အခန်း ၂၃၆ ။ မိစ္ဆာနတ်ဘုရားနှင့်သဘောတူညီချက်
ကူယွဲ့က လက်သိုင်းကွက်တချို့ထုတ်လိုက်ပြီး မသေမျိုးချီတစ်တန်းကို ညှိုးနေတဲ့ပန်းဆီ ဦးတည်လိုက်တာ သေချာစစ်ဆေးလိုက်တယ်။
“အရှိန်အဝါက ပျောက်သွားပြီ၊ မုန်လာဥဖြူကို တိုက်ခိုက်ချိန် လျော့နည်းသွားတာနေမယ်”
“မြက်ပုံစံ အမတဆေးမြစ်တွေက သူတို့ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုခံရဖို့ အလွယ်ဆုံးပဲ”
ယိချင်းက ပြောလာတယ်။
“ဒီပန်းက ပြတင်းပေါက်ဘောင်မှာထားထားတာ၊ ရွှမ်ထုံ့ကို ပြန်ပေးဆွဲတဲ့လူရဲ့ အရှိန်အဝါ သက်ရောက်ခံရတာ ဖြစ်မယ်”
“ဒါပေမဲ့ ငါတို့ ဒီအငွေ့အသက်ကိုတစ်ခါမှမမြင်ဖူးဘူးလေ”
ကူယွဲ့ မျက်ခုံးတွေကြုံ့မိလုနီးပါးဖြစ်သွားတယ်။
“လန်ဟွား ဒါက ဘာအငွေ့အသက်မျိုးလဲဆိုတာ အာရုံမခံနိုင်တာ မဆန်းဘူး၊ ဒါတကယ်ကိုပဲ ထူးဆန်းတာ၊ မသေမျိုးချီမဟုတ်ပေမဲ့ နတ်ဆိုးချီလည်းမဟုတ်ပြန်ဘူး၊ ပြီးတော့… အရမ်းအေးလွန်းတယ်”
အဲအခိုက်အတန့်မှာ အေးစက်တဲ့ အငွေ့အသက်တစ်မျိုးက တစ်ခန်းလုံးကို ပြည့်သွားတာ ခံစားလိုက်ရတယ်။
ပြီးတော့ လက်ကျန်အရှိန်အဝါတစ်စွန်းတစ်စကတင် မုန်လာဥဖြူကို လွင့်ထွက်သွားစေနိုင်တာ။ မုန်လာဥဖြူက အပင်ဝိညာဉ်ဆိုပေမဲ ကျင့်ကြံဆင့်မနိမ့်ဘူး။ အဲဒါကနေကြည့်ရင် ရွှမ်ထုံ့ကို ခေါ်သွားတဲ့သူက အင်မတန် သန်မာတယ်ဆိုတာ မြင်နိုင်တယ်။
“ငါသိရသလောက်တော့ အမတလောကမှာ ဒီလိုအရှိန်အဝါနဲ့လူ မရှိဘူးထင်တာပဲ”
ချန်ကောက အသည်းအသန် ခေါက်တုံ့ခေါက်ပြန်လျှောက်တော့တယ်။
“နတ်ဆိုးဘုံကများလား”
“ဟင့်အင်း” ကူယွဲ့ခေါင်းယမ်းပြီး သူ့ထင်ကြေးကို ငြင်းဆန်လိုက်တယ်။
“တကယ်လို့ နတ်ဆိုးဘုံမှာသာ ဒီလိုလူမျိုးတကယ်ရှိရင် မင်းစိတ်နတ်ဆိုးတွေက နတ်ဆိုးဘုံတံခါးကို ဖွင့်ချိန် ရှန်းရင်ဝင်သွားတော့ တွေ့ခဲ့မှာပေါ့၊ သူတို့ခုမှပေါ်လာတဲ့အထိ စောင့်နေခဲ့မှာမဟုတ်ဘူး” ပြီးတော့ ဝူတိဂိုဏ်းရဲ့တပည့်ကို ပြန်ပေးဆွဲဖို့လူကို ထွက်ခွင့်ပေးတာမျိုးက ငမည်းလေး လုပ်ရမဲ့အရာမဟုတ်ဘူး။
“ဒါဆို ဒါကဘာလဲ”
