အခန်း ၂၂၀ ။ အဇဋာဧကရာဇ်ရွေးချယ်ခြင်း
နတ်ဆိုးဘုံက အခုအမတဘုံနဲ့ ပေါင်းစပ်သွားပြီမို့ အမတဘုံမှာ သွေးပျက်ကုန်ကြတယ်။ နတ်ဆိုးတွေက အမြဲတမ်း အမတဘုံတည်ရှိမှုရဲ့ ပြဿနာတွေဖြစ်ခဲ့တာ။ သူတို့က မဟာရန်ဘက်တွေလို့ပြောနိုင်တယ်။
အဲနေ့ တုန်ခါမှုပြီးသွားတာနဲ့ အနီးဝန်းကျင်က အမတတွေက ဘာဖြစ်တာလဲ လာစူးစမ်းကြတယ်။ ဖြစ်နိုင်တာက ငမည်းလေးက သူ့နတ်ဆိုးတွေကို စည်းကမ်းတင်းကြပ်ထားလို့ထင် နတ်ဆိုးဘုံကနေ လှုပ်ရှားမှု မရှိဘူး။ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်နတ်ဆိုးမှ လာမစူးစမ်းကြ။ အဲဒါကြောင့် ဘာတိုက်ခိုက်မှုမှ မဖြစ်ပွားသေးတာပဲ။
ဒါပေမဲ့ ဘာဖြစ်နေလဲသိသွားတဲ့ အမတတွေကတော့ တုန်လှုပ်နေပြီ။ ဒါက နတ်ဆိုးဘုံတံခါး ပေါ်လာရုံ မဟုတ်တော့ဘူး။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံး သူတို့တံခါးဝဆီ ပြောင်းရွှေ့လာတာပဲ။
နတ်ဆိုးတွေက အမြဲကြမ်းကြုတ်ရက်စက်တာ။ နတ်ဆိုးဘုံထဲ ပိုပြီးတောင် ကြမ်းကြုတ်ရက်စက်တဲ့ ကောင်းကင်မိစ္ဆာဆယ်ယောက်ရှိတယ်။ ကောင်းကင်မိစ္ဆာတွေက အဇဋာဧကရာဇ်တွေနဲ့ အဆင့်တူတူပဲ။ အခု အမတဘုံက အဇဋာဧကရာဇ်၂ယောက် လျော့နေပြီး နတ်ဆိုးဘုံမှာက သူတို့အားလုံးထက် သန်မာတဲ့ နတ်ဆိုးဘုရင်ရှိတယ်။ တကယ်လို့ တိုက်ပွဲသာတကယ်ဖြစ်ပွားရင် အမတဘုံတစ်ခုလုံး ဖွတ်ဖွတ်ညက်ညက်ကြေတော့မှာပဲ။
ရုတ်တရက် ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပတ်လည်က အမတတွေအားလုံး အဝေးကို ရွှေ့သွားခဲ့ကြတယ်။ တိုက်အသီးသီးက အမတတွေ သွေးပျက်နေပြီး နတ်ဆိုးတွေနဲ့ အမတတွေကြားက တိုက်ပွဲကြီးရဲ့အစကို ကြိုတင်မျှော်မှန်းနေကြတယ်။ ကောင်းကင်အလွန်မှကောင်းကင်များက အဇဋာဧကရာဇ်တွေပဲ အတော်လေးတည်ငြိမ်နေတာ။
နတ်ဆိုးဘုရင်နဲ့ ပတ်သက်ပြီး ဘာရေးကြီးခွင်ကျယ်လုပ်ရမှာလဲ – ငါတို့မှာ ကြီးမြတ်တဲ့နတ်ဒေဝါ ရှိနေတာပဲ
(づ̄3 ̄)づ╭~
အဇဋာဧကရာဇ်တွေ သတင်းရရချင်း သူတို့တွေးမိတာက ရှန်းရင်ကိုပဲ။
ဒါကြောင့် သူတို့ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ အားထုတ်နေကြတဲ့ မုန်လာဥဖြူတွေ ဝူတိဂိုဏ်းမှာ စုဝေးကြတော့တယ်။
တောင်ခြေမှာ မုန်လာဥဖြူတစ်တန်း… ခဏ သူတို့က အဇဋာဧကရာဇ်တွေပဲ။ ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။
သေစမ်း၊ ဒီကပ်ပါးရပ်ပါးတစ်သိုက်ကတော့ – သူတို့ မတော်ကြသေးဘူးလား။ သူတို့ အရင်တစ်ခေါက် ဒီမှာနေတုန်းက စရိတ်တွေတောင် မပေးကြသေးဘူး သူတို့အပြင် – အခု ပိုင်ထီပါ ဒီကိုရောက်နေပြီ။ ဒါကြောင့်… ကူယွဲ့ သူ့အပေါ် သူတို့အကြွေးထဲ နောက်ထပ် စုတ်ချက်တစ်ခု ထပ်ပေါင်းလိုက်တယ်။
ရှန်းရင်လည်း မုန်လာဥတွေကို စိတ်ထဲမထားနိုင်ဘူး။ သူမက ငမည်းလေးကို သူမဆီလာခဲ့ဖို့ ခေါ်လိုက်တယ်။ သူတို့ကိစ္စ သူတို့ဘာသာ ထားခဲ့တော့မယ် – ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထဲက ဘယ်သူမှ သူမတစ်ခုခုစားဖို့အတွက် စိတ်ထဲထည့်ပြီး မယူလာပေးဘူးလေ။
သူမ နတ်ဆိုးဖြစ်တဲ့လန်ဟွားက သူတို့ ခြောက်လှန့်ဖို့ရှိ နေလို့လား ဒါမှမဟုတ် နတ်ဆိုးဘုရင်ရဲ့ ကြောက်မက်စရာ ပြောဆိုပြုမူပုံက သူတို့ခေါင်းထဲ အတော်လေး စွဲထင်ကျန်ရစ်ခဲ့လို့လားတော့ မပြောနိုင်ဘူး။ နှစ်ဖက်လုံးက အခင်အမင်မပျက် အင်မတန်ချောမွေ့စွာပဲ ညှိနှိုင်းခဲ့ကြတယ်။ အဇဋာဧကရာဇ်တွေက နတ်ဆိုးဘုရင်ကို ရွံရှာမှုမပြသလို ပြဿနာရှာဖို့တောင် မကြိုးစားဘူး။
လူတိုင်း ဒါက ဘုံနှစ်ခုရဲ့နဂိုအခြေအနေတွေနဲ့ အရမ်းကိုကွဲပြားတယ်ဆိုတာ အတော်လေး နားလည်ကြတယ်။ ကောင်းကင်ထောက်တိုင်က ကြားမှာ ထိန်းထားပေးတဲ့အချိန်တုန်းကတော့ ဘုံနှစ်ခုက မထပ်ခဲ့ကြဘူး။ အဲဒါကြောင့် သူတို့အမှီအခိုကင်းမဲ့တဲ့ဘဝတွေနဲ့ ဆက်နေထိုင်နိုင်ခဲ့တဲ့ပုံစံပဲ။ အခု အမတဘုံနဲ့ နတ်ဆိုးဘုံက အတူတူ ပေါင်းစပ်သွားပြီဆိုတော့ သူတို့ ကိစ္စရပ်တွေကို သီးခြားစီ ဆက်ကိုင်တွယ်လို့မရတော့ဘူး။ တကယ်လို့ တစ်ဘုံဘုံသာ ပျက်စီးသွားခဲ့ရင် တခြားတစ်ခုလည်း သက်ရောက်မှု ရှိလိမ့်မယ်။
အမတဘုံကအခု နတ်ဆိုးဘုံနဲ့ နယ်ပယ်တူနေပြီ။ အဲဒါက ရှောင်လွှဲမရတဲ့အချက်ဖြစ်ပြီး သူတို့ ပြောင်းလဲနိုင်တာ ဘာမှမရှိဘူး။ သူတို့လုပ်လို့ရတာက… လက်ခံရင်ဆိုင်လိုက်ရုံပဲ
ဘုံနှစ်ခုက ပေါင်းစပ်သွားပေမဲ့ သူတို့မှာ နယ်နိမိတ်တွေတော့ရှိသေးတယ်။ သူတို့ တစ်ယောက်လမ်းကနေ တစ်ယောက် သတိကြီးကြီးနဲ့ခပ်ခွာခွာနေသရွေ့ ပြဿနာ ကြီးကြီးမားမား ရှိမှာမဟုတ်ဘူး။ ဘုံနှစ်ခုကြားမှာ သေချာပေါက် ပဋိပက္ခတချို့တော့ရှိမှာပဲ။ အဲဒါကြောင့် သူတို့ စည်းမျဉ်းစည်းကမ်းတချို့တော့ ချမှတ်ရမှာ။
အဇဋာဧကရာဇ်တွေက နတ်ဆိုးဘုရင်နဲ့ ရက်ပိုင်း ကြာအောင် ဆွေးနွေးခဲ့ကြတယ်။ နောက်ဆုံးတော့ နှစ်ဘုံကြားက ဘယ်ဆက်ဆံရေးကိုမဆို အုပ်ထိန်းမဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ချက်တွေကို သတ်မှတ်နိုင်ခဲ့တယ်။ ယေဘုယျအကြံကတော့ ဘုံတွေကြားက သီးသန့်နေမှုကို ဆက်ထိန်းသိမ်းဖို့ – အပြန်အလှန်ဆက်ဆံရေးကို အတတ်နိုင်ဆုံး နည်းနိုင်သမျှနည်းစေမယ်။ တစ်နည်းပြောရရင်တော့ သူတို့ဘုံဘက်ခြမ်းမှာနေသရွေ့ လုပ်ချင်တာဘာမဆိုလုပ်နိုင်တယ်။
နှစ်ဖက်စလုံး ထင်မြင်ချက်မရှိ။ သူတို့ပိုအသေးစိတ်ကျတဲ့အချက်တွေကို ဆွေးနွေးပြီး တွေ့ဆုံမှုကို ရပ်နားလိုက်ကြတယ်။ နတ်ဆိုးဘုရင်က ရှန်းရင်ကို အသိပေးပြီးတဲ့နောက် သူ့ဘုံဘက်အခြမ်းဆီ မြန်မြန် ပြန်ပြေးသွားလေရဲ့။ အဇဋာဧကရာဇ်ရှစ်ပါး – အရှက်လုံးဝမရှိသူတွေ – ကတော့ ဝူတိဂိုဏ်းမှာ ဆက်နေရစ်တယ်။
“ဘာ” ရှန်းရင် တန့်သွားတယ်။
“ပေါ်ပင်လယ်နဲ့ ယီရွှေ့… ဘာ”
“ကြီးမြတ်တဲ့နတ်ဒေဝါ…” ချူရွှမ်က စိတ်လှုပ်ရှားစွာနဲ့ ရယ်ပြီး ရှေ့တက်လာတယ်။
“ကျီချန်က နတ်ဆိုးလေ၊ ရှင်းဟန်ကလည်း သေပြီ၊ အခု ပေါ်ပင်လယ်နဲ့ယီရွှေ့ နှစ်နေရာလုံးမှာ သူတို့ကို အုပ်ချုပ်မဲ့ ဧကရာဇ်တွေမရှိကြဘူး၊ ကျုပ်တို့ တစ်ယောက်ယောက်ကို တွန်းတင်ပေးရမယ်လေ”
“အဲတော့…”
“ကြီးမြတ်တဲ့နတ်ဒေဝါရဲ့ ကျင့်ကြံဆင့်နဲ့ဆို နယ်နိမိတ်နှစ်ခုလုံးကို အုပ်ချုပ်ဖို့ အကောင်းဆုံးလူဆိုတာ အသိသာကြီးပဲ၊ ပြီးတော့ ပေါ်ပင်လယ်နဲ့ ယီရွှေ့က ဆက်စပ်နေတာ၊ ဖြစ်ချင်တော့…”
“ဖြစ်ချင်တော့ သူတို့က နတ်ဆိုးဘုံနဲ့လည်း ဆက်စပ်နေတယ်ပေါ့” ရှန်းရင်က သူ့စကားကို အဆုံးသတ်လိုက်တယ်။
ချူရွှမ် ။ ။ “…”
အဇဋာဧကရာဇြ ။ ။ “…”
သူ အဲလောက်တောင် ပွင့်လင်းမှဖြစ်မှာလား။ သူတို့ အခုဘယ်လိုမျိုး စကားဆက်ပြောရတော့မှာလဲ။
(+_+)~
“ဂိုဏ်းချုပ်ရှန်း…” နောက်ဆုံးတော့ ချန်ကောက အရင် စကားစပြောလာတယ်။
“ကျုပ်တို့ နတ်ဆိုးတွေကို ခြောက်လှန့်ဖို့အတွက် ခင်ဗျားကို ပို့ဖို့ တကယ်ပဲ စဉ်းစားမိခဲ့ပါတယ်၊ ဒါပေမဲ့ ပေါ်ပင်လယ်နဲ့ယီရွှေ့က ဧကရာဇ်မရှိဘဲ တကယ်ဆက်သွားလို့ မဖြစ်ပါဘူး၊ မဟုတ်ရင် အဲမှာ ပြဿနာ စတက်ပါလိမ့်မယ်၊ အဲဒီနယ်နိမိတ်တွေက နတ်ဆိုးဘုံနဲ့လည်း နီးတာမို့ နတ်ဆိုးတွေက သူတို့ကို ကျူးကျော်ဖို့ မကြိုးစားဘူးလို့ တရားသေကြီး မှတ်ယူထားလို့မရဘူးလေ”
“အမှန်ပါပဲ၊ ကြီးမြတ်တဲ့နတ်သမီး” ချူရွှမ်က အသည်းအသန် ခေါင်းညိတ်တယ်။
“ဒီနေ့အထိ အမတဘုံမှာ အဇဋာဧကရာဇ်ဖြစ်တဲ့ အမတအသစ် မရှိပါဘူး၊ ကျုပ်တို့မှာ တခြားဖြေရှင်းနည်း မရှိတော့တာကြောင့် – ”
“ငါမသွားဘူး” ရှန်းရင် သူမကုလားထိုင်ပေါ် ထိုင်ချလိုက်တယ်။ ကမ်းလှမ်းချက်ကို ငြင်းတယ် အရာရှိဖြစ်ရတာ အလုပ်ရှုပ်လွန်းတယ်ဟ။ ဂိုဏ်းချုပ်အနေနဲ့တောင် မုန်လာဥဖြူတွေကို နေ့တိုင်း ရေလောင်းဖို့ ကူယွဲ့ဖိအားပေးတာ ခံနေရပြီ။ အဇဋာဧကရာဇ်ဖြစ်လာဖို့သာ သဘောတူလိုက်ရင် သူ ထမင်းစားဖို့တောင် အချိန်ရှိပါဦးမလား။ မဖြစ်ဘူး။
“အာ” ချူရွှမ်က သူမကို အူကြောင်ကြောင် စိုက်ကြည့်နေတယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ…”
“ထားလိုက်တော့ – သူက မင်းတို့နဲ့ သွားမှာမဟုတ်ဘူး” ကူယွဲ့ သမ်းဝေနေတဲ့ အစားသရဲကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ အဇဋာဧကရာဇ်ဆိုတာဘာလဲ။ အဆုံးကျ သူမတာဝန်တွေအားလုံးကို သူ့ဆီပဲ ပုတ်ထုတ်မှာ။
“ဝူတိဂိုဏ်းက ဒီတပည့်တွေအားလုံး ပြည့်စုံနေပါပြီ၊ တကယ်လို့ တစ်ယောက်ယောက်ကို တကယ်ပဲ ရှာမတွေ့ရင် ကျုပ် ထောက်ခံချက်ပေးရင်ရော”
“ဘယ်သူများလဲ”
“သေချာပေါက် ရွှင်ရှူးပေါ့” သူ အတုံ့အဆိုင်းမရှိ နောက်တစ်ကြိမ် ရောင်းစားလိုက်တယ်။
“လွန်ခဲ့တဲ့တစ်လောကတင် သူ အမတဧကရာဇ် ဖြစ်လာတယ်မဟုတ်လား၊ သူက ဓားကျင့်ကြံသူလည်း ဖြစ်တယ်လေ – အဇဋာဧကရာဇ်ဖြစ်ဖို့ လုံလုံလောက်လောက် အရည်အချင်းရှိမှာပါ မဟုတ်လား”
သူတို့အားလုံးက တစ်ခဏစဉ်းစားနေကြတယ်။ အဲဒါအမှန်ပဲ။ အမတဧကရာဇ်တွေက အဇဋာဧကရာဇ်တွေထက် ကျင့်ကြံဆင့်တစ်ဆင့်နိမ့်တယ်ဆိုပေမဲ့ ဓားကျင့်ကြံသူတွေက သာမန်အမတတွေထက် ပိုသန်မာတယ်ဆိုတာတကယ်ပဲ။ သူ့ကိုသာ အဇဋာဧကရာဇ်ခန့်အပ်လိုက်ရင် လူအုပ်ကြီးကို ကိုင်တွယ်နိုင်မှာ အမှန်ပဲ။
“ဒါပေမဲ့ တကယ်လို့ ရွှင်ရှူး အဇဋာဧကရာဇ်ဖြစ်လာနိုင်ရင်တောင် နယ်ပယ်တစ်ခုပဲ အုပ်ချုပ်နိုင်မှာလေ”
ပိုင်ထီက ပြောလာတယ်။ ရွှင်ရှူးက အမတဧကရာဇ်အဆင့်ပဲရှိသေးတာ။ တိုက်ကြီးတစ်ခုကို အုပ်ချုပ်နိုင်ပေမဲ့ ပေါ်ပင်လယ်ရောယီရွှေ့ကိုပါ အုပ်ချုပ်ခွင့်ပေးလိုက်ရင် လူထုက မပျော်မရွှင်ဖြစ်လိမ့်မယ်။
“တခြားတိုက်ကြီးကျ ဘယ်လိုလုပ်ကြမလဲ”
“ကျုပ်ကိုဘာလို့ကြည့်နေကျတာလဲ” ကူယွဲ့က မျက်ဆန်လှန်လိုက်တယ်။ သူ အဇဋာဧကရာဇ်တစ်ပါး ကူညီရှာပြီးပြီပဲ။ ဘာလို့ သူတို့တခြားတစ်ယောက် မစဉ်းစားနိုင်ရတာတုံး။
ဧကရာဇ်တွေ တိတ်ကုန်တယ်။ သူတို့ အကြံဉာဏ်တချို့ပေးမလို့ရှိသေး အပြင်မှာ အသံအကျယ်ကြီး ကြားလိုက်ရတယ်။ စွမ်းအင်လှိုင်းတွေက ခန်းမတစ်လုံး ပြည့်သွားပြီး ကြည့်ရတာ တစ်ခုခု ဖွဲ့စည်းတော့မဲ့ပုံပဲ။
“ဒါက…”
သူတို့အားလုံး ခန်းမထဲကနေ ထိတ်လန့်တကြားထွက်လာကြပြီး အပြင်မှာ အတော်လေး မှောင်မည်းနေတာ သိလိုက်ရတယ်။
ကောင်းကင်တစ်ခွင်လုံး မှောင်မည်းနေပြီး ပတ်ဝန်းကျင်ကမသေမျိုးချီတွေက အနောက်ဆောင်ဆီ တလိမ့်လိမ့် တက်သွားတယ်။ ဖိအားက အဇဋာဧကရာဇ်တွေကိုပါ မသက်မသာဖြစ်စေလေရဲ့။
မသေမျိုးချီရဲ့ အလွှာတွေအလယ်မှာ၊ ယိချင်းက အဆာသွတ်မုန့်ပန်းကန် ကိုင်ထားတယ်။ တခြားလက်တစ်ဖက်ကတော့ ဒလိမ့်တုံးကိုင်ထားလေရဲ့။ သူ့မျက်နှာကအေးဆေးတည်ငြိမ်တဲ့ အမူအရာနဲ့။
“ယိချင်း၊ ဒါ မင်းရဲ့ ဝဋ်ကြွေးချေခြင်းပဲ” ကူယွဲ့က ဘာဖြစ်နေလဲ ချက်ချင်းနားလည်သွားတယ်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ” ယိချင်းက အုံ့မှိုင်းနေတဲ့ကောင်းကင်ကိုမော့ကြည့်ပြီး မှင်တက်သွားတယ်။ မျက်စိတစ်မှိတ်အတွင်း သူက အမတတွေရှေ့ပေါ်လာပြီး ရှန်းရင်ကို ပန်းကန်ပြားကမ်းပေးလိုက်တယ်။
“ဆရာ့ရဲ့ ဂန္ဓမာပန်းမုန့်တွေ”
“အိုး ကျေးဇူးပဲ” ရှန်းရင်က ပန်းကန်ပြားကို ယူလိုက်တယ်။
သူက ကူယွဲ့ဘက် လှည့်လိုက်တယ်။
“ဖေဖေနျို…”
“ငါသိတယ်” သူက ကူယွဲ့ကို ရှန်းရင်အတွက် ဟင်းချက်ပေးဖို့ပြောတော့မှာ။ သူ ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းရတိုင်း တူညီတဲ့ညွှန်ကြားချက်တွေပဲ ပေးတယ်။ နားပူနားဆာနိုင်လိုက်တာ ကူယွဲ့ သူ့ကို လက်ယမ်းပြလိုက်တယ်။
“မြန်မြန်၊ ဝဋ်ကြွေးချေမှုက စတော့မယ်” သူ အဝေးကိုမရွှေ့ရင် ဂိုဏ်းပါသက်ရောက်ခံရမှာ။
ယိချင်း ခေါင်းညိတ်ပြပြီး သူ့ဓားပျံပေါ်တက်ကာ အဝေးဆီပျံသန်းသွားတယ်။ သူ့လက်ထဲက မုန့်ဒလှိမ့်တုံးကို ချဖို့ပါ မေ့သွားသေး။
ငါးမိနစ် မကြာခင်မှာပဲ ယိချင်းရှိတဲ့နေရာမှာ မျက်စိကျိန်းစရာ မိုးကြိုးတွေပစ်တော့တယ်။ မြေကြီးက တုန်ယင်လာတယ်။
“ဧကရာဇ်ငယ်ယိချင်းက နောက်တစ်ကြိမ် တက်လှမ်းတော့မယ် ငါတို့ဂုဏ်ပြုသင့်တယ်”
ဧကရာဇ်တွေရဲ့ မျက်လုံးတွေက တောက်ပကုန်ပြီး အချင်းချင်း အဓိပ္ပာယ်ပါပါ ကြည့်ကုန်ကြတယ်။
“ဧကရာဇ်ငယ်ယိချင်းကလည်း ဓားကျင့်ကြံသူမလား”
“…”
ကူယွဲ့ နှုတ်ခမ်းစေ့သွားတယ်။ သေစမ်း၊ သူတို့တွေ ဒီတာဝန်ဝတ္ထရားတွေကနေကို ထွက်ပြေးလို့မရဘူးပဲ။ သူသာ စောနကကြိုသိခဲ့ရင် ရွှင်ရှူးကို မထောက်ခံခဲ့ပါဘူး။
“ဧကရာဇ်ငယ်ကူယွဲ့၊ ကြည့်ရတာ ပေါ်ပင်လယ်ရဲ့ အနာဂတ်အဇဋာဧကရာဇ်က…”
ကူယွဲ့အမူအရာ မှောင်မည်းသွားတယ်။ သူ့ဝတ်ရုံထဲက ကျောက်စိမ်းပုလွေကို ချက်ချင်းထုတ်ပြီး အင်မတန်လေးနက်စွာ ပြောတော့တယ်။
“ဧကရာဇ်တို့၊ မင်းတို့ကြည့်ရတာ ရွေးချယ်မှုလုပ်ပြီးပုံပဲ၊ ကျုပ်တို့ တခြားကိစ္စတွေ ပြောကြရအောင်၊ လွန်ခဲ့တဲ့နှစ်ကြိမ် ဒီမှာနေသွားတုန်းက ကျုပ်ရဲ့ဝူတိဂိုဏ်းပေါ် အကြွေးတင်နေတဲ့ နေထိုင်စားသောက်စရိတ်၊ ဝန်ဆောင်မှုကျသင့်ငွေနဲ့ တခြားအသုံးစရိတ်တွေလိုမျိုးပေါ့”
သူ့ကျောက်စိမ်းပုလွေကို ခါလိုက်တော့ ချက်ချင်း ကျောက်စိမ်းပေသီးတွက်ခုံအဖြစ် ပြောင်းသွားလေတယ်။
ငါ-ိုးတွေ၊ မင်းတို့တွေ ငါ့ကို ဒီလောက်တောင် ပြဿနာအများကြီးပေးနေတာ၊ မင်းတို့
ပြန်ပေးဆပ်ရအောင် ငါမလုပ်ရင် ငါ့မျိုးရိုးနာမည်က နျိုမဟုတ်တော့ဘူး။
…