အခန်း ၁၈၁ ။ နှလုံးအင်းကွက်ကျောက်တုံး
“အဲဒါ… အဟမ်း” လန်ဟွား ချောင်းဟန့်လိုက်တယ်။
“သူတို့ ပုံရိပ်ယောင်တွေ လွှမ်းမိုးတာမခံရတာ ကောင်းပါတယ်”
ရှန်းရင် ။ ။ “ဟီးဟီး…” ရုတ်တရက် သူတို့ကိုလာမကယ်ချင်မိတော့သလိုပဲ။
“မင်းတို့က ဘယ်သူလဲ” ဓားကိုဆွဲထုတ်ပြီးကာစ ယောက်ျားနှစ်ယောကိက အဝေးမှာရပ်နေတဲ့ လူသုံးယောက်ကို လှည့်ကြည့်ပြီး အမူအရာတွေ ခက်ထန်သွားတယ်။
“ဟမ့် မင်းတို့တွေ ဘယ်ချိန်အလျှော့ပေးရမလဲ မသိဘူးပဲ အခု မင်းတို့က လူသုံးယောက်အဖြစ်တောင် ပြောင်းသွားပြီပေါ့”
ကူယွဲ့ အေးစက်စက် နှာမှုတ်လိုက်တယ်။ သူ့ဓားကို တင်းတင်းဆုပ်ကိုင်ပြီး သူတို့ဆီ ဦးတည်ဖို့ ပြင်တော့တယ်။
“ခဏ” ယိချင်း သူ့ကို ပြန်ဆွဲထားလိုက်တယ်။
“သေချာအောင် အရင်လုပ်တာပေါ့”
ရှေ့တက်ပြီး သူ့ရှေ့ကလူသုံးယောက်ကို စစ်ဆေးလိုက်ပြီးတော့ ရှန်းရင်ဘက် လှည့်မေးလိုက်တယ်။
“ဆရာ နေ့လယ်စာဘာစားချင်လဲ”
ရှန်းရင် မချင့်မရဲဖြစ်သွားပြီး နှုတ်ခမ်းတွန့်ချိုးသွားတယ်။ သူမ ဖေဖေနျို့ဘက် လှည့်ကြည့်ပြီး အံကြိတ်ရင်းပြောလိုက်တယ်။
“အမတကြိုးကြာ”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
ကောင်းပြီလေ သူမ ပြောတာ အမှန်ပဲ။
“မင်းဘယ်သွားတာလဲ၊ ဘာလို့ရောက်လာဖို့ အဲလောက်တောင်ကြာနေတာလဲ”
ကူယွဲ့ စိတ်သက်သာရာရကာ သက်ပြင်းချပြီး လျှောက်လာခဲ့တယ်။ သူ မျက်နှာမှာ ထုထောင်းခံရပြီး ယောင်ကိုင်းနေတဲ့ ချူရွှမ့်ကို မြင်ရတာ သိပ်ပြီးတော့အံ့ဩမနေပေမဲ့ လန်ဟွားကို မြင်ချိန် အံ့ဩတကြီးရေရွတ်လိုက်တယ်။
“သူ ဘာလို့ ဒီရောက်နေတာလဲ”
“ဒီကြက်ဆီသူငယ်ချင်းနှစ်ယောက် ခုမှပြန်ဆုံကြတာလေ” ရှန်းရင် ရှင်းပြလိုက်တယ်။
“ကြက်ဆီ” ဆိုတာ ဘာကြီးတုံး။
လန်ဟွားက သူတို့ရဲ့ စကားအသွားအလာကြောင့် အူကြောင်ကြောင် ဖြစ်နေပေမဲ့ လောလောဆယ်အခြေအနေကို ကြည့်ပြီး မမေးဘဲ ထားလိုက်တယ်။ ပန်းခင်းကို လက်ညှိုးထိုးပြီး သူကပြောလိုက်တယ်။
“ဒါက ပုံရိပ်ယောင်တောင်ကြားပဲ၊ ဒီပန်းတွေအားလုံးက စိတ်ထဲ ပုံရိပ်ယောင်အတုကို ဖန်တီးနိုင်တယ်၊ မင်းတို့ရဲ့တခြားတပည့်တွေအားလုံးက အထဲမှာပိတ်မိနေတာပဲ၊ သူတို့ကို မြန်မြန်ကယ်၊ ဒီမှာ ကြာကြာနေလွန်းရင် လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး”
လူနှစ်ယောက်ရဲ့ အမူအရာက မည်းမှောင်သွားခဲ့တယ်။ ယိချင်း မေးလိုက်တယ်။
“သူတို့နေရာတွေကို အသိပေးပါ”
“အနောက်တောင် မီတာ၃၀၊ အရှေ့ဘက်…” လန်ဟွား သူတို့ရဲ့နေရာအတိအကျကို မှတ်မိပြီးသားမို့ ဖြေလိုက်တယ်။
“အချိန်က မလောက်တာမို့ လူခွဲပြီးရှာ…”
သူ စကားမဆုံးခင် ယိချင်းက တစ်ဖက်လှည့်သွားပြီး သူ့ဓားထုတ်လိုက်တယ်။ ဓားချီတွေက ထွက်လာပြီး နဂါးကြီးတွေအဖြစ် ပုံစံဖွဲ့ကုန်တယ်။ နဂါးတွေက ဦးတည်ဖက်အမျိုးမျိုးဆီ ပြေးထွက်ကုန်ကြတယ်။ သူတို့နိုးထလာမှုနဲ့အတု မြက်တွေ၊ ပန်းတွေက အမြစ်ကျွတ်ကုန်ပြီး မြေကြီးတွေဖုန်မှုန့်တွေ လေထဲဝဲကုန်တယ်။ မြေလွှာတစ်ခုလုံး အပိုင်းပိုင်းဖြစ်ကုန်လေရဲ့။ အချိန်တခဏအတွင်း တိကျတဲ့ အရပ်မျက်နှာငါးခုနားကလွဲရင် ပန်းခင်းပြင်ကြီးတစ်ခုလုံးက ညစ်ပတ်တဲ့ကျက်တီးမြေအဖြစ် လျှော့ချခံလိုက်ရတယ်။
“ကျေးဇူးပါ” ယိချင်းက သူ့ဓားကိုဆင့်ခေါ်ပြီး ဂါရ၀ပြုလိုက်တယ်။
ချူရွှမ် ။ ။ “…”
လန်ဟွား ။ ။ “…”
ဒီဓားချီက… မင်း သူ့ကို ဧကရာဇ်ငယ်လို့ ခေါ်သေးတယ်ပေါ့ ဘယ်သူ့ကိုနောက်နေတာလဲ။ သူ နတ်ဆိုးအဖြစ် လေ့ကျင့်နေတဲ့နှစ်တွေအတွင်း အမတဘုံမှာ ဘာတွေဖြစ်သွားခဲ့တာလဲ။
ရှန်းရင်နဲ့ ကူယွဲ့က ထူးထူးခြားခြားဘာမှမဖြစ်သလိုမျိုး သူတို့တပည့်တွေဆီ လျှောက်သွားခေတယ်။ ပန်းခင်းက အခုလုံးဝဖျက်ဆီးခံလိုက်ရပြီး တပည့်တွေက သူတို့အိပ်မက်ကမ္ဘာကနေ နိုးထလာကြပြီ။
“ငါတို့ ဘယ်လိုမျိုး… ဒီအင်းကွက်ကို ဖျက်ဆီးရမလဲ”
ကူယွဲ့ မေးလိုက်တယ်။
သူတို့အခု ဘေးကင်းနေပေမဲ့ သူတို့ကယ်ဖို့လိုတဲ့ တခြားနေရာမှာပိတ်မိနေသူတွေရှိသေးတယ်။ ပြီးတော့ သူတို့က မူလဝိညာဥ်အဆင့်မှာ ပိတ်မိနေဆဲမို့ အင်းကွက် မပျက်စီးမချင်း သူတို့ကိုယ်ဆီ ပြန်လို့မရဘူး။
ရှန်းရင် တစ်ခဏ ရပ်သွားပြီးနောက်တော့ ချူရွှမ့်ကို နောက်လှည့်ကြည့်လာတယ်။
ချူရွှမ်ကြက်သီးထပြီး သိသမျှအားလုံး အမြန်ပြောပြလိုက်ရတယ်။
“အဲဒါက… တကယ်တော့ ပုံရိပ်ယောင်တောင်ကြားကလည်း အမတသုတ်သင်အင်းကွက်ထဲရှိတာမို့ နှလုံးသားအင်းကွက်ကျောက်တုံး… ကလည်း အနားက တစ်နေရာရာမှာပဲရှိလိမ့်မယ်”
ချူရွှမ်က ဒီလူတွေ ပုံရိပ်ယောင်တောင်ကြားကို အဲလောက်အလွယ်တကူ ရှင်းပစ်နိုင်မယ်လို့ မထင်မိခဲ့ဘူး။ သူတို့ အင်းကွက်ထဲ ဝင်လာခဲ့ပေမဲ အဲလောက်အကြာကြီးမှ ပိတ်မမိနေခဲ့တာ။
“ဒါဆို နှလုံးအင်းကွက်ကျောက်တုံးကို သွားရှာကြရအောင်”
ကူယွဲ့က ယွီဟုန့်ကို ညွှန်ကြားချက်တချို့ပေးပြီး သူတို့လမ်းမပျောက်အောင် အင်းကွက်တစ်ခု ဖန်တီးပေးလိုက်တယ်။ နောက်တော့ တပည့်အုပ်စုကိုဦးဆောင်ပြီး မြူခိုးတိမ်တိုက်တွေဆီ ဦးတည်ခဲ့တယ်။
“စကားမစပ်” ရှန်းရင် အတွေးတစ်ခု ရုတ်တရက်ပေါ်လာပြန်တာမို့ တန့်သွားခဲ့တယ်။
“သူဌေး၊ ဒီဆွဲကြိုး ပြန်ဝတ်လိုက်ပါဦး” သူ့ကြည့်ရတာ အဲမီးခိုးမည်းအလွှာကြီးနဲ့ဆို ပိုအူကြောင်ကြောင်နိုင်ချက်ပဲ။
လန်ဟွားက အံ့ဩတကြီးရပ်သွားခဲ့တယ်။ သူမက… တခြားအမတတွေသတိပြန်ရလာချိန် သူက နတ်ဆိုးဘုံကဆိုတာ သိသွားကြမှာ စိုးရိမ်နေတာလား။ သူ့စိတ်ထဲနွေးထွေးသွားခဲ့ပြီး ရင်းနှီးနေတဲ့ ခံစားချက်တစ်ခုက သူ့ကိုလွှမ်းမိုးသွားခဲ့တယ်။ သူ့လက်က သူ့အင်္ကျီလည်ထောင်ဆီ အလိုလို ရောက်သွားတယ်…။
ခဏနေပါဦး စိတ်ကောင်းရေ မလောစမ်းနဲ့။
Σ(°△°|||)
သူ့မှာ အမတကျောက်တုံးတွေ မရှိရင်တောင် သူ့အင်္ကျီတွေကို မကမ်းလှမ်းသင့်ပါဘူး
လန်ဟွား သူ့ကိုယ်သူ သတ်သေချင်သွားတယ်။ ရုတ်တရက် သူ ဝမ်းမြောက်စရာ အခိုက်အတန့် ရှာတွေ့ပြီး ချူရွှမ့်ကို လှမ်းဆွဲလိုက်တယ်။
“မင်း… ငါ့အပေါ်တင်နေတဲ့အကြွေးကို ပြန်ဆပ်ချင်တယ်မလား”
ချူရွှမ်က အပျော်လွန်သွားတာပေါ့။
“ဆရာ နောက်ဆုံးတော့… ကျွန်တော့်ကို အသိအမှတ်ပြုပြီပေါ့”
“မင်းမှာ သိုလှောင်အိတ်ပါလာလား” ချူရွှမ် စကားမဆုံးခင် လန်ဟွားက လက်ကိုကမ်းနေပြီ။
“ဟုတ်ကဲ့… ပါပါတယ်” ချူရွှမ် ကမ်းပေးလိုက်တယ်။
အဲတော့ နောက်အခိုက်အတန့်မှာတင် သူ့ကျေးဇူးရှင်က အိတ်ကိုဖွင့် အထဲကပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြီး ရှေ့က အမျိုးသမီးရှန်းလက်ထဲ ထိုးထည့်ပေးနေတာ မြင်လိုက်ရတယ်။ ပစ္စည်းတွေကိုထုတ်နေရင်း သူကပြောလိုက်သေး။
“ဒီပစ္စည်းတွေက ဘာတွေလဲ ငါမသိဘူး၊ ဒါပေမဲ့ ယူသွားလိုက် ယူသွားလိုက်” သူ့အင်္ကျီတွေကို ချွတ်စရာမလိုသရွေ့ပေါ့။
အိုးဟိုး ဒီတော့ ဒီသူဌေးမှာ အသုံးဝင်တာရှိသားပဲ။
ကူယွဲ့မျက်လုံးတွေ တောက်ပသွားတယ်။ သူ့ဝတ်ရုံထဲက အိတ်အလွတ်တစ်လုံး ထုတ်ပြီး ရှန်းရင်ကို ကမ်းပေးလိုက်တယ်။
“လာ ရှန်းရင် ဒီအိတ်ကိုသုံး”
ယိချင်း ။ ။ “…”
တပည့်အားလုံး ။ ။ “…”
ချူရွှမ် ။ ။ “…” သူ့စိတ်ထဲ အတော်လေးနာကျင်နေပေမဲ့ သူစကားမပြောနိုင်ဘူး။
ပြောရရင် ဧကရာဇ်တွေက ချမ်းသာတယ်လေ။ လန်ဟွားက အိတ်ထဲကပစ္စည်းတွေကို တစ်နာရီနီးပါး ထုတ်နေပြီးမှ ဈေးကြီးတဲ့ပစ္စည်းတွေ အကုန်ကုန်သွားတယ်။
“ဧကရာဇ်… ဧကရာဇ်…” ချူရွှမ် သူကိုင်ထားတဲ့ သိုလှောင်အိတ်အလွတ်ကို မယုံကြည်နိုင်စွာ ကြည့်နေပြီးမှ ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားခဲ့တယ်။
“ဒီရှန်း… ကြီးမြတ်တဲ့နတ်ဒေဝါနဲ့က ခင်ဗျားနဲ့ ဘယ်လိုပတ်သက်တာလဲ”
“သူက ငါ့စိတ်နှလုံးကောင်းလေ၊ မပြောနိုင်ဘူးလား”
“စိတ်နှလုံး… ကောင်းလား” ချူရွှမ် အလိုလို သူ့ယောင်ကိုင်းနေတဲ့နျက်နှာကို ထိမိလိုက်တယ်။
“စိတ်နှလုံးကောင်းဖြစ်ပြီး… နတ်ဆိုးနှလုံးသား မဟုတ်တာ သေချာရဲ့လား”
“…”
————————
သူတို့အုပ်စုက မီးခိုးမြူတိမ်ကြီးဆီ လျှောက်လာခဲ့တယ်။ ပန်းတချို့ကလွဲရင် သူတို့ ဘာအန္တရာယ်မှ မတွေ့ဘူး။ တစ်နာရီနီးပါး လမ်းလျှောက်ပြီးတဲ့နောက် အင်းကွက်အစီအရင်တွေမှာ ကျွမ်းကျင်တဲ့ တစ်ဦးတည်းသောလူကူယွဲ့က ရုတ်တရက် ခြေလှမ်းတွေ ရပ်တန့်သွားခဲ့တယ်။
“အင်းကွက်အစီအရင်ရဲ့ ဗဟိုက ငါတို့ရှေ့နားလေးမှာတင်ရှိနေတာ” သူက အရှေ့ကို လက်ညှိုးထိုးပြတယ်။
ယိချင်းက လေသိုင်းကွက်တစ်ခု ဖန်တီးလိုက်တယ်။ ချက်ချင်း လေပြင်းတစ်ချက် ပေါ်လာပြီး မီးခိုးထူကြီးကို မှုတ်ထုတ်လိုက်တော့ ကျောက်စားပွဲတစ်ခု ပေါ်လာတယ်။ အဲအပေါ်မှာတော့ အင်းကွက်ပုံရိပ်အမျိုးမျိုးဝိုင်းနေတဲ့ တလက်လက် တောက်ပတဲ့ ရွှေရောင်ဓမ္မအဆောင်တွေရှိနေတယ်။ အင်းကွက်ပုံရိပ်တွေကနေ အနီရင့်ရင့်အရည်တွေ စီးကျလာပြီး မြေကြီးထဲစိမ့်ဝင်သွားခဲ့တယ်။
လူတစ်ယောက်က အင်းကွက်အလယ်မှာ မျက်စိမှိတ်ထားလျက်သား တင်ပျဉ်ခွေထိုင်နေတယ်။ သွေးတွေက သူ့လက်ထဲက ခြစ်ရာကနေ အဆက်မပြတ်စီးကျနေလေရဲ့။
“ချန်ကော” ကူယွဲ့က အံ့ဩတကြီး ရေရွတ်လိုက်တယ်။ သူ ဘာလို့ ဒီရောက်နေတာလဲ။ ပြီးတော့ မူလဝိညာဉ်တင်မဟုတ်ဘူး၊ ခန္ဓာကိုယ်အစစ်ကြီးက ငုတ်တုတ်ထိုင်နေတာ။
“ဘာဖြစ်နေတာလဲ” လန်ဟွားက ချူရွှမ့်ကို လှည့်ကြည့်လိုက်တယ်။
ချူရွှမ့်မျက်လုံးထဲက အမူအရာတွေက အင်းကွက်အလယ်ကလူကို ကြည့်တဲ့ချိန် အငြိုးတချို့ ပါဝင်နေဆဲပဲ။ သူက မကျေမချမ်းတဲ့လေသံနဲ့ပြောတယ်။
“ဒီအင်းကွက်က နဂိုက သူ့သွေးကို ဓာတ်ကူပစ္စည်းအဖြစ် သုံးပြီးခင်းခဲ့တာ၊ ဒါကြောင့် သူ့ကိုယ်က အင်းကွက်အလယ်ကို ထိန်းထားတဲ့အရာပဲ” တကယ်လို့ အားလုံး ချောချောမွတ်မွတ်ဖြစ်ခဲ့ရင် အင်းကွက်က သူ့ကိုယ်ခန္ဓာ နောက်ဆုံးသွေးစက် ကုန်ခမ်းပြီး မသေမျိုးချီတွေအားလုံး လုံးဝပျောက်ကွယ်သွားတာနဲ့ ပျောက်ကွယ်သွားမှာ။ ပြီးတော့ ချန်ကောက အင်းကွက်ထဲ အဆင့်မြင့်ဆုံးကျင့်ကြံဆင့်နဲ့လူမို့ သေချာပေါက် အင်းကွက်အလယ်ဗဟိုမှာရှိနေဖို့ အသင့်တော်ဆုံးပဲ။
“သူက အင်းကွက်နဲ့တစ်သားတည်း ဖြစ်နေပြီ၊ သူ့ကိုယ်က အင်းကွက်ရဲ့ထိန်းချုပ်တာခံထားရတာ၊ သူ့မူလဝိညာဉ်က သူ့ကိုယ်ထဲမှာ မဟုတ်ဘူး၊ နှလုံးအင်းကွက်ကျောက်တုံးက သူ့ခြေထောက်အောက်မှာ၊ အင်းကွက်ကို ဖျက်ဆီးဖို့ သူ့ကိုအနိုင်ရဖို့လိုတယ်”
“နှလုံးအင်းကွက်ကျောက်တုံးထဲက သူထွက်လာအောင် နည်းစဉ်းစားလို့မရဘူး” သူ ရှန်းရင်ကို ခပ်ရှိန်ရှိန် ကြည့်ရင်း ဆက်ပြောလိုက်တယ်။
“အဲဒါကြောင့်… ဖျက်ဆီးလို့မရဘူးလို့ ကျုပ်ပြောတာ၊ တကယ်လို့ ဖျက်ဆီးချင်ရင် သူနဲ့တိုက်ခိုက်ရမယ်၊ ခင်ဗျားတို့ထဲကတစ်ယောက် ဒဏ်ရာရရင်ရ မဟုတ်ရင်သေပါသေနိုင်တယ်၊ သူက ခင်ဗျားတို့ ဖုန်းချန့်အဇဋာဧကရာဇ်လေ၊ ထိခိုက်အောင် မလုပ်ချင်မှာ သေချာ… ဟမ် ဟင်”
သူ စကားမဆုံးခင် ယိချင်းနဲ့ ကူယွဲ့က ဓားတွေနဲ့ ပြေးထွက်သွားပြီ။ သူတို့ ချန်ကောဆီ ဓားမလွှဲချခင် တုံ့ဆိုင်းမှု အရိပ်အယောင်မပြ။ တစ်ပြိုင်နက်တည်းမှာပဲ အင်းကွက်ထဲက ချန်ကောက မျက်လုံးဖွင့်လာတယ်။
သူ့အကြည့်မှာ အာရုံစိုက်မှုမရှိ။ သူတို့နဲ့တိုက်ခိုက်နေတဲ့ သူ့လှုပ်ရှားမှုတွေက သစ်သားရုပ်လိုပဲ ခပ်တောင့်တောင့်ကြီး။
ကံကောင်းတာပဲ သူတို့ ဒီငနာကို ထုထောင်းချင်နေတာ တော်တော်ကြာပြီ
ချူရွှမ် ။ ။ “…”
စိတ်အာရုံလွဲတာပဲလား။ ဒီဓားအမတနှစ်ယောက်က တိုက်ခိုက်ဖို့စိတ်အားထက်သန်နေတယ်လို့ သူဘာလို့ခံစားရတာပါလိမ့်။ ဖုန့်ချန်တိုက်ကြီးကလူတွေက သူတို့ ဧကရာဇ်ကို လေးစားကြတယ် မဟုတ်လား။