လူတိုင်း တိတ်ကုန်ပြီး အကြာကြီးစဉ်းစားနေပေမဲ့ အချည်းနှီး။ သူတို့အားလုံး ဂါထာအမျိုးမျိုး သုံးကြည့်ပြီး အရှိန်အဝါကို အာရုံလိုက်ခံကြည့်ပေမဲ့ လုံးဝကိုအကျိုးမရှိ။ ဖုန်းယင်တောင် သူ့စနစ်ကို သုံးကြည့်ပေမဲ့ ဘာရလဒ်မှထွက်မလာ။
ကူယွဲ့ မချင့်မရဲဖြစ်သွားတော့တယ်။
“ဒီအရှိန်အဝါက ဘယ်သူပိုင်တာလဲဆိုတာ ဘယ်သူမှမသိဘူးလား”
“လူတစ်ယောက်ရှိတယ်…” ရှန်းရင်က စဉ်းစားပြီး ရုတ်တရက်ပြောလာတယ်။
“သေချာပေါက်သိမဲ့သူ”
“ဘယ်သူလဲ”
ကူယွဲ့ မေးဖို့လုပ်ပေမဲ့ တစ်ယောက်ယောက်က ရုတ်တရက် တံခါးတွန်းဖွင့်ပြီး အိမ်ထဲကြည့်ကာ ပြောလေတယ်။
“ကြီးမြတ်တဲ့နတ်သမီး၊ ကျွန်တော် ပြန်ရောက်ပါပြီ” နတ်ဆိုးဘုရင်က ကပ်ဖားယပ်ဖားပြုံးကာ ရောက်ချလာတယ်။
“လန်ဟွားဆိုတဲ့ ကောင်းကင်မိစ္ဆာရဲ့ဒဏ်ရာက ပြဿနာကြီးမဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို ကူညီထိန်းညှိပြီးပြီ၊ ရက်နည်းနည်းနားပြီးရင် သက်သာသွားပါလိမ့်မယ်”
“အိုး” ရှန်းရင် ခေါင်းညိတ်ပြီး ရုတ်တရက်တောက်ပစွာပြုံးလိုက်တယ်။
“နင်အလုပ်ရှုပ်ခံပေးလို့ ကျေးဇူးတင်ပါတယ်”
ငမည်းလေး ထိန်းချုပ်မရအောင် တုန်ယင်ပြီး ခြေတစ်လှမ်းပြန်ဆုတ်တော့တယ်။
“ကြီးမြတ်တဲ့… ကြီးမြတ်တဲ့နတ်သမီး အမိန့်ပေးစရာရှိရင် ကျေးဇူးပြုပြီးပြောပါ… မပြုံးပြလို့ရမလား၊ ခင်ဗျားပြုံးရင် ကျွန်တော့်ခြေထောက်တွေ ပျော့ခွေသွားတယ်” တော်တော်လေးကိုပျော့ခွေသွားတာ။
“ငမည်းလေး”
“ဒီမှာပါ”
“နောက်ထပ် ကျိန်ဆိုမှု လုပ်ရင်ရော၊ ငါတို့ မိစ္ဆာနတ်ဘုရားနဲ့ တွေ့လို့ရအောင် ကူညီပေးနိုင်မဲ့ဟာမျိုးလေ”
ငမည်းလေး ။ ။ “…”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ကိစ္စမသိသော လူအုပ်ကြီး ။ ။ “…”
အမှန်တိုင်းပြောပါ ကြီးမြတ်တဲ့နတ်သမီး၊ ခင်ဗျား ငမည်းလေးကို သဘောမကျတော့ဘဲ နောက်ထပ်နတ်ဆိုးဆီ ပြောင်းချင်နေပြီလား။
(; ́༎ຶД༎ຶ`)
————
ငါးမိနစ်အကြာ။
“ကြီးမြတ်တဲ့နတ်သမီး၊ ဒီတစ်ကြိမ် ကျွန်တော် ဘာကျိန်ဆိုမှုလုပ်ရမှာပါလဲ”
“အရင်တစ်ကြိမ်က ဖက်ထုတ်ဆိုတော့ ဒီတစ်ခေါက် လမုန့်ဆိုရင်ရော”
“…”
“ဘာလဲ၊ ခက်လို့လား”
“မဟုတ် မဟုတ်ပါဘူး ကြီးမြတ်တဲ့နတ်သမီး၊ ကိစ္စမရှိပါဘူး ကြီးမြတ်တဲ့နတ်သမီး”
ဒါကြောင့် ထင်ရှားတဲ့ ကျိန်ဆိုမှုက ပေါ်ပင်လယ်နန်းတော်ထဲ ချက်ချင်းပေါ်လာပြီး ကောင်းကင်အလွန်မှ ကောင်းကင်များရဲ့ တစ်ဝက်လောက်ထိ ပျံ့နှံ့သွားလေရဲ့။
[နတ်ဆိုးလောကဘုရင် ကျုပ်လိယင်းက ကြီးမြတ်တဲ့ မိစ္စကောင်းကင်နတ်ဘုရားနဲ့ စာချုပ်ချုပ်ရန် ကျုပ်နတ်ဆိုးဝိညာဉ်ကို အသုံးပြုပါတယ်၊ စည်းမျဉ်းတွေနဲ့ ကောင်းကင်ဘုံရဲ့ ဥပဒေတွေကို လိုက်နာပြီး – ယနေ့ ကျုပ် ကြီးမြတ်တဲ့နတ်သမီးရှန်းရင်ကို အခွံမာသီးအမျိုးစုံ လမုန့်တွေစားအောင် လုပ်ပါ့မယ်၊ ဒါကိုပျက်ကွက်ခဲ့ရင် နတ်ဆိုးနတ်ဘုရားရဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုကို လက်ခံဖို့ ဆန္ဒရှိပါတယ်။]
ဟူး၊ သူ ဒါကိုထပ်လုပ်ပြီးရင်တော့ အရှက်ကွဲတာနဲ့ ကျင့်သားရတော့မှာပါ
┑( ̄Д̄)┍
“စားဖိုမှူး၊ ငါ့ကို ကြက်ဥအနှစ်လမုန့်ပေး”
“ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူးဆရာ”
ငါးမိနစ်အကြာ၊ ကောင်းကင်ဘုံတွင်။
မိစ္ဆာနတ်ဘုရား ။ ။ “…”
သူတို့ နောက်တစ်ကြိမ် သူ့ကိုဆင့်ခေါ်ချင်တဲ့အချိန် တခြားနည်းလမ်းသုံးလို့ရမလား။
ပြီးတော့…။
တစ်စုံတစ်ယောက်သော ရှေးဟောင်းနတ်ဘုရားက မျက်နှာချင်းဆိုင်ကလူကို စိုက်ကြည့်ရင်း ဆွံ့အနေမိတယ်။
“မင်း… စားတာပြီးပြီလား”
သူမ စားနေတာ ၅မိနစ်ရှိနေပြီ။
“ခဏ” ရှန်းရင် သူမရဲ့လက်ကျန်လမုန့်ကို အလောတကြီးမျိုချလိုက်လို့ နင်တော့တယ်။ သူမ သီးသွားတော့ ယိချင်းက ရေနွေးကြမ်း အမြန်ကမ်းပေးလာတာမို့ သူမ မျိုချလိုက်တယ်။
လမုန့်အကြွင်းအကျန်တွေကို ရှင်းထုတ်ဖို့ သူမလက်နှစ်ဖက်လုံးကို လက်ခုပ်တီးကာ ဆန့်ကျင်ဘက်ကလူကို လက်ယမ်းပြလိုက်တယ်။
“မင်္ဂလာပါ မိစ္ဆာနတ်ဘုရားကြီးရှင့်”
“…” သူ လုံးဝကို နေလို့မကောင်းတော့။
“အဲနတ်ဆိုးဘုရင်လေး င့ါကို ဆင့်ခေါ်အောင် လုပ်တယ်ပေါ့၊ ဘာကိစ္စလဲ”
“ငါတို့ နင့်ကို မေးစရာရှိလို့လေ” ရှန်းရင် သူမခါးအိတ်ဆောင်ထဲက ညှိုးနွမ်းနေတဲ့ပန်းကို ထုတ်လိုက်တယ်။
