အခန်း ၁၈၉ ။ နှလုံးမဲ့လူ
အဇဋာဧကရာဇ်သုံးယောက်က ပြန်သွားတယ်။ ဖေဖေနျိုက ရှယ်အမြတ်ရခဲ့တာပဲ။ ဘယ်သူမှ သူတို့သဘောတူညီချက် အချက်အလက်တွေကို မသိကြဘူး။ ရှန်းရင်အတွက် အချိန်အကန့်အသတ်မရှိ အဆာပြေထောက်ပံ့ပေးဖို့ အထောက်ပံ့ပေးဖို့ အလွယ်တကူ သဘောတူပုံထောက်ရင် သိသိသာသာ ပမာဏရလိုက်တဲ့ပုံပဲ။
ကူယွဲ့က လန်ဟွားကို အမတဆေးပင်တွေရှိတဲ့ ကွင်းပြင်ကြီးကို စောင့်ရှောက်ဖို့ အနောက်တောင်ဆီ ပို့လိုက်တယ်။ သူ့အဓိကတာဝန်က အမတဆေးပင်တွေကို ရေလောင်းဖို့ပဲ။ ဖြစ်နိုင်တာ ကောင်းကင်အလွန်မှကောင်းကင်များမှာတုန်းက သူတို့ရဲ့ထူးခြားတဲ့ဆက်ဆံရေးကြောင့် မုန်လာဥက ပုံမှန်ဆို ယောက်ျားလေး အပေါင်းအသင်းတွေကို မုန်းတာတောင် ဒါကိုတော့ မငြင်းဘူး။ နှစ်ယောက်သားက အတိုင်အေဖာက်ညီညီ အလုပ်လုပ်နေကြလေရဲ့ – တစ်ယောက်က ဆေးပင်တွေကို ရေလောင်းချိန် နောက်တစ်ယောက်ကတော့ ရင့်မှည့်အောင် ကူညီပေးတယ်။ လန်ဟွားရဲ့ ကြီးကြပ်မှုအောက်မှာ သူတို့တွေ အဆင့်အမျိုးမျိုးဆေးလုံးတွေနဲ့ ဆေးတွေဖန်တီးနိုင်ခဲ့တယ်။ နှစ်ယောက်သားက ထုတ်လုတ်ရေးတစ်ခုလုံးဖွဲ့စည်းထားပြီး ဂိုဏ်းကတခြားလူတွေကို အနားရစေခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ ဂိုဏ်းထဲကတပည့်အားလုံးရဲ့ ကျင့်ကြံဆင့်က ပုံမှန် တိုးတက်လာခဲ့တာပဲ။
ချူရွှမ်လည်း ထွက်မသွားဘူး။ သူ့စားသောက်စရိတ်အတွက် ပိုက်ဆံတစ်လုံးတစ်ခဲကြီး ပေးပြီးတဲ့နောက် အချိန်အတော်ကြာနေဖို့ပြင်ခဲ့တယ်။ အစတုန်းက သူနေ့တိုင်း လန်ဟွားနောက်ကနေ နီးနီးကပ်ကပ် လိုက်ပြီး ကျေးဇူးပြန်ဆပ်လို့ရအောင် ဟယ်ချွမ်ဆီ ပြန်သွားဖို့ စည်းရုံးမလို့လုပ်ခဲ့တယ်။ ဒါပေမဲ့ ရက်နည်းနည်း ကြာပြီးတဲ့နောက်မှာတောင် သူ့အားထုတ်မှုတွေက သက်ရောက်မှုမရှိ။ ဂိုဏ်းထဲကလူတိုင်း သူ့ကို အထူးအဆန်း ကြည့်ကုန်ကြတော့တယ်။ သူ တောင်နောက်ကိုရောက်တိုင်း လူတစ်စုက အဲမှာရောက်နေပြီး သူ့ကို ကြည့်နေကြတယ်။ တစ်ခါတလေဆို တချို့က အားပါ ပေးလိုက်သေး။ ပထမတုန်းကတော့ သူ ထူးဆန်းနေတာပေါ့။ သူ အမတကျောက်တုံးတချို့ သုံးပြီးနောက်မှာတော့ “ရဲဘော်ရဲဘက်” ရဲ့ အဓိပ္ပာယ်အမှန်ကို ကူယွဲ့ကို ရှင်းပြခိုင်းနိုင်ခဲ့တယ်။ အဲနောက်မှာတော့ တစ်ကိုယ်လုံး မသက်မသာခံစားရတော့တယ်။
သောက်ကျိုးနည်း ရဲဘော်ရဲဘက် မင်းတို့ဂိုဏ်းထဲ တပည့်တွေကို ဘာတွေသင်ပေးနေတာတုံး။ သူက နူးညံ့ပြီးချိုသာတဲ့ မိန်းကလေးတွေကို သဘောကျတာကွ – မိန်းကလေးတွေကို၊ ဟုတ်ပြီလား
သူ့ကိုယ်သူ ဖြောင့်တန်းတဲ့လူတစ်ယောက်ဆိုတာ သက်သေပြဖို့ ချူရွှမ် တစ်ခုခု အသည်းအသန်လုပ်ဖို့ လိုပြီလို့ ခံစားလိုက်ရတယ်။ ဒါကြောင့်မို့ အဖြောင့်တိုင်းလုပ်မဲ့ကိစ္စကို လုပ်ဖို့ရွေးလိုက်တယ် – ဂိုဏ်းထဲက မိန်းကလေးတွေနဲ့ စကားစမြည်ပြောဆိုတာ။
-_-|||
နေ့တိုင်း အဇဋာဧကရာဇ်ဆယ်ပါးရဲ့ အိမ်မှာ ဘာတွေဖြစ်နေလဲ သိရဖို့ ကြိုးစားသထက်ကြိုးစားတော့တယ်။ ပိုင်ကျောင်းနဲ့ရှင်းဟန်ရဲ့ စိတ်ဆင်းရဲစရာ ဆက်ဆံရေးကို ပြောပြတာလည်း သူပဲ။ ဇာတ်လမ်းကလည်းရှည်တယ်။ ယွီဖုန်းအမတဘုံဗိမာန်ရဲ့ ကောင်းကင်လက်နက်ကနေပဲ စရတာပေါ့။
လွန်ခဲ့တဲ့နှစ်သောင်းချီကပေါ့။
သူမက ပိုင်ထီ့သမီးဆိုပေမဲ့ ပိုင်ကျောင်းက မဟူရာအမတအဆင့်ပဲရှိသေးတယ်။ ပိုင်ထီက အဇဋာဧကရာဇ် မဟုတ်ဘဲ တိုင်းပြည်တစ်ခုရဲ့ အမတဧကရာဇ်အဆင့်ပဲရှိသေးပေမဲ့ သူမရဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်တဲ့လူတန်းကြီးက ပိုင်ကျောက်ကနေ ဖုန့်ချန်တိုက်ကြီးထိ ဆွဲဆန့်နိုင်တယ်။ နောက်ပိုင်းကျ ကောင်းကင်သန့်စင်နာရီ ပေါ်ပေါက်လာခဲ့တယ်။ ပိုင်ကျောက်မှာ အုတ်အော်သောင်းတင်းတွေ ဖြစ်တော့တာပေါ့။ ပိုင်ထီက ကောင်းကင်သန့်စင်နာရီကို ယူနိုင်ပြီး အဇဋာဧကရာဇ်ဖြစ်လာခဲ့ပေမဲ့ ပိုင်ကျောင်းကတော့ ဂယက်ထဲပါသွားခဲ့ရှာတယ်။ မတော်မတဆ သူမက အောက်ဘုံဆီ ကျဆင်းသွားလေရဲ့။
အဲချိန် အောက်ဘုံကကျင့်ကြံသူ ရှင်းဟန်ကို သူမ တွေ့ခဲ့တာပဲ။ သူမ အောက်ဘုံရောက်နေတုန်း သူက အန္တရာယ်ကနေ ကယ်တင်ပေးခဲ့ပြီးနောက်ပိုင်း သဘောကျသွားမိခဲ့တယ်။ နောက်တော့ ပိုင်ကျောင်းက ရှင်းဟန်နောက်လိုက်ပြီး အထက်ဘုံဆီ တက်လာခဲ့တယ်။ နှစ်ယောက်လုံး စိတ်ကူးယဉ်ချစ်ခြင်းတွေနဲ့ အချိန်တစ်ခဏတာတော့ ဖြတ်သန်းခဲ့တယ်။ သူတို့က တာအိုလက်တွဲဖော်အဖြစ် တစ်ယောက်နဲ့တစ်ယောက် ကတိကဝတ်ပြုဖို့ အစီအစဉ်တွေတောင်ရှိတယ်လို့ ပြောကြတာပဲ။
ဒါပေမဲ့ ပိုင်ထီကတော့ မသေမျိုးတက်လှမ်းကာစ မြေအမတကို သူ့သမီးနဲ့ မပေးစားချင်ဘူးပေါ့။ နောက်ပိုင်းကျ ဘာကြောင့်မှန်းမသိ ရှန်းဟန်က နှလုံးမဲ့တာအိုလမ်းစဉ်ကို စတင်ကျင့်ကြံတော့တယ်။ သူ့ကျင့်ကြံဆင့်က မိုးထိုးသွားပြီး နှစ်ထောင်ချီနဲ့တင် အဆင့်မြင့်အမတဖြစ်လာတော့တယ်။
ပိုင်ထီက သူတို့ဆက်ဆံရေးကို မကန့်ကွက်တော့ပေမဲ့ တစ်ခုခုတော့ အရမ်းကိုလွဲသွားခဲ့ပြီ။ နှလုံးမဲ့တာအိုလမ်းစဉ်ကို ကျင့်ကြံသူတွေဟာ တဖြည်းဖြည်းချင်း ခံစားချက်တွေ ကင်းမဲ့သွားမှာ။ ရှင်းဟန်က ပိုင်ကျောင်းအပေါ် အင်မတန်အေးစက်လာပြီး စုံတွဲက တဖြည်းဖြည်း ဝေးသွားခဲ့တယ်။ နောက်ကျတော့ အဆင့်တက်ဖို့အတွက် ရှင်းဟန်က ကိုယ့်နှလုံးသားကိုယ် ထုတ်ပစ်ခဲ့လေတယ်။
ဒါပေမဲ့လည်း ပိုင်ကျောင်းကတော့ ခေါင်းကြောမာစွာနဲ့ လက်မလျှော့နိုင်သေးဘူး။ သူမက အသက်ဘေးရောက်နေတဲ့ ရှင်းဟန်ကိုကယ်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ သူ့နှလုံးသွေးကြောတွေကို ကုသဖို့ သူမကျင့်ကြံမှုအားလုံးကို စတေးခဲ့တယ်။ နောက်တော့ ရှင်းဟန် အသက်ရှင်ပြီး အဇဋာဧကရာဇ်ဖြစ်လာခဲ့ပေမဲ့ ပိုင်ကျောင်းကတော့ ဒုတိယအဆင့်မြေခွေးမိစ္ဆာအနေနဲ့ ကျန်ရစ်ခဲ့တယ်။
“အိုက် ဒါကို ကံကြမ္မာက သူတို့ထဲက တစ်ယောက်ကို အရူးလုပ်သွားခဲ့တယ်လို့ ပြောလို့ရမယ်ထင်တယ်၊ ဖြစ်သွားခဲ့တာကြောင့် ပိုင်ကျောင်းက ရှင်းဟန်ကို လက်မလွှတ်နိုင်သေးဘူး၊ သူမက သူ့ကို တစ်ချိန်က ဆက်ဆံရေးကို မှတ်မိစေချင်တယ်၊ ဒါပေမဲ့ ဒီနေ့ထိ ရှင်းဟန်က မလှုပ်မယှက်ရှိနေဆဲပဲ၊ သူတို့… ကံမပါဘူးလို့ပဲ ပြောရမှာပေါ့”
ဒါက အမတဘုံတစ်ခုလုံး စစကြားတဲ့အချိန် လှုပ်ယှမ်းသွားစေခဲ့တယ်။ ချူရွှမ် သက်ပြင်းရှည်ကြီးမှုတ်ထုတ်ပြီး လေ့ကျင့်ရင်း ခိုးနားထောင်နေကြတဲ့ အလုပ်ကြိုးစားတဲ့ မိန်းကလေးအုပ်စုကို လှမ်းကြည့်လိုက်တယ်။ အင်မတန်လေးနက်စွာနဲ့ သူက ပြောတော့တယ်။
“ငါသာဆိုရင်တော့ ငါ့အမျိုးသမီးရဲ့နှလုံးသားကို အဲလိုမျိုးဘယ်တော့မှမခွဲဘူး” မင်းတို့ မြင်ကြလား။ ငါ့ရဲ့ယောက်ျားဆန်ဆန် အင်အားကိုလေ ငါက မိန်းကလေးတွေကြိုက်တာ
လူတိုင်း သိသိသာသာ မှင်တက်နေခဲ့ကြတယ်။ သူတို့နောက်ဆုံးတော့ ပိုင်ကျောင်း ဘာလို့အဲလောက် ခေါင်းကြောမာနေလဲ နားလည်သွားခဲ့ပြီ။ တစ်ချိန်က ချစ်ခဲ့ဖူးကြတာကိုး။ တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ဆက်ဆံရေးကို သူမက ဆုပ်ကိုင်ထားနေမိရုံပဲ။
ရှန်းရင်က လွဲလို့ပေါ့…။
သူမက သရေစာမုန့်တွေကို အကျယ်ကြီးဆက်ဝါးနေတယ်။ ရုတ်တရက် သူမက စကားဆိုလာတယ်။
“ကြက်၊ ဒါက ကံမပါဘူးလို့ သူတို့ပြောကြတဲ့ဟာလား”
ချူရွှမ် နှုတ်ခမ်းဆူသွားတယ်။ မင်း ငါ့ကို ‘ကြက်’ လို့ မခေါ်ဘဲနေလို့မရဘူးလား။
“ဒါက သိသာတဲ့ဥပမာ မဟုတ်ဘူးလား၊ ရှင်းဟန်က ပိုင်ကျောင်းအတွက် နှလုံးမဲ့တာအိုကို လေ့ကျင့်ခဲ့ပေမဲ့ သူပိုတော်လာလေ သူတို့အတူရှိနေနိုင်မဲ့ အခွင့်အရေးက နည်းလာလေပဲ”
“အဲတော့ နင့်တွေးခေါ်မှုအရဆို…” ရှန်းရင်က ပျင်းတိပျင်းရွဲ စကားပြောတော့တယ်။
“အဲဘာဆိုတဲ့ဟန်က ဉာဏ်နုံတာလား”
“ဟမ် အာ” ချူရွှမ် သူမကို အူကြောင်ကြောင် ပြန်စိုက်ကြည့်နေမိတယ်။ သူမက ဘာဆိုလိုတာလဲ။ ဘာလို့အဲလိုပြောတာလဲ။
“ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုတာ သူသိတယ်လေ၊ ဒါပေမဲ့ဆက်ပြီးလုပ်ခဲ့တယ်၊ အဲဒါ ဉာဏ်နုံတာ မဟုတ်ဘူးလား” သူမက သူ့ကို ဉာဏ်ပြေးတယ်ခေါ်ရမှာလား။ အဲဒါအဓိပ္ပာယ်မရှိဘူးမလား။
“အာ… ထင်တာပဲ… ဒါပေမဲ့… ဒီသိုင်းက လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို အရမ်းကို မြန်ဆန်စွာနဲ့ မြင့်တက်သွားအောင် လုပ်ပေးနိုင်တယ်၊ တစ်ယောက်ယောက် နှလုံးမဲ့တာအိုမှာ ပိုကျွမ်းကျင်လာလေ ခံစားချက်တွေ ပိုနည်းလာလေပဲ၊ ပြီးတော့ သူက နှလုံးသားမရှိတဲ့လူ၊ နှလုံးသားမရှိဘဲ ဘာမှခံစားရမှာမဟုတ်ဘူး၊ သူ ပိုင်ကျောင်းကို မကြိုက်တော့တာပုံမှန်ပါပဲ”
“ဒါက… နှလုံးသားမဲ့တာနဲ့ ဘာမှမဆိုင်ဘူးမလား”
“ဘာမှမဆိုင်ဘူးလား”
“ဆိုင်လို့လား”
“အာ…” ဆိုင်တာလား မဆိုင်တာလား။ တိတိကျကျ ပြောပါဟ။
“သိပ္ပံနည်းကျပြောရရင်…” ရှန်းရင် စားပွဲက အသီးကိုကောက်ယူကာ ဝါးပြီးမှ ဆက်ပြောလိုက်တယ်။
“တကယ်တမ်းကျ ဆက်ဆံရေးတွေ ယောက်ျားနဲ့မိန်းမကြား ဖြစ်ပေါ်လာတာက သူတို့တွေက လိုက်ဖက်တဲ့ တစ်ယောက်ယောက်တွေ့တာနဲ့ သူတို့ကိုယ်ခန္ဓာကနေ ဖီနယ်လီသယ်လမင်း၊ ဒေါ်ဖမင်း၊ နော်ရယ်ဖစ်နဖရင်းတို့လိုမျိုးဟာတွေ ဟော်မုန်းပမာဏတွေအများကြီးထုတ်ပေးလို့ပဲ၊ ဒီဟော်မုန်းတွေက လူတွေကိုပျော်စေတယ်၊ စိတ်လှုပ်ရှားစေတယ်၊ ချစ်မိစေတယ်၊ ဒါက လူတွေချစ်မိသွားတယ်လို့ဆိုကြတဲ့အရာပဲ၊ ဒီဟော်မုန်းတွေက ဦးနှောက်ကနေ လာတာ – ဒါက နှလုံးသားနဲ့ ဘာမှမဆိုင်ဘူး”
“…”
ချူရွှမ်က ရှန်းရင် ဘာပြောသွားလဲနားမလည်ပေမဲ့ အထင်ကြီးစရာပဲ။
“တကယ်လို့ နှလုံးသားကနေ လူတစ်ယောက်ကို ချစ်မချစ်ဆုံးဖြတ်တာဆိုရင်…” သူမ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်တယ်။
“နှလုံးရောဂါနဲ့လူတွေရဲ့ ခံစားချက်တွေကို ဘယ်လိုမျိုးသက်ရောက်မလဲဆိုတာ စဉ်းစားဖူးလား”
“…”
အမှန်ပဲ။ လူတိုင်း ဘာဖြေရမလဲ မသိကြတော့ဘူး
Σ(°△°|||)
“ဒါကြောင့် တကယ်တော့ သူနှလုံးသား မရှိဘူးဆိုတဲ့အချက်၊ နှလုံးသားမဲ့မမဲ့ဆိုတာက သူ အဲတိရစ္ဆာန်လေးကို ချစ်မချစ်နဲ့ ဘာမှမဆိုင်ဘူး၊ အဲနှစ်ခုက မတူညီတဲ့ သီးသန့်ကိစ္စတွေပဲ” ရှန်းရင်က လက်ဖဝါးပေါ်က အဆာသွတ်မုန့်ကို ပုတ်ပြီး ဆက်ပြောလိုက်တယ်။
“ဆိုလိုတာကတော့ နင့်တွေးခေါ်ပုံကမှားနေတယ်၊ အဲဒီဟန်ဆိုတဲ့ကောင်က နှလုံးမဲ့တာအိုကြောင့် တိရစ္ဆာန်လေးကို ချစ်တာ ရပ်သွားခဲ့တာမဟုတ်ဘူး၊ အဲအစား သူက သူမကို စိတ်မဝင်စားတော့လို့ နှလုံးမဲ့တာအိုကို လေ့ကျင့်ခဲ့တာပဲ”
တိတ်ဆိတ်မှုအတိ…။
ချူရွှမ် ။ ။ “…” ကြီးမြတ်တဲ့နတ်သမီး ခုလေးတင် ဘာပြောသွားတာလဲ။ သူ ဘာလို့ တစ်လုံးမှ နားမလည်ရတာလဲ။ ပြီးတော့ ဘာလို့ရော သူမပြောတာက လုံးဝကို အဓိပ္ပာယ်ရှိတဲ့ လေသံပုံစံပေါက်နေတာလဲ။
(⊙_⊙)
တပည့်အားလုံး ။ ။ “…” သူတို့ နားမလည်ပေမဲ့ ဂိုဏ်းချုပ်ပြောသမျှက မှန်တယ်။
╭(╯^╰)╮
ရှိနေတဲ့လူတိုင်း ဦးနှောက်ထဲ ဘာသံသယမှ မရှိတော့ဘူး။ တစ်ချိန်တည်းမှာပဲ သူတို့ တစ်ခါမှ မတွေ့ဖူးတဲ့ အဇဋာဧကရာဇ်ကို ကင်ပွန်းတပ်လိုက်ကြတယ်။
“ခွေးကောင်”
နားလည်တဲ့ တစ်ယောက်တည်းသော ကူယွဲ့ ။ ။ “…” ရုတ်တရက် ဝတ္ထုတွေထဲ နှလုံးမဲ့တာအိုကို လေ့ကျင့်တဲ့ ဇာတ်လိုက်တိုင်း ငနုံတွေကြီးပဲလို့ ခံစားလိုက်ရတယ်။
-_-|||
အာ၊ ခဏ
ဒါ လေ့ကျင့်ရေးကွင်းလေ။ ဘယ်တုန်းတည်းက အတင်းတုပ်ဖို့ ဒီမှာ လူစုကြတာလဲ။
ကူယွဲ့က အမူအရာမည်းမှောင်သွားတယ်။ သူ မိန်းကလေးတွေကို ပိုးပန်းဖို့အလုပ်များနေတဲ့ ‘ကြက်’ အတွက် စရိတ်စကတိုးကောက်ရမလားပါ စဉ်းစားမိလိုက်တယ်။
ရုတ်တရက် မြေကြီးက တုန်ခါလာပြီး တစ်ဂိုဏ်းလုံးလှုပ်ယမ်းသွားတယ်။ မသေမျိုးချီလှိုင်းတွေက တောင်ဆီ ပြေးဝင်လာပြီး တောင်ကိုကာကွယ်ထားတဲ့အင်းကွက်ကို ပွင့်ထွက်သွားစေခဲ့တယ်။
“ဘာတွေဖြစ်နေတာလဲ” လူတိုင်းမလှုပ်မယှက်ရပ်နေမိကြတယ်။
သူတို့ ဘာဖြစ်သွားတာလဲ ကြည့်ဖို့အချိန်မရှိသေးခင်မှာတင် ကြက်ကင်အစ်မက သူတို့ဆီပြေးလာတယ်။ သူက ရှန်းရင်လက်မောင်းကိုဆွဲပြီး အသည်းအသန်အော်တော့တယ်။
“ရင်လေး၊ ရွှမ်ထုံတော့တစ်ခုခုဖြစ်ပြီ”
…