အခန်း ၁၇၁ ။ ကံကောင်းမှုနှင့် ပေါကြွယ်ဝမှု
ရှန်းရင်တို့တွေ အကြာကြီး မစောင့်လိုက်ရဘူး။ တစ်မိနစ်လောက်နေတော့ ဝင်ပေါက်ကနေ မသေမျိုးချီတွေ အလိမ့်လိုက်ဝင်လာပြီး ပုဂ္ဂိုလ်တစ်ဦး ဆင်းသက်လာတယ်။ ခန်းမထဲမှာတော့ အမတတွေအားလုံး ထရပ်ပြီး ဂါရ၀ပြုကြတာပေါ့။
“နှုတ်ခွန်းဆက်သပါတယ် အဇဋာဧကရာဇ်”
ဆံပင်အနက်၊ ဝတ်ရုံအဖြူနဲ့ အမျိုးသားတစ်ယောက် ခန်းမထဲ ဝင်လာတယ်။ သူ့ပတ်လည်က မသေမျိုးချီက ဒီရေလိုတက်လိုက်ကျလိုက်။ အတော်လေးကြည့်လို့ကောင်းတယ်။ မုန်လာဥ၊ ရွှင်ရှူးလို အထင်ကြီးရလောက်တဲ့ထိ မဟုတ်ပေမဲ့ ပုံမှန်ဆိုကြည့်ကောင်းတယ်လို့ စဉ်းစားနိုင်တဲ့ အမတဘုံမှာ သူက ကြည့်ကောင်းတဲ့လူထဲ ပါသေးတယ်။ သူ့ ကျယ်ပြန့်ပြီး ကြင်နာတဲ့ မျက်နှာက စည်းကမ်းတင်းကြပ်ပြီး ခက်ထန်တဲ့အမူအရာနဲ့။ နဉ်ဇီအန်းဘဝတုန်းက ရှိခဲ့တဲ့ တက်ကြွဝမ်းမြောက်မှုက ပျောက်ဆုံးသွားပြီ။ အခု သူက အဇဋာဧကရာဇ်ချန်ကော လုံးလုံးဖြစ်သွားတယ်။
ချန်ကောက လူအုပ်ကြီးကို ကြည့်ပြီး ခေါင်းကိုညိတ်ကာ ခန်းမထဲက ထိပ်ဆုံးခုံဆီ လျှောက်လာတယ်။ အဆာသွတ်မုန့် စားနေဆဲ ရှန်းရင်ဘေးက ဖြတ်သွားချိန် သူရပ်လိုက်တယ်။ ဧကရာဇ်တွေအားလုံး မတ်တတ်ထရပ်ပြီး သူ့ကိုဂါရ၀ပြုကြပေမဲ့ သူမကတော့ထိုင်လျက်သား။ ဘယ်သူမှ ဒါကို သတိထားမိတဲ့ပုံ မပေါ်ဘူး။
“ဂိုဏ်းချုပ်ရှန်း မတွေ့တာကြာပြီနော်” ချန်ကောက သူမရှေ့ရပ်ပြီး ဒီပုံမှန်မဟုတ်တဲ့ဆက်ဆံမှုကို စိတ်အနှောင့်အယှက် မဖြစ်သလိုမျိုး ပြုံးပြလာတယ်။
“ခရီးလမ်းချောမွေ့ခဲ့ရဲ့လား”
“အာ” သူမပါးစပ်ထဲ အဆာသွတ်မုန့်တွေ ပြည့်နေဆဲ။ သူ့မေးခွန်းကိုကြားတော့ သူမ မျိုချပြီး ဖြေလိုက်တယ်။
“အဆင်ပြေပါတယ် ကျေးဇူးပါ”
ဒါ… ဘယ်သူလဲ။
“ကောင်းပါတယ်” သူ့ကြည့်ရတာ စိတ်အေးသွားပုံနဲ့ ခေါင်းညိတ်ပြလေတယ်။
ဧကရာဇ်တွေရဲ့ အမူအရာက မည်းမှောင်သွားတာပေါ့။ အဇဋာဧကရာဇ် သူတို့တောင်းဆိုချက်ကို စိတ်ထဲမထားတာ မဆန်းတော့ဘူး။ အဇဋာဧကရာဇ်က ဝူတိဂိုဏ်းကို အရင်က မြင်ဖူးထားတာပဲ။ သူတို့ စိုးရိမ်စပြုလာတယ်။
ချန်ကောက သူ့ခုံဆီ ဆက်လျှောက်လာခဲ့တယ်။ ရုတ်တရက် ကောက်ကျစ်တဲ့အကြည့်တစ်ခုက သူတို့ဆီ ဖြတ်သန်းလာတယ်။ ကူယွဲ့ မော့ကြည့်လိုက်တော့ ချန်ကောနောက်ကနေ နီးနီးကပ်ကပ်လိုက်လာတဲ့ ယောက်ျားနဲ့ မိန်းမတစ်ယောက်။ လုမင်နဲ့ စိမ်းနုရောင်ဝတ်ရုံဝတ်ထားတဲ့ ဟွေ့လင်။ ဝတ်ရုံလဲတာ အတော်လေးမြန်သားပဲ။
ဟွေ့လင်က ရှန်းရင်ကို မကျေမနပ်ဖြစ်နေသေးတဲ့ပုံ။ ချန်ကောတစ်ဖက်လှည့်သွားတာကို အခွင့်အရေးယူပြီး ရှန်းရင်ကို စိန်းစိန်းဝါးဝါးကြည့်ကာ စုပ်သပ်တယ်။ “နင်စောင့်ကြည့်နေလိုက်” ဆိုတဲ့အထာနဲ့။ သူမက ချက်ချင်းပဲ လူတွေ သူ့ကိုမေးခွန်းထုတ်ရခက်အောင် နောက်တီးနောက်တောက် အပြစ်ကင်းတဲ့အမူအရာအဖြစ် အမြန်ပြောင်းလိုက်လေရဲ့။
ရှန်းရင် ခေါင်းစောင်းလိုက်တယ်။ ဟွေ့လင် သူမအမူအရာကို မပြောင်းလဲနိုင်ခင် ရှန်းရင် လက်နှစ်ဖက်လုံးသုံးကာ ပါးနှစ်ဖက်ကို အောက်ဆွဲချပြီး လျှာထုတ်ပြလိုက်တယ်။ အရမ်းကို ကျွမ်းကျင်တဲ့ မျက်နှာပြောင်ပေါ့။
ဟွေ့လင် ရှန်းရင်ကို ဒီလိုလုပ်မယ်မထင်ထားတဲ့ပုံနဲ့ ကြောင်အမ်းသွားခဲ့တယ်။ သူမက ခုန်လိုက်တာ ခြေထောက်က တစ်ခုခုနဲ့ တိုက်မိပြီး ရှေ့ထိုးလဲတော့တယ်။
“ညီမလေး” လုမင်က သူမမျက်နှာ ကြမ်းပြင်နဲ့မရိုက်ခင် အမြန်ကူဆွဲလိုက်တယ်။
“အဆင်ပြေရဲ့လား”
ထိုင်တော့မဲ့ချန်ကောတောင် လှည့်ကြည့်လာတယ်။
“လင်အာ ဘာဖြစ်တာလဲ၊ ဘယ်လိုလုပ် ဒီမှာလမ်းလျှောက်တာတောင် ချော်လဲနိုင်ရတာလဲ”
ဟွေ့လင် ဒီတစ်ကြိမ်တော့ ဒေါသအကြီးအကျယ် ထွက်နေပြီ။ သူမရဲ့ အပြစ်ကင်းတဲ့အမူအရာ မရှိတော့ဘူး။ သူမစိတ်ထဲ ကူယွဲ့လှောင်သံပဲကြားနေပြီး ရင်ဘတ်ထဲ ပူလောင်လာတယ်။ သူမမျက်လုံးတွေက နီရဲလာပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် မထားနိုင်ခင်မှာတင် ရှန်းရင်ကို လက်ညှိုးထိုးအော်ဟစ်တော့တယ်။
“ဆရာ သူ…သူ ကျွန်မကို တမင်သက်သက်ခြောက်တယ်”
ပုံမှန် ပြန်နေနေတဲ့ရှန်းရင်ကတော့ ခုံပေါ် တည်တည်ငြိမ်ငြိမ် ထိုင်နေလေပြီ။ ဒါဆိုလည်း ငါ့ကိုကိုက်လေ။
