အခန်း ၂၃၅ ။ မုန်လာဥဖြူ မခံမရပ်နိုင်ဖြစ်ခြင်း
သူတို့ အရင်က လုပ်ခဲ့ဖူးလို့ထင် ဒီတစ်ကြိမ်တော့ လန်ဟွားက အင်းကွက်စီရင်တဲ့နေရာမှာ အတော်လေး မြန်တယ်။ တစ်နာရီအတွင်း သူက အင်းကွက်ကို ပြင်ပြီးပြီ။ ထူထဲတဲ့နတ်ဆိုးချီတွေက သူ့နား တလိမ့်လိမ့်တက်လာပြီး ဥယျာဉ်တစ်ခုလုံးကို ချက်ချင်းဖုံးလွှမ်းသွားခဲ့တယ်။ ကောင်းကင်က မည်းနက်လာပြီ။ နဂိုအသက်ဝင်နေတဲ့ ဥယျာဉ်က အများကြီးပိုငြိမ်သက်လာခဲ့တယ်။ နတ်ဆိုးချီက နွယ်ပင်တွေလို မြင့်တက်လာတယ်။ မြေပြင်တစ်ခုလုံးကို အင်းကွက်နဲ့အတူ ဖုံးလွှမ်းသွားတယ်။ မြေကြီးနဲ့ကစားနေတဲ့ မုန်လာဥဖြူတောင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီ။ သူက ဥယျာဉ်ကို အတော်လေး လေးလေးနက်နက်ကြည့်နေပြီး မုန်လာဥဖြူကြီးတစ်ခု ခုန်ထွက်လာမှာကို စောင့်နေတယ်။
တစ်အောင့်နေတော့ သူက အရွက်တွေကိုမြှောက်ပြီး ညာဘက်က အာလူးတစ်လုံးဆီ လက်ညှိုးထိုးပြတယ်။
“ဟိုမှာ၊ မမလေး၊ ဟိုမှာ ဟိုနေရာမှာ”
နောက်အခိုက်အတန့်မှာတော့ သူတို့ ပလုံဆိုတဲ့အသံကြားလိုက်ရတယ်။ အာလူးကြီးတစ်လုံးက မြေပြင်ပေါ် ပေါ်လာပြီး နောက်ထပ်တွင်းတစ်ကျင်း ပေါ်လာခဲ့တယ်။ ရင်းနှီးနေတဲ့အသံကတွင်းထဲကနေ ပေါ်လာတယ်။
“ဂိုဏ်း… ချုပ်”
“ထုံအာ” ချန်ယွီ လှမ်းခေါ်ကာ ချက်ချင်းရှေ့ပြေးတက်ပြီး အာလူးကို ကောက်ချီလိုက်တယ်။ နောက်ထပ်ပလုံဆိုပြီး ပြုတ်ကျသွားတော့ သူမ တွင်းထဲ ပြန်ကိုင်းကာ အာလူးကို ကောက်ယူလိုက်ရပြန်တယ်။
ချီချန်းယွီ သိသိသာသာကို မတည်မငြိမ်ဖြစ်နေတာ – အာလူးက တစ်လှည့်စီ သေးသွားလိုက် ကြီးလာလိုက်နဲ့။
“ဒါ…” ချန်းယွီ အတော်လေး ဇဝေဇဝါဖြစ်နေတယ်။ ဘာတွေဖြစ်နေတာလဲ။
“ဂျပုလေး” ရှန်းရင်က မျက်နှာပျက်သွားတယ်။ သူမ ရှေ့တက်ပြီး တွင်းဘေး ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။
“ဘာတွေဖြစ်ခဲ့တာလဲ၊ နင်ဘယ်မှာလဲ”
ရွှမ်ထုံ့ကိုယ်က ကြီးလာလိုက် သေးသွားလိုက်ဖြစ်နေဆဲ။ သူမကြည့်ရတာ တစ်ခုခုကနေ ရုန်းကန်နေရတဲ့ပုံ။ သူမရဲ့အသံက ပြတ်တောင်းပြတ်တောင်းထွက်လာတယ်။