“ဒီပန်းပေါ်က အရှိန်အဝါက ဘာလဲသိလား”
မိစ္ဆာနတ်ဘုရားက သူမလက်ထဲကပန်းကို အရင်အတိုင်း ခပ်ရေးရေးပြုံးကြည့်တယ်။ သူက ခေါင်းညိတ်လာတယ်။
“သေချာပေါက်ပေါ့”
“ဒါဘာလဲ”
မိစ္ဆာနတ်ဘုရားက သူတို့သုံးယောက်ကို ကြည့်ပြီး ခဏတန့်သွားခဲ့တယ်။
“မင်းတို့အားလုံး စိတ်နတ်ဆိုးကမွေးလာတဲ့ အဲကလေးကို ရှာဖို့ကြိုးစားနေတာပဲ”
“ရွှမ်ထုံဘယ်မှာလဲ သိလား” ကူယွဲ့ ပြောင်ပြောင်တင်းတင်း မေးလိုက်တော့တယ်။
“ဒါပေါ့” မိစ္ဆာနတ်ဘုရားက ပြုံးတယ်။
“ငါက ဒီကမ္ဘာကို ဖန်တီးခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားသုံးပါးထဲက တစ်ပါးပဲဟာ၊ သုံးဘုံအတွင်း ဖြစ်ပျက်သမျှငါအကုန်သိတယ်”
“ဒါဆို…”
“ဒါပေမဲ့ ငါမင်းတို့ကို ဒီတိုင်းပြောပြလို့မရဘူး”
“ဘာလို့လဲ” ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ အရင်တစ်ကြိမ်က သူ သူတို့ကို ပြောပြရတာ သဘောကျနေတာ မဟုတ်ဘူးလား။
“အရင်တစ်ခေါက်က ငါပြောခဲ့တယ်လေ၊ ငါက သုံးဘုံရဲ့ဘောင်အပြင်ကို ရောက်နေပြီမို့ ဒီသုံးလောကထဲက သက်ရှိတွေနဲ့ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး၊ မဟုတ်ရင် ပိုကြီးတဲ့ ကသောင်းကနင်းတွေ ဖြစ်လာလိမ့်မယ်”
မိစ္ဆာနတ်ဘုရားက သက်ပြင်းချကာဆက်ပြောတယ်။
“စိတ်နတ်ဆိုးတွေကမွေးလာတဲ့ ကလေးက ပြန်လည်ဝင်စားဖို့ ပို့ခံလိုက်ရတော့ အစောတုန်းက လူတစ်ယောက်ရဲ့ အကြွင်းအကျန်ဝိညာဉ်ဆိုပေမဲ့ အခုကိုယ်ပိုင်ဝိညာဉ်ပေါ်ပေါက်လာပြီး သုံးလောကရဲ့ သက်ရှိအသစ်တွေထဲက တစ်ခုလို့ စဉ်းစားလို့ရတယ်၊ သူ့မှာ သူ့ကိုယ်ပိုင်ကံရှိတာမို့ ငါမင်းတို့ကို ပြောပြလို့မရဘူး”
“အရေးမပါတာတွေ” ကူယွဲ့က နဂိုတည်းက သူ့ကို သဘောမကျခဲ့ပေမဲ့ အခုတော့ပိုပြီးတောင် စိတ်တိုသွားပြီ။
“အဲတုန်းက ခင်ဗျားက ကျုပ်တို့ကိုဒီလောကထဲ ဆွဲသွင်းခဲ့တာလေ၊ အဲတည်းက ဝင်ရောက်နှောင့်ယှက်ပြီးသားမဟုတ်လား၊ ပြီးတော့ ဟွေ့လင်ကိစ္စလည်းရှိတယ်”
“ဟွေ့လင်က သူ့ကိုယ်ပိုင်ဝိညာဉ် မရှိတာမို့ သေချာပေါက်ထည့်မတွက်ဘူးလေ မင်းတို့ကတော့… မင်းတို့က တခြားကမ္ဘာကဆိုတော့ သုံးလောကက မဟုတ်ဘူးလေ၊ မင်းတို့ဖြစ်သမျှက သုံးလောကနဲ့ဘာမှမဆိုင်ဘူး”
သေစမ်း ဒီခွေး*သားကလေးကတော့ ကူယွဲ့အမူအရာက မည်းမှောင်လာပြန်ပေမဲ့ ရုတ်တရက် တစ်စုံတစ်ရာ တွေးမိပြီး မျက်လုံးတွေ လက်သွားတယ်။
“ခင်ဗျားပြောသလိုဆို ကျုပ်တို့က သုံးဘုံကမဟုတ်တော့ ပြောပြလို့ရတယ်လေ၊ အဲဒါက ဝင်ရောက်စွက်ဖက်တယ်လို့ ထည့်တွက်တာမှ မဟုတ်တာ”
“…” မိစ္ဆာနတ်ဘုရားက အကျပ်ရိုက်သွားတယ်။
“ဒါက ဒီလိုအလုပ်လုပ်ပုံမဟုတ်ဘူးလေ”
“ဒါပေမဲ့ ခင်ဗျားကိုယ်တိုင်ပဲ ပြောခဲ့တာ”
မိစ္ဆာနတ်ဘုရားက ခေါင်းယမ်းတယ်။
“မင်းကို ပြောတာနဲ့ ငါကိုယ်တိုင်တိုက်ရိုက်စွက်ဖက်တာကြား ဘာကွာလို့လဲ၊ ပြီးတော့…”
သူက တစ်ဖက်မှာရပ်နေတဲ့ ယိချင်းကို ရုတ်တရက် လှည့်ကြည့်လိုက်တယ်။ မင်းတို့က မဟုတ်ပေမဲ့ သူကတော့ သုံးလောကထဲကလေ။
ယိချင်း ကြောင်အမ်းသွားပြီး နောက်တော့လက်မြှောက်ကာ နားအုပ်ထားပြီး ဘာမှမသိချင်ယောင် ဆောင်တော့တယ်။
“အားးးး ငါမကှားရဘူး”
ကူယွဲ့ ။ ။ “…”
ရှန်းရင် ။ ။ “…”
မိစ္ဆာနတ်ဘုရား ။ ။ “…”
ငါကန်းနေတယ်လို့များ ထင်နေလား
( ̄_, ̄)
“အဓိပ္ပာယ်မရှိတာတွေ တော်တော့၊ အခြေအနေတွေပဲပြောပြ” ရှန်းရင်က ဝင်ပြောလိုက်တယ်။ တကယ်လို့ သူသာဒီကိစ္စကို တကယ်ဝင်မပါချင်ရင် ငမည်းလေးရဲ့ ကျိန်ဆိုမှုကို လျစ်လျူရှုလိုက်လို့ ရတာပဲ။ ဘာလို့ သူက သူတို့ကို ဒီထိဆွဲခေါ်မှာလဲ။ သူ့မှာ တခြားရည်ရွယ်ချက်တွေ မရှိဘူးဆိုတာ ဘယ်သူယုံမှာ။
မိစ္ဆာနတ်ဘုရားက ခဏကြောင်နေပေမဲ့ သူ့မျက်နှာပေါ်က အပြုံးက ပိုတောင်တောက်ပလာတော့တယ်။
“ငါ့မှာ ရှန်းရင်ကို ကူညီစေချင်တဲ့ ကိစ္စသေးသေးလေး တကယ်ပဲရှိတယ်”
“ပြော” သူမ နောက်ထပ် လမုန့်တစ်ခုထပ်ထုတ်ပြီး ဝါးတော့တယ်။
“လူတစ်ယောက် ကူရှာပေးစေချင်တာ” မိစ္ဆာနတ်ဘုရားအမူအရာက တည်တံ့သွားပြီး မျက်လုံးထဲ စိတ်ရင်းအတိုင်း စိုးရိမ်မှုက အထင်းသား။
“ခုတလော ငါ သူ့တည်ရှိမှုကို အာရုံခံမရဘူး၊ မင်း ငါ့အတွက် သူ့ကို ကူညီရှာပေးနိုင်လောက်တယ်”
…