အခန်း ၂၃၇ ။ ပျောက်ဆုံးနေသောလူ
ရှန်းရင် သူ့ကို အံ့ဩတကြီးကြည့်လိုက်တယ်။
“နင့်ရည်းစားလား”
“…” မိစ္ဆာနတ်ဘုရားရဲ့ ပါးစပ်က တွန့်သွားပြီး တစ်အောင့်နေတော့ပြန်ဖြေတယ်။
“မင်းအထင်လွဲနေပြီ၊ သူက မုံ့ဖော်ပဲ”
“မုံ့ဖော်” ကူယွဲ့ မှင်တက်သွားပြီး မျက်လုံးပြူးသွားတယ်။
“ဆိုလိုတာက… မုံ့ဖော်စွပ်ပြုတ်ကို ပေးတဲ့ မုံ့ဖော်လား”
“စွပ်ပြုတ်” ရှန်းရင်မျက်လုံးတွေ တောက်ပသွားတယ်။
“ဘာစွပ်ပြုတ်…”
(๑◕▽◕๑)
“ပါးစပ်ပိတ်” ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်တော့တယ်။
“အဲစွပ်ပြုတ်ကို သောက်ပြီးရင် မှတ်ဉာဏ်ပျောက်သွားမှာ၊ ပြန်လည်ဝင်စားဖို့အတွက်ဟ” သူမမှာ လုံးဝကို ပုံမှန်ဗဟုသုတ မရှိတာပဲ။ အစားအသောက်အကြောင်းကြားပြီး တက်ကြွမနေနဲ့။
“အော်”
“မှတ်ဉာဏ်ပျောက်တာလား” မိစ္ဆာနတ်ဘုရားက အူကြောင်ကြောင်ဖြစ်သွားပြီး နောက်တော့ တစ်စုံတစ်ရာ တွေးမိဟန် ရယ်တော့တယ်။
“အဲဒါ မုံ့ဖော်ရဲ့ စနောက်မှုသက်သက်ပါ၊ ပြောကြတဲ့ မုံ့ဖော်စွပ်ပြုတ်ဆိုတာက မေ့ပျောက်မြစ်ရေ သက်သက်ပါပဲ၊ မေ့ပျောက်မြစ်က လူတစ်ယောက်ရဲ့ဝိညာဉ်ကို သန့်စင်နိုင်ပြီး နဂိုမူလအခြေအနေ ပြန်ရောက်စေတယ်၊ ဒါကြောင့် သူတို့ရဲ့အရင်ဘဝက သေချာပေါက် လွင့်ပျောက်သွားမှာပဲ၊ သူတို့ သောက်သောက်မသောက်သောက် မေ့ပျောက်မြစ်ရဲ့သံသရာထဲ ဝင်ရဦးမှာ”
ကူယွဲ့ ။ ။ “…”
သေစမ်း ဒီတော့ ဒါက မုံ့ဖော်စွပ်ပြုတ်ဆိုတာပေါ့။ အဲတော့ အချစ်ဇာတ်လမ်းတွေထဲက မုံ့ဖော်စွပ်ပြုတ်ကို မသောက်ဖို့ ကတိပေးခဲ့ကြတဲ့ အဲဒီစုံတွဲတွေအားလုံးက ငတုံးတွေဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။
“မုံ့ဖော်က ငါ့လို ဖန်တီးမှုနတ်ဘုရားသုံးပါးထဲကတစ်ပါးပဲ” မိစ္ဆာနတ်ဘုရားက တည်ကြည်တဲ့လေသံနဲ့ ရှင်းပြလာတယ်။
“ငါ၊ မုံ့ဖော်နဲ့ ဖန်တီးမှုနတ်ဘုရားက အရှုပ်အထွေးတွေကြားကနေ သုံးလောကကို ဖန်တီးခဲ့တာပဲ၊ မုံ့ဖော်က သံသရာကို တာဝန်ယူပြီး ငါကတော့ အလင်း၊ အမှောင်နဲ့ ဟန်ချက်စနစ်ကျမှုကို တာဝန်ယူထားတယ်၊ ဖန်တီးမှုနတ်ဘုရားကတော့ သုံးလောကထဲက အရာမှန်သမျှကို ဖန်တီးခဲ့တာပေါ့”
“ခင်ဗျားက အလင်းအတွက် တာဝန်ယူထားတာလား” ကူယွဲ့က အူကြောင်ကြောင်ဖြစ်သွားတယ်။
“ခင်ဗျားက မိစ္ဆာနတ်ဘုရား မဟုတ်ဘူးလား”
ဒါကဟာသလားဟေ။
“မိစ္ဆာနတ်ဘုရားဆိုတာ နတ်ဆိုးတွေ ငါ့ကိုပေးတဲ့နာမည်ပါပဲ” သူက ခပ်ပြုံးပြုံးဆက်ပြောတယ်။ မုံ့ဖော်ကို နဂိုက မေ့ပျောက်မြစ်လို့ ခေါ်ကြသလိုပဲပေါ့။
“ခင်ဗျား မုံ့ဖော်ကို ရှာချင်တယ်လို့ပြောတယ်နော်၊ သူ ဘာဖြစ်လို့လဲ”
“ငါ သူ့ကိုရုတ်တရက်ကြီး အာရုံခံမရတော့ဘူး” မိစ္ဆာနတ်ဘုရားက သက်ပြင်းချတယ်။
“သူနဲ့ငါက ဖန်တီးမှုနတ်ဘုရားရဲ့ ကောင်းကင်နဲ့မြေကြီးကို ပိုင်းခြားမှုကြောင့် မွေးဖွားလာတာပဲ၊ သူက နဂိုက မေ့ပျောက်မြစ်ရဲ့ အသွင်ယူမှုဖြစ်ပြီး လောကကြီးရဲ့ပြန်လည်ဝင်စားမှုနဲ့ သဟဇာတဖြစ်တဲ့ စက်ဝန်းကို ဖန်တီးဖို့ တာဝန်ယူထားတယ်၊ အရင်တုန်းက မေ့ပျောက်မြစ်ကနေ သူ တစ်ခါမှ ထွက်မသွားဖူးဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ မေ့ပျောက်မြစ်အပေါ် ပြောင်းလဲမှုတွေရှိခဲ့တယ်၊ နတ်ဆိုးလောကကို ချိပ်ပိတ်ခဲ့တာမို့ တကယ်လို့ သူသာ နတ်ဆိုးလောကဆီ ကိုယ်တိုင်သွားခဲ့ရင် သူ မေ့ပျောက်မြစ်ကို ပြန်ချိတ်ဆက်နိုင်မှာပဲ”
“သူ ပေါ်မလာခဲ့ဘူးပေါ့” ရှန်းရင် သူ့စကားကိုအဆုံးသတ်လိုက်တယ်။
မိစ္ဆာနတ်ဘုရားက ခေါင်းညိတ်ပြတယ်။
“မှန်တယ်၊ အဲဒါကြောင့် အမတနဲ့နတ်ဆိုးလောကကို ပေါင်းစပ်ဖို့ ငါဒီလောက်အားကုန်ထုတ်ခဲ့တာပဲ”
အရင်တစ်ကြိမ်က သူတို့ထွက်မပြေးသွားခင် သူစကားတောင်ပြီးအောင်မပြောလိုက်ရဘူး။
“မုံ့ဖော်ကလည်း ဖန်တီးမှုနတ်ဘုရားတွေထဲက တစ်ပါးဆိုပေမဲ့ မေ့ပျောက်မြစ်က သုံးလောကထဲက သက်ရှိတွေ အများကြီးနဲ့ ထိတွေ့ဆက်ဆံရလို့ထင် သူမလည်း သေချာပေါက် သက်ရောက်ခံခဲ့ရတာပေါ့၊ သူမရဲ့ စရိုက်ကလည်း ပြောင်းလဲသွားခဲ့တယ်၊ အရင်တုန်းက သူမက မကြာခဏပုန်းနေတတ်ပေမဲ့ အခုတော့ ပြောင်းလဲသွားပြီ”
သူ မျက်မှောင်ကြုတ်လိုက်တယ်။
“ငါသူ့ကို လုံးဝကို အာရုံမခံနိုင်တာ၊ ဖန်တီးမှုနတ်ဘုရားတောင် သူဘယ်မှာလဲမသိဘူး၊ မင်းတို့နှစ်ယောက်လုံးက အပြိုင်ကမ္ဘာတစ်ခုကလေ၊ ယိချင်းကတော့ ထူးခြားတဲ့ကံရှိတယ်၊ ပြီးတော့ ရှန်းရင်မှာက… ထူးခြားတဲ့စွမ်းရည်တွေရှိတယ်လေ၊ ဖြစ်နိုင်တာက မင်း သူ့ကို တကယ်ရှာနိုင်လောက်တယ်”
“ကျုပ်တို့က ဘာလို့ ခင်ဗျားကို ကူညီရမှာလဲ”
သူတို့ အရင်တစ်ခေါက်က အကြွေးတောင် မရှင်းရသေးတာကို။
မိစ္ဆာနတ်ဘုရားက တိတ်သွားပြီး တစ်အောင့်ကြာတော့ ပြန်ဖြေလာတယ်။
“တကယ်လို့ မုံ့ဖော်သာ မရှိရင် အချိန်ကြာလာတဲ့အခါ မေ့ပျောက်မြစ်က ထိန်းချုပ်မှုကင်းမဲ့ပြီး သုံးလောကထဲ ပရမ်းပတာတွေဖြစ်လာလိမ့်မယ်”
သူက ယိချင်းကို ကြည့်လိုက်တယ်။
“ဖြစ်နိုင်တာက မင်းတို့သုံးယောက် ဂရုမစိုက်လောက်ပေမဲ့ သုံးလောကကြီးထဲကလူတွေ အဲလိုမျိုး သေသွားမှာကို တကယ်ကြည့်နေနိုင်လား”
ကူယွဲ့က ဆွံ့အသွားတယ်။ ငါ-ိုး လောကကြီးအရေးကိစ္စတွေလာပြန်ပြီ။
“သေချာပေါက်ပေါ့၊ ဒါကို လုပ်ပေးပါလို့ ငါ့မှာတောင်းဆိုခွင့်မရှိဘူး” မိစ္ဆာနတ်ဘုရားလေသံက ပျော့ပြီး ချက်ချင်း ထပ်ဖြည့်ပြောလာတယ်။
“ဒီလိုဆိုရင်ရော… မင်းတို့ မုံ့ဖော်ကို ရှာတွေ့တေံ့ မတွေ့တွေ့ ငါ မင်းတို့ကို မင်းတို့လောကနဲ့ ချိတ်ဆက်တဲ့နည်းလမ်းပြောပြမယ်၊ အဲလိုဆိုရင်ရော”
“တကယ်” ကူယွဲ့ မှင်တက်သွားတယ်။ တကယ်ပဲနည်းလမ်းရှိတယ်ပေါ့၊ အခု သူ ထွက်သွားဖို့ကို စိုးရိမ်ဖို့မလိုတော့ဘူး။
မိစ္ဆာနတ်ဘုရားရဲ့အပြုံးက ပိုပြီးတောင်တောက်ပသွားပြီး လက်တစ်ဖက်မြှောက်လိုက်တယ်။
“ကောင်းကင်တာအိုနဲ့တိုင်တည်ပြီး ကျိန်ဆိုတယ်”
“ကောင်းပြီလေ” ကူယွဲ့က ခေါင်းညိတ်ပြီး သူ့ကို နောက်တစ်ကြိမ် ပြန်ယုံကြည်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ဒါပေမဲ့ သုံးလောကကဒီ လောက်ကြီးတာ ကျုပ်တို့ သူ့ကိုဘယ်မှာသွားရှာရမှာလဲ”