“မဟုတ်… ကျွန်မ… ဂိုဏ်း… ဒီမှာ.. တစ်ခါမှမမြင်ဖူး… ချိပ်ပိတ်ထားပြီး လုပ်လို့မရ… သူကမဟုတ်… ကောင်းကင်မျိုးနွယ်…”
ရုတ်တရက် သူမအသံက လုံးဝပျောက်ကွယ်သွားတော့တယ်။ အာလူးလည်းပျောက်သွားပြီး တွင်းလွတ်ပဲ ကျန်ခဲ့ရှာတယ်။ သူတို့ကိုဝိုင်းနေတဲ့ နတ်ဆိုးချီကလည်း တစ်ခါတည်း လွင့်ပျောက်သွားတယ်။
“ဘာတွေဖြစ်သွားတာလဲ” ကူယွဲ့ တွင်းအလွတ်ကို ကြည့်ပြီး အင်းကွက်ထဲကလူကို လှည့်ကြည့်လိုက်တယ်။
“လန်ဟွား ဒါက… လန်ဟွား”
ဖွီ…
လန်ဟွားက သွေးအန်တော့တယ်။ သူ့မျက်နှာက အကြီးအကျယ်ဒဏ်ရာရထားသလိုမျိုး စာရွက်တစ်ရွက်လို ဖြူစုတ်နေတယ်။
“ဟိုလီရှစ် မင်းဘာဖြစ်တာလဲ”
ကူယွဲ့က ထခုန်တော့တယ်။ လူတိုင်းလည်း သိသိသာသာ ထိတ်လန့်သွားခဲ့ရှာတယ်။
လန်ဟွားက သူ့ကိုမဖြေ။ သူက ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း စက္ကန့်နဲ့အမျှပိုဖြူဖျော့လာခဲ့တယ်။ ယိချင်း သူ့သွေးကြောကို စမ်းပေးပြီး မျက်မှောင်ကြုတ်လိုက်တယ်။
“အင်းကွက် ပြန်ကန်ထွက်တာပဲ”
“အဲဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ” ကူယွဲ့မျက်လုံး ပြူးသွားခဲ့တယ်။ ဒါက လန်ဟွား ဒီလိုအင်းကွက်ကို စီရင်တာ ပထမဆုံးအကြိမ်မှမဟုတ်တာ။ နောက်ဆုံးတစ်ကြိမ်တုန်းကတောင် များများစားစား အားမထုတ်ရဘဲ ဝိညာဉ်၇ခု၊ ၈ခုကို ဆွဲခေါ်နိုင်ခဲ့တာလေ။ ဘာလို့ ဒီတစ်ခေါက်ကျ ဒီလိုတုံ့ပြန်နေရတာလဲ။
“တစ်ယောက်ယောက်က ရွှမ်ထုံ့ပေါ် ဂါထာတစ်ခု စီရင်ထားတယ် – သူ့ခန္ဓာကိုယ်ကိုတင် မကဘူး၊ ဝိညာဉ်တစ်ခုလုံးကိုပါ လှုပ်မရအောင်လုပ်ထားတာ” လန်ဟွား ခပ်ပြင်းပြင်း အသက်ရှူသွင်းပြီး ပြောလိုက်တယ်။
“အဲလူရဲ့ အရှိန်အဝါက… အရမ်းထူးဆန်းတယ် မသေမျိုးချီရော နတ်ဆိုးချီရော မဟုတ်ဘူး”
“သူက အမတရော နတ်ဆိုးရောမဟုတ်ဘူးပေါ့၊ ကောင်းကင်မျိုးနွယ်က ဖြစ်နိုင်လား”
“ဟင့်အင်း” လန်ဟွား ခေါင်းယမ်းလိုက်တယ်။
“သေချာပေါက် ကောင်းကင်မျိုးနွယ် မဟုတ်ဘူး၊ အငွေ့အသက်က… ငါ စမ်းကြည့်လို့မရတာမျိုး၊ ငါသိလိုက်တာက ငါသွားထိမိလိုက်တာနဲ့ တိုက်ခိုက်ခံခဲ့ရတာပဲ”
ကူယွဲ့ အမူအရာပျက်သွားတယ်။ ရွှမ်ထုံ – ဒီကံမကောင်းတဲ့ ကလေးကတော့။ ဘာလို့တစ်ချိန်လုံး သူပဲ ဖြစ်နေရတာလဲ။ အနည်းဆုံးတော့ အရင်အကြိမ်တွေတုန်းက တိကျတဲ့ ပစ်မှတ်ရှိခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ဘယ်သူက သူ့နောက်ကွယ်မှာရှိနေလဲဆိုတာတောင် သူတို့ မသေချာတော့ဘူး။ အတည်ပြုလို့ရတာက ဒီလူက သူမကို အတင်းအကြပ်ခေါ်ဆောင်သွားခဲ့တာပဲ။
“ခင်ဗျားဒဏ်ရာတွေက ပေါ့ပေါ့သေးသေးမဟုတ်ဘူး – ခန္ဓာကိုယ်ကို လည်ပတ်အောင် မြန်မြန်လုပ်ဦး”
ယိချင်းက လန်ဟွားကို သတိပေးလိုက်တယ်။
လန်ဟွား တင်ပျဉ်ခွေထိုင်ပြီး သူ့ခန္ဓာကိုယ်မှာ ချီတွေ စတင်လည်ပတ်စေလိုက်တယ်။ သူ့ကိုယ်ထဲက နတ်ဆိုးချီက အခု အတော်လေးကို မတည်မငြိမ်ဖြစ်နေတာ – တစ်ခါတလေကျ အဲနေရာမှာ ရှိနေပြီး တစ်ခါတလေကျ မရှိတော့ဘူး။
ကူယွဲ့က လူတိုင်းကို ထွက်ဖို့ အမူအရာပြလိုက်တယ်။ နောက်တော့ သူ ချန်ကောကို တွင်းထဲက ဆွဲထူပေးပြီး ယွီဟုန်ကို ညွှန်ကြားလိုက်တယ်။
“ကောင်းကင်တံခါးဆီ သွားပြီး အဲမှာငမည်းလေးရှိလား ကြည့်ကြည့်၊ သူ လမ်းမှာတော့ ရောက်နေသင့်ပြီ၊ လန်ဟွားက နတ်ဆိုးမို့ ငါတို့ သူပြန်သက်သာလာအောင် များများစားစား ကူညီနိုင်မှာမဟုတ်ဘူး”
“ဟုတ်ကဲ့”
သူတို့ ရှန်းရင်ရဲ့ အနောက်ဆောင်ဆီ ပြန်လာခဲ့ပြီး လမ်းတစ်လျှောက် ဆွေးနွေးလာပေမဲ့ ရှင်းလင်းတဲ့သုံးသပ်ချက် မရခဲ့ဘူး။ ရွှမ်ထုံက တကယ်ပဲ သူတို့ကို ဘာပြောပြဖို့ကြိုးစားနေခဲ့တာလဲ။
“ရှန်းရင်” ကူယွဲ့ ဘာလုပ်ရမလဲ မသိတော့တာမို့ ရွှမ်ထုံ့မျှော်နန်းကနေ ထွက်လာတည်းက စကားတစ်ခွန်းမှ မပြောတဲ့သူကို တံတောင်နဲ့တွတ်လိုက်တယ်။
“ဂျပုလေးကို ဘယ်သူပြန်ပေးဆွဲသွားတယ်ထင်လဲ၊ ဒါမှမဟုတ် လန်ဟွားကြုံခဲ့ရတဲ့ အရှိန်အဝါက ဘာလဲဆိုတာ မင်းသိလား”
“မသိဘူး” ရှန်းရင် ခေါင်းယမ်းပြလိုက်တယ်။
တစ်အောင့်စဉ်းစားပြီးတဲ့နောက် သူမကပြောတယ်။
“ဒါပေမဲ့ သူဌေးလန်ပြောတာက ဒီပန်းနဲ့ ဆက်နွယ်နေတာဖြစ်လောက်တယ်”
သူမက စားပွဲအောက်ဘက်ကက ပန်းအိုးတစ်လုံးကိုထုတ်ပြီး စားပွဲထိပ်ပေါ်တင်လိုက်တယ်။
