အခန်း ၂၁၁ ။ မုန်လာဥဖြူ အစည်းအဝေး
လန်ဟွားက အင်းကွက်ကို အတင်းအကျပ်အသက်သွင်းချိန် ကူယွဲ့နဲ့တခြားလူတွေရဲ့ ခန္ဓာကိုယ်တွေက ပိတ်မိနေတာ။ နှစ်ဖက်စလုံးက အတင်းဆွဲထားတာမို့ သူတို့ရဲ့ မူလဝိညာဉ်တွေက အနောက်ဥယျာဉ်ဆီ ပြန်ဆွဲခေါ်ခံရပြီး အမတဆေးပင်အမျိုးမျိုးထဲ ပြန့်ကျဲသွားခဲ့တာပဲ။
မုန်လာဥဖြူပဲ မူလအသွင်အတိုင်း ကျန်ရစ်တယ်။
ကူယွဲ့ကို ပိတ်လှောင်ထားတဲ့အင်းကွက်က တခြားသူတွေနဲ့လည်း ချိတ်ဆက်ထားတာမို့ သူတို့ရဲ့အရှိန်အဝါက ဆက်နွယ်နေခဲ့တယ်။ တစ်ယောက်က တခြားတစ်ယောက်ကို ဆွဲခဲ့တာမို့ လန်ဟွားက ၂ ယောက်ပဲ ပြန်ဆွဲခေါ်ဖို့လုပ်ခဲ့တာတောင် ၇ယောက်လုံးကို ပြန်ဆွဲခေါ်နိုင်ခဲ့တယ်။
“ဂိုဏ်းချုပ်ရှန်း၊ ကျုပ်တို့လူတစ်ယောက်ကို မကယ်ရသေးဘူး” ချန်ကောက စိုးရိမ်တကြီး အော်တယ်။
“ရွှမ်ထုံ ရွှမ်ထုံအဲမှာရှိနေသေးတယ်”
ကူယွဲ့ ရေကြည့်လိုက်တယ်။ တကယ်ပဲ ရွှမ်ထုံ့ကို မုန်လာဥဖြူတွေကြား ရှာမတွေ့ဘူး။
“သူက မင်းတို့အားလုံးနဲ့ အင်းကွက်တူတူ ရှိနေတာမဟုတ်ဘူးလား” လန်ဟွား မေးလိုက်တယ်။
“သူက အင်းကွက်အလယ်မှာ၊ ကျုပ်တို့လို အင်းကွက်ထဲ ပိတ်နေခဲ့တာမဟုတ်ဘူး ပြီးတော့ ရှင်းဟန်က အင်းကွက်ဖန်တီးဖို့ သူမကိုသုံးခဲ့တာ၊ အဲမှာ အခုအရမ်းအန္တရာယ်များနေပြီ”
“သူမရဲ့အရှိန်အဝါက မင်းတို့အားလုံးနဲ့ မချိတ်ဆက်နေတော့ လိုက်လာလို့မရတာ” လန်ဟွား မျက်မှောင်ကြုတ်လိုက်တယ်။
“ပြီးတော့ သူမအခြေအနေက အတော်လေးထူးခြားတယ်၊ အဲဒါက သူမခန္ဓာကိုယ် မဟုတ်ဘူး၊ ငါတို့ သူမဝိညာဉ်ဒါမှမဟုတ် မူလဝိညာဉ်နဲ့ ဆက်စပ်နေတဲ့ဟာ ရှာတွေ့ပြီး အင်းကွက်ကို နောက်တစ်ကြိမ် ပြန်အသက်သွင်းတာ မဟုတ်ရင် ဘာမှလုပ်လို့မရဘူး”
ချန်ကောရဲ့မုန်လာဥဖြူ အရောင်ဖျော့သွားတော့တယ်။
ယိချင်းနဲ့ ရှန်းရင် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ သူမဝိညာဉ်နဲ့ ဆက်စပ်နေတဲ့အရာ… “တစ်ခုရှိတယ်”
“ဘာလဲ”
ယိချင်းနဲ့ရှန်းရင်တို့ တစ်ပြိုင်နက် ချန်ကောမုန်လာဥဖြူကို တွင်းထဲထိုးထည့်လိုက်တယ်။
“သူဌေးလန် အင်းကွက် အသက်သွင်းတော့”
“…”
တစ်မိနစ်အကြာမှာတော့ မြေကြီးထဲ နောက်ထပ် မုန်လာဥဖြူတစ်လုံးရောက်လာခဲ့ပြီ။
——————
ငါးမိနစ်အကြာ။
လူအုပ်ကြီး(ဒါမှမဟုတ် မုန်လာဥဖြူအုပ်ကြီး) က နောက်ဆုံးတော့ သူတို့အခြေအနေကို နားလည်သွားပြီ။ သူတို့ဘယ်လိုခံစားရမလဲတောင် မသိတော့ဘူး။ သူတို့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကနေ လွတ်မြောက်လာပေမဲ့ သူတို့ရဲ့မူလဝိညာဉ်တွေကပဲ လွတ်မြောက်လာပြီး ခန္ဓာကိုယ်တွေတော့ မဟုတ်ဘူး။ အဲဒါကြောင့် အင်းကွက်က ရှေးဟောင်းဆိုရင်တောင် အသက်ဝင်နေသေးတယ်ဆိုတာ သက်သေပြနေတယ်။ သူတို့မစိုးရိမ်ဘဲ မနေနိုင်တော့ဘူး။ ဒါပေမဲ့ သူတို့က အဇဋာဧကရာဇ်တွေပဲလေ၊ ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတွေကို စတင်ဆွေးနွေးကြတော့တယ်။
“ကျုပ်တို့ မူလဝိညာဉ်တွေက ပြန်ရောက်လာပေမဲ့ ခန္ဓာကိုယ်တွေက အဲအင်းကွက်ထဲ ပိတ်မိနေတုန်းပဲ၊ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ အမြန်သွားမှဖြစ်မယ်”
“ဒါပေမဲ့အင်းကွက်က အဲလောက်အစွမ်းကြီးတာ၊ ကျုပ်တို့ကျင့်ကြံဆင့်အားလုံးကို စုပ်ယူပစ်နိုင်တယ်၊ အဲလိုအင်းကွက်ကိုဖယ်ရှားဖို့ ယုံကြည်ချက်ရှိလား”
“ကျီချန်က ဒီလိုတွေဖြစ်လာအောင် တစ်လျှောက်လုံးစီစဉ်ခဲ့တာ၊ သူက လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတည်းက ကောင်းကင်ဘုံတံခါးကို ဖွင့်တဲ့နေရာမှာ ကျွန်တော်တို့ကိုအသုံးချဖို့ စီစဉ်နေခဲ့တာပဲ”
“အင်း၊ သူက သူ့သမီးနဲ့ ရှင်းဟန်ကို အောက်ဘုံဆီ ပစ်ချခံရအောင် စီစဉ်ခဲ့သူဖြစ်လောက်တယ်၊ ကိစ္စတွေက ဘယ်လိုလုပ်တိုက်ဆိုင်နိုင်မှာလဲ၊ သူမက ပိုင်ထီ့သမီးနဲ့ တစ်ချိန်တည်းအောက်ဘုံဆီ ကျသွားခဲ့တာလေ”
“အမှန်ပဲ၊ သူက အမြီးကိုးချောင်းအမတမြေခွေးဖြစ်တဲ့ ပိုင်ကျောင်းကို မျက်စိကျနေတာ အတော်ကြာခဲ့ပြီထင်တာပဲ၊ သူက သူမကို အင်းကွက်အတွက် စတေးဖို့စီစဉ်ခဲ့တာ အတော်ကြာပြီထင်တာပဲ”
“ဒါပေမဲ့ ကျုပ်တို့ အခုဘယ်လိုလုပ်သင့်လဲ၊ တကယ်လို့ အပြေးသွားရင်တောင် ကျုပ်တို့ခန္ဓာကိုယ်တွေက ကျီချန်နဲ့ သူ့တပည့်ကို တိုက်ခိုက်နိုင်မှာမဟုတ်ဘူး”
“ကျုပ်တို့ အခုကိုယ်ခန္ဓာခွန်အားကို စိုးရိမ်ဖို့မလိုဘူး၊ ကျုပ်တို့က ဒီကို နှလုံးထောင်ချောက်အင်းကွက်နဲ့ ပို့ဆောင်ခံခဲ့ရတာ၊ ဧကရာဇ်တက်လှမ်းမှုစင်မြင့်က ဒီကန မိုင်သောင်းချီအကွာမှာရှိတာ – အဲကို အမြန်ရောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ပြီးတော့…” ကူယွဲ့ အသံဝင်သွားပြီးမှ ဘေးကလူကို လှည့်အော်တော့တယ်။
“ရှန်းရင် မင်းငါ့ခေါင်းပေါ် ရေလောင်းနေတာ သောက်ကျိုးနည်း ရပ်ပေးလို့ရမလား”
“ဟမ်” ရေကရားကိုင်ထားတဲ့ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
“ငါ့ကို ရေဆာတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား”
“ရေဆာတယ်လို့ပြောာတာ မုန်လာဥဖြူဟ၊ ငါက ကူယွဲ့” ကူယွဲ့ ဒေါသနဲ့တုန်ရီနေပြီ။
“ရေမလောင်းခင် မုန်လာဥဖြူကို မှန်အောင်ခွဲလို့မရဘူးလား၊ မင်းတကယ်လို့ ငါ့ခေါင်းပေါ် ရေထပ်လောင်းရင် ငါ ရေရွှဲနေတဲ့ ဟင်းသီးဟင်းရွက်ဖြစ်တော့မယ်”
“အော်” စောစောတည်းကပြောရောပေါ့။ ရှန်းရင် ခေါင်းကုတ်လိုက်တယ်။
“အာ ဘာလို့နင်တို့အားလုံးက တူနေရတာလဲ”
“ငါတို့ ဘယ်မှာတူလို့လဲဟ” အရောင်တွေ ကွဲနေတာကို။
“ပြီးတော့ ဒါတွေအားလုံးက မင်းအပြစ်မဟုတ်ဘူးလား” သူတို့တွေ သူမကြောင့်သာ မဟုတ်ရင် မုန်လာဥဖြူဖြစ်မှာ မဟုတ်ဘူး။
“ငါတို့က နင်တို့ကိုရှာဖို့ကြိုးစားနေရုံလေ၊ ဖေဖေနျို ဒီအသေးအဖွဲတွေအားလုံးကို အာရုံစိုက်နေတာ တော်ပါတော့”
“ငါ့ဖင်ကိုအသေးအဖွဲ” ဒါ အသေးအဖွဲလေးတစ်ခုတောင်မဟုတ်ဘူး – သူတို့ လူပါမဟုတ်တော့တာလေ
“…” ပြီးရော၊ ငါ့ကိုပဲ အပြစ်အားလုံးတင်။
ရှန်းရင် လက်ရုပ်ပြီး တခြားမုန်လာဥဖြူကို ရေလောင်းဖို့ လုပ်လိုက်တယ်။
“အာ… ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ကျွန်တော်က ငှက်လေးပါ”
ရှန်းရင် ။ ။ “…”
သူမ နောက်တစ်ယောက်ကို လောင်းလိုက်တယ်။
“ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ငါက ကြက်လေ”
နောက်တစ်ယောက်။
“ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ငါက ကျီကျယ်ပါ”
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
လန်ဟွား ။ ။ “…”
မုန်လာဥဖြူအားလုံး ။ ။ “…”
မုန်လာဥဖြူ ။ ။ “မမလေး၊ တို့က မုန့်လာဥဖြူပါ တို့ပါ”
“မုန်လာဥဖြူ ပါးစပ်ပေါက်ပိတ်” ကူယွဲ့ ခေါင်းစကိုက်လာတယ်။ ဒါဘယ်ချိန်မို့ မုန်လာဥဖြူက ရေလောင်းခံရဖို့ကို ပွစိပွစိ လုပ်နေသေးတာလဲ။
“ဖွီ” မုန်လာဥဖြူက သူ့ကိုဒေါသတကြီး ကြည့်တော့တယ်။ ရှန်းရင်လက်ထဲကနေ ရေကရားကို ယူပြီး သူ့ဘာသာလောင်းလိုက်လေရဲ့။
“အာ အင်း…” ချန်ကောက လည်ချောင်းရှင်းပြီး ခေါင်းစဉ်ဆီ ပြန်တည့်ပေးလိုက်တယ်။
“ဧကရာဇ်ငယ်ကူယွဲ့ မှန်တယ်၊ ဝူတိဂိုဏ်းက ဧကရာဇ်တက်လှမ်းမှုစင်မြင့်နဲ့ ဝေးလွန်းတယ်၊ ကျုပ်တို့အဲရောက်တဲ့အချိန်ဆို ကျီချန်က သူ့အင်းကွက်ကို ပြင်ပြီးလောက်ပြီ”
အဲလိုသာဆို သူတို့ သူ့ကိုတားဖို့ကို မေ့ထားလိုက်လို့ရပြီ။ သူ ဘာဆက်လုပ်မလဲဆိုတာတောင် သူတို့မသိဘူးလေ။
“ငါတို့ ကောင်းကင်အလွန်မှကောင်းကင်များဆီ အရင်သွားလို့ရတာပဲ၊ အဲမှာ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ တန်းခေါ်သွားပေမဲ့ နေရာရွှေ့ပြောင်းအစီအရင်တွေရှိတယ်လေ၊ အဲဒါက အရှိန်မြန်စေလိမ့်မယ်” ကျီကျယ်ကအကြံပြုတယ်။
“မဖြစ်ဘူး အဲဒါလည်းအချိန်ကြာလွန်းတယ်၊ ဒီကနေ ကောင်းကင်အလွန်မှကောင်းကင်များဆီရောက်ဖို့ အနည်းဆုံး၂ရက်တော့ ကြာမှာပဲ” ချန်ကော ခေါင်းယမ်းလိုက်တယ်။
“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ” ချူရွှမ် စိတ်ပူပန်လာပြီ။
“ငါတို့မူလဝိညာဉ်တွေ ခန္ဓာကိုယ်နဲ့ဝေးနေတာကြာလာလေ၊ နောက်ကျရင် ခန္ဓာကိုယ်ဆီပြန်ဖို့ ပိုခက်လေပဲ၊ ပြီးတော့ ကျီကျယ်ခင်းထားတဲ့ အင်းကွက်ကလည်း ငါတို့ကျင့်ကြံဆင့်တွေကို စုပ်ယူပစ်သွားနိုင်တယ်၊ ဒါဆို…”
သူ စကားတောင်ဆုံးအောင် ပြောစရာမလိုဘူး။ မုန်လာဥဖြူ(လူ) အားလုံး သူဘာပြောဖို့ကြိုးစားနေလဲ နားလည်တယ်။ သူတို့အဲချိန်ထိ စောင့်နေရင် သူတို့ကျင့်ကြံဆင့်တွေ ဘယ်လောက်တောင် ယိုယွင်းသွားမလဲဆိုတာ မသိနိုင်ဘူး။ လေထဲ တိတ်ဆိတ်မှုအတိ။
“ငါ့မှာဖြေရှင်းနည်းရှိတယ်” မုန်လာဥဖြူကို ရေလောင်းဖို့ကူညီပေးနေတဲ့လန်ဟွားက ရုတ်တရက် စကားထပြောလာတယ်။ သူက အုပ်စုကို ဝေ့ဝဲကြည့်ပြီး ထေ့ငေါ့ပြောတော့တယ်။
“ကိစ္စရှိတာက… မင်းတို့ကိုယ်မင်းတို့ ယုံကြည်မှုရှိရဲ့လားဆိုတာပဲ”
“ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှု”
ကူယွဲ့မုန်လာဥဖြူက တွင်းအပြင်ကို စိတ်လှုပ်ရှားစွာနဲ့ ခုန်ထွက်လာတယ်။ သူ ဘယ်လိုလုပ် အဲသိုင်းကို မေ့သွားခဲ့ရတာလဲ။ ရှင်းဟန်ကိုယ်တိုင်က ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှုကို သုံးပြီး ထွက်ပြေးသွားခဲ့တာကို သူ မကြားဖူးခဲ့လို့လား။ လန်ဟွားကိုယ်တိုင်က နတ်ဆိုးလေ၊ သူ သူတို့ကို အဲအစီအရင် ဖန်တီးဖို့ကူညီနိုင်မှာ အသေအချာပဲ။
“အမှန်ပဲ” လန်ဟွားက ခေါင်းညိတ်လိုက်တယ်။ သူ မုန်လာဥဖြူတွေကို နောက်တစ်ကြိမ် ကြည့်ပြီး အသံကိုနည်းနည်းမြှင့်လိုက်တယ်။
“ဒီအင်းကွက်က မင်းတို့အားလုံးကို ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ တန်းခေါ်သွားပေးနိုင်တယ်၊ အဲဆီ မင်းတို့အားလုံးကို ခေါ်သွားပေးဖို့ သုံးပြီး ငါ့နေထိုင်စားသောက်စရိတ်ရှာလို့ရတယ်၊ ဒါပေမဲ့ ငါ တခြားဘယ်သူ့ကိုမှ မခေါ်သွားဘူး”
“ဘာလို့လဲ”
“ဟမ့်” လန်ဟွားက နှာမှုတ်လိုက်တယ်။
“ဒီအဇဋာဧကရာဇ်တစ်သိုက်က ငါ့ကိုအုပ်စုဖွဲ့ တိုက်ခိုက်ခဲ့တာလေ၊ တစ်ယောက်ချင်းစီက ငါ့အသက်ကို လိုချင်ခဲ့ကြတာ၊ ဘာလို့ ငါ သူတို့ကိုကူညီရမှာလဲ၊ ပြီးတော့… ဒါက ငါ့နတ်ဆိုးမျိုးနွယ်ပိုင်တဲ့ အင်းကွက်ပဲ၊ သူတို့ဝင်ရဲပါ့မလား”
သူက သူတို့ကိုလှောင်နေတာ အသိသာကြီး။ မုန်လာဥဖြူတွေအားလုံး နီရဲကုန်တယ်။ လန်ဟွားက အဇဋာဧကရာဇ်ဆယ်ယောက်လုံးကို လုံးဝ မုန်းတီးနေတာပဲ။ ဒီမှာရှိနေတဲ့ခုနှစ်ယောက်လုံးက သူ့ကိုတိုက်ခိုက်ဖို့ ပူးပေါင်းခဲ့ဖူးကြတယ်။ သူတို့ အရင်ကလုပ်ခဲ့တာက ဒီနေ့ သူတို့နောက်ကို ပြန်ခြောက်လှန့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။
အငွေ့အသက်က အတော်လေးတင်းမာနေတယ်။ အစိမ်းရောင်မုန်လာဥဖြူလန်ယွီက မျက်ဆန်လှန်တယ်။ မင်းပဲ သောက်ကျိုးနည်း ဒီလိုဖြစ်အောင်လုပ်ခဲ့တာလေ။
“လန်…” ချန်ကောက စကားစတယ်။
ရှန်းရင်က ရုတ်တရက် လန်ဟွားကို တံတောင်နဲ့ တွတ်တော့တယ်။
“ကတ်သတ်မနေပါနဲ့ဟယ် – အင်းကွက်ကို ပြင်လိုက်တော့”
“ကောင်းပြီလေ”
လန်ဟွားက လက်ကိုမြှောက်ပြီး ဂါထာရွတ်လိုက်တယ်။
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
မုန်လာဥဖြူအားလုံး ။ ။ “…” သူတို့ကိုမပို့ဘူးလို့ သူ ပြောခဲ့တယ်မဟုတ်လား။
လန်ဟွား ။ ။ “…” မေ-ိုး
သူ အင်းကွက်ကို အင်မတန်မြန်ဆန်စွာပဲ ပြင်လိုက်တယ်။ နှလုံးထောင်ချောက်အင်းကွက်ကနေ နတ်ဆိုးချီတချို့ လေထဲကျန်ရစ်နေဆဲပဲ။ စက္ကန့်အနည်းငယ်အတွင်း လန်ဟွားလက်ထဲက နတ်ဆိုးချီတွေ တလိပ်လိပ်တက်လာတော့တယ်။ သူ အရှေ့ကိုတွန်းထုတ်လိုက်တော့ လေထဲအရွေ့တစ်ခုဖြစ်သွားပြီး အက်ကွဲကြောင်းကြိးပေါ်လာတယ်။ အထဲမှာတော့ အဆက်မပြတ်စီးဆင်းနေတဲ့ နတ်ဆိုးချီတွေ အများကြီး။
“ပြီးပြီ” လန်ဟွားက အင်တင်တင် အသိပေးပြီး မုန်လာဥဖြူတွေအားလုံးကို စိန်းစိန်းဝါးဝါး လှည့်ကြည့်လိုက်တယ်။
ကူယွဲ့ ညွှန်ကြားလိုက်တယ်။
“ယွီဟုန် ဂိုဏ်းကတပည့်တွေကို စောင့်ရှောက်ထား၊ အဇဋာဧကရာဇ်ပိုင်ထီ့ဆီ စာပို့ပြီး ရှင်းဟန်က သူ့သမီးရဲ့ အရင်ကိုယ်ခန္ဓာကိုယ်ကို အင်းကွက်အတွက် စတေးချင်နေတယ်လို့ ပြောလိုက်”
“ဟုတ်”
“အဇဋာဧကရာဇ်ပြောင်ထင်၊ ကျေးဇူးပြုပြီး ခဏရင် လူတိုင်းရဲ့ မူလဝိညာဉ်တွေကို စောင့်ကြပ်ပေးပါ”
“ကောင်းပြီ၊ ကိစ္စမရှိဘူး” ပြောင်ထင် ခေါင်းညိတ်လိုက်တယ်။
“လန်ဟွား၊ ရွှမ်ထုံ့ကို စောင့်ရှောက်နော်”
“နားလည်ပြီ”
“ရှန်းရင်၊ ယိချင်း၊ သွားကြရအောင်”
ယိချင်းက သူ့ဓားပျံကိုဆွဲထုတ်ပြီး ရှန်းရင်ကို ဆွဲတင်လိုက်တယ်။ နောက်တော့ ဖေဖေနျိုကို တွင်းထဲက ကောက်ယူပြီး အက်ကွဲကြောင်းထဲ ပျံသန်းခဲ့တော့တယ်။
မုန်လာဥဖြူအားလုံး တွင်းထဲကခုန်ထွက်လာပြီး ယိချင်းနောက်လိုက်ကြတော့တယ်။ သူတို့ လန်ဟွားဘေးကဖြတ်ချိန် သူတို့ခေါင်းပေါ်က သစ်ရွက်တွေနဲ့ ဂါဝရမပြုဘဲ မနေနိုင်တော့ဘူး။
“ကျေးဇူးတင်ပါတယ်၊ အဇဋာဧကရာဇ်လန်ဟွား၊ ဖြစ်ခဲ့တာတွေကို ဘေးချိတ်ပြီး ကျုပ်တို့လိုအပ်နေချိန် အင်းကွက်ကို ဖန်တီးပေးမယ်လို့ ကျုပ်တို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး၊ အရင်က ခင်ဗျားကို လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်”
လန်ဟွားနှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတယ်။ မင်းတို့ကို မကူညီချင်ပါဘူး။ စိတ်နှလုံးကောင်းကြောင့်သာမဟုတ်ရင်…။
“မြန်မြန်၊ အင်းကွက်က အကြာကြီးခံမှာမဟုတ်ဘူး” လန်ဟွားက မြေကြီးပေါ်က မုန်လာဥတစ်သိုက်ကို စိတ်မရှည်စွာနဲ့ လောလိုက်တယ်။ ဘယ်သူက ဘယ်သူလဲဆိုတာမပြောနိုင်ပေမဲ့ နောက်ဆုံး အစိမ်းရောင်မုန်လာဥဖြူကို ကောက်ယူပြီး အင်းကွက်ထဲ ပစ်ထည့်လိုက်တော့တယ်။ နောက်တော့ သူ ရွှမ်ထုံ့ကို ကောက်ယူပြီး သူတို့နောက် လိုက်ခုန်ဝင်ခဲ့တယ်။
ပစ်ထည့်ခံလိုက်ရသော အစိမ်းရောင်မုန်လာဥဖြူ လန်ယွီ ။ ။ “…”
သူ့ကို တကယ်သတ်ခဲ့သင့်တာ။
…