ကူယွဲ့က ထိတ်လန့်သွားတယ်။ ဆရာလား။ သူက ချန်ကောတပည့်ပေါ့။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
ချန်ကောက မျက်မှောင်ကြုတ်ပြီး ခပ်တင်းတင်းပြောတော့တယ်။
“လင်အာ စကားပြောတာ သတိထား”
“ကျွန်မ အမှန်တိုင်းပြောနေတာ” ဟွေ့လင် အခုတော့ လုံးဝကို ဒေါသထွက်နေပြီ။ သူမမျက်လုံးတွေက မျက်ရည်ဝဲလာပြီး စောနကဖြစ်ခဲ့တာတွေကိုပါ ပြန်စဉ်းစားနေတယ်။
“သူက ကျွန်မကို မကျေနပ်တာအသိသာကြီး၊ ခုလေးတင်… ခုလေးတင် ကျွန်မပေါ် လက်ဖက်ရည် လောင်းထားတာ၊ ဆရာတူအစ်ကိုလည်း မြင်လိုက်တယ်”
“ဆရာ…” လုမင်ကရှေ့တက်ပြောလာတယ်။
“ဆရာတူညီမက လိမ်နေတာ မဟုတ်ပါဘူး၊ ညီမလေးက စောနက ဒီကိုသိချင်စိတ်နဲ့ ဝင်လာတာ… ဒီဂိုဏ်းချုပ်က တကယ်ပဲ သူနဲ့ ပြဿနာရှိခဲ့တာပါ”
သူ စကားလည်းပြောပြီးရော ကူယွဲ့၊ ယိချင်းနဲ့ ရွှင်ရှူးတောင် အမူအရာတင်းမာကုန်တယ်။ စောနက ဘာဖြစ်တာလဲ။ လုမင်က ရှန်းရင် ဟွေ့လင်ကို အနိုင်ကျင့်တယ်လို့ပြောချင်နေတာ အသိသာကြီး။
ကူယွဲ့ စုပ်သတ်ပြီး ပြန်ခွန်းတုံ့ပြန်ဖို့ လုပ်လိုက်တယ်။
ချန်ကောအမူအရာက တင်းမာသွားပြီး အရင်စကားပြောလာတယ်။
“တော်တော့ ငါ ဂိုဏ်းချုပ်ရှန်းရဲ့ စရိုက်ကို ယုံကြည်တယ်၊ မင်းတို့နှစ်ယောက်က ငါတို့ဧည့်သည်တွေကို အရင်အပြစ်ပြုတာပဲ”
“ဆရာ…” ဟွေ့လင်က လုံးဝကို မယုံမကြည်နိုင်တဲ့ပုံစံမျိုး။
“သွားတော့” သူက အသံမာမာနဲ့ လုမင်ကို မျက်နှာချင်းဆိုင်လိုက်တယ်။
“မင်းက သူ့ဆရာတူအစ်ကို၊ တားဖို့တောင် မကြိုးစားဘဲ မင်းဆရာတူညီမကို သူ့ဘာသာ အရှက်ကွဲစေခဲ့တယ်၊ နှလုံးသန့်ရှင်းတောင်ဆီသွားပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချေ၊ အမိန့်မပေးမချင်း ထွက်ခွာခွင့်မရှိဘူး”
“ဆရာ…” လုမင် ဒူးထောက်ပြီး မျက်နှာက သွေးပျက်နေတယ်။
“မနက်ဖြန်က ပြိုင်ပွဲ…”
“မင်း ဝင်မပါရဘူး” သူက ဟွေ့လင်ကို ကြည့်လိုက်တယ်။
“မင်းရောပဲ၊ သွားတော့”
“ဆရာ” ဟွေ့လင်က အကြီးအကျယ် ရိုက်နှက်ချက်ခံလိုက်ရသလိုမျိုး ဖြစ်နေလေရဲ့။ ခလုတ်တစ်ခု ပွင့်သွားသလိုမျိုး မျက်ရည်တွေက သူ့မျက်လုံးထဲကနေ စီးကျလာတယ်။ သူမက ရှန်းရင်ကို လှည့်ကြည့်ပြီး နှာတရှုံ့ရှုံ့နဲ့ ခန်းမထဲကနေ ထွက်ပြေးသွားတော့တယ်။
လုမင်က ဆရာ့ကို ဂါရ၀ပြုပြီး ဖြူဖျော့နေတယ်။ နောက်တော့ သူ့အပြစ်ဒဏ်ကို ဆောင်ရွက်ဖို့ လှည့်ထွက်သွားတယ်။
“ဂိုဏ်းချုပ်ရှန်း” ချန်ကောက နွေးထွေးတဲ့လေသံနဲ့ စပြောတယ်။ သူက ရှန်းရင်ကို အားတုံ့အားနာ ကြည့်ပြီး ပြောလေတယ်။
“သူတို့ကို ကျုပ် သေချာမသင်ကြားပေးမိတာပါ၊ လင်အာက သေမျိုးဘုံက တပည့်ပါ၊ သူမဘဝက တကယ်ကို ခက်ခဲတော့ အလိုလိုက်မိသွားခဲ့တာ၊ ဒါက သူ့ကို ခင်ဗျားနဲ့ ပြဿနာတက်စေမိတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
“အော် ဘာမှမဖြစ်ပါဘူး” ရှန်းရင်က စိတ်မဝင်စားစွာ ဖြေလိုက်တယ်။
ကူယွဲ့က ပိုတောင်မျက်မှောင်ကြုတ်မိသွားတယ်။ ဒါက တိုက်ဆိုင်မှုလား။
ချန်ကောထိုင်ချပြီး ဧကရာဇ်တွေကို လှမ်းပြောတယ်။
“ဧကရာဇ်အပေါင်းတို့ ခရီးရှည်ကြီးလာခဲ့ရမှာပဲ”
သူတို့က ဗလုံးဗထွေး ပြန်ဖြေရပြီး ရှန်းရင်ထိုင်နေတဲ့နေရာဆီ အကြည့်ရောက်ကုန်တယ်။ ဒီမိန်းမက တကယ်ပဲ ဘယ်သူလဲ။ အဇဋာဧကရာဇ်က ဘာကြောင့် သူမအတွက် တပည့်ကို အဲလောက် ပြင်းပြင်းထန်ထန် ဆူရတာလဲ။ ဝူတိဂိုဏ်းအပေါ် သူတို့သံသယတွေ မြင့်တက်လာခဲ့တယ်။
တရားဝင်ဆွေးနွေးမှုတွေ၊ စီးပွားရေးညှိနှိုင်းချက်တွေ ဆက်ပြီးလိုက်လာတယ်။ ပြိုင်ပွဲအတွက် အစီအစဉ်နဲ့ခန်းမအကြောင်း အကြမ်းဖျင်းပြောပြီးနောက်တော့ သူတို့ကိုပြန်လွှတ်လိုက်တယ်။
ထူးဆန်းတာက နဂိုအဲလိုပတ်ဝန်းကျင်မှာ အိမ်လိုမျိုးနေတတ်သူ ကူယွဲ့က တစ်ချိန်လုံးဘေးမှာ တိတ်တိတ်လေး ထိုင်နေခဲ့တယ်။ ကြည့်ရတာ အတွေးနစ်မြုပ်နေပုံပဲ။
——————
နောက်နေ့ကတော့ တရားဝင်ပြိုင်ပွဲ။
ကူယွဲ့ သူတို့ဂိုဏ်းနေရာဆီ ပြန်ရောက်တာနဲ့ နောက်တစ်နေ့အတွက် ပြိုင်မဲ့တပည့်၁၅ယောက်ကို နည်းဗျူဟာတွေ ဆွေးနွေးဖို့ဆင့်ခေါ်လိုက်တယ်။
ဒီပြိုင်ပွဲက အောက်ဘုံကပြိုင်ပွဲတွေနဲ့အတော်လေးကို ကွဲပြားတယ်။ အမတဘုံက ပိုပြီးမြင့်မားတဲ့ ကျင့်ကြံဆင့်ရှိတဲ့လူတွေနဲ့ ပြည့်နေတယ်။ ပြီးတော့ အုပ်စုတစ်ခုစီအတွက် ပြိုင်ပွဲကို တစ်ချိန်တည်း ကျင်းပမှာ။ ဧကရာဇ်ငယ်အဆင့်ထက် မြင့်တဲ့လူတိုင်း ဆန်းကြယ်ဘုံတွေကိုဖွင့်နိုင်ပြီ။
ဒီမှာရှိတဲ့ အမတသွေးကြောအရေအတွက်ကြောင့် နေရာအနှံ့မှာ မသေမျိုးချီတွေအများကြီး။ ချန်ကောက ချက်ချင်း ပြိုင်ပွဲဝင်တစ်စုချင်းစီကို ဆန်းကြယ်ဘုံတွေဖွင့်ပေးတယ်။ ဆန်းကြယ်ဘုံတစ်ခုချင်းစီထဲက အနေအထားက လုံးဝကိုကွဲပြားတယ်။ ပြိုင်ပွဲတစ်ခုပြီးမှတစ်ခု ကျင်းပစရာမလိုဘူး။ သူက အုပ်စုတွေခွဲပေးပြီး ဆိုင်ရာဘုံဆီ ပို့ပေးလိုက်တယ်။
အထဲကလူတွေက သူတို့ကြိုက်တဲ့လူကို တိုက်ခိုက်ခွင့်ရှိတယ်။ တစ်ယောက်ချင်းစီကို သတို့ ဆန်းကြယ်ဘုံကထွက်ချင်တဲ့အချိန် ထွက်လို့ရအောင် အမတအဆောင်တွေ တွဲပေးထားတယ်။
တစ်ဖွဲ့စီမှာ အင်းကွက်အလံဆယ်ခုပါပြီး ဆန်းကြယ်ဘုံကို ခြောက်နာရီကြာရင် ပိတ်ဖို့ သတ်မှတ်ထားတယ်။ အထဲကလူတိုင်း အဲမတိုင်ခင် အပြင်ကိုထုတ်ခံရပြီး အလံကိုပိုင်ထားတဲ့လူတိုင်း အနိုင်ရသူအဖြစ် သတ်မှတ်ခံရမယ်။
ရိုးရှင်းပြီး ထိမိတယ်။
ထိပ်ဆုံးဆယ်ယောက်ကို ရွေးပြီးရင် အဆင့်သတ်မှတ်ဖို့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ရမယ်။
“ဒီပြိုင်ပွဲအတွက် စုစုပေါင်း လေးစုရှိမယ်၊ အဖွဲ့အလိုက်ကွဲသွားမှာ” ကူယွဲ့ညွှန်ကြားလိုက်တယ်။
“ဒါကြောင့် မစိုးရိမ်နဲ့၊ မင်းတို့ ဆန်းကြယ်ဘုံထဲ တွေ့ရမဲ့လူအားလုံးက မင်းတို့ပြိုင်ဘက်အဆင့်တွေပဲ၊ တိုက်ခိုက်နေကျအတိုင်းသာ တိုက်ခိုက်”
“ဟုတ်ကဲ့” လူတိုင်းတုံ့ပြန်လာတယ်။
“ယွီဟုန် စစ်ယွီ” သူ့ညာဘက်က မိန်းကလေးနှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။
“ရွှေအမတအုပ်စုမှာ စုစုပေါင်း၅ယောက်ရှိတယ်၊ မင်းတို့နှစ်ယောက်က အဖွဲ့ကိုဦးဆောင်၊ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်”
“ဟုတ်ကဲ့ အကြီးