အခန်း ၂၁၂ ။ ဧကရာဇ်တက်လှမ်းမှုစင်မြင့်တိုက်ပွဲ
လန်ဟွားရဲ့သိုင်းက အတော်လေးတော့ အားကိုးရတယ်။ မျက်စိတစ်မှိတ်အတွင်း အားလုံးက ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ ရောက်လာခဲ့တယ်။ အဲအချိန်တုန်းက အလင်းတန်းနီကြီးက စင်တစ်ခုလုံးကို ထိန်လင်းသွားစေတယ်။ အတော်လေးမျက်စိကျိန်းစရာပဲ။ ရှင်းဟန်က အင်းကွက်အလယ်မှာ ရပ်ပြီး ထိန်းချုပ်နေတယ်။ ကျီချန်နဲ့ ဟွေ့လင်ကတော့ တစ်ယောက်တစ်ဖက်စီ ရပ်ပြီး ကာကွယ်နေလေရဲ့။
“မင်းတို့ရဲ့မူလဝိညာဉ်တွေ ထွက်ပြေးနိုင်တာကို ပြန်လာအုံးမယ် မထင်ခဲ့ဘူး” ရှင်းဟန်က သူတို့ကို လှောင်ပြောင်တယ်။ သူ အဇဋာဧကရာဇ်တွေရဲ့ မူလဝိညာဉ်တွေကို သတိထားမိတာအသိသာကြီး။ ရှင်းဟန်က လူအုပ်ကြီးကို ဝေ့ဝဲကြည့်ပြီး ရှန်းရင်ကို တွေ့သွားတော့ တန့်သွားခဲ့တယ်။ နောက်တော့ မျက်လုံးပြူးသွားလေရဲ့။
“မင်းပဲ” သူ့ မျက်နှာပြင်ထက် သွေးပျက်မှုတွေ ဖြတ်ပြေးသွားတယ်။ တစ်စုံတစ်ရာကို သတိရသွားသလိုမျိုး သူက ပြန်တည်ငြိမ်အောင် နေလိုက်တယ်။
“အင်းကွက်က အသက်ဝင်သွားပြီ၊ မင်းတို့ အခုတားဖို့ ဘာမှလုပ်လို့မရတော့ဘူး”
“ပြောင်အာ၊ ဒီမှာနေ၊ ငါသူတို့ကို သွားကယ်မယ်” ယိချင်းက ရှင်းဟန်ရဲ့ အဓိပ္ပာယ်မရှိစကားတွေကို နားထောင်ပြီး အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး။ သူက အမတဓားကို ဆွဲထုတ်ပြီး ရှေ့ကိုပြေးတက်ထိုးတော့တယ်။
လန်ဟွားက တစ်ချိန်တည်း ပျံထွက်လာပြီး အင်းကွက်ထဲ မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေတဲ့ ခန္ဓာကိုယ်တွေဆီ ဦးတည်ခဲ့တယ်။
ရုတ်တရက် ရွှေရောင်အလင်းတန်းက အင်းကွက်အပြင်ဘက်မှာ လင်းထိန်သွားခဲ့တယ်။ နှစ်ယောက်သား ထိတောင်မထိနိုင်ခင် ပြန်ကန်ထွက်သွားခဲ့တယ်။
ယိချင်းက နည်းနည်းတော့ တော်သေးတယ် – ခြေလှမ်းနည်းနည်းလောက်ပဲ နောက်ပြန်ဆုတ်လိုက်ရတာ။ တစ်ဖက်မှာတော့ လန်ဟွားရဲ့ဝတ်ရုံလက်တွေက မီးစွဲသွားတယ်။ သူ့ကို မီးမလောင်အောင် မီးတောက်ဖြူကြီးတွေနဲ့ဖုံးလွှမ်းနေတဲ့ ဓမ္မဝတ်ရုံကို ချွတ်လိုက်ရတယ်။ စောနက သူ့ကိုယ်ကို ဝိုင်းထားတဲ့ နတ်ဆိုးချီတွေ လွင့်ပျောက်သွားပြီ။
လန်ဟွားက ကြောင်အမ်းသွားတယ်။ အဲအင်းကွက်က… နတ်ဆိုးချီတွေကို သန့်စင်တာပဲ
“တစ်နေ့မှာ အဇဋာဧကရာဇ်တွေအားလုံး နတ်ဆိုးတွေနဲ့ ပူးပေါင်းမယ်မထင်ခဲ့ဘူး” ရှင်းဟန်က အေးတိအေးစက် လေ့လာပြီး လန်ဟွားကို တစ်ချက်လှမ်းကြည့်တယ်။ သူ့ကြည့်ရတာ သိသိသာသာ ကျေနပ်နေတဲ့ပုံ။
“ဧကရာဇ်တက်လှမ်းမှုစင်မြင့်က ကောင်းကင်နွယ်ဝင်တွေ ဖန်တီးထားတာဖြစ်နေတာ နှမျောစရာပဲ၊ နတ်ဆိုးတစ်ကောင်က ကောင်းကင်မျိုးနွယ်တွေ လုပ်ထားတဲ့အရာနဲ့ ထိတွေ့ဖို့ကြိုးစားတယ်ပေါ့ – ဟာသပဲ”
တကယ်လို့ မသေမျိုးချီနဲ့ နတ်ဆိုးချီတွေသာ ဆန့်ကျင်ဘက်ဆို ကောင်းကင်အစွမ်းကတော့ နတ်ဆိုးချီတွေအတွက် အဆိပ်လို့သတ်မှတ်ရမယ်။ ဒီဧကရာဇ်တက်လှမ်းမှုစင်မြင့်က တကယ်တော့ ကောင်းကင်နွယ်ဝင်တွေ လုပ်ခဲ့တာပေါ့။
“အဇဋာဧကရာဇ်လန်ဟွား၊ ကျေးဇူးပြုပြီး စိတ်ငြိမ်အောင်ထားပါ” ချူရွှမ်က သူ့ကိုစိုးရိမ်တကြီး သတိပေးလိုက်တယ်ာ
လန်ဟွား အမူအရာပျက်ယွင်းသွားတယ်။ သူ့ကိုယ်ထဲရှိတဲ့ လက်ကျန်နတ်ဆိုးချီလေးနဲ့ နောက်ပြန်ဆုတ်ရတော့တယ်။
“ကျုပ်လုပ်လိုက်မယ်” ယိချင်းက လန်ဟွားကိုနောက်ဆုတ်ဖို့ အမူအရာပြလိုက်တယ်။ သူက သူ့မသေမျိုးချီကို လည်ပတ်အောင်လုပ်ပြီး ဓားချီတွေ အရှိန်နဲ့ ပြေးတက်သွားခဲ့တယ်။ နောက်တစ်စက္ကန့်နေတော့ ရွှေမဟာဓားကြီးတစ်ချောင်း ပေါ်လာပြီး အလင်းတန်းကြီးတည့်တည့် ဦးတည်တော့တယ်။
“ဟမ့် အသုံးမဝင်ဘူး” ရှင်းဟန်က နည်းနည်းလေးတောင် စိုးရိမ်ပုံမပေါ်။
“မင်းတို့ ဒီဧကရာဇ်တက်လှမ်းမှုစင်မြင့်ကို ဖောက်ထွင်းလို့မရဘူး”
တိုက်မိသံအကျယ်ကြီး ထွက်လာတယ်။ ယိချင်းက သူ့မှာရှိသမျှအားကို သုံးပြီး ဓားဆန္ဒအပေါ် အာရုံစိုက်ကာ အလင်းတန်းနီကြီးကို ဖြတ်တောက်ပစ်ချင်ခဲ့တာပဲ။ ဧကရာဇ်တက်လှမ်းမှုစင်မြင့်က နည်းနည်းပဲ တုန်ယင်သွားပေမဲ့ ဓားက လုံးဝ ထိခိုက်အောင်မလုပ်နိုင်ခဲ့။ အထဲက ကိုယ်ခန္ဓာတွေဆီ ရောက်ဖို့ တကယ်ပဲနည်းလမ်းမရှိဘူး။ ဧကရာဇ်တက်လှမ်းမှုစင်မြင့်တစ်ခုလုံးက ဒီအနီရောင်အကာအရံကြီးနဲ့ လွှမ်းခြုံထားတာ။ ဖောက်ထွက်ဖို့ နည်းမရှိဘူး။
“မင်းတို့ ဒီနေရာလာပြီး ကိုယ့်သေတွင်း ကိုယ်တူးမှတော့ မင်းတို့ဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့”
ရှင်းဟန်အမူအရာက ခက်ထန်သွားတယ်။ သူက လက်နှစ်ဖက်လုံးနဲ့ ချိပ်တစ်ခု ဖန်တီးလိုက်တယ်။
“ဝိညာဥ်ခြယ်လှယ်သိုင်း” ချန်ကောက ရှင်းဟန်ရဲ့ လက်လှုပ်ရှားမှုတွေကို ချက်ချင်း သဘောပေါက်သွားခဲ့တယ်။
တခြားမုန်လာဥဖြူတွေရဲ့ အမူအရာတွေက ပျက်ယွင်းသွားပြီး အသံတိတ်ဆဲရေးလိုက်ကြတယ်။
“ခွေး*သား”
သူက သူတို့ကိုတိုက်ခိုက်ဖို့ သူတို့ကိုယ်ပိုင်ခန္ဓာကိုယ်တွေကို ခြယ်လှယ်ဖို့ကြိုးစားနေတာပဲ။
ရှင်းဟန်ရဲ့ သိုင်းက အလုပ်ဖြစ်တယ်။ နောက်အခိုက်အတန့်မှာတင် အင်းကွက်ထဲ မလှုပ်မယှက်ရှိနေခဲ့တဲ့ ခန္ဓာကိုယ်တွေက တစ်ယောက်ပြီး တစ်ယောက် ထရပ်လာတယ်။ သူတို့က မမြင်ရတဲ့ကြိုးတွေနဲ့ ထိန်းချုပ်ခံထားရတဲ့ ရုပ်သေးရုပ်တွေလို ယိချင်းဆီ ဦးတည်ပြေးလာကြတော့တယ်။
“ဧကရာဇ်ငယ်ယိ၊ ဂရုစိုက်ပါ” ပြောင်ထင်က အော်လိုက်တယ်။
ယိချင်း ရွှေးစရာမရှိတော့ဘဲ အလင်းတန်းကိုတိုက်ခိုက်နေတာ ရပ်လိုက်ရတော့တယ်။ သူ့ကိုယ်သူ ကာကွယ်ဖို့လှည့်လိုက်ရပြီး တစ်ချိန်တည်းမှာတင် ကိုယ်လေးခုငါးခုကို တိုက်ခိုက်နေရတယ်။ ရှင်းဟန်က ခန္ဓာကိုယ်ကို ခြယ်လှယ်နိုင်ရုံဆိုပေမဲ့ ကူယွဲ့နဲ့ ရွှင်ရှူးကလွဲ ကျန်တဲ့ခန္ဓာကိုယ်အားလုံးက အဇဋာဧကရာဇ်တွေ။ သူတို့မူလဝိညာဉ်မရှိပဲနဲ့တောင် သူတို့တိုက်ခိုက်မှုတွေက အားပြင်းတယ်။
ပြောင်ထင်က ပိုပြီးခက်ခဲနေတယ်။ သူ မတိုက်ခိုက်နိုင်တဲ့ မုန်လာဥဖြူတွေအားလုံးကို ကာကွယ်ရပြီး ခန္ဓာကိုယ်တွေကို တိုက်ခိုက်နေရတယ်။ ခန္ဓာကိုယ်တွေက မုန်လာဥဖြူတွေဟာမို့ အရမ်းကြီး မထိခိုက်စေဖို့လည်း ဂရုစိုက်နေရသေးတယ်။
အခြေအနေက အတော်လေးပြင်းထန်နေတာပေါ့။ လူတိုင်း ခံစစ်အနေအထားကပဲ ကစားရတော့တယ်။ တကယ်လို့ သူတို့ အင်းကွက်ကို စောစောမဖောက်ထွက်နိုင်ရင် သူတို့ခန္ဓာကိုယ်ကို ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ဘူး။
ရှင်းဟန်က ကူကယ်ရာမဲ့နေတဲ့အုပ်စုကို ကြည့်ပြီး ခြောက်ကပ်ကပ်ရယ်လိုက်တယ်။ ကျေနပ်စွာနဲ့ သူကပြောလာတယ်။
“မင်းတို့ကိုယ်မင်းတို့ အထင်ကြီးနေတာပဲ – ငါအရင်က ပြောခဲ့သလိုပဲ၊ ဘယ်သူမှ ဒီအင်းကွက်ကို မဖောက်ထွက်နိုင်”
“အယ်…” သူ စကားမဆုံးခင် တစ်ယောက်ယောက်က သူ့ပခုံးကို ပုတ်ပြီး ရင်းနှီးနေတဲ့အသံတစ်သံက သူနဘေး ပေါ်လာတယ်။
“နင် ငါ့ကိုမေ့နေတဲ့ပုံပဲ”
ရှင်းဟန် ထခုန်ပြီး ခေါင်းလည့်လိုက်တယ်။ သူ သရဲတစ်ကောင်ကို မြင်လိုက်ရသလိုမျိုး မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့တယ်။
“မင်း…၊ ဘယ်လိုလုပ် ဒီထဲဝင်လာတာလဲ” ဒါမဖြစ်နိုင်ဘူး ဒါက ကောင်းကင်အင်းကွက်လေ – အင်းကွက် အသက်ဝင်သွားတာတောင် သူမက ဘယ်လိုလုပ်ဝင်လာနိုင်တာလဲ။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ”
“ငါအထဲခုန်ဝင်လာတာလေ” သူမက မုန်လာဥဖြူတွေအားလုံးရပ်နေတဲ့ ဓမ္မအသုံးအဆောင်ကို လက်ညှိုးထိုးပြလိုက်တယ်။ သူတို့ကို ဖြတ်လျှောက်ဖို့ နေရာမရှိတော့ ခုန်ဝင်လာရတော့တာပေါ့။
“ဟင့်အင်း မဖြစ်နိုင်တာ မင်းက ဘယ်လိုလူလဲ”
ရှင်းဟန်အမူအရာက သွေးပျက်သွားပြီး အရိုင်းဆန်နေတယ်။ သူ မြင်နေရတာကို မယုံနိုင်တော့ဘူး။
“ကောင်းပြီ ကောင်းပြီ၊ နင့်အဓိပ္ပာယ်မရှိတာတွေ တော်တော့ ငါ ညစာတောင် မစားရသေးဘူး” ရှန်းရင်က သူ့ကိုလက်ယမ်းပြလိုက်တယ်။
ရှင်းဟန် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားခဲ့ပြီး မျက်နှာကနေ သွေးရောင်အားလုံး ဖြူဖျော့သွားခဲ့တယ်။ ပြင်းထန်တဲ့အကြောက်တရားက လူတစ်ယောက်ရဲ့ အလားအလာကို လမ်းဖွင့်ပေးနိုင်တယ်ဆိုတာ အမှန်ပဲထင်တယ်။ “ဟင့်အင်း” သူက အော်လိုက်ပြီး မသေမျိုးချီတွေကို လည်ပတ်စေကာ နောက်ဆုတ်နိုင်သမျှမြန်မြန်နောက်ဆုတ်တော့တယ်။ နောက်စက္ကန့်ပိုင်းအတွင်း သူ ဂါထာတချို့ ရွတ်လိုက်တယ်။ ရုတ်တရက် ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပေါ်မှာ ရေခဲမျှော်စင်တွေ၊ မီးနဂါးတွေ၊ လေပြင်းဓားမြှောင်တွေနဲ့ မိုးကြိုးတွေက ရှန်းရင်ဆီ ဦးတည်တော့တယ်။
ဒီဟာတွေထဲက ဘာမှ သူမအပေါ် သက်ရောက်မှုမရှိဘူး။ ရုတ်တရက် မျက်စိရှေ့ အရောင်မျိုးစုံ တဖြတ်ဖြတ် တောက်ပသွားလို့ သေချာမမြင်ရတော့တာကလွဲပြီးပေါ့။ သူမ ရှင်းဟန်လက်ကို ဆွဲဖို့ဆိုပြီး အလိုလို လက်လှမ်းလိုက်မိတယ်။ သူမ တစ်စုံတစ်ရာကို ဖမ်းမိသွားပြီး ဆွဲလိုက်တော့ ပြဲသံကြားလိုက်ရတယ်။
ရှန်းရင်ငုံ့ကြည့်လိုက်တော့ သူမ တိမ်ပုံစံအပွင့်တွေထိုးထားတဲ့ အဝတ်စရှည်ကြီးကို ကိုင်ထားတာ မြင်လိုက်ရတယ်။
သူမစိတ်က ဗလာကျင်းသွားတယ်။ နောက်တော့ တွေးမိလိုက်တာက ဒါက… ခါးပတ်ဖြစ်နိုင်လား။
သူမ လှည့်လိုက်တော့ သူမနဲ့သုံးလှမ်းအကွာမှာ ဘောင်းဘီဖြူတစ်ထည်က မြေကြီးပေါ် ကျနေတာ မြင်လိုက်ရတယ်။ ရှင်းဟန်က သူမနဲ့ တစ်မီတာအကွာလောက်မှာ ခြေထောက်ဗလာနဲ့ ကြောက်လန့်စွာ ရပ်နေတယ်။
ရှန်းရင် ။ ။ “…”
ကျီချန် ။ ။ “…”
ဟွေ့လင် ။ ။ “…”
အာ…။
ရှန်းရင် နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတယ်။ တမင်သက်သက်လုပ်တာမဟုတ်ဘူးလို့ ပြောရင် သူတို့ သူမကိုယုံမလား။
(╯_╰)
“အယ်…” သူမ ခါးပတ်ကို ပြန်ပေးဖို့လုပ်လိုက်တယ်။ နောက်တော့ ဖေဖေနျို့လောသံကို ကြားလိုက်ရတယ်။
“ရှန်းရင်၊ မင်းအဲမှာသောက်ကျိုးနည်း ဘာတွေလုပ်နေတာလဲ၊ မြန်မြန် ငါတို့ ဆက်မထိန်းထားနိုင်တော့ဘူး”
အင်းကွင်အပြင်ဘက်မှာတော့ ကူယွဲ့နဲ့ မုန်လာဥဖြူတွေက ရှင်းဟန် ခြယ်လှယ်ထားတဲ့ခန္ဓာကိုယ်တွေ ချောင်ပိတ်ထားတာခံနေရတယ်။ ပြောင်ထင်နဲ့ လန်ဟွားလည်း အကုန်မတိုက်နိုင်တော့တာမို့ အကူအညီလှမ်းခေါ်ရုံပဲရှိတော့တယ်။
ရှန်းရင် တန့်သွားပြီး ခါးပတ်အစွန်းတစ်ဖက်ကို မုန်လာဥဖြူအုပ်စုဆီ ပစ်ပေးလိုက်တယ်။ ခါးပတ်က ဓမ္မဝတ်ရုံရဲ့ အစိတ်အပိုင်းမို့ ရုတ်တရက် ရှည်သွားပြီး ကြိုးအဖြစ်ပြောင်းကာ ဖေဖေနျိုတို့ကို ရစ်ပတ်လိုက်တယ်။ နောက်တော့ သူမကြိုးကိုဆွဲပြီး သူတို့အုပ်စုကို အင်းကွက်ထဲ ဆွဲသွင်းလိုက်တယ်။ သူမ လက်ကောက်ဝတ်တစ်ချက် လှည့်ပြီး ကြိုးအစွန်းကို ယိချင်းဆီ ပစ်ပေးလိုက်တယ်။
ဝိညာဉ်ခြယ်လှယ်သိုင်းနဲ့ ခြယ်လှယ်ခံနေရတဲ့ ကိုယ်ခန္ဓာအုပ်စုက မြေကြီးပေါ် ကျသွားခဲ့တယ်။ ရှန်းရင်က ခါးပတ်ကို ဘေးပစ်ထုတ်လိုက်တယ်။
“နင့်အလှည့်”
ရှန်းရင် သူ့ဘက်ကို လှည့်လာတာမြင်ချိန် ရှင်းဟန် နောက်ပြန်ဆုတ်လိုက်တယ်။ သူက ဂါထာတစ်ခုရွတ်ဖို့ ကြိုးစားပြီးတော့ ရှန်းရင်ခြေထောက်အောက်မှာ အလင်းတန်းနီကြီးက ရုတ်တရက် လင်းလာတယ်။ အင်းကွက်က သူမခြေထောက်အောက်ပုံစံပေါ်လာပြီး စောနက တခြားသူတွေကို ဧကရာဇ်တက်လှမ်းမှုစင်မြင့်မှာ ပိတ်လှောင်ထားခဲ့တဲ့တစ်ခုနဲ့ အတူတူပဲ။
အဝိုင်းပုံစံက စတင်ပြောင်းလဲလာပြီး အလင်းနီက လူတစ်ယောက်ချင်းစီရဲ့ ခြေထောက်အောက် ပေါ်လာတယ်။ ကျီချန်နဲ့ ဟွေ့လင်ပါ ပါနေလေတယ်။
“ဟန်အာ မင်းဘာလုပ်တာလဲ” ဘာဖြစ်နေလဲဆိုတာ ကျီချန်နားလည်ချိန် နောက်ကျလွန်းသွားခဲ့ပြီ။ သူ မလှုပ်နိုင်တော့ဘူး။ သူ့ကျင့်ကြံဆင့်က တဖြည်းဖြည်း ကျဆင်းလာတယ်။ သူ့ဘေးကလူတွေကို သွေးပျက်စွာ ကြည့်
လိုက်တယ်။
ရှန်းရင် တန့်သွားတယ်။ ဒါ… ပုန်ကန်မှုလားဟေ။
…