အားလုံး ။ ။ “…”
ဒါက ရွှမ်ထုံ့ပြတင်းပေါက်ဘောင်က ပန်းအိုးမဟုတ်ဘူးလား။ မင်း ဘာလို့ဒီယူလာခဲ့တာလဲ။ ဘာလို့ ဘယ်သူမှ ဒါကိုသတိမထားမိတာလဲ။
“ဒီပန်းက ဘာဖြစ်လို့လဲ” ကူယွဲ့ အနီးကပ်လေ့လာကြည့်လိုက်တယ်။ သူ သေချာကြည့်ဖို့ မသေမျိုးချီကို အသက်သွင်းဖို့ လုပ်လိုက်တယ်။
“ပန်းတစ်ပွင့်ပဲ” မုန်လာဥဖြူက အမိန့်ပေးမှုတစ်မျိုးမျိုးနဲ့ အသက်ဝင်လာသလိုမျိုး ဘယ်ကမှန်းမသိ ခုန်ပေါက်ထွက်လာတယ်။ သူက စားပွဲပေါ် ခုန်တက်သွားပြီး ပန်းအိုးကို စိုက်ကြည့်နေတယ်။
“ပန်းရိုင်းတွေအားလုံး သေသင့်တယ် – မမလေးက ငါ့အပိုင်ပဲ” သူက သူ့သစ်ရွက်တွေကိုမြှောက်ပြီး ပန်းဆီ ပြေးသွားတော့တယ်။
“မုန်လာဥဖြူ” ကူယွဲ့က ထိတ်လန့်တကြား အော်လိုက်တယ်။ ဒီငရှုပ်လေးကတော့ သူ မုန်လာဥဖြူကို အမြန်ပြန်ဆွဲထားလိုက်တယ်။
ဒါပေမဲ့ မုန်လာဥဖြူရဲ့ သစ်ရွက်တွေက ပန်းအိုးထဲက ပန်းကို ရိုက်မိသွားပြီ။ သူ့သစ်ရွက်တွေမှာလည်း မသေမျိုးချီရှိနေတာလေ ကူယွဲ့ကြည့်နေရင်း နုဖပ်တဲ့ပန်းပွင့်နီ ကြေမွသွားတော့မယ်လို့ထင်နေခဲ့တာ။ ရုတ်တရက် ပန်းက မီးခိုးရောင်လေပြင်းထုတ်လာပြီး မုန်လာဥဖြူသစ်ရွက်တွေပေါ်က မသေမျိုးချီကို ပျံ့လွင့်သွားစေရုံတင်မက သူ့ကို နောက်ဘက်ဆီပါ လွင့်ထွက်သွားစေခဲ့တယ်။
ရိုက်မိသံအကျယ်ကြီး ထွက်လာတယ်။ မုန်လာဥဖြူက နံရံကိုထိမှန်သွားခဲ့ပြီး ခုလေးတင် ပေါက်ကွဲမှုတစ်စုံတစ်ရာ ကြုံလိုက်ရသလိုမျိုး ပြားချပ်သွားတယ်။ အရှိန်ကပြင်းလွန်းလို့ နံရံပေါ် မုန်လာဥဖြူပုံစံချိုင့်တောင် ပေါ်လာလေရဲ့။
“မုန်လာဥဖြူ” လူတိုင်း လှမ်းခေါ်လိုက်ကြတယ်။
အခန်းထဲကလူတိုင်း ထိတ်လန့်သွားခဲ့တာ။ သူတို့အမြန်ရှေ့ပြေးတက်လာခဲ့တယ်။ ကူယွဲ့ သူ့ မြေဝိညာဉ်ကြောသိုင်းကို အသက်သွင်းပြီး မုန်လာဥဖြူကို နံရံပေါ်က ဆွဲခွာလိုက်တယ်။ သူ့ဖြူဆွတ်ဆွတ်ခန္ဓာကိုယ်က ခုတော့ခရမ်းရောင်သန်းနေပြီ။
မုန်လာဥဖြူတစ်ကိုယ်လုံးက တစ်စုံတစ်ရာ ထိမှန်ထားတဲ့ပုံ။ သူက ကူယွဲ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေတယ်။ တစ်ခဏနေတော့ နာမှန်း သဘောပေါက်သွားဟန်နဲ့ အကျယ်ကြီးငိုချတာ နံရံတွေတောင် လှုပ်ယမ်းသွားတော့တယ်။ သူက ရှန်းရင် ရင်ခွင်ထဲ တိုးဝင်ဖို့ လှည့်လိုက်တယ်။
“ဝါး… မမလေး… မမလေး… သူက တို့ကိုအနိုင်ကျင့်တယ် နာတယ် တကယ်နာတာ အာ့¬”
သူ့ခေါင်းပေါ်က အရွက်တွေကနေ ရေစက်တွေ စိမ့်ကျလာတာက မိုးရွာတာနဲ့တောင် နည်းနည်း တူနေတယ်။
ရှန်းရင်က မျက်မှောင်ကြုတ်ပြီး မုန်လာဥဖြူကို သူမကိုယ်ကနေ ရွံရှာစွာဆွဲခွာလိုက်တယ်။
“ရုပ်ဆိုးလိုက်တာ” သူမက မုန်လာဥဖြူကို ဘေးမှာရပ်နေတဲ့ ကြက်ကင်အစ်မဆီ ကမ်းပေးလိုက်တယ်။
“ဝါးးး” မုန်လာဥဖြူက ချန်းယွီကို ဖက်ကာ ပိုပြီးအသည်းအသန် ငိုကြွေးတော့တယ်။
မုန်လာဥဖြူက ရှန်းရင်ကို စတွေ့တည်းက ဒီလောက် တစ်ခါမှ မနာကျင်ဖူးဘူး။ အပင်ဝိညာဉ်ဆိုတာ သန့်စင်ပြီး ကလေးတစ်ယောက်စရိုက် ဖြစ်ပေါ်လာတာမကြာသေးဘူး။ သူ့လိင်အမျိုးအစားက မသေချာပေမဲ့ ဂိုဏ်းထဲကတပည့်တွေအားလုံးက မိန်းကလေးတွေ။ ပြီးတော့ မုန်လာဥဖြူက စကားအပြောကောင်းတာမို့ တပည့်တွေအားလုံးက သူ့ကိုသဘောကျတယ်။
ကူယွဲ့နဲ့ မနာလိုတဲ့တချို့တလေကလွဲ လူတိုင်းက သူ့အပေါ် ကြင်နာပြီး လိုက်လျောကြတယ်။ ဒါက မုန်လာဥဖြူ ပထမဆုံးအကြိမ် ဒီလိုပုံစံနဲ့ တိုက်ခိုက်ခံရတာပဲ။ ပြီးတော့ အသိစိတ်မရှိတဲ့ ပန်းရိုင်းတစ်ပွင့်က တိုက်ခိုက်တာ များသွားပြီ။ မုန်လာဥဖြူ ဒီလောက်နာကျင်သွားတာ မဆန်းတော့ဘူး။
“ကောင်းပါပြီ ကောင်းပါပြီ တိတ်တော့နော် မုန်လာဥဖြူလေး”
ချီချန်းယွီက တော်တော်ကြာကြာ နှစ်သိမ့်ပေးလိုက်မှ မုန်လာဥဖြူက အငိုရပ်တော့တယ်။
ရှန်းရင် စားပွဲပေါ်က ပန်းအိုးကို လက်ညှိုးထိုးပြလိုက်တယ်။
“နင်တို့အားလုံးမြင်ကြလား”
အခန်းထဲကလူတိုင်း မှုန်မှိုင်းနေတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
သူတို့ ပန်းအိုးနားဝိုင်းပြီး ပန်းက သူတို့မျက်စိရှေ့မှာတင် ပြောင်းလဲသွားတာကို ကြည့်နေရတယ်။ ပန်းက နတ်ဆိုးချီကို ကြုံလို
က်ရသလိုမျိုး သူတို့မျက်စိရှေ့မှာတင် ညှိုးခြောက်သွားလေတော့တယ်။
…