ပြီးတော့ ရှန်းရင်လို ဦးတည်ဖက်မသိတဲ့လူကို လူလိုက်ရှာခိုင်းတယ်ဆိုတော့ တကယ်စဉ်းစားနေတာ ဟုတ်ရဲ့လား။
“မုံ့ဖော်က မေ့ပျောက်မြစ်ကနေ အကြာကြီး ထွက်သွားမှာ မဟုတ်ဘူး၊ မင်းတို့သူ့ကို မေ့ပျောက်မြစ်ရဲ့ရင်းမြစ်မှာ ရှာဖို့ပဲလိုတယ်၊ ရိုးရှင်းပါတယ်”
“အမတလောကကနေ ထွက်သွားရမယ်လို့ ဆိုလိုတာလား” သောက်ကျိုးနည်း အဲဒါရိုးရှင်းတာ သူ အကြာကြီး စုဆောင်းထားခဲ့ရတဲ့ ကြွယ်ဝမှုတွေ ဘာဖြစ်သွားမှာလဲ။
“ပြီးတော့လည်း မေ့ပျောက်မြစ်ရဲ့ရင်းမြစ်ကဘယ်မှာလဲ၊ မြေအောက်ကမ္ဘာတော့ .. မဟုတ်ဘူးမလား”
ဟိုလီရှစ် သူ သူတို့ကို ငရဲပို့ဖို့တကယ်စီစဉ်နေတာပဲ။
“တိတိကျကျ ပြောရရင် ကောင်းကင်မြေအောက်ကမ္ဘာပါ” မိစ္ဆာနတ်ဘုရားက သူ့ကို အမှန်ပြင်ပေးလာတယ်။
“ကောင်းကင်လား၊ မြေအောက်ကမ္ဘာလား” သူဘာဆိုလိုတာလဲ။
“ကောင်းကင်ဘုံက အမတဘုံကနေ ထွက်ခွာချိန် ငါတို့က တစ်ဘုံလုံး အမတတက်လှမ်းမှု လုပ်ခဲ့တာပေါ့၊ ဒါကြောင့် ငါတို့က မြေအောက်လောကနဲ့ တစ်လောကတည်းဖြစ်နေပြီ”
“မြေအောက်လောကဆီ တက်လှမ်းတာ ဆိုလိုတာက… မြေအောက်လောကက နဂိုက သုံးဘုံထဲကပေါ့…”
“အထွတ်အထိပ်လောကပဲ” မိစ္ဆာနတ်ဘုရားက ခေါင်းညိတ်ပြလိုက်တယ်။
“မေ့ပျောက်မြစ်ရဲ့ဇာစ်မြစ်က သေချာပေါက် သုံးလောကကြား သေချာပေါက် အထက်တန်းကျမှာပေါ့”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ဒါ သူတို့ကို သင်ပေးထားတာတွေနဲ့ ကွာခြားတယ်လေ
လိုတာထက်ပိုတဲ့ကိစ္စတွေ သူတို့ခေါင်းထဲ ပေါ်လာတော့တယ်။
ငရဲ၊ ရန်ဝမ်(ငရဲဘုရင်)၊ သေမင်းညီနောင်တွေနဲ့ တခြားအကြောင်းအရာတွေရောပဲ။ ပြီးတော့ သာမန်ကျင့်ကြံသူတွေတောင် ဖြေရှင်းနိုင်တဲ့ အဲဒီမကောင်းဆိုးဝါးဝိညာဉ်တွေက အထွတ်အထိပ်လောကဆီကတဲ့လား။ သူတို့တွေက တခြားလောကတွေဆီတောင် ရွှေ့နိုင်တယ်။
သူတို့ရဲ့ ကောင်းကင်လောကအပေါ် အထင်အမြင်က ရုတ်တရက်ကြီး ဘယ်လိုလုပ် ဟိုးကျောက်တုံးအောက်ခြေထိ ကျသွားတယ်လို့ ခံစားရတာပါလိမ့်။
“ဂျပုလေးက ဘယ်မှာလဲ” ရှန်းရင်က ရုတ်တရက်မေးလာတယ်။
“စိတ်အေးအေးထားပါ၊ သူ့သက်တမ်းနဲ့ဆို အဆင်ပြေပါလိမ့်မယ်၊ မြန်မြန် အသက်ဆုံးဦးမှာ မဟုတ်ဘူး၊ ပြီးတော့ သူက မင်းတို့သွားမဲ့နေရာမှာ”
“ရွှမ်ထုံက ကောင်းကင်မြေအောက်ဘုံထဲမှာပေါ့”
ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သူတို့ထဲကဘယ်သူမှ ပန်းပေါ်က အရှိန်အဝါကို မမြင်ဖူးတာ မထူးဆန်းတော့ဘူး။ အမတလောကထဲက မဟုတ်ဘူးပဲ။ ဒါပေမဲ့ ကောင်းကင်မျိုးနွယ်က ဘာလို့ ရွှမ်ထုံ့ကို ပြန်ပေးဆွဲရတာလဲ။
“မဟုတ်သေးပါဘူး၊ ကောင်းကင်ဘုံက လူတွေက အမတလောကထဲ စိတ်တိုင်းကျဝင်ထွက်နိုင်တာလား”
သူတို့ဝင်ထွက်နိုင်ရင် ဘာလို့ အမတဘုံက ကောင်းကင်မျိုးနွယ်ကို ဒီနှစ်တွေအားလုံးအကြာမှာတောင် တစ်ခါမှ မမြင်ဖူးရတာလဲ။
“မင်းတို့ ကောင်းကင်မြေအောက်ဘုံဆီ သွားပြီးရင် ဒါတွေအားလုံးကို အလိုလို နားလည်လာမှာပါ” မိစ္ဆာနတ်ဘုရားက လက်ကိုဝှေ့ယမ်းပြီး အလင်းတန်းဖြူကြီးတစ်ခု ထိန်လင်းသွားကာ သူတို့ရှေ့ ဖြည်းဖြည်းချင်း နိမ့်ချည်မြင့်ချည်ဖြစ်နေတယ်။
“ငါ သုံးဘုံထဲ ဝင်ရောက်စွက်ဖက်လို့မရတာမို့ ကိုယ်တိုင်သွားလို့မရဘူး၊ မင်းတို့ သွားဖို့အဆင်သင့်ဖြစ်ရင် ဒါကိုအသက်သွင်းဖို့ မင်းတို့မသေမျိုးချီကို သုံးလိုက်၊ မင်းတို့ကို ကောင်းကင်မြေအောက်ဘုံဆီ ခေါ်သွားပေးလိမ့်မယ်၊ မင်းတို့တွေ မုံ့ဖော်နဲ့ ဆယ်ပေအတွင်း ရှိနေသရွေ့ ဒါက နီလာပြီး ငါအလိုလို ပေါ်လာလိမ့်မယ်”
ရှန်းရင် လက်ကိုဆန့်ထုတ်ကာယူလိုက်တယ်။ ကူယွဲ့လည်းငုံ့ကြည့်လိုက်တော့ နှုတ်ခမ်း တွန့်သွားတော့တယ်။ ထင်ထားတဲ့အတိုင်းပဲ နောက်ထပ် ကျောက်စိမ်းဆွဲဘယက် ဟွေ့လင်မှာ ရှိခဲ့တဲ့နှစ်ခုနဲ့ တစ်ပုံစံတည်းပဲ။ ဒီကောင်းကင်မိစ္ဆာက ကျောက်စိမ်းဆွဲဘယက်တွေကို စွဲလမ်းမှု ရှိနေတာလား။
“ဒါဆိုလည်း ဒုက္ခပေးရတော့မယ်” မိစ္ဆာနတ်ဘုရားရဲ့အပြုံးက ပိုတောက်ပလာပြီး ကောင်းကင်ဘုံထဲ သူ့ကိုယ်က ပျောက်ကွယ်သွားတော့တယ်။
“ခဏနေပါဦး” သူတို့ မေးလို့တောင်မပြီးသေးတာကို၊ အနည်းဆုံးတော့ စရမဲ့လမ်းကြောင်းလေး ဘာညာ ပေးသွားဦးလေ။
ကူယွဲ့ မေးခွန်းတချို့မေးချင်သေးပေမဲ့ သူတို့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားခဲ့တယ်။ သူတို့က အနောက်နန်းဆောင်ရဲ့ ခြံဝန်းထဲ ရပ်နေပြီ။ သူတို့ဆန့်ကျင်ဘက်မှာတော့ ငမည်းလေးက လမုန့်တစ်ပိုင်းကို ကိုင်ထားရင်း တမြုံ့မြုံ့ဝါးနေတယ်။ ပြီးတော့ အခွံမာစေ့အရသာ။
“ကြီးမြတ်တဲ့နတ်သမီး ပြန်လာပြီပဲ”ငမည်းလေးက လက်ပေါ်က လမုန့်အစတွေကို ခါလိုက်တယ်။
“မြန်သားပဲ ဘာတွေဖြစ်ခဲ့တာလဲ၊ မိစ္ဆာနတ်ဘုရားက ဘာတွေပြော…”
“ငမည်းလေး” ရှန်းရင်က သူ့ကိုကြားဖြတ်ပြီး စားပွဲပေါ်က ပန်းကန်ပြားအလွတ်တွေကို ကြည့်လိုက်တယ်။ သူမ မျက်မှောင်ကြုတ်တော့တယ်။
“နင်အခုသွားလို့ရပြီ”
အာ… အယ်။
သူ ခုလေးတင်မှ ရောက်တာလေ။
“ဘာလို့…” သူ မေးမို့ရှိသေး ရှန်းရင်က ရုတ်တရက် သူ့ကို စိန်းစိန်းဝါးဝါးကြည့်လာတယ်။ ငမည်းလေး တစ်ကိုယ်လုံး အေးစက်သွားပြီး အလိုလိုတုန်ရီသွားတော့တယ်။ ကြီးမြတ်တဲ့နတ်သမီးက ဘာလို့သူ့ကို ဒီလိုကြည့်နေရတာလဲ။
“နတ်ဆိုးဘုရင် ကျေးဇူးပြုပြီး” ယွီဟုန်လည်း အမူအရာ ဖတ်နိုင်တာမို့ သူ့ကိုနှင်ထုတ်တော့တယ်။
ငမည်းလေးလည်း ဇဝေဇဝါဖြစ်သွားပေမဲ့ လှည့်ထွက်လာခဲ့ပြီး ခြေတစ်လှမ်းလှမ်းတိုင်း ပြန်လှည့်ကြည့်နေမိတယ်။
“ဟုန်အာ၊ ငါတစ်ခုခု အမှားလုပ်မိလို့လား”
သူ ကြီးမြတ်တဲ့နတ်သမီး မုန်းတီးတာခံလိုက်ရသလိုပဲ။
ယွီဟုန်က သူ့ကိုထူးဆန်းတဲ့အမူအရာနဲ့ကြည့်တယ်။
“ဟမြ၊ ဘာလဲ”
“ဟူး… ရှင်မသိတာ ပိုကောင်းပါတယ်”
“ဘာလို့လဲ”
“ဂိုဏ်းချုပ် ဒီနေ့ ညစာမစားရသေးဘူးလေ”
“ဟမ်”
အဲဒါ ဘာဆိုလိုတာလဲ။ သေချာရှင်းပြဦးလေ၊ အဲဒါမှ ငါနောက်တစ်ကြိမ် သေချာဖားနိုင်မှာပေါ့။
…