အခန်း ၁၈၂ ။ ဧကရာဇ်နေရာ လစ်ဟင်းမှု
ရှန်းရင်တို့အုပ်စု အင်းကွက်ဖျက်ဆီးပြီး ဒုတိယနေ့မှာ ကောင်းကင်အလွန်မှ ကောင်းကင်များဆီကနေ ထွက်လာခဲ့တယ်။ သူတို့တွေ ဧကရာဇ်တွေအားလုံး သတိပြန်ရလာတာနဲ့ ချူရွှမ့်ကို ချန်ကောဆီ ချက်ချင်းအပ်ခဲ့လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက တိုက်ကြီးနှစ်တိုက်နဲ့ဆိုင်ပြီး ဝူတိဂိုဏ်းက ဖုန့်ချန်တိုက်ကကိုး။ ချူရွှမ်က တိုက်ကြီးနှစ်ခုကြား ရန်စပျိုးဖို့ အမတသုတ်သင်အင်းကွက်ကို စီရင်ခဲ့တာပဲ။ ဒါကြောင့် ဖြေရှင်းဖို့ ဧကရာဇ်လည်းဖြစ်တဲ့ချန်ကောဆီ လွှဲခဲ့တာ အကောင်းဆုံးပဲ။
ချူရွှမ်က ကိစ္စကို သေချာလက်ခံပြီး ချန်ကော သူ့ကိုယ်ထဲက မသေမျိုးချီတွေကို ချိတ်ပိတ်လှောင်လိုက်ချိန် ဘာတွန်းလှန်မှုမှမရှိဘူး။
ရှန်းရင်ရှိနေလို့ပဲလား၊ ချန်ကော သူ့ကို ဘာမှမလုပ်ရဲဘူးဆိုတာ သေချာလို့ပဲလို့တော့ ဘယ်သူမှ သေချာမသိဘူးပေါ့လေ။ သူက ဘယ်လိုပဲဖြစ်ဖြစ် ဟယ်ချွမ်ရဲ့အုပ်ချုပ်သူပဲ။ သူ့သေဆုံးမှုက တိုက်ကြီးနှစ်ခုကြားတိုက်ပွဲဖြစ်စေလိမ့်မယ်။
သူတို့ ချန်ကော ကိစ္စကိုဘယ်လိုဖြေရှင်းမလဲ မသိပေမဲ့ အချိန်အတော်ကြာ အလုပ်ရှုပ်နေမယ်ဆိုတာတော့ သေချာတယ်။
ကိစ္စတွေအပေါ် မကျေမချမ်းဖြစ်နေသေးတဲ့ တခြားဧကရာဇ်တွေလိုမဟုတ်ဘဲ ကူယွဲ့ကတော့ ဒီလိုတိုင်းပြည်ရေးအရှုပ်အရှင်းတွေကို စိတ်မဝင်စားဘဲ သူ့တပည့်အုပ်စုတွေနဲ့ပြန်လာခဲ့တယ်။ သူတို့ရဲ့ အမတရွက်လှေက ကောင်းကင်အလွန်မှကောင်းကင်များအဝင်ဝဆီ ရောက်ကာစ ဝင်ပေါက်ကနေ မှုန်ပျပျအလင်းတန်းတစ်ခု ဆင်းလာပြီး လူတစ်ယောက် သူတို့ဆီ ပြေးလာတာကိုမြင်လိုက်ရတယ်။
“ခဏစောင့်ပါဦး” ဒါချန်ကောပဲ။ သူက အမြန် ပြေးလာပြီး ရွက်လှေရှေ့ရပ်လိုက်တယ်။
“ဂိုဏ်းချုပ်ရှန်းနဲ့ အကြီးအကဲတို့၊ ဘာလို့ပြန်တော့မယ်ဆိုတာ အသိမပေးရတာလဲ၊ ကျုပ်လိုက်ပို့လို့ရမှာကို”
ကူယွဲ့ ယောင်ကိုင်းနေဆဲ ချန်ကောမျက်နှာကို တစ်ချက်ကြည့်ပြီး အလိုလို မျက်နှာလွှဲမိလိုက်တယ်။ လက်ကိုယမ်းပြီး သူ ရွက်လှေရဲ့ အကာအကွက်အင်းကွက်ကို ဖြည်လိုက်တယ်။ နောက်တော့ သူ ဂါရ၀ပြုလိုက်ရတာပေါ့။
“အဇဋာဧကရာဇ် ဘယ်လိုဖြစ်လို့ ရောက်လာတာပါလိမ့်”
“ခင်ဗျားတို့အားလုံးက ကျုပ်မိတ်ဆွေဟောင်းတွေပဲ၊ ခင်ဗျားတို့ပြန်ပြီဆို ကျုပ် သေချာပေါက် လိုက်ပို့ပေးရမှာပေါ့” ချန်ကောက ပြောရင်း ရွက်လှေပေါ်ဆင်းလာတယ်။ သူက သူ့ရှေ့ကလူ သုံးယောက်ကို လှည့်ကြည့်ပြီး ပြုံးသွားတယ်။ ဒါပေမဲ့ ဒီအပြုအမူက သူ့နှုတ်ခမ်းပေါ်က ရှရာကို ပြဲသွားစေလို့ နာကျင်မှုကြောင့် အပြုံးပြန်တည်လိုက်ရတယ်။
ကူယွဲ့နဲ့ ယိချင်းနှစ်ယောက်လုံး ကောင်းကင်ကို မော့ကြည့်လိုက်ကြတယ်။ အာ ဒါက သူတို့နဲ့ ဘာမှမဆိုင်ဘူးနော်။
“ဂိုဏ်းအကြီးအကဲ၂ယောက်ကြောင့် ကျုပ်နဲ့တခြားဧကရာဇ်တွေ အမတသုတ်သင်အင်းကွက်ထဲက ဘေးကင်းရန်ကင်း ထွက်ပြေးနိုင်တာပါ”
ချန်ကောက တလေးတနက် ကျေးဇူးတင်လာပြီး သူ့မျက်နှာပေါ် ကျေးဇူးတင်တဲ့အကြည့်နဲ့။
သုံးယောက်သား ။ ။ “…”
သူတို့ ရှင်းပြမရတဲ့ အပြစ်ရှိသလိုခံစားချက် ခံစားလိုက်ရတယ်။
သူတို့ အရင်ကလိုမျိုး သူက နန်းတော်အခြွေအရံတစ်သိုက်နဲ့ အမြဲအဖော်ပြုနေကျလိုမျိုး မဟုတ်ဘဲ တစ်ယောက်တည်း လိုက်လာတာ နားလည်လိုက်ရတယ်။
“အဟမ်း… အာ အဇဋာဧကရာဇ်က ကြင်နာလွန်းနေပါပြီ၊ ကျုပ်တို့က ဖုန့်ချန်ရဲ့ တိုင်းသူပြည်သားတွေအနေနဲ့ တာဝန်လုပ်ခဲ့ရုံပါ၊ ပြီးတော့… အင်းကွက်ကိုဖျက်ဆီးခဲ့တာ အဇဋာဧကရာဇ် မဟုတ်လား”
ယောင်ကိုင်းနေတဲ့ မျက်နှာနဲ့ ချန်ကောကလွဲရင် လူတိုင်း အင်းကွက်ထဲကနေ ပွန်းပဲ့ရာမရှိ ထွက်လာတာ။ ဒါက အလွယ်တကူ ရှင်းပြလို့မရတာမို့ ကူယွဲ့နဲ့ယိချင်းက လူတိုင်းကို အင်းကွက်က ချန်ကောဖျက်ဆီးတာ ခံလိုက်ရတာလို့ပဲ ပြောဖို့ဆုံးဖြတ်လိုက်ကြတယ်။ သူတို့တွေက သူ့ရဲ့ အကူတွေပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ တိုက်ခိုက်နေတဲ့အတောအတွင်း သူ့မူလဝိညာဉ်က သူ့ကိုယ်ထဲမှာမှ မဟုတ်တာ။ သူ မသိလောက်ပါဘူး… လို့မျှော်လင့်ရတာပဲ။
“အမတရောင်းရင်းကူယွဲ့က ကျုပ်စွမ်းရည်ကို ချီးကျူးလွန်းနေပါပြီ”
ချန်ကောက သက်ပြင်းချပြီး ကျေးဇူးတင်တဲ့အမူအရာနဲ့ ပြောလာတယ်။
“တခြားဧကရာဇ်တွေက အမှန်မသိပေမဲ့ ကျုပ်သိပါတယ်”
“ဘာလဲ” ကူယွဲ့ ရင်ထိတ်သွားတယ်။ အဲတုန်းက ချန်ကောက မူလဝိညာဉ် ပျောက်ဆုံးနေတာမဟုတ်ဘူးလား။ သူက ဒီကိုလက်စားချေဖို့ ရောက်လာတာလား။
“အဲအချိန်တုန်းက ကျုပ်မူလဝိညာဉ်က ကိုယ်ခန္ဓာထဲက ထွက်သွားတာလေ၊ ကျုပ် လှုပ်လို့မရတော့တာမို့ ဘယ်လိုလုပ် အင်းကွက်ကိုဖျက်ဆီးပြီး ဧကရာဇ်တွေကို ကယ်နိုင်ပါ့မလဲ”
ချန်ကောက သက်ပြင်းချလိုက်ပြန်တယ်။ လေးလေးနက်နက်စိတ်ရင်းအကြည့်နဲ့ သူကပြောလာတယ်။
“ဒါကြောင့်… ခင်ဗျားတို့နှစ်ယောက်က အင်းကွက်ကိုဖျက်ဆီးပြီး အင်းကွက်ထဲ ကျုပ်ခန္ဓာကိုယ်ကို ကာကွယ်ခဲ့တဲ့သူတွေပဲ ဖြစ်ရမယ်မလား”
အားလုံး ။ ။ “…” ခင်ဗျားဦးနှောက်ထဲမှာ အပေါက်ရှိနေတာ တခြားအမတတွေသိကြလား။
“ခင်ဗျားတို့က တခြားဧကရာဇ်တွေရှေ့ ကျုပ်ရပ်တည်မှုမြှင့်တင်ဖို့ လုပ်ပေးခဲ့တာပဲ၊ အဲဒါကြောင့် အင်းကွက်ကို ဖျက်ဆီးခဲ့တဲ့သူက ကျုပ်လို့ ခင်ဗျားပြောခဲ့တာပေါ့”
ချန်ကောက ယုံကြည်ချက်အပြည့်နဲ့ ပြောလာတယ်။
“ဟားဟားဟား…” ကူယွဲ့ အားရပါးရ ရယ်လိုက်ပြီး ရှက်ရွံ့မှုတစ်စက်မရှိ ဖြေတော့တယ်။
“ကြည့်ရတာ ခင်ဗျားမျက်စိထဲက ဘာမှမလွတ်မြောက်နိုင်ပုံပဲ”
ယိချင်း ။ ။ “…”
ရှန်းရင် ။ ။ “…”
ဒီလောက်မျက်နှာပြောင်တိုက်တဲ့ပုံစံက တကယ့်ကိုစီးပွားရေးသမားတစ်ယောက်ဆိုတာ သံသယမရှိဘူး
“ကျုပိတို့ မတွေ့တာကြာပြီဆိုတော့ သွေးအေးသွားကြပြီထင်နေတာ” ချန်ကောက ခေါင်းယမ်းလိုက်တယ်။
“အရေးအကြီးဆုံးအချိန်မှာ ကျုပ်ဆီလာကူမဲ့သူတွေက ခင်ဗျားတို့ ဖြစ်မယ်လို့ တစ်ခါမှမတွေးဖူးဘူး၊ ဒါက ခင်ဗျားတို့နှစ်ယောက် ကျုပ်ကိုကယ်ခဲ့တာ ဒုတိယအကြိမ်ပဲ၊ ကျုပ်… လေးလေးနက်နက် ကျေးဇူးတင်မိပါတယ်” သူက ကိုယ်ကိုကိုင်းပြီး သူတို့သုံးယောက်ကို လေးလေးနက်နက် ဂါရ၀ပြုလာတယ်။
ကူယွဲ့က ရုတ်တရက် ချန်ကောအပေါ် အရမ်းကို ကလိမ်ကျလွန်းရာရောက်နေတယ်လို့ ခံစားလိုက်ရတယ်။
“မလိုပါဘူး အဇဋာဧကရာဇ်၊ ဒါ… ကျုပ်တို့တာဝန်ပါ” ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင် အင်းကွက်ထဲပိတ်မိနေခဲ့တာလေ။ ပြီးတော့ ဝူတိဂိုဏ်းက ဖုန်းချန့်ရဲ့တစ်စိတ်တစ်ပိုင်းပဲလေ။
ချန်ကောက ပိုပြီးတောင် စိတ်ခံစားချက်လွယ်လာပါတယ်။ နောက်တော့ တစ်စုံတစ်ရာကို ပြန်မှတ်မိသွားတဲ့ပုံစံနဲ့ သူကမျက်မှောင်ကြုတ်လိုက်တယ်။
“အမတပြိုင်ပွဲမှာ တကယ်ပဲပြဿနာရှိခဲ့တယ်၊ ဟွေ့လင်… သူ့ကိုစည်းကမ်းမတင်းကြပ်မိတာ ကျုပ်အမှားပါ၊ သူ့ရဲ့ ဗိုလ်စွဲသူဘွဲ့ကို ပြန်ရုပ်သိမ်းပြီး တစ်ယောက်တည်း နှစ်တစ်ရာလောက် ဂူအောင်းလေ့ကျင့်ဖို့ အမိန့်ပေးပြီးပြီ၊ ကျုပ်လည်း သူ ပြိုင်ပွဲကိုဘယ်လိုအနိုင်ရခဲ့လဲဆိုတာ သိရအောင် စုံစမ်းမှုလုပ်ပါ့မယ်”
ဒီလိုပြောပြီး သူကလက်ကိုယမ်းလိုက်တော့ အမတဓမ္မလက်နက်က ချက်ချင်း သူတို့ရှေ့ မျောလွင့်လာတယ်။ ဒါက မြေအမတပြိုင်ပွဲဗိုလ်စွဲသူကို ပေးတဲ့ ဆုပဲ။
“ဒါကျုပ်အပိုင်းမှာ လစ်ဟင်းမှုပါ၊ ကျုပ်တပည့်ရဲ့ လုပ်ရပ်မှားတွေကို သတိမထားမိဘဲ ဘက်လိုက်မိခဲ့တယ်၊ ဒါနဲ့ပတ်သက်ပြီး ကျုပ်ကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”
ကူယွဲ့ တိတ်သွားပြီး ဘာဖြေရမလဲမသိတော့ဘူး။
ရှန်းရင် ချန်ကောဆီက ဓမ္မအသုံးအဆောင်ကို လှမ်းယူပြီး သူ့ကိုကျေးဇူးတင်လိုက်တယ်။
“မစိုးရိမ်ပါနဲ့၊ စိတ်ထဲမထားဘူး”
နောက်တော့ သူမနောက်က ခရမ်းရောင်ဝတ်ရုံနဲ့တပည့်ဆီ လှမ်းပစ်ပေးလိုက်တယ်။
“ခရမ်းလေး၊ ဒါနင့်အပိုင်ပဲ”
နဂိုက မြေအမတအုပ်စုရဲ့ဒုတိယနေရာ တပည့်က အလိုလိုလှမ်းဖမ်းမိသွားတယ်။ အနည်းငယ် ကြောင်အမ်းနေရင်း သူမက ပြောလာတယ်။
“ကျေးဇူးတင်ပါတယ်… ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” ဒီဆုက ဂိုဏ်းချုပ်ပေးတာပဲ ပျော်လိုက်တာ။
“ဂိုဏ်းချုပ်ရှန်းက တကယ်သဘောထားကြီးလှပါတယ်၊ ချန်ကောကျေးဇူးတင်ပါတယ်” ချန်ကော သူတို့ကိုဂါရ၀ပြုပြီး ကူယွဲ့နဲ့ စကားစမြည်ပြောလိုက်တယ်။ နောက်တော့ ယိချင်းဘက်လှည့်သွားတယ်။
“တကယ်တော့ ကျုပ်မှာ အမတရောင်းရင်းယိချင်းကို တောင်းဆိုစရာရှိပါတယ်”
ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ သူ ချန်ကော ဘာကြောင့် အဲလောက်ဖော်ရွေလဲ သိချင်နေတာ။
“ဘာအကူအညီများပါလဲ” ယိချင်းက မေးလာတယ်။
ချန်ကောက ချိပ်တစ်ခုပုံစံ ပစ္စည်းအဖြူလေးတစ်ခုထုတ်ပြီး ဆက်ပြောလာတယ်။
“ဒါက ချုံးလန်တိုင်းပြည်ရဲ့ အမတချိပ်ပါ၊ ကောယိုးက ဖုန့်ချန်ကိုသစ္စာဖောက်သွားတော့ သေချာပေါက် ဧကရာဇ်ဖြစ်ဖို့ အခွင့်အရေး မရှိတော့ဘူး၊ ယိချင်းက ချုံးလန်မှာ အဆင့်မြင့်ဆုံး ကျင့်ကြံဆင့် ရှိတာဆိုတော့ အုပ်ချုပ်သူအနေနဲ့ ကောယိုးအစား နေရာဝင်ယူပေးဖို့ တောင်းဆိုချင်ပါတယ်”
“အုပ်ချုပ်သူ”
ကူယွဲ့နဲ့ တခြားတပည့်တွေ မှင်တက်ကုန်တယ်။
သူ ကိစ္စသေးသေးမွှားမွှားမဟုတ်ဘူးဆိုတာတော့ ခန့်မှန်းထားပြီးသား။ ချန်ကောက ယိချင်းကို ဟယ်ချွမ့်ကို တိုက်ခိုက်မှုမှာ ကူညီပေးခိုင်းမယ်လို့ပါ တွေးမိခဲ့သေးတယ်။ ယိချင်းက သူ့အရည်အချင်းနဲ့ဆို ကောယိုးနဲ့ လက်ရည်တူတာ သေချာတယ်။ ချန်ကောက ယိချင်းကို ချုံးလန်ရဲ့အုပ်ချုပ်သူအနေနဲ့ အကူအညီတောင်းလာမယ်လို့တော့ ဘယ်တုန်းကမှ မခန့်မှန်းဖူးဘ။
“အမတရောင်းရင်းယိချင်းက ဧကရာဇ်ငယ်တစ်ပါးဖြစ်သလို ဓားကျင့်ကြံသူလေ၊ ချုံးလန်မှာ ခင်ဗျားလောက် အင်အားကြီးသူမရှိဘူး၊ ဒါကြောင့် ခင်ဗျားက အကောင်းဆုံး…”
“မရဘူး”
“ဘယ်လို” ချန်ကောက သူ့ငြင်းဆန်မှုကြောင့် အံ့ဩသွားတဲ့ပုံ။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့…” ယိချင်းက လေးနက်စွာဖြေလာတယ်။
“အဲကျရင် ဆရာ့အတွက် ဟင်းချက်ပေးဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး”
ချန်ကော ။ ။ “…” သောက်ကျိုးနည်း
ကူယွဲ့ ။ ။ “…” မင်းက အကျိုးနည်း အမတစားဖိုမှူးပဲ။
ရှန်းရင် ။ ။ “…” စားဖိုမှူးကောင်းပဲ။
ကူယွဲ့ နှုတ်ခမ်းတွေ စိတ်ကုန်မှုကြောင့် တွန့်ချိုးသွားခဲ့တယ်။ သက်ပြင်းချပြီး သူ ယိချင်းကိုယ်စား ဖြေလိုက်တယ်။
“ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အုပ်ချုပ်သူအသစ်ကိစ္စက အရေးပါဆုံးပါ၊ ကျင့်ကြံဆင့်မြင့်တိုင်း အဲရာထူးကို ယူနိုင်တာမဟုတ်ပါဘူး၊ ယိချင်းက လေလွင့်ကျင့်ကြံသူ ဖြစ်ခဲ့ဖူးတာမို့ အုပ်ချုပ်ရေးအတွက် မသင့်တော်မှာစိုးရိမ်ပါတယ်”
ယိချင်းသာ အဲရာထူးယူရင် တရားဝင် အုပ်ချုပ်သူဖြစ်လာမှာဆိုပေမဲ့ ဆရာတပည့်နှစ်ယောက်ရဲ့ ငကြောင်စရိုက်တွေအရ နောက်ဆုံး ညစ်ပတ်တဲ့အလုပ်ကို သူပဲလုပ်ရမှာ။
ဝူတိဂိုဏ်းထဲက ကျင့်ကြံသူအမတနှစ်ရာကို ဂရုစိုက်ရတာနဲ့တင် သူ့အားကုန်နေပြီ။ တကယ်လို့ တိုင်းပြည်တစ်လုံးသာ အုပ်ချုပ်ရရင်… ဟီးဟီး… သူအသက်တိုချင်စိတ်လုံးဝမရှိဘူး
ဒီတောင်းဆိုချက်ကို ငြင်းရမယ်။
“ခင်ဗျားတို့အားလုံးက မြင့်မြတ်တဲ့စိတ်ထားရှိပြီး ဂုဏ်သတင်းနဲ့အာဏာကို ဘာမှစွဲလမ်းမှုမရှိတာ သိပါတယ်၊ ဒါပေမဲ့…” ချန်ကောကြည့်ရတာ ဇဝေဇဝါဖြစ်နေပုံ။ သူ့မှာရွေးစရာမှ မရှိတာ။ ချုံးလန်ကအုပ်ချုပ်သူလိုတယ်။ ပြီးတော့ သူတို့က အသင့်တော်ဆုံးပဲ။
“အဲလိုဆိုမှတော့…” ကူယွဲ့မျက်လုံးက တောက်ပသွားပြီး အကြံပြုလာတယ်။
“တစ်ယောက်ယောက်ကို ထောက်ခံပေးလို့ရမလား”
“တကယ်လား”
ချန်ကောရဲ့ မျက်လုံးတွေက မျှော်လင့်တကြီး တောက်ပကုန်တယ်။
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်” ကူယွဲ့က အားပါးတရခေါင်းညိတ်ပြလာတယ်။
“သူက အကောင်းဆုံးရွေးချယ်မှုပဲ”
“ကျုပ် အမတရောင်းရင်း ကူယွဲ့ရဲ့ အကဲဖြတ်မှုကို ယုံကြည်ပါတယ်၊ သူက ဘယ်သူများပါလဲ”
“သူက…”
***
မိုင်အနည်းငယ်အဝေးမှာတော့။
ဟက်ချိုး
သူ့မျိုးနွယ်စုဝင်တွေကို အိမ်ဆီ ခေါ်ဖို့လုပ်နေတဲ့ ရွှင်ရှူး ရုတ်တရက် အကျယ်ကြီးချေမိလိုက်တယ်။ သူ ဘာလို့ရုတ်တရက်ကြီး ကျောချမ်းလာမိတာပါလိမ့်။
…