အခန်း ၁၈၈ ။ အလျော်အစားညှိနှိုင်းခြင်း
“ကျောင်းကျောင်း” ပိုင်ထီ နူးနူးညံ့ညံ့ လှမ်းခေါ်လိုက်တယ်။ အခုက စကားများ ရန်ဖြစ်နေရမဲ့အချိန်မဟုတ်ဘူးလေ။
“ဟင့်အင်း သမီး ပြန်မသွားဘူး” ပိုင်ကျောင်း ခေါင်းကို အသည်းအသန်ယမ်းတော့တယ်။ သူမအသံက သွေးပျက်မှုနဲ့ ပြည့်နေတယ်။
“ဒီဝိညာဉ်စုဝေးမီးအိမ်ကို အကြာကြီးရှာခဲ့ရတာ သမီး ဒါကိုရသရွေ့… ဒီတစ်ကြိမ်တော့ သေချာပေါက်…”
“ကျောင်းကျောင်း” ပိုင်ထီ အသံကိုနှိမ့်ပြီး ကြားဖြတ်လိုက်တယ်။ သူ နောက်တစ်ကြိမ် စကားပြောချိန် အနည်းငယ် ဒေါသထွက်နေပြီ။
“ဘာလို့ စိတ်ကူးယဉ်အိပ်မက်ထဲမှာပဲ ပိတ်မိနေသေးတာလဲ၊ အဇဋာဧကရာဇ်ရှင်းဟန်က မင်းကို ဘယ်တော့မှ သဘောကျမှာ မဟုတ်ဘူး၊ မင်း ဝိညာဉ်စုဝေးမီးအိမ်ကို ရှာတွေ့နိုင်တော့ရော ဘာဖြစ်လဲ၊ မင်း ဒီအချက်ကို ပြင်လို့မရဘူး”
“ဒါပေမဲ့ သူက ဒဏ်ရာရထားတာလေ” ပိုင်ကျောင်းက သွေးပျက်ကာ အသည်းအသန် ရှင်းပြတော့တယ်။
“သူ့မူလဝိညာဉ်က ဒဏ်ရာရထားတာမို့ သမီးအပေါ် ဘာမှမခံစားရတာ၊ သူ သက်သာပြီဆိုတာနဲ့ ဒီတစ်ချိန်လုံး ဘယ်သူက သူ့အပေါ် ကြင်နာခဲ့လဲဆိုတာ မြင်လာလိမ့်မယ်”
“အိုက် သူ ဘာသိုင်းကျင့်နေတာလဲဆိုတာရော သိရဲ့လား၊ ဘာလို့မဖြစ်နိုင်တာကို ကြိုးစားနေတာလဲ”
ပိုင်ထီက သက်ပြင်းရှည်ကြီးချတယ်။
“ကျောင်းကျောင်း၊ စကားနားထောင် လက်လျှော့လိုက်တော့၊ ပြန်လိုက်ခဲ့၊ ပိုင်ကျောက်မှာ အမတတွေ အများကြီးပဲ၊ မင်း သူ့ထက်သေချာပေါက် ကောင်းတဲ့လူကို ရှာတွေ့မှာ”
“ဒါပေမဲ့ သူတို့က ရှင်းဟန်မှမဟုတ်တာ” ပိုင်ကျောင်းမျက်လုံးတွေက ရဲတွတ်လာပြီး မျက်ရည်တွေ ပါးပြင်တစ်လျှောက် စီးကျလာခဲ့တော့တယ်။ သူမက တစ်ဖက်လှည့်ပြီး ဧကရာဇ်ပိုင်ရဲ့ ဝတ်ရုံလက်ကို ဆွဲလိုက်တယ်။
“အဖေ… သမီးတောင်းပန်ပါတယ်၊ ဝိညာဦစုဝေးမီးအိမ်ကို ငှားပါရစေနော်၊ ဒီတစ်ကြိမ်နောက်ဆုံးလို့ ကတိပေးပါတယ်”
“လွန်ခဲ့တဲ့နှစ်သုံးရာကလည်း မင်းတစ်ပုံစံတည်းပြောခဲ့တယ်” ပိုင်ထီ့မျက်လုံးတွေက အေးစက်လာပြီး အတော်လေး စိတ်မရှည်ဖြစ်နေပြီ။
“ဒါပေမဲ့ အဆုံးကျ ဘာဖြစ်သွားလဲ၊ မင်း မဟူရာအမတကနေ အဆင့်နှစ်မိစ္ဆာအဖြစ် ကျဆင်းသွားတယ်လေ၊ မင်းတကယ်ပဲ သူ့အတွက် မင်းဘဝကို လွှင့်ပစ်တော့မို့လား၊ အဖေက သမီးမရှိရင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားဖူးရဲ့လား”
“သမီး… သမီး…” ပိုင်ကျောင်းက တုံ့ဆိုင်းနေပေမဲ့ သူမမျက်ဝန်းထဲမှာ မျှော်လင့်ချက်အနည်းငယ်ကတော့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေဆဲ။
“အဖေ… အဖေ့သမီး ကျေးဇူးကန်းမိပါတယ်၊ ဒါပေမဲ့ တစ်ဘဝလုံး သမီးမှာ ဒီဆန္ဒပဲရှိတာပါ၊ သမီး… သမီးဂရုစိုက်ပါ့မယ်၊ သမီးဘာမှမဖြစ်စေရပါဘူး၊ သမီး ဝိညာဉ်စုဝေးမီးအိမ်ကိုပဲ လိုတာပါ… အဲဒါလေးပဲလို…”
“သူက အဇဋာဧကရာဇ်လို့ မတွေးဘူးလား၊ သူ့မူလဝိညာဉ်ကို ကုသဖို့ မင်းအကူအညီဘာလို့လိုမှာလဲ၊ ဝိညာဉ်စုဝေးမီးအိမ်မရှိဘဲနဲ့တောင် သူက ပျောက်ကင်းမှာပဲ၊ ပြီးတော့…” ပိုင်ထီ ရှင်းပြလိုက်တယ်။
“တကယ်လို့ သူ့မူလဝိညာဉ် သက်သာလာရင်တောင် မင်းအတွက် ဘာမှခံစားရမှာမဟုတ်ဘူး”
“…” ပိုင်ကျောင်းက မြေကြီးကိုစိုက်ကြည့်နေတယ်။
ပိုင်ထီလည်း သူ့သမီးကို ဒီလိုပုံမြင်ရတာ ရင်နာနေမိတယ်။ သူက သူ့အကြီးအကျယ် ဒဏ်ရာရထားတဲ့ခန္ဓာကိုယ်ကနေ တတ်နိုင်သမျှ မသေမျိုးချီကို စုပြီး သူ့ဘေးက မြေခွေးဖြူလေးထဲ ပုံစံပြောင်းလို့ရအောင် ထည်သွင်းပေးလိုက်တယ်။ စက္ကန့်အနည်းငယ်နေတော့ ဝတ်ရုံဖြူနဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် ပေါ်လာတယ်။ သူမရဲ့မျက်ခုံးတွေက လှပပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ နှုတ်ခမ်းပါးပါးလေးရှိတယ်။ သူမက တကယ်ကို မြေခွေးတစ်ကောင်ရဲ့ အသွင်ယူမှုလိုမျိုး မျက်နှာအသွင်အပြင်ရှိတယ်။ မျက်ဝန်းထဲမှာကတော့ အတောမသတ်နိုင်တဲ့ ဝမ်းနည်းမှုတွေ။ ကြည့်ရတာ အချိန်မရွေး ငိုချတော့မဲ့ပုံမျိုး။
“ကျောင်းကျောင်း…” ပိုင်ထီ သက်ပြင်းချပြီး ဆက်ပြောလိုက်တယ်။
“သူက နှလုံးမဲ့တာအိုကို လေ့ကျင့်နေတာ သိတာပဲ၊ သူ့မှာ သံလိုနှလုံးသားရှိတယ်၊ ဒီအမတဘုံထဲက သူ အဇဋာဧကရာဇ်ဖြစ်လာဖို့ ဆက်ဆံရေးတစ်ခုကို ဖျက်ပြီး ကိုယ့်နှလုံးကိုယ်ထုတ်ခဲ့တာ ဘယ်သူမှ မသိကြဘူး၊ သူက ဆက်ဆံရေးရော၊ ဘယ်သူ့ကိုမှ ဘာကိုမှ ဂရုမစိုက်တော့ဘူး၊ တကယ်လို့ မင်း သူ့ကို အခုကူညီရင်တောင် သူကအဲပုံစံအတိုင်းပဲရှိနေတော့မှာ”
“ဒါပေမဲ့… ဒါပေမဲ့…” ပိုင်ကျောင်းက မျက်ရည်တွေ မထိန်းနိုင်တော့ဘူး။ လူတစ်ယောက်အနေနဲ့ သူမက ပိုတောင်ဝမ်းနည်းနေတဲ့ပုံ။
“သမီး… သမီး သူ့ကိုလက်မလွှတ်နိုင်ဘူး၊ သမီးတကယ်ကိုလက်မလွှတ်နိုင်ဘူး အဖေ… သမီးမှာ အဖေပဲရှိတာ… ကျေးဇူးပြုပြီး တောင်းပန်ပါတယ်၊ ဝိညာဉ်စုဝေးမီးအိမ်ကို ငှားဖို့ကူပေးလို့ရမလား၊ ဒီတစ်ကြိမ်က နောက်ဆုံးလို့ကတိပေးပါတယ်၊ အဖေနဲ့သမီးကြားက အကူအညီအနေနဲ့သတ်မှတ်…”
သူမ စကားမဆုံးခင် သူမကိုယ်က တစ်စုံတစ်ယောက်ရဲ့ ကန်ချက်ကြောင့် ဘေးကို ပစ်ထုတ်ခံလိုက်ရလေတယ်။ သူမက တောင်အောက်လိမ့်သွားပြီး မြေခွေးပြန်ဖြစ်သွားတော့တယ်။ သူမရဲ့ကျန်တဲ့စကားတွေက လည်ချောင်းထဲ ပြန်မျိုကျသွားတော့တယ်။
“သ… သ… သ… သမီး…” သူမပြောနေရင်း တောင်အိမ်လိမ့်ဆင်းသွားလေရဲ့။
လက်ထဲ ထမင်းပန်းကန်လုံး ကိုင်ထားတဲ့ ရှန်းရင် ခြေထောက်ပြန်ရုပ်လိုက်တယ်။ သူမ စိတ်မချင့်မရဲဖြစ်မှုနဲ့ အင့်ခနဲအသံထွက်လိုက်တယ်။
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ဧကရာဇ်လေးပါး ။ ။ “…”
လူအုပ်ကြီး ။ ။ “…”
(⊙ o ⊙)
ဝိုး
သူတို့ ဘာကြောင့် ဂိုဏ်းချုပ်က အရေးယူဆောင်ရွက်လဲ နားမလည်ပေမဲ့ အကြောင်းရင်းမရှိ စိတ်ထဲ ဝမ်းသာကုန်ကြတယ်။
ရှန်းရင်က တည်တည်ငြိမ်ငြိမ် ပြန်ထိုင်ချလိုက်ပြီး စောနလေးကတင် တောင်ပေါ်ကနေ လူတစ်ယောက်ကို အပြေးမကန်ချလိုက်သလိုမျိုး ထမင်းဆက်စားနေလိုက်တယ်။ သူမ လူတွေ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတဲ့အထိ တုံးအပြီး တစ်ဖက်သတ်ဆက်ဆံရေးတွေကို အတင်းတောင်းဆိုနေတာတွေကို နားထောင်ရတာမုန်းတယ်။ စားသောက်ချင်စိတ်ပါပျက်တာ။
“ကျောင်း… ကျောင်းကျောင်း” ပိုင်ထီ အခုမှ ပြန်တုံ့ပြန်နိုင်တော့တယ်။ သူက ရှန်းရင်ကို ဒေါသတကြီး လှည့်ကြည့်ပြီး သူမဆီ ရှူးရှူးဝါးဝါးနဲ့ ပြေးတက်ဖို့လုပ်တော့တယ်။
“ဘာလို့ မင်း…”
“တော်တော့”
သူ စကားမဆုံးခင် ကူယွဲ့ဘေးရပ်နေတဲ့ ဝူဟုန်၊ ကျီကျယ်နဲ့ ချူရွှမ်တို့က သူ့ကို အသည်းအသန် ဝိုင်းတားကြတော့တယ်။ သူတို့တွေက ပိုင်ထီ့ကို နောက်ပြန်တွန်းထုတ်လိုက်တာ မြေကြီးပေါ် လဲကျသွားတဲ့အထိပဲ။
ချီးထုတ် သူ သေချင်ပေမဲ့ သူတို့ကတော့ဆက်စပ်ထိခိုက်မှုထဲ မပါချင်ပါဘူးနော်။
ချူရွှမ် ။ ။ ခဏ သူက ဘာလို့ ပြေးတက်တာလဲ။
“မင်းတို့အားလုံး… ဝူးဝူးဝူး…”
ပိုင်ထီက စကားဆုံးအောင်မပြောလိုက်ရဘူး။ လူသုံးယောက်က သူ့ပါးစပ်ကိုအုပ်ပြီး စကားမပြောအောင် တားနေကြတယ်။
သူတို့ ရှန်းရင်ပန်းကန်လုံးကို ထမင်းထပ်ဖြည့်နေတဲ့ ယိချင်းကို လှမ်းကြည့်လိုက်တယ်။
တစ်စုံတစ်ရာကို သတိရသွားတဲ့ပုံနဲ့ သူတို့ရင်ထဲလိမ့်တက်လာတဲ့ ဒေါသကို မျိုသိပ်လိုက်ကြတယ်။ ပိုင်ထီ သူ့သမီးကို စိုးရိမ်တယ်ဆိုပေမဲ့ ဒီနေရာက ဒေါသထွက်လို့ကောင်းတဲ့နေရာ သေချာပေါက်မဟုတ်ဘူး။
ပိုင်ထီ ငြိမ်သွားတာမြင်တော့မှ သုံးယောက်သား သူ့ကိုလွှတ်ပေးလိုက်ကြတယ်။
“အမတရောင်းရင်း…” ပိုင်ထီ အသက်ပြင်းပြင်းရှူပြီး ဝူတိဂိုဏ်းတစ်ခုလုံးမှာ ဆုံးဖြတ်ချက်ပေးရတဲ့ တစ်ဦးတည်းသောလူ… ကူယွဲ့ကို စိုက်ကြည့်လိုက်တယ်။
“ကျုပ်တို့ မင်းတို့ကို အရင်က အပြစ်ပြုမိခဲ့ပါတယ်၊ ကျုပ်သမီးကလည်း မင်းတို့ မီးအိမ်ကိုခိုးဖို့ ကြိုးစားပြီး အဲဒါမမှန်ကန်တဲ့လုပ်ရပ်ပါ၊ ဒါပေမဲ့… မင်းတို့ကိုယ်တိုင်မြင်မှာပါ၊ ဒီမီးအိမ်က သူမအတွက် တကယ်ကိုအရေးပါပါတယ်၊ တတ်နိုင်ရင်…”
“ဟင့်အင်း” ကူယွဲ့ ပြန်မဖြေခင် ရှန်းရင် အော်လိုက်တယ်။
“ဒီကောင်းကင်လက်နက်က တခြားဟာတွေနဲ့ မတူတာသိပါတယ်၊ ဒါပေမဲ့ တကယ်လို့ အမတရောင်းရင်းသာ ငှားပေးချင်ရင် ဘာတန်ဖိုးမဆိုပေးပါ့မယ်၊ တကယ်လို့…” ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ သူ့သမီးအတွက်ဆို စိတ်ပျော့သွားရတယ်။ သူ အံကိုကြိတ်ကာ ဆက်ပြောလိုက်တယ်။
“တကယ်လို့ ကျုပ်ရဲ့ ကောင်းကင်လက်နက်တစ်ခုနဲ့ လဲချင်ရင်တောင်… ကျုပ်လဲပါ့မယ်”
သူ့လက်ကောက်ဝတ်ကို လှည့်လိုက်တော့ ငွေရောင်အိတ်ကပ်နာရီတစ်ခု လက်ဖဝါးထဲ ပေါ်လာခဲ့တယ်။ ကောင်းကင်သန့်စင်နာရီဆိုပေမဲ့ ဒီနာရီက အကျိုးအပဲ့တွေ လွှမ်းနေပုံပဲ။
“မီးအိမ်က…”
ရှန်းရင် စကားတောင်မဆုံးသေး ကူယွဲ့က လက်လှမ်းပြီး သူမပါးစပ်ကိုအုပ်တော့တယ်။ သူ ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပြီလေ”
ပိုင်ထီပြုံးသွားတယ်။
“ဒါပေမဲ့ ခင်ဗျားရဲ့ကောင်းကင်သန့်စင်နာရီက ကျိုးနေပြီးသား၊ ဆယ်ရက်ပဲ မီးအိမ်ကိုငှားနိုင်မယ်”
ကူယွဲ့ဆက်ပြောလိုက်တယ်။
“ပြီးတော့ ဒီချေးငှားမှုက အရင်ကဖြစ်ခဲ့တာနဲ့ ဘာမှမဆိုင်ဘူး”
သူ့သမီး မီးအိမ်ကိုခိုးဖို့ကြိုးစားမှုအတွက် လျော်ကြေးပေးရဦးမှာပဲ။
“ကျေးဇူးတင်ပါတယ် အမတရောင်းရင်း”
ကူယွဲ့ “အထင်လွဲမှားမှု” တစ်ခုလုံးအတွက် လုံလောက်တဲ့လျော်ကြေးက ဘယ်လိုမျိုးလဲဆိုတာ သုံးယောက်နဲ့ စဆွေးနွေးတော့တယ်။ သူ သူတို့သုံးယောက်ကို အလွတ်မပေးခင် အိတ်ကပ်တွေထဲကနေ အပေါက်ကြီးကြီးတစ်ခုစာ ရှို့လိုက်နိုင်တယ်။
“ဒီနာရီစုတ်ကို ဘာလုပ်ဖို့လိုချင်တာလဲ”
ဖုန်းယင်က ကိစ္စအားလုံး ဖြစ်ပျက်သွားတာကို ကြည့်နေပြီးတဲ့နောက် မနေနိုင်ဘဲ မေးလိုက်တယ်။ အလုပ်တော့လုပ်ပေမဲ့ စွမ်းအင်က သိသိသာသာလျော့ကျနေပြီ။
“ဘယ်လိုပြင်ရမလဲတောင် မသိဘဲနဲ့”
“မသိဘူးလေ၊ ဒါပေမဲ့ ရွှင်ရှူးကတော့သိတယ်” ဒီကောင်းကင်လက်နက်က သူတို့မျိုးနွယ်ကနေ ဖန်တီးထားခဲ့တာပဲ။ အဲမီးအိမ်စုတ်ကို ဒီကောင်းကင်လက်နက်နဲ့ လဲလိုက်တာ သူတို့အတွက် အတော်လေးကို အကျိုးရှိတယ်
“…” သူ ကျေနပ်နေပြီ။ ဘာမှ ထပ်ပြောစရာတောင် မရှိတော့ဘူး။
“ဟုတ်သား မင်း စောနကဘာဖြစ်တာလဲ” သူ ရှန်းရင်ကို လှမ်းကြည့်လိုက်တယ်။
“အဲမိစ္ဆာကို ဘာလို့ရုတ်တရက် ကန်လိုက်တာလဲ” ပုံမှန်ဆို အရမ်းပျင်းတဲ့သူမဟုတ်ဘူးလား။
“ရုတ်တရက်ဆန်သွားတာလား” မိစ္ဆာကို ကန်တာ ပုံမှန်ပါပဲလို့ သူမ တွေးနေတာ။ လုံးဝရုတ်တရက် မဟုတ်ပါဘူး။
“အင်း၊ ဖြစ်နိုင်တာက… ဖြစ်နိုင်တာက ငါ့အစ်မကို သတိရမိသွားလို့နေမယ်”
ကူယွဲ့က မှင်တက်သွားတယ်။
“မင်းမှာ အစ်မရှိတာလား”
ရှန်းရင်က တုန်ယင်သွားတယ်။ သူမက မတ်မတ်ထိုင်ပြီး ပုံမှန်ပျင်းရိနေတဲ့ပုံ မဟုတ်တော့ဘူး။ မျက်နှာပေါ်မှာလည်း ထူးဆန်းတဲ့ အမူအရာနဲ့။
“မရှိပါစေနဲ့ ဆုတောင်းခဲ့တာ…”
…