အခန်း ၂၃၈ ။ ကောင်းကင်ဘုံသို့ဦးတည်ခြင်း
“ငါတို့သွားသင့်တယ်ထင်လား” ကူယွဲ့မျက်မှောင်ကြုတ်လိုက်တယ်။ သူ စောနက ဖြေတာ တအားစောသွားတယ် – ခုတော့ အကြပ်ရိုက်နေပြီ။
ရွှမ်ထုံက အခု ကောင်းကင်မြေအောက်ဘုံမှာ။ သူဘယ်မှာလဲဆိုတာ သူတို့အတိအကျမသိဘူး။ မိစ္ဆာနတ်ဘုရားက သူ အခု အန္တရာယ်စစ်စစ်နဲ့ မကြုံတွေ့ရသေးဘူးလို့ ပြောခဲ့ပေမဲ့ ဘယ်တော့မှ မကြုံတွေ့ဘူးလို့ မဆိုလိုဘူး။ ပြီးတော့ သူက အခုမှ မဟူရာအမတအဆင့်ပဲရှိသေးတာကို ကောင်းကင်မျိုးနွယ်တွေ ဝိုင်းထားတာ ခံနေရတာ။ အဲမှာဘေးကင်းတယ်လို့ စဉ်းစားဖို့က ဟာသတစ်ခုပဲ။ အထူးသဖြင့် သူမရဲ့ ကံမကောင်းတဲ့ အနေအထားအရ…။
သူမက ဘယ်လိုပဲဖြစ်ဖြစ် သူ့ဂိုဏ်းကတပည့်ပဲ။ ဒါတွေအားလုံးကိုစဉ်းစားလိုက်ရင် မျက်နှာလွှဲခဲပစ် လုပ်ဖို့က ခက်တယ်။
ဒါပေမဲ့ သူတို့သုံးယောက်လုံး ကောင်းကင်မြေအောက်ဘုံဆီသွားရင် သူတို့ မုံ့ဖော်ကို ရှာတွေ့မတွေ့က အသာထားဦး၊ သူတို့ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလားတောင် မသေချာဘူး။ အမတဘုံရဲ့ လက်ရှိအခြေအနေကို စဉ်းစားရင် ကြည့်ရတာ အရာအားလုံးကအဆင်ပြေတဲ့ပုံပေါက်တယ်။ ဒါပေမဲ့ ရှန်းရင် အရာအားလုံးကို အတူတူထိန်းထားတာကြောင့်မှန်းသာ ကူယွဲ့သိတယ်။ သူမ ကောင်းကင်ဘုံဆီ ထွက်ခွာတာနဲ့ အမတနဲ့ နတ်ဆိုးဘုံတွေက တိုက်ပွဲစတင်မှာပဲ။ တိုက်ခိုက်ခံရတဲ့ပထမဆုံးနေရာက သူတို့ဝူတိနန်းတော်ကောင်းကင်ဖြစ်လိမ့်မယ်။
“ကောင်းကင်မိစ္ဆာဆယ်ပါးက မင်း သူတို့ကို အနိုင်ယူခဲ့ချိန်က ရခဲ့တဲ့ဒဏ်ရာတွေကနေ အပြည့်အဝ မသက်သာသေးပေမဲ့ အဇဋာဧကရာဇ်တွေကတော့ မတူဘူး၊ တကယ်လို့ သူတို့ဆယ်ယောက် ပူးပေါင်းလိုက်ရင်တောင် နတ်ဆိုးလောကက သူတို့နဲ့ ယှဉ်နိုင်သေးတယ်၊ အဲထဲမှာ ငမည်းလေးကို ပုံဖော်ကြည့်ရင်…” သူတို့ ဘက်လိုက်တာမဟုတ်ပေမဲ့ အမတဘုံရဲ့အရည်အချင်းတွေက တကယ့်ကို သာမန်ဆန်လွန်းတယ်။
“ပြီးတော့ နတ်ဆိုးဘုံမှာ ကျန့်ထင်ရှိတယ်”
ဧကရာဇ်ကျောင်းဟွားတော့ ရှိသေးပေမဲ့ သူမလည်း အများကြီး အကူအညီဖြစ်မှာမဟုတ်ဘူး။ တကယ်လို့ တကယ်သာ ကြုံရရင် နတ်ဆိုးတွေက သူမကို လွှတ်ပေးပါ့မလားတောင်မသေချာ။
“မင်းတို့ ဘယ်လိုထင်လဲ၊ ငါတို့ ခုဘာလုပ်သင့်တုံး”
“ဟမ်” ရှန်းရင်က ထစ်ငေါ့နေတယ်။ သူမက ကူယွဲ့ကို လှည့်ကြည့်ရင်း စားစရာဝါးနေတယ်။
“နင်ဘာပြောလိုက်တာ”
ကူယွဲ့ သူ့စိတ်ထဲတစ်ခုခုကျိုးပဲ့သွားသလို ခံစားလိုက်ရတယ်။
“မင်း ဂရုစိုက်သမျှက စားစရာပဲ”
သူ အရမ်းကို စိတ်ပူပန်နေတယ်ဆိုတာ မမြင်နိုင်ဘူးလား။ ဒေါသထွက်ပြီး သူ မီးဖိုချောင်ဆီ လျှောက်နေတဲ့ လူဘက် စိန်းစိန်းဝါးဝါးလှည့်ကြည့်လိုက်တော့တယ်။
“ပြီးတော့ မင်း ကြော်လှော်နေတာတော်တော့ မင်း ခုချက်နေတာ ဟင်းပွဲ၂၀လောက်ရှိပြီ”
“ဖေဖေနျို…” ရှန်းရင်က ပြောရင်း အရွက်မျှင်တစ်စက ပါးစပ်အပြင်တန်းလန်းကျနေသေးတယ်။
“ငါတို့ဒီကိစ္စတွေကို ဆွေးနွေးဖို့ သန်မာအောင် စားစရာရှိတာစားရမယ်လေ၊ စားဖိုမှူး ခရမ်းချဉ်သီးကြက်ဥမွှေကြော်ချက်လိုက်”
“ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ”
“တော်လောက်ပြီ မင်းတို့နှစ်ယောက်လုံး”
ကူယွဲ့ စားပွဲမထုမိအောင် ထိန်းထားတဲ့ဆန္ဒအားလုံးကို ယူပစ်သွားတော့တယ်။
“မင်းတို့ ဂျပုလေးအတွက် စဉ်းစားပေးနိုင်မလား”
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က နှစ်တချို့ ဆက်ဆံခဲ့တာပဲလေ။ သူမကြီးပြင်းလာတာကို သူတို့ကြည့်ခဲ့ရတာ
“ငါတို့စိုးရိမ်တာပေါ့” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
“အဲဒါကြောင့် စားဖိုမှူးကို လမ်းမှာစားဖို့ ဟင်းပွဲတွေပိုချက်ခိုင်းနေတာ” အဲမှာ စားစရာမရှိရင် ဘယ်လိုလုပ်မလဲ။
“မင်း… တကယ်ပဲ ကောင်းကင်မြေအောက်ဘုံကို သွားဖို့စီစဉ်နေတာလား” ပြီးတော့ ချက်ချင်းသွားဖို့ လုပ်နေတာလား။
“တခြားဘာရှိရမှာလဲ”
“ဒါပေမဲ့ ငါတို့သွားရင် ဂိုဏ်းနဲ့ဘုံနှစ်ခုက-”
“ဖေဖေနျို” ရှန်းရင်က ရုတ်တရက်ကြားဖြတ်ပြောလိုက်တယ်။ သူမ အသံတိုးလိုက်တယ်။
“နင်ဘာလို့ မဟူရာကောင်းကင်ဂိုဏ်းက ထွက်လာခဲ့တာလဲ”
ကူယွဲ့တန့်သွားပြီး သူမကိုအူကြောင်ကြောင်စိုက်ကြည့်နေမိတယ်။
ဘာလို့လဲ။ ဘာလို့လဲဆိုတော့ မဟူရာကောင်းကင်ဂိုဏ်းက ရှန်းရင်နဲ့ ယိချင်းကို ဓားစာခံလုပ်ဖို့ စီစဉ်လို့လေ။ ဂိုဏ်းထဲကလူတွေကို ကာကွယ်ပေးသင့်တဲ့ ဂိုဏ်းချုပ်တွေက အရေးကြီးတဲ့အချိန်မှာ သူတို့ ဂရုစိုက်မှုအောက်ကလူတွေရဲ့ အသက်ကို လက်လျှော့ပစ်ဖို့ ဆန္ဒရှိခဲ့တယ်။ အဲဒါကြောင့် သူမဟူရာဂိုဏ်းအပေါ် အေးစက်သွားခဲ့တာပဲ။ နောက်တော့… ရှန်းရင်နဲ့ပူးပေါင်းခဲ့တယ်။
“အခု ငါတို့က သူတို့နဲ့တစ်ပုံစံတည်းပြုမူနေပြီ” ရှန်းရင်က တစ်ခဏစဉ်းစားပြီး ဆက်ပြောလိုက်တယ်။
“ဂျပုလေးက ငါတို့ဂိုဏ်းရဲ့တပည့်လေ”
ကူယွဲ့က တောင့်တင်းသွားတယ်။ သူ့နှလုံးထဲထုံးဖွဲ့နေတဲ့ အထုံးကလဲ နောက်ဆုံးတော့ သူ့ဘာသာ ပြေသွားခဲ့တယ်။ မှန်တယ် သူဘာလို့တုံ့ဆိုင်းနေသေးတာလဲ။ သူတို့ပြောနေတာ ဝူတိဂိုဏ်းရဲ့တပည့်ပဲ – တခြားသူတွေ သူ့ကို အနိုင်ကျင့်မှာ ဘာလို့ခွင့်ပြုရမှာလဲ။ သူတို့ပြန်လာမလာနိုင်ကတော့ cheat အနားမှာ ရှိသရွေ့ ဘာမှကြောက်စရာမလိုဘူး အဆိုးဆုံးမှ သူတို့ တစ်ယောက်သောနတ်ဆိုးကို ဆွဲခေါ်ပြီး ကျိန်ခိုင်းလိုက်မယ်။
“ငါနားလည်ပြီ” ကူယွဲ့ပြုံးလိုက်တယ်။ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုပဲ။ အရာအားလုံးက ရုတ်တရက် ကြည်လင်လာတယ်။ အကျင့်အတိုင်း သူ ရှန်းရင်ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တော့တယ်။
“ပြီးတော့… မင်းရဲ့ညစ်ပတ်နေတဲ့လက်တွေကို ငါ့ပခုံးပေါ်ကနေဖယ်လိုက်”
သေစမ်း၊ သူ့ပခုံးပေါ် လက်သုတ်ဖို့ အခွင့်အရေး ယူသေးတယ်ပေါ့လေ။ သူမ သူ့ကို ဘာမှတ်နေတာလဲ – အဝတ်စလား ငါမမြင်ဘူးမထင်နဲ့။
“ငါသူတို့ကို ခုတ်ပစ်မယ်ဆို မင်းယုံမလား”
ရှန်းရင် ချက်ချင်းလက်ပြန်ရုပ်ပြီး ပန်းကန်လုံးဘက်မျက်နှာပြန်လှည့်လိုက်တော့တယ်။
သူတို့ဒီနေ့ ပုစွန်စားနေတာလေ အား သူမ လက်သုတ်စရာတွေ မပြင်ထားမိတာ ဆိုးလွန်းတယ်။ အခု သူမလက်တွေ ဆီပေနေတော့ တခြားစားစရာတွေကို ဆုပ်ကိုင်ရတာ အခက်တွေ့နေပြီ။
“ဆရာ ကြက်ဥခရမ်းချဉ်သီးမွှေကြော်ရပါပြီ”
“အော်”
ကူယွဲ့ သိုင်းကွက်တစ်ခု ဖန်တီးပြီး ပခုံးပေါ်က ဆီကွက်တွေကို သုတ်လိုက်တယ်။ သူ့ခုံဆီ ပြန်သွားပြီး စိုးရိမ်တကြီး ဟိုဟိုဒီဒီ ကြည့်လိုက်တယ်။ ကြည့်ရတာ တပည့်တွေ စိုးရိမ်ပြီးကျန်မနေခဲ့ရအောင် နန်းတော်မှာ သေချာပြင်ဆင်ရတော့မဲ့ပုံပဲ။
“မစိုးရိမ်ပါနဲ့” ယိချင်းက ရှန်းရင်ရှေ့ ကြက်ဥမွှေကြောပန်းကန်ကို ချပေးရင်း ပြောလာတယ်။
“မိစ္ဆာနတ်ဘုရားက ဘုံနှစ်ဘုံကို ပေါင်းစည်းဖို့ မတုံ့ဆိုင်းဘဲ ကျွန်တော်တို့ကို ကောင်းကင်နန်းတော်ဆီ ဦးတည်ဖို့တောင် တောင်းဆိုခဲ့တာ၊ သူ အားလုံးကို စဉ်းစားပြီးတာ သိသာတယ်၊ ကျွန်တော်တို့ လိုအပ်လောက်တာမှန်သမျှ ပြင်ဆင်ပြီးတာ ဖြစ်ဖို့များတယ်”
ကူယွဲ့က တန့်သွားတယ်။ သူ တစ်ခုမေးဖို့ရှိသေး မြေကြီးကလှုပ်ယမ်းလာပါလေရော။ မဝေးတဲ့တစ်နေရာစီက သူ ကောင်းကင်ဆီ ထူထဲပေါကြွယ်ဝတဲ့နတ်ဆိုးချီတွေ တစ်ရှိန်ထိုး တက်သွားတာကို ခံစားမိလိုက်တယ်။ တစ်အောင့်ကြာတော့ အမတနန်းတော်တစ်ခုလုံးထဲ ပြည့်သွားတယ်။ မသေမျိုးချီက နန်းတော်ထဲကနေ စက္ကန့်နဲ့အမျှ ပျံ့လွင့်သွားလေရဲ့။
“ဒါက…” အဲဒါ လန်ဟွားရှိတဲ့ဘက်မလား။ ဒီနတ်ဆိုးချီတွေရဲ့ပမာဏကိုကြည့်ရင်…။
“လန်ဟွားက တက်လှမ်းနေတာပဲ”
ကူယွဲ့ ထခုန်လိုက်မိတယ်။ လန်ဟွားက ကောင်းကင်မိစ္ဆာ။ သူတက်လှမ်းပြီဆို ဆိုလိုတာက… နတ်ဆိုးဘုရင် ဖြစ်တော့မှာပေါ့။
လန်ဟွားက နတ်ဆိုးဆိုပေမဲ့ သူ့နှလုံးသားက အမြဲ အမတဘုံအတွက်ပဲဖြစ်နေခဲ့တာ။ ဒါတွေက မိစ္ဆာနတ်ဘုရားရဲ့ အစီအစဉ်တွေပဲလား။ တကယ်လို့ လန်ဟွားသာ နတ်ဆိုးဘုရင်ဖြစ်လာရင် သူတို့သုံးယောက် ထွက်သွားရင်တောင် အမတဘုံနဲ့ နတ်ဆိုးဘုံက ဟန်ချက်ညီနေဦးမှာပဲ။
သံသယမရှိ မိစ္ဆာနတ်ဘုရားက အားလုံးကိုစီစဉ်ထားခဲ့တာပဲ။
ကူယွဲ့ရဲ့စိုးရိမ်မှုအများစုကို အခုဖြေရှင်းပြီးပြီ။
“ရှန်းရင် ငါတို့…” သူစကားမဆုံးခင်မှာတင် ရွှေရောင်အလင်းတန်းက ရှန်းရင်ဘေးပေါ်လာပြီး သူတို့အားလုံးကို လွှမ်းခြုံသွားတော့တယ်။
“ဟိုလီရှစ် အဲဒါကျောက်စိမ်းတံဆိပ်ပြားကပဲ” ကူယွဲ့က အံ့ဩတကြီး ပြောလိုက်တယ်။ အရမ်းနောက်ကျသွားပြီ။ သုံးယောက်လုံး ပျောက်သွားတော့တယ်။
မိစ္ဆာနတ်ဘုရားက လူလိမ်ပဲ၊ ပြောတော့ ဒါက မသေမျိုးချီနဲ့အသက်သွင်းရတာဆို၊ ဒါပေမဲ့ သူက ဘယ်လောက် မသေမျိုးချီပမာဏလဲဆိုတာကျ မပြောသွားခဲ့ဘူး
——————
ကောင်းကင်မြေအောက်ဘုံတစ်နေရာ။
မသေမျိုးချီတွေ တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းနေတယ်။ အဝေးကို မမြင်ရအောင် ကာဆီးနေတဲ့မြူတွေလိုမျိုး တစ်စုံတစ်ရာ ဖွဲ့စည်းနေတဲ့အတိုင်း ပိုပိုထူထဲလာတယ်။ မိနစ်နည်းနည်းကြာတော့ နက်ရှိုင်းတဲ့တောအုပ်ကြီးက ရုတ်တရက် နှင်းတွေလိုဖြူဖွေးသွားတယ်။ တိမ်တိုက်တွေကြား ကြီးမားတဲ့ တံခါးကြီးပေါ်လာပြီး အင်းကွက်တွေအများကြီးနဲ့ ပုံကားချပ်ကြီး ဖုံးလွှမ်းထားတယ်။ အရမ်းကိုရှေးဆန်ချက်ပဲ။ ပတ်ပတ်လည်မှာတော့ လေထဲလွင့်မျောနေတဲ့ ရွှေရောင်စာလုံးတွေနဲ့ အဆောင်တွေ။ တစ်ခုချင်းစီကထူးဆန်းတဲ့တွန်းအားထုတ်လွှင့်နေတယ်။
ရုတ်တရက် တစ်ခုခုဖြဲဆုတ်သံကြားလိုက်ရတယ်။ တံခါးကပွင့်လာပြီး မျက်စိကျိန်းစရာ ရွှေအလင်းတန်းက အထဲကနေ တောက်ပလာကာ တစ်တောအုပ်လုံးကို လင်းထိန်သွားစေခဲ့တယ်။ ထည်ဝါတဲ့အသံတစ်သံက လွင့်မျောလာတယ်။ အသံကနေရာတိုင်းမှာရှိနေသလိုမျိုးပဲ – စကားပြောနေသူက ဘယ်လောက်ဝေးလဲဆိုတာ ဆုံးဖြတ်ဖို့နည်းလမ်းမရှိဘူး။
နောက်တော့ နဂါးကြီးတစ်ကောင်ရဲ့ ဟိန်းသံအကျယ်ကြီးက လေထဲပျံ့လွင့်လာတယ်။ အနက်ရောင်ပုံသဏ္ဌာန်တစ်ခုက ကောင်းကင်ထဲ မြင့်တက်သွားတယ်။ နဂါးဟိန်းသံက တိမ်တိုက်တွေနဲ့ ပင်လယ်တစ်လျှောက် အဆုံးမရှိဟန် ပဲ့တင်ထပ်သွားခဲ့တယ်။
ပတ်ပတ်လည်က မသေမျိုးချီတွေ ထူထဲသထက်ထူထဲလာတယ်။ တံခါးတွေကပျောက်သွားပြီး ကောင်းကင်ထဲက သဏ္ဌာန်ဆီ ပျံသန်းသွားတဲ့ အပြာရောင်ကောသ်းကင်စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ နဂါးမည်းကြီးက တိမ်တွေကြား ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ ကောင်းကင်ထဲ လွတ်လွတ်လပ်လပ်ပျံသန်းရတာ ပျော်နေတဲ့ပုံ။
ကောင်းကင်အသံက ကောင်းကင်ယံထဲပြည့်သွားတယ်။
“ဟားဟားဟား… ငါနောက်ဆုံးတော့ နဂါးဖြစ်လာပြီး ကောင်းကင်ဘုံဆီ တက်လှမ်းရပြီ” နဂါးအသံက အင်မတန် ကျယ်လောင်တယ်။ မိုးကြိုးသံတွေ နောက်မှာချန်ရစ်ခဲ့သလိုရယ်နေတာပဲ။
“ဒီနေ့ကစပြီး ငါက ကောင်းကင်မျိုးနွယ်အစစ် ဖြစ်ပြီ”
စကားပြောပြီးတာနဲ့ မိုးကြိုးသံကျယ်ကြီးပေါ်လာတယ်။ နဂါးနက်က ချက်ချင်း ကောင်းကင်ကို မှောင်မည်းသွားစေတဲ့ မိုးကြိုးနီကြီးတွေ ထုတ်လိုက်တယ်။ အရာအားလုံးဟာ ပကတိအမှောင်အတိ။ နဂါးက တိမ်တိုက်တွေကြား ဆက်ကခုန်နေပြီး သူ့ကောင်းကင်ဖိနှိပ်မှုကို မြေကြီးကနေတောင် ခံစားရနိုင်တယ်။ သူ ပိုပြီးပျံလေ စိတ်လှုပ်ရှားလာလေပဲ။
“ပိုင်ဇယ် ငါ့ကို ဒီနှစ်ပေါင်းသောင်းချီအတွင်း လုပ်ခဲ့တာတွေအတွက် သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်” သူက ကတိပေးနေတဲ့ပုံပဲ။ နောက်တော့ မိုးကြိုးတန်းနီကြီး ထွေးထုတ်တယ်။ ကျိုးပဲ့သံကြီးတွေက နေရာတစ်လျှောက် အက်ခိုးထပ်ပြီး နဂါးက မြေကြီးဆီ ဦးတည်လာတယ်။ မိုးကြိုးတွေက သူ့တစ်ကိုယ်လုံးမှာ ပေါ်နေတယ်။ ကြည့်ရတာ အောက်ကသစ်တောပေါ် ဒေါသပေါက်ကွဲတော့မဲ့ပုံပဲ။
မိုးကြိုးတွေနဲ့ ကြောက်မက်ဖွယ် ဖိနှိပ်မှုက ပိုပိုများလာပြီး နဂါးက လေထဲ တိမ်တိုက်တွေကိုဖြတ် သစ်ပင်တွေကြားထဲထုတ်ခဲ့တဲ့ မီးတောက်တွေကြားထဲ ဖြတ်သန်းနေတယ်။ မြေကြီးကို သူက တန်းတန်းမတ်မတ် ဦးတည်လာနေတယ်။
ရုတ်တရက် သစ်ပင်နောက်ကနေ ပုံသဏ္ဌာန်တစ်ခုပေါ်လာတယ်။ ပုဂ္ဂိုလ်က ဝတ်ရုံဖြူဝတ်ထားပြီး ရှုပ်ပွနေတဲ့ဆံပင်နဲ့။ သူမက နဂါးကြီးကို မဆိုစလောက် မော့ကြည့်ပြီး အကျင့်အတိုင်း လက်ယမ်းနှုတ်ဆက်ပြလိုက်တယ်။
“ဟေး မြွေနဂါးရှည်ကြီး”
“…”
…