင့် သတင်းအချက်အလက်များလည်း ရှိနေသည်ဖြစ်သည်။

ထို့ကြောင့် အန်းရှသည် သူမ၏ အကြံအစည်များကို ပြောပြ၍ ရှုန်းထျန်း ကုမ္ပဏီကို ဝယ်ယူရန် သင့်မသင့် အကြံဉာဏ် တောင်းခံခဲ့ခြင်း ဖြစ်လေသည်။

အန်းရှ၏ ရည်မှန်းချက်ကို မပျက်သုန်းစေဘဲ ချန်ရွှယ်မင်သည် ထိုကိစ္စကို ပြီးပြည့်စုံအောင် ကူညီဆောင်ရွက်ပေးခဲ့ရုံသာမက ပြီးပြည့်စုံခြင်းထက်ပင် ကျော်လွန်အောင် လုပ်ဆောင်ပေးခဲ့လေသည်။

ချန်ရွှယ်မင်သည် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီအကြောင်းကို လေ့လာနိုင်စေရန် အိမ်ခြံမြေလုပ်ငန်း နယ်ပယ်မှ လူတော်များကို ရှာဖွေတွေ့ရှိခဲ့ရုံသာမက ထိုလုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်လိမ္မာသော စီမံခန့်ခွဲနိုင်သူ တစ်ဦးနှင့်ပါ အဆက်အသွယ် ရရှိခဲ့လေသည်။

“အစ်ကို… ကျွန်မတို့ရဲ့ ကုမ္ပဏီမှာ အထွေထွေမန်နေဂျာအဖြစ် ဆောင်ရွက်ပေးဖို့ ပညာရှင်တစ်ယောက်ကိုပါ ညီမတို့ ငှားထားတယ်”

သူမသည် ချမ်းသာပြီးသား ဖြစ်လေသည်။ ဒါဆိုရင် အဘယ်ကြောင့်များ ကုမ္ပဏီကို တည်ထောင်ချင်နေပြီး တစ်စုံတစ်ယောက်ကို အလုပ်လုပ်ပေးစေရန် လစာပေးနေရသနည်း။

“အစ်ကို… ကျွန်မတို့ကုမ္ပဏီက အစ်ကို့အပေါ်မှာပဲ မူတည်သွားပြီနော်။ အစ်ကို အဲဒီလုပ်ငန်းကနေ ကောင်းကောင်း သင်ယူရမယ်…”

အန်းရှသည် အစ်ကိုဖြစ်သူကို ပြုံး၍ ကြည့်လိုက်သည်။

အန်းသုန်သည် နှုတ်ခမ်းကိုသာ တွန့်လှုပ်လိုက်မိလေသည်။

သူသည် ညီမဖြစ်သူကို ခေါင်းရှုပ်စွာကြည့်လိုက်၍ စိတ်မပါစွာ ပြောလိုက်လေတော့သည်။ “မင်းကို ဘယ်သူက လုပ်ခိုင်းနေလို့လဲ”

“အစ်ကိုကြီး… စိတ်မပူပါနဲ့။ ကျွန်မတို့ လုံးဝရှုံးမှာ မဟုတ်ပါဘူး။ မင်မင်ကပြောတယ် သူက ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဈေးအနိမ့်နဲ့ အနိုင်ဝယ်ယူနိုင်ဖို့ သူကိုယ်တိုင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ပေးပြီးတော့ မြို့ပေါ်က ကျွမ်းကျင်တဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ကိုလည်း ခေါ်လာမယ်တဲ့။ အဲဒီတော့ အစ်ကို မှတ်ထားရမှာက ကျွန်မတို့ အဲဒီကုမ္ပဏီကို ဝယ်လိုက်လို့ ငွေကြေးဆုံးရှုံးမှု ဖြစ်မှာမဟုတ်ဘူး။ အစ်ကို မယုံဘူးဆိုရင် ကျွန်မကို မင်မင်ပို့ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကို ပြမယ်။ ဘာပဲဖြစ်ဖြစ် အစ်ကို ဖတ်ကြည့်လိုက်မယ်ဆိုရင် နားလည်သွားမှာပါ”

ထို့သို့ပြောလိုက်ရင်းဖြင့် အန်းရှသည် အန်းသုန်ကို သူမအခန်းသို့ခေါ်ဆောင်သွားပြီး ကွန်ပျူတာကို ဖွင့်ပြလိုက်လေသည်။ ထို့နောက် အန်းသုန်သည် မေးလ်မှပို့ထားသော ဖိုင်တစ်ခုကို တွေ့လိုက်ရလေသည်။

အန်းသုန်သည် ထိုပုဂ္ဂိုလ်ကို ပညာရှင်အဖြစ် ကောက်ချက်ချလိုက်တော့သည်။

သူသည် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သော်လည်း ထိုမျှလောက် အမြင်များစွာ မရှိခဲ့ပေ။

ပြီးနောက် အရေးအကြီးဆုံးသော ကိစ္စမှာ…

“သူပြောထားပုံအရ လင်ရှန်းပျယ်ယွမ်ရဲ့ ပတ်ဝန်းကျင်မှာ စာသင်ကျောင်း ဆောက်လုပ်ဖို့ ဖြစ်နိုင်တယ်ပေါ့”

ထိုကိစ္စသည် သူ့အနေဖြင့် အာရုံအစိုက်ရဆုံး အကြာင်းတစ်ခုဖြစ်လေသည်။

အကယ်၍ လင်ရှန်းပျယ်ယွမ်၏ ပတ်ဝန်းကျင်တွင်သာ ကျောင်းဆောက်လုပ်နိုင်နည်ဆိုလျှင် စွန့်ပစ်ထားသော အဆောက်အအုံအနေအထားမှ အခြေအနေသည် လုံးဝ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

ထို့အပြင် လင်ရှန်းပျယ်ယွမ်သည် အဖက်ဆယ်မရအောင် ပျက်စီးနေခြင်းမဟုတ်ဘဲ ကောင်းမွန်အောင် ပြုပြင်ရန် လိုအပ်နေခြင်းသာ ဖြစ်လေသည်။

“သူတို့ရဲ့ လေ့လာချက်အရတော့ ကျွန်မတို့ ကျောင်းဆောက်လုပ်သင့်တယ်လို့ ထင်တယ်နော်”

အန်းရှ၏ စကားလုံးများကို ကြားလိုက်ရသောအခါ အန်းသုန်သည် မျက်မှောင်ကြုတ်လိုက်မိသော်လည်း နောက်ဆုံးတွင် အန်းရှ၏ ထိုရှုန်းထျန်းကို ဝယ်ယူမည့်အစီအစဉ်ကို မတားဖြစ်တော့ချေ။

ဤအစီအစဉ်သည် အလွန် စိတ်ဝင်စားဖွယ်ရာကောင်းသည်။

ဒေဝါလီခံရတော့မည့် အနေအထားသို့ ကျရောက်နေသည့် ကုမ္ပဏီတစ်ခုသည် ထိုကဲ့သို့ ကောင်းမွန်သော အနေအထားသို့ ရောက်ရှိသွားရလိမ့်မည်ဟု မည်သူမျှ ခန့်မှန်းထားလိမ့်မည် မဟုတ်ပါ။

စာချုပ်စာတမ်းများအရ လေ့လာမှု အကြောင်းအရာများသည် မှန်ကန်ခဲ့မည်ဆိုလျှင် ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဝယ်ယူလိုက်ခြင်းသည် အကျိုးအမြတ်များမည့် စီးပွားရေးတစ်ခု အမှန်တကယ် ဖြစ်လိမ့်မည်သာ ဖြစ်သည်။

“အစ်ကို… စိတ်မပူပါနဲ့။ ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီကို ဝယ်ဖို့ ကျွန်မမှာ ပိုက်ဆံ လုံလုံလောက်လောက် ရှိပါတယ်။ အခုအချိန်က စပြီးတော့ အစ်ကိုက ရှုန်းထျန်းကုမ္ပဏီရဲ့ ပိုင်ရှင် ဖြစ်သွားပြီနော်”

အန်းရှသည် သူမ၏ နှုတ်ခမ်းများကို ကွေးညွတ်လိုက်သည်။ ထို့နောက် သူမ၏အစ်ကိုကို ဒုက္ခပေးရဲခဲ့သည့်သူကို တွေးကြည့်လိုက်မိသည်။

အဲဒီ မန်နေဂျာရှုန်းကတော့ သင်ခန်းစာတွေ ကောင်းကောင်းရတော့မယ်။

သူမသည် အစ်ကိုဖြစ်သူ၏ ရှုန်းထျန်းကုမ္ပဏီသို့ သွားရောက်၍ ထိုကုမ္ပဏီ၏ ပိုင်ရှင်အဖြစ် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရမည်ကို တွေးကြည့်မိလိုက်သောအခါ စိတ်လှုပ်ရှားမိလေတော့သည်။

“ညီမလေး.. အစ်ကိုက မင်းရဲ့ အထက်လူကြီးမဟုတ်ဘူးလေ။ ကုမ္ပဏီက မင်းရဲ့ပိုင်ဆိုင်မှုပါ”

“မဟုတ်ပါဘူး… အစ်ကိုရဲ့။ အစ်ကိုကသာ သူဋ္ဌေးပါ။ အစ်ကိုပိုင်တဲ့ ကုမ္ပဏီပါ”

မောင်နှမနှစ်ယောက် ငြင်းခုံနေကြစဉ်တွင် သူတို့၏ မိဘများသည် အိမ်ပြန်ရောက်လာကြလေသည်။

သူတို့သည် လတ်တလောတွင် မနက်စာဆိုင်တွင် အလုပ်များနေသောကြောင့် အန်းရှနှင့် အချိန်အတော်ကြာအောင် အတူတူမရှိဖြစ်ကြပေ။

နောက်ဆုံးတွင် သူတို့သည် မောင်နှမနှစ်ဦး၏ စကားများနေကြသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရလေသည်။

“မင်းတို့နှစ်ယောက် ဘာတွေ ငြင်းခုံနေကြတာလဲ”

“အမေ၊ အဖေ… ပြန်ရောက်လာကြပြီသား”

အန်းရှသည် မိဘများကို မြင်လိုက်ရသောအခါ မိတ်ဆွေများကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေလေသည်။

Telegram မှာ အပိုင်း ၁၅၃အထိ ရောက်ပါပြီနော်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset