ERSY အခန်း ၂၁၃

အခန်း ၂၁၃ ။ ဧကရာဇ်စင်မြင့်ပေါ်ကစည်းချိပ်

“ဆရာ၊ ဆရာ့တပည့်က ဆရာလုပ်ချင်တဲ့အရာကို အောင်မြင်အောင် ကူညီပေးရုံပါ” ရှင်းဟန်က အေးစက်စက်အကြည့်နဲ့ ပြန်ဖြေတယ်။ သူက ကျီချန့်ကို‌ လူသေတစ်ယောက်ကို ကြည့်သလို ကြည့်လာတယ်။

“မင်းဘာဆိုလိုတာလဲ” ကျီချန်ဖြူဖျော့သွားတယ်။

ရှင်းဟန်က တောက်ခေါက်ပြီး သတ်ဖြတ်လိုစိတ်အပြည့်နဲ့။

“ဒီအင်းကွက်က လူတိုင်းရဲ့ကျင့်ကြံဆင့်ကို တစ်နေရာစီ စုဝေးဖို့ဆိုတာ ကျုပ်မသိဘူးလို့ မထင်နဲ့၊ ပြောရရင် တကယ်လို့ကောင်းကင်ဘုံတံခါးပွင့်သွားရင်တောင် တစ်ယောက်ပဲ ကောင်းကင်မျိုးနွယ်ဝင် ဖြစ်လာနိုင်မှာ၊ ဆရာက အားလုံးပြီးမြောက်သွားရင် တစ်ယောက်တည်း ကောင်းကင်ဘုံဆီ သွားနိုင်အောင် ကျုပ်ကို သတ်ဖို့စီစဉ်နေခဲ့တာပဲ”

“မင်း…” ကျီချန့်အမူအရာက သွေးပျက်သွားတယ်။ နောက်တော့ အတွေးတစ်ခု သူ့စိတ်ထဲ ဖျတ်ခနဲပေါ်လာတယ်။

“ရှင်းဟန်” ဘေးမှာရပ်နေတဲ့ ဟွေ့လင်က အသည်းအသန်အော်တယ်။

“ကျွန်မ သူ့အစီအစဉ်ကို မသိပါဘူး၊ ဘာလို့ ကျွန်မကို ဒီလိုဆက်ဆံနေရတာလဲ၊ ကျွန်မ ရှင့်ကိုယုံခဲ့တာလေ”

“ရွှမ်အာ…” ပထမဆုံးအကြိမ် ရှင်းဟန်ပုံစံက နာကျင်သွားဟန်။ ဒါပေမဲ့ သူက ဟွေ့လင်ခြေထောက်အောက်က အင်းကွက်ကို ပြန်မဖြေဘူး။

“ကိုယ်မင်းကို ချစ်ပါသေးတယ်၊ ဒါပေမဲ့ မင်းက ဘာလို့သူ့သမီး ဖြစ်နေရတာလဲ၊ မင်း ကိုယ့်ကို အနာဂတ်မှာ မုန်းမဲ့အစား ဘာလို့-”

“ကျွန်မက သူ့သမီး မဟုတ်ဘူး” ဟွေ့လင်က သွေးပျက်စွာနဲ့ ကြားဖြတ်ပြောလာတယ်။ အရင်က သူမရဲ့ အပြစ်ကင်းတဲ့ပုံစံက လုံးဝပျောက်သွားပြီ။

“ကျွန်မက ပြန်ဝင်စားနေပြီလေ၊ အတိတ်ဘဝကဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ အခု မဆိုင်တော့ဘူး”

“ဒါတွေအားလုံး အရေးမပါတော့ပါဘူး၊ မစိုးရိမ်ပါနဲ့၊ ကိုယ် ကောင်းကင်မျိုးနွယ်ဖြစ်လာချိန် မင်း ပြန်အသက်ရှင်အောင်လုပ်ပေးဖို့ ကိုယ်နည်းလမ်းရှာမယ်”

“ကျွန်မ မလိုချင်ဘူး”

ရှင်းဟန်က သူမအော်သံကို လျစ်လျူရှုပြီး ပြန်လာနေတဲ့ကိုယ်ခန္ဓာအုပ်စုနဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ သူ့သွေးပျက်မှုက အခုစိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲပြီး ကြေညာတယ်။

“အင်းကွက်ကို နောက်တစ်ကြိမ် ပြန်စတင်လို့ရအောင် ဒီအပိုဆောင်းတွေကို ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးပါ၊ ဒီလူတွေက ဘုံတံခါးပွင့်တာနဲ့ သူတို့ရဲ့ကျင့်ကြံဆင့်တွေကို ဆုံးရှုံးတော့မှာ”

သူ့လက်နှစ်ဖက်စလုံးနဲ့ အင်းကွက်ကို အသက်သွင်းပြီး အရူးလိုရယ်တော့တယ်။ သူက အောင်ပွဲခံတဲ့ အကြည့်ရှိခဲ့မှာ တကယ်လို့… ခြေထောက်ဗလာကျင်းဖြစ်မနေခဲ့ရင်ပေါ့။

-_-|||

“ဒီရှေးဟောင်းကောင်းကင်အင်းကွက်ထဲမှာ ပိတ်ခံရတဲ့ခံစားချက်က ဘယ်လိုလဲ” ရှင်းဟန်က လှောင်တယ်။

“မင်းတို့ဘယ်လောက်ပဲ အစွမ်းရှိပစေ၊ ထွက်နိုင်မှာမဟုတ်-”

သူ စကားမဆုံးခင် ရှန်းရင်က ‌သူမခြေထောက်ကို ငုံ့ကြည့်လိုက်တယ်။ သူမ ဘာမှမခံစားရ။ နောက်တော့… သူမအပြင်ကို ခြေလှမ်းလှမ်းလိုက်တယ်။

ရှင်းဟန် ။ ။ “…”

သားအဖ ။ ။ “…”

အားလုံး ။ ။ “…”

“ဒါ… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှင်းဟန်ခေါင်းယမ်းပြီး ဒီထင်ယောင်ထင်မှားမှုကို ခါထုတ်ပစ်ဖို့ ကြိုးစားရှာတယ်။

“ဒါကောင်းကင်အစီအရင်ပဲ မင်းဘယ်လိုလုပ်… ဒါမဖြစ်နိုင်တာ”

“ငါကမိုက်တယ် မဟုတ်လား” ရှန်းရင်က ခေါင်းစောင်းလိုက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်နေတဲ့ပုံနဲ့ ပြောတယ်။

“စမ်းကြည့်ရအောင်” သူမက ဆောင့်ကြောင့်ထိုင်ချပြီး လက်သီးဆုပ်လိုက်တယ်။ နောက်တော့ မြေကြီးကို ထိုးချလိုက်တော့တယ်။

အက်ကွဲသံတွေ ဆက်တိုက်ထွက်လာပြီး ရှည်လျား ကျယ်ဝန်းတဲ့ အက်ကြောင်းရာကြီး ပေါ်လာတယ်။ နောက်အခိုက်အတန့်မှာ ဧကရာဇ်တက်လှမ်းမှုစင်မြင့်တစ်ခုလုံး အက်ကွဲစပြုလာတယ်။ ပုံစံက ဒိုးဇက်ပြားတွေ ပြုတ်ကျလာတဲ့အတိုင်းပဲ။ အက်ကွဲကြောင်းတွေက ရှန်းရင်ကို ဗဟိုပြုလို့ နေရာအနှံ့ဆီ ပျံ့သွားတယ်။ နောက်အခိုက်အတန့်မှာတော့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ်မှာ ပင့်ကူမျှင်အိမ်တစ်ခုတွယ်ထားသလိုပဲ – အက်ကွဲကြောင်းတွေနဲ့ လုံးဝဖုံးနေခဲ့တယ်။

အင်းကွက်နီက ပြိုလဲသွားတယ်။ အနီရောင်အလင်းတန်းတွေ စူးခနဲဖြစ်သွားပြီး သူတို့ခန္ဓာကိုယ်ကို ထိန်းချုပ်မရခဲ့တဲ့လူတွေမြေကြီးပေါ် လဲကျကုန်တယ်။ ကျယ်လောင်တဲ့မြည်သံကြီးထွက်လာပြီး အလင်းတန်းနီကြီးလည်း ပျောက်သွားခဲ့တယ်။ ကျန်ခဲ့တာက လေထဲက အနီရောင် မီးပွားလေးတွေပဲ။

“သူ့အရည်အသွေးက အဲလောက်မကောင်းဘူးပဲ” ရှန်းရင် ခေါင်းခါလိုက်တယ်။

အားလုံး ။ ။ “…”

“ဟင့်အင်း” ရှင်းဟန် အလင်းတိုင်ကြီးရှိခဲ့တဲ့နေရာကို ကြည့်ပြီး ပြိုလဲတော့မဲ့ပုံစံနဲ့။

“ကောင်းကင်ထောက်တိုင်… ဘုံတံခါး”

မဖြစ်နိုင်တာ သူ့အစီအစဉ်ကို အောင်မြင်ဖို့ အရမ်းကိုနီးကပ်နေခဲ့ပြီကို – နည်းနည်းလေးသာ ဆက်သွားလိုက်ရင် သူ ကောင်းကင်မျိုးနွယ်ဖြစ်လာတော့မှာလေ။

“ဆရာ အဆင်ပြေရဲ့လား” အင်းကွက်ပျောက်သွားတာနဲ့ ယိချင်းက စင်ပေါ် အရင်ဆုံးပျံသန်းလာတယ်။ သူ ဆင်းဆင်းချင်း အက်ကွဲကြောင်းတွေကို လေ့လာပြီး ရှန်းရင်ကို သူ့ဓားပျံပေါ် ဆွဲတင်လိုက်တယ်။

“အင်း” ရှန်းရင်ပြန်ဖြေပြီး လက်ကိုဖုန်ခါလိုက်တယ်။

ပြောင်ထင်လည်း မုန်လာဥအုပ်ကြီးကို သယ်ပြီး စင်ပေါ်ပျံသန်းလာခဲ့တယ်။

“မင်း ဘာလို့ အဲလောက်တောင် ကြာနေရတာလဲ”

ကူယွဲ့က ယိချင်းဓားပေါ် သူ့ဘာသာတက်ပြီး ရှန်းရင်ကို ဒေါသတကြီး ကြည့်လိုက်တယ်။ တစ်မိနစ်နှစ်မိနစ်အတွင်း ကိစ္စတွေ ဖြေရှင်းတာကို ကျင့်သားရနေတာ မဟုတ်ဘူးလား။ ဒီတစ်ကြိမ် ငါးမိနစ်တောင် ကြာတယ်။

“မင်း ဒီကောင်းကင်အင်းကွက်ကို ဖျက်ဆီးရဲတယ်ပေါ့” ရှင်းဟန်မျက်လုံးတွေက ဒေါသနဲ့ နီရဲနေတယ်။ သူက ရှန်းရင်ကို ဒေါသတကြီး စိုက်ကြည့်ရင်း စိတ်ဖောက်ပြန်နေတဲ့ပုံ။

“မင်း သေသင့် – ဖွီ…”

သူ့ခြိမ်းခြောက်မှုတောင်မပြီးသေး ရင်ဘတ်မှာ စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရတယ်။ သူ သွေးအန်တော့တယ်။ ငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်မှာ လက်သီးတစ်ခု ပေါက်ထွက်နေတာ မြင်လိုက်ရတယ်။ အဲလက်သီးက ကျီချန်ဟာပဲ။

“အာ” ဟွေ့လင်ပါ လက်သီး‌ချက်ကြောင့် ကြောက်လန့်တကြား ထအော်တော့တယ်။ သူမမျက်နှာကနေ အရောင်အသွေးတွေ ကျဆင်းသွားပေမဲ့ ရှင်းဟန်ကို သွားမကူဘူး။

“မင်း…”

“လိမ္မာတဲ့တပည့်လေး၊ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆိုတာ တကယ်ပဲကောင်းကင်ထောက်တိုင်ဆိုပေမဲ့ ကောင်းကင်ဘုံတံခါးကို ဖွင့်လို့မရဘူးဆိုတာ ပြောဖို့မေ့သွားတယ်” ကျီချန်က ရှန်းဟန်ရဲ့သွေး ပျက်နေတဲ့အမူအရာကို ကြည့်ပြီး စပ်ဖြီးဖြီးလုပ်တယ်။

“ဧကရာဇ်တက်လှမ်းမှာစင်မြင့်မှာ အင်းကွက်လုံးဝမရှိခဲ့တာမို့ပဲ – ဒါက တကယ်တော့ စည်းချိပ်တစ်ခုပဲ”

ကျီချန်က လက်သီးပြန်ရုတ်ပြီး ရှင်းဟန်ရဲ့ မူလဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်လိုက်တယ်။ ကျီချန့်ကိုယ်ကို ဝိုင်းထားတဲ့ မသေမျိုးချီက ချက်ချင်း အမည်းရောင်နတ်ဆိုးချီအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။

“ခင်ဗျားက…” ရှင်းဟန် အသက်မထွက်ခင် နောက်ဆုံးစကားလုံးနှစ်လုံးပဲ။ သူက မြေကြီးပေါ်လဲကျပြီး သူ့အသက်မဲ့တဲ့မျက်နှာပေါ် ထိတ်လန့်တဲ့အကြည့်နဲ့။

“အဲဒါ… နတ်ဆိုးချီပဲ” ပြောင်ထင်က ရုတ်တရက်ပြောင်းလဲသွားတဲ့လူကိုကြည့်ပြီး အံ့ဩတကြီး ရေရွတ်လိုက်တယ်။ ကျီချန်က နတ်ဆိုးတဲ့။ ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

“ခင်ဗျားက ကောင်းကင်မိစ္ဆာပဲ” လန်ဟွားမျက်လုံးပြူးသွားတယ်။ ကောင်းကင်မိစ္ဆာတွေပဲ သူတို့နတ်ဆိုးချီကို မသေမျိုးချီအဖြစ် အယောင်ဆောင်နိုင်တာ။

ကျီချန့်ကိုယ်ပတ်လည်မှာ နတ်ဆိုးချီတွေ ပေါက်ကွဲလာပြီး သူတို့အုပ်စုဆီ လှည့်ပြောတယ်။

“ငါစည်းချိပ်ကို ဖောက်လို့ရအောင် ငါ့အတွက် ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဖျက်ဆီးပေးလို့ မင်းတို့ကို ကျေးဇူးတင်ရမယ်”

သူက လက်ဖဝါးမြှောက်ပြီး သူ့ခြေ‌ထောက်အောက်က စင်မြင့်ပေါ် ရိုက်ချကာ ‌လေထဲက နောက်ဆုံးလက်ကျန် အနီတန်းလင်းကြီးကို ငြှိမ်းသတ်လိုက်တယ်။ ဧကရာဇ်တက်လှမ်းမှုစင်မြင့်က အခုမုန့်မုန့်ညက်ညက် ကြေသွားခဲ့တယ်။ နောက်အခိုက်အတန့်မှာ နတ်ဆိုးချီပမာဏအများကြီးက လေထဲ တလိပ်လိပ်တက်လာတော့တယ်။

စက္ကန့်ပိုင်းအတွင်း ကောင်းကင်အလွန်မှကောင်းကင်များတစ်ခုလုံး နတ်ဆိုးချီတွေ ပြည့်ကုန်တယ်။ အရာအားလုံးဟာပိုပြီးမှောင်မှိုင်းလာလေရဲ့။

“ငါတို့အခုသွားရမယ်” လန်ဟွားက အော်လိုက်တယ်။ သူ သူတို့ခန္ဓာကိုယ်တွေကို ရှာတွေ့သွားပြီဖြစ်တဲ့ လူအုပ်ကြီးကို ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကနေ ဦးဆောင်ခေါ်ထုတ်ခဲ့တယ်။

ဒါပေမဲ့နတ်ဆိုးချီက သူတို့ထက် လှုပ်ရှားတာ မြန်ချက်ပဲ။ မုန်လာဥဖြူတွေက သူတို့ပတ်လည်က နတ်ဆိုးချီကို ဝေ့ဝဲကြည့်လိုက်တယ်။ အရမ်းကိုများလွန်းနေတာ သူတို့ တစ်နေရာတည်းမှာ ဒီလောက်များတဲ့ နတ်ဆိုးချီတွေကိုမမြင်ဖူးဘူး။ သူတို့ နတ်ဆိုးဘုံထဲရောက်နေသလိုပဲ။ ဘေးပတ်လည်က အရာအားလုံးက မှောင်မည်းနေပြီး သူတို့နားထဲ ကျီချန်ရဲ့အရူးလို ရယ်သံပါ ကြားနေရတယ်။

“ဟားဟားဟား… ငါ နှစ်သောင်းချီစောင့်ခဲ့ရတာ၊ နောက်ဆုံးတော့ စည်းကိုချိုးဖောက်နိုင်ခဲ့ပြီ” သူက အော်တယ်။

“အဲဒါဘာကြီးလဲ” တစ်ယောက်က အလန့်တကြား ထပြောတယ်။

သူတို့ နောက်လှည့်ကြည့်လိုက်တော့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်နေရာမှာ နတ်ဆိုးချီတွေအများကြီး ပုံစံဖွဲ့ပြီး ကောင်းကင်ထိတောင် ရောက်နေပြီ။ ကြည့်ရတာ တစ်စုံတစ်ရာပုံစံဖွဲ့စည်းတော့မလို့ပုံပဲ။ နောက်တစ်စက္ကန့်မှာ ကောင်းကင်နဲ့ မြေကြီးကို ဆက်တော့မဲ့ပုံနဲ့ ကြီးမားတဲ့တစ်စုံတစ်ရာပေါ်လာတယ်။ ကြည့်ရတာ… အတော်လေး ရင်းနှီးနေသလိုပဲ။

ကူယွဲ့ရင်အရမ်းထိတ်ပြီး နှလုံးက လည်ပင်းထိ မြင့်တက်လာသလိုမျိုးဖြစ်သွားခဲ့ပေမဲ့ ချက်ချင်းပဲ ပြန်ကိသွားခဲ့တယ်။ သူ နှုတ်ခမ်းသပ်ပြီး ဘေးကလူကို တံတောင်နဲ့တွတ်လိုက်တယ်။

“ယိချင်း ငါမြင်ယောင်နေတာ မဟုတ်ဘူးမလား၊ အဲဒါက-”

“ဟုတ်တယ်၊ အဲဒါပဲ”

“ငါ ရုတ်တရက်ကြီး အိမ်ပြန်ပြီး ထမင်းစားချင်လာပြီ”

“…”

ကျန်တဲ့သူတွေက နတ်ဆိုးချီ အစိုင်အခဲဖြစ်သွားချိန်မှ ဘာလဲဆိုတာ နားလည်သွားကြတယ်။

“ဒါတံခါးလား”

“နတ်ဆိုးဘုံတံခါးပဲ နတ်ဆိုးဘုံတံခါးပဲ”

“ဒီတော့ ဧကရာဇ်တက်လှမ်းမှုစင်မြင့် ချိပ်ပိတ်ထားတာက ဒါပေါ့…”

“သူက ကောင်းကင်မျိုးနွယ်ဖြစ်လာဖို့ ငါတို့ကို ဒီမှာ ချုပ်လှောင်ခဲ့တာ မဟုတ်ဘဲ နတ်ဆိုးဘုံတံခါးကို ‌ဖွင့်ဖို့ပေါ့”

မုန်လာဥဖြူတွေအားလုံး ဘာဖြစ်နေလဲ နားလည်ချိန် ဖြူဖျော့ကုန်ကြတယ်။

“ဟားဟားဟား…” ကျီချန်က နောက်တစ်ကြိမ် ရယ်ပြန်တယ်။

“စည်းတံဆိပ်ပေါက်သွားပြီ၊ အခု နတ်ဆိုးဘုံက သုံးလောကနဲ့ ပေါင်းစပ်ဖို့ အချိန်ရောက်ပြီ”

ဝုန်းခနဲ အသံကျယ်ကြီးထွက်လာကာ အမည်းရောင်တံခါးချပ်ကြီး၂ခုပေါ်လာပြီး ဖြည်းဖြည်းချင်း ပွင့်လာလေတယ်။ နတ်ဆိုးချီတွေ ဒီတံခါးတွေကနေ ထပ်လွတ်လာပြီး သူတို့ပတ်လည်ကလေထဲ ပြည့်နှက်ကုန်တယ်။ ငရဲကအသံတစ်သံ ထွက်လာပြီး ကောင်းကင်အလွန်မှကောင်းကင်တစ်ခုအားလုံး ပဲ့တင်ထပ်ကုန်တယ်။

“ဘယ်သူက တံခါးကို ဆင့်ခေါ်တာလဲ”

ကျီချန် သူ့စိတ်လှုပ်ရှားမှုကို မဖုံးထားနိုင်တော့။ သူက တစ်ဝက်ပွင့်နေတဲ့ တံခါးတွေရှေ့ ဒူးထောက်ချလိုက်တယ်။

“ကြိုဆိုပါတယ်၊ အရှင်မင်းကြီး”

“ဖြစ်နိုင်တာက…” ကြည့်နေသူတွေရဲ့ မျက်နှာတွေက အရောင်အားလုံးဖြူဖျော့ကုန်တယ်။ သူတို့ခန့်မှန်းချက်ကို အသံထွက်ပြီးတောင် မပြောရဲ။

တံခါးက ဆက်ပွင့်လာပြီး လူ၂ယောက် ဆန့်တဲ့ အကျယ်လောက်ဖြစ်လာတယ်။ မည်းနက်ကြီးမားတဲ့ သဏ္ဌာန်တစ်ခုက အဲနောက်ကနေ ပေါ်လာလေရဲ့။ ဘယ်သူမှ သူ့ကို မသိကြပေမဲ့ အဲသဏ္ဌာန်ဆီကနေ အရိုးစိမ့်စရာ အရှိန်အဝါ ခံစားနေရတယ်။ သူတို့ရဲ့ မူလဝိညာဉ်တွေကို တောင့်ခဲစေလို့ ကိုယ့်ကိုယ်ကိုယ် ခုခံဖို့တောင် မလှုပ်နိုင်ဘူး။ တကယ်လို့ သူတို့ရဲ့ မြင့်မားတဲ့ ကျင်ါကြံဆင့်ကြောင့်သာ မဟုတ်ရင် သူတို့ အကြီးအကျယ် ဒဏ်ရာရနေလောက်ပြီ။

အဲသဏ္ဌာန်က ရှန်းရင်ဆီ အကြည့် မရောက်ခင်ထိပေါ့…။

“ဟေး ငမည်းလေး” သူမ လက်ယမ်းပြလိုက်တယ်။

အထဲက သဏ္ဌာန်က တန့်သွားပြီး နတ်ဆိုးချီက တလိမ့်လိမ့် ကြွနေတာ ရပ်သွားတယ်။

လူတိုင်း ၂စက္ကန့်အပြည့် တိတ်ဆိတ်ကုန်တယ်။

နောက်အခိုက်အတန့်မှာတော့ နောက်ထပ်ဝုန်းခနဲအသံကြီး ပေါ်လာတယ်။ တစ်ဝက်ကျော်ကျော် ပွင့်နေပြီဖြစ်တဲ့ နတ်ဆိုးတံခါးတွေဟာ နောက်တစ်ကြိမ် ချိပ်ပိတ်သွားပြန်ခဲ့လေပြီ။

ရှန်းရင် ။ ။ “…”

ကျီချန် ။ ။ “…”

ဘာဖြစ်နေလဲ နားမလည်သော မုန်လာဥဖြူတစ်သိုက် ။ ။ “…”

ဘာ… တွေဖြစ်နေတာလဲ။

Σ(°△°|||)

ဝူတိဂိုဏ်းက လူသုံးယောက်နဲ့ ချန်ကော ။ ။ အာ၊ ညစာပြန်စားဖို့အချိန်ကျပြီပဲ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset