အခန်း ၂၁၉ ။ နတ်ဆိုးဘုံသမိုင်း
“နတ်ဆိုးကမ္ဘာ” လန်ဟွား ထိတ်လန့်တကြား ရေရွတ်လိုက်တယ်။ သူက နတ်ဆိုးပဲ – သေချာပေါက် သူ့ရှေ့က ဘာလဲဆိုတာ သူသိတာပေါ့။
ဟိုလီရှစ် ကူယွဲ့ရဲ့ အမူအရာမည်းမှောင်သွားပါလေရော။ သူ တစ်ယောက်ယောက်ရဲ့ အမေကို ဆဲချင်နေမိတယ်။
နတ်ဆိုးလောကက ဒီမှာတကယ်ပဲ ပေါ်လာတာ။ သူတို့ နတ်ဆိုးလောကထဲဝင်တဲ့ တံခါးတွေအကြောင်း ပြောနေရုံမဟုတ်တော့ဘူး – နတ်ဆိုးလောကတစ်ခုလုံး သူတို့ရှေ့ ရောက်ချလာတာပဲ။ အမတဘုံနဲ့ ပေါင်းစပ်နေတာ။
ဧကရာဇ်တက်လှမ်းမှုစင်မြင့်က ကောင်းကင်အလွန်မှကောင်းကင်များရဲ့ နယ်နိမိတ်စွန်းမှာတည်ရှိတာ။ အဲနဲ့သိပ်မဝေးတဲ့အောက်ဘက်မှာတော့ ဟင်းလင်းပြင်နယ်မြေ။ အဲဒါက အမတဘုံတစ်ခုလုံးရဲ့ နယ်နိမိတ်ဘောင်ပဲ။ နည်းနည်းလောက် ဆက်သွားရင် ဘာမှမရှိတော့ဘူး။ တကယ်လို့ နတ်ဆိုးလောကသာ အဲမှာပေါ်လာရင် အမတဘုံနဲ့ ပေါင်းစပ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။
စောနက လှုပ်ရှားမှုကြီးရှိသွားခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူး။ အမတဘုံတစ်ခုလုံး တစ်နာရီနီးပါး အသည်းအသန် ခါယမ်းနေခဲ့တာ။ အမတဘုံနဲ့ နတ်ဆိုးဘုံက နဂိုက အတူတူတည်ရှိနေခဲ့တာ။ သူတို့ပေါင်းစပ်သွားတယ်ဆိုတဲ့ အရိပ်နိမိတ်မရှိရင်တောင် ထူးဆန်းနေမှာ။
“ဘာဖြစ်ခဲ့တာလဲ” ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရှေ့က ထူးဆန်းတဲ့ မိုးကုပ်စက်ဝန်းကို ကြည့်နေမိတယ်။ ဘယ်သူက နတ်ဆိုးဘုံတစ်ခုလုံးကို အမတဘုံဆီ ဆွဲခေါ်နိုင်တဲ့ အစွမ်းရှိတာလဲ။
“ကြည့်ရတာ ဒါကိုလုပ်ခဲ့တဲ့ နတ်ဆိုးကို မေးကြည့်ရမဲ့ပုံပဲ” ကူယွဲ့အသံက အေးစက်နေတယ်။
လေးယောက်သား ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ်က ပုဂ္ဂိုလ်ကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်ကြတယ်။
နတ်ဆိုးဘုရင် ကြောက်လန့်တကြား တုန်ရီနေပြီ။ သူ တစ်ဖက်လှည့်ပြီး ထွက်ပြေးချင်စိတ်ကို ချိုးနှိမ်နေရတယ်။ ကျောမတ်မတ်ရပ်ပြီး သူ အညံ့ခံကာ ကျိုးနွံဖို့ ဆုံးဖြတ်လိုက်တယ်။
“မင်းဒါကို လုပ်ခဲ့တာလား” ကူယွဲ့က နတ်ဆိုးလောကနဲ့ သူ့နောက်က ပွင့်နေတဲ့ နတ်ဆိုးတံခါးတွေကို လက်ညှိုးထိုးလိုက်တယ်။
“စွပ်စွဲခံရတာပါ၊ ကြီးမြတ်တဲ့နတ်သမီး” နတ်ဆိုးဘုရင်က ချွေးစေးတွေ ပြန်နေပြီး မျက်ရည်တွေ ဝိုင်းနေတယ်။
“ဘာတွေဖြစ်နေလဲဆိုတာတောင် မသိပါဘူး၊ ခင်ဗျားတို့စကား နားထောင်ပြီး နတ်ဆိုးဘုံဆီ နတ်ဆိုးတွေအားလုံးကို ပြန်ခေါ်သွားခဲ့ပါတယ်၊ ဒါပေမဲ့ တံခါးတွေက ရုတ်တရက် ပွင့်သွားပြီး ပြီး… ပြီး… ကျွန်တော် ဒီမှာပေါ်လာတာပဲ” သူကိုယ်တိုင်လည်း အမတဘုံဆီ မသွားချင်ပါဘူး နတ်ဆိုးဘုရင် ဖြစ်ခဲ့ရတာလွယ်ခဲ့တယ် – လူတိုင်းက သူ့အမိန့်လိုက်နာဖို့ အသင့်ဖြစ်နေကြတာ။
အခု နတ်ဆိုးဘုံနဲ့ အမတဘုံက ပေါင်းစပ်နေပြီဆိုတော့ သူတို့ကိုခြားထားတဲ့ တံခါးတစ်ခုတောင် မရှိတော့ဘူး။ သူ ဘယ်သွားသွား ကြီးမြတ်တဲ့နတ်သမီးနဲ့ ဝင်တိုးနိုင်တယ်။ အရမ်းကို ကြောက်ဖို့ကောင်းတာပဲ နတ်ဆိုးတွေအားလုံး အန္တရာယ်ရှိနေပြီ။
(; ́༎ຶД༎ຶ`)
“နင်တကယ်ပဲ နတ်ဆိုးဘုံက အမတဘုံဆီ ကျဆင်းလာတာနဲ့ပတ်သက်ပြီး ဘာမှမဆိုင်ဘူးလား”
“မဆိုင်ပါဘူး” နတ်ဆိုးဘုရင် ခေါင်းယမ်းလိုက်တယ်။ သူ နတ်ဆိုးတစ်ယောက်အနေနဲ့ ရည်မှန်းချက်တွေအားလုံးကို လက်လျှော့ထားပြီးပြီ။
“တကယ်လို့ဒီလိုအစွမ်းသာရှိရင် ကျွန်တော် ဒါကိုလုပ်ဖို့ ခုထိစောင့်နေခဲ့ပါဦးမလား” လူတစ်ယောက်က ဘုံ၂ခုကို ပေါင်းစပ်ဖို့အတွက် မဟာစွမ်းအား လိုတယ်။ အဲဒါအပြင် သူ ဒီလိုစွမ်းအားပိုင်ဆိုင်ရင်တောင် နတ်ဆိုးဘုံကို သေမျိုးဘုံနဲ့ပဲ ပေါင်းစပ်လိုက်မှာ – အမတဘုံနဲ့တော့မဟုတ်ဘူး
“ဒါဆို ဘယ်သူက ဒီလိုလုပ်ဖို့ အစွမ်းရှိလဲ” ရှန်းရင်မေးလိုက်တယ်။
“ဟမ်” နတ်ဆိုးဘုရင်က ကြောက်လန့်တကြားတန့်သွားတယ်။
“အာ… အာ ကျွန်တော်ကိုယ်တိုင်လည်း မသေချာဘူး၊ ဘုံနှစ်ခုကို ပေါင်းဖို့မပြောနဲ့ နတ်ဆိုးဘုံတံခါးကို ဖွင့်ဖို့တင် ခက်နေပြီ၊ ဒီလိုစွမ်းအားပိုင်ဆိုင်တဲ့သူ တစ်ခါမှမမြင်ဖူးဘူး၊ ဟို…” သူ့မျက်လုံးတွေက တစ်ခုခုကို စဉ်းစားမိဟန် တောက်ပသွားတယ်။
“ကောင်းကင်ဘုံက တစ်ယောက်ယောက် မဟုတ်သရွေ့ပေါ့”
“ကောင်းကင်ဘုံလား” နတ်ဆိုးဘုရင်က အသည်းအသန် ခေါင်းညိတ်ပြီးသိသိသာသာ စိတ်လှုပ်ရှားနေတဲ့ပုံ။
“အစတုန်း အမတနဲ့ ကောင်းကင်ဘုံက အတူတူပေါင်းစည်းနေခဲ့တာလေ၊ နောက်တော့ တိုက်ပွဲတစ်ခုဖြစ်ပွားတော့ ကောင်းကင်မျိုးနွယ်က ကောင်းကင်ထောက်တိုင်တွေကို ဖျက်ဆီးခဲ့ပြီး ဘုံနှစ်ခုကို အင်းကွက်တစ်ခုနဲ့ ခြားထားခဲ့တယ်။ အဲဒါက ဘုံနှစ်ခုသီးသန့်စီ ဖြစ်သွားတဲ့ပုံပဲ”
“ကောင်းကင်ထောက်တိုင်…” ကူယွဲ့ သူ့နောက်ကို လှည့်ကြည့်လိုက်တယ်။ နတ်ဆိုးဘုံဆီ သွားတဲ့ ရောင်စုံတံခါးတွေက အုတ်ကျိုးအုတ်ပဲ့ပုံကြီးအပေါ်မှာ ထီးထီးမားမားရပ်တည်နေတယ်။ သူ့စိတ်ထဲ မီးသီးလေးတစ်လုံး လင်းသွားခဲ့တယ်။
“နတ်ဆိုးဘုံက အမတဘုံထဲ ဆင်းလာတာက… ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကြောင့် ဖြစ်နိုင်လား”
သူ တခြားသူတွေကို လှည့်ကြည့်လိုက်တယ်။ တကယ်ပဲ သူတို့လည်း ဒီအကြောင်းရင်းကိုပဲ အတိအကျ တွေးမိတယ်။
သူတို့စိတ်ထဲက မြူခိုးက ချက်ချင်း ရှင်းလင်းသွားခဲ့တယ်။
ရှန်းရင်က သူတို့ကို ဝိညာဉ်ကူးပြောင်းစေခဲ့တဲ့လူက နတ်ဆိုးဘုံဆီသွားတဲ့ တံခါးကိုဖွင့်ချင်တာလို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူက ဒါကို တခြားဘယ်သူ့ကိုမဆိုပို့ပြီး အောင်မြင်နိုင်တယ်လေ။ ဘာကြောင့် ဝိညာဉ်ကူးပြောင်းဖို့ သူတို့ကို ရှာခဲ့ရတာလဲ။
ပြီးတော့ သူတို့ဝူတိဂိုဏ်းမှာ ရှိနေချိန် နတ်ဆိုးဘုံတံခါးက တစ်ကြိမ်ပွင့်ခဲ့ဖူးပေမဲ့ ဒီလိုမျိုးမဖြစ်ခဲ့ဘူး။ ရှန်းရင် ထွက်လာချိန် တံခါးလည်း ပျောက်သွားခဲ့တာပဲ။
ဒီတစ်ကြိမ်တော့ နတ်ဆိုးဘုံတံခါးက ပိတ်နေပြီဆိုပေမဲ့ အဲနေရာမှာတင် ရောက်နေပြီ။
တခြားနည်းနဲ့ ပြောရရင်တော့ တံခါးကို ဖွင့်တာက ဒုတိယဦးစားပေးပဲ – အရေးကြီးတဲ့အရာက သူတို့ အဲတံခါးတွေကို ဘယ်နေရာမှာ ဖွင့်လဲဆိုတာပဲ။ သူ့ရည်မှန်းချက်က ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆိုတာ သိသာတယ်။ သူက နတ်ဆိုးဘုံအတွက် တံခါးကို ဖွင့်ချင်ခဲ့တာမဟုတ်ဘူး။ အဲ့အစား ကောင်းကင်ထောက်တိုင်ပေါ်က သီးခြားကန့်သတ်အင်းကွက်ကို သုံးပြီး နတ်ဆိုးဘုံတံခါးလုံးကို ဆွဲခေါ်ကာ အမတဘုံနဲ့ ပေါင်းစပ်ချင်ခဲ့တာပဲ။
“ကောင်းကင်ထောက်တိုင်အကြောင်း ဘယ်လိုသိတာလဲ”
ကူယွဲ့ နတ်ဆိုးဘုရင်ကို ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။ သူတို့ ကောင်းကင်ထောက်တိုင်အကြောင်းတောင် ဟိုတလောကမှ သိခဲ့တာ။ ပြီးတော့အရင်က ကန့်သတ်အင်းကွက်အကြောင်း တစ်ခါမှမကြားဖူးဘူး။
“ဒါတွေက နတ်ဆိုးဘုံရဲ့ သမိုင်းစာအုပ်တွေထဲ အားလုံးရေးထားတာပါ” နတ်ဆိုးဘုရင်က လက်ကောက်ဝတ်ကို လှည့်လိုက်တော့ အမည်းရောင်ဓမ္မအဆောင်တစ်ခု သူ့လက်ဖဝါးထဲပေါ်လာပြီး ကူယွဲ့ထံ ကမ်းပေးလာတယ်။
“ဒါက ကျွန်တော့်နတ်ဆိုးမျိုးနွယ်ရဲ့ သမိုင်းစာအုပ်ပဲ – နတ်ဆိုးဘုံက လူတိုင်း ဒီအကြောင်းသိကြတယ်”
“သမိုင်းစာအုပ်လား” နတ်ဆိုးတွေလည်း စာအုပ်ကြိုက်တယ်ပေါ့။ ကူယွဲ့ အဆောင်ကို ယူပြီး သူ့မသေမျိုးချီကို အလိုလိုအသက်သွင်းမိလိုက်တယ်။ သူနှုတ်ခမ်းသပ်ပြီး အဆောင်ကို လန်ဟွားဆီ ကမ်းပေးလိုက်တယ်။
လန်ဟွား နတ်ဆိုးချီတွေကို အဆောင်ထဲ သွင်းလိုက်တယ်။ နောက်အခိုက်အတန့်မှာ စာအုပ်အမည်းတစ်အုပ် ပေါ်လာတယ်။ အဖုံးမှာရေးထားတာကတော့ “နတ်ဆိုးဘုံ၏ရှေးစာပေများ”။
ခေါင်းစဉ်နောက်မှာတေည့ ရေးထားတာက…။
“နတ်ဆိုးဘုံရဲ့ ၄၃၆၇၁နှစ်မှာ နတ်ဆိုးဘုရင်အဖြစ် တက်လှမ်းခဲ့တယ် သူက သူ့ကိုလှောင်ပြောင်ခဲ့တဲ့ သူ့သွေးသားမျိုးဆက်တွေကို ဖျက်ဆီးခဲ့တယ်”
“နတ်ဆိုးဘုံ၁၀၉၁၃၅နှစ်မှာ ငါ အာဏာရနတ်ဆိုးဘုရင်ကို သတ်ခဲ့တယ်၊ ဒီနေ့ကစပြီး ငါက မင်းတို့ဘုရင်အသစ်ပဲ”
“နတ်ဆိုးဘုံ၂၀၄၀၀၀နှစ်၊ ငါ နတ်ဆိုးဘုရင်လုပ်ရတာ ပျင်းလာပြီ၊ ဒီနေရာရဲ့ အပြင်ဘက်မှာ အမတဘုံတစ်ခု ရှိတယ်ဆိုတာကြားလို့ အပြင်ထွက်ပြီး တစ်ချက်ကြည့်ခဲ့တယ်”
“နတ်ဆိုးဘုံ၂၀၄၀၀၀၁နှစ်၊ ငါ့ရှေ့က နတ်ဆိုးဘုရင်နှစ်ယောက်က ကောင်းကင်မျိုးနွယ် သတ်ဖြတ်တာခံလိုက်ရတယ်၊ ငါက နတ်ဆိုးဘုရင်အသစ် ဖြစ်လာပြီ”
“နတ်ဆိုးဘုံရဲ့ *** နှစ်မှာ ငါ အမတဘုံဆီ သွားဖို့ဆုံးဖြတ်ခဲ့တယ်၊ ငါ ကွေ့ဟွားနဲ့ သိကျွမ်းခဲ့တယ်၊ သူက လှလိုက်တာ ဟီးဟီးဟီး ငါ့ဘုရင်မကို လက်ထပ်ရမယ်”
“နတ်ဆိုးဘုံတစ်နှစ်အတွင်းမှာ အဲဒီအကျင့်မကောင်းတဲ့ ကောင်းကင်မျိုးနွယ်တွေက အမတတွေနဲ့ ပြဿနာတက်တယ် ကြားတယ်၊ ကောင်းကင်ထောက်တိုင်က ကျိုးသွားပြီး သီးခြားကန့်သတ်အင်းကွက်တစ်ခုကို စီရင်ခဲ့တယ်တဲ့၊ ဟားဟားဟား၊ သူတို့နဲ့ ထိုက်တန်တယ်လေ ငါ့ကွေ့ဟွားကို တွေ့ခွင့်မပေးတဲ့အတွက် သူတို့ရသင့်တဲ့ အချိုတည်းတွေပဲ”
“နတ်ဆိုးဘုံရဲ့ တစ်နှစ်နှစ်မှာ နတ်ဆိုးဘုံက ငါ့ကိုအထဲမှာချိပ်ပိတ်ပြီး အပြင်ထွက်ခွင့်မပေးတော့ဘူး၊ ငါ့ကွေ့ဟွား… ဝူးဝူးဝူး”
“ဒါက နတ်ဆိုးဘုံဘယ်နှစ်လဲဆိုတာ ရေတွက်ဖို့ ပျင်းသွားပြီ၊ ကွေ့ဟွားအတွက် နတ်ဆိုးဘုံတံခါးတွေကို ချိုးဖျက်ဖို့ ဆုံးဖြတ်လိုက်တယ် ကွေ့ဟွား ကိုယ့်ကိုစောင့်နေပါ”
“နတ်ဆိုးဘုံထဲ-”
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
လန်ဟွား ။ ။ “…”
ဒါ ဘာသောက်ကျိုးနည်း သမိုင်းစာအုပ်တုံး။ ဒါက နတ်ဆိုးဘုရင်ရဲ့ နေ့စဉ်မှတ်တမ်းဆိုတာ အသိသာကြီး။ မဟုတ်ဘူး ဒါရာစုနှစ်ဒိုင်ယာရီပဲ နတ်ဆိုးဘုရင်တစ်ယောက်အနေနဲ့ သူ့စာတတ်မြောက်မှုက ဒီလောက်နိမ့်ကျတာတောင် နတ်ဆိုးဘုံထဲက တခြားသူတွေဆီ လူသိရှင်ကြား ထုတ်ဝေရဲသေးတယ်ပေါ့လေ။ သူ အရှက်မရှိဘူးလား။ သူတို့ကိုယ်သူတို့ ပညာတ်အောင်လုပ်ဖို့ သင့်တော်တဲ့အချိန်ပဲ
ပြီးတော့ ဒိုင်ယာရီထဲ အကြိမ်ရေအများကြီး ထည့်ပြောခံရတဲ့ ကွေ့ဟွားဆိုတာကရော ဘယ်သူတုံး။ ဒိုင်ယာရီရေးသူက ဒီတံခါးတွေကို ဖွင့်ဖို့အတွက်နဲ့ အမတဘုံထဲ သူ့သူလျှိုလေးတွေထည့်ခဲ့တာမလား။
အဲတော့ နတ်ဆိုးဘုံက တံခါးတွေကို ဖွင့်ဖို့ အသည်းအသန်ဖြစ်နေခဲ့တဲ့ အကြောင်းရင်းက သူတို့ဘုရင် မိန်းမပိုးနိုင်ဖို့တဲ့လား။
(╯°Д°)╯(┻━┻
လိမ်လည်မှုကြီးပဲ
လူတိုင်းက နတ်ဆိုးဘုရင်ကိုယ်စား ရှက်သွားကြတယ်။
ရုတ်တရက် ဘယ်သူမှ ကြိုးကိုင်သူရဲ့ အန္တိမရည်ရွယ်ချက်က ဘာလဲဆိုတာမေးဖို့ စိတ်မဝင်စားကြတော့ဘူး။ ဒီနတ်ဆိုးဘုရင်က သူတို့ကို ဝိညာဉ်ကူးပြောင်းစေခဲ့သူ မဟုတ်တာတော့ သေချာတယ်။ သူ မဖြစ်နိုင်ဘူး
မဟုတ်ရင်… ဟာသဖြစ်နေလိမ့်မယ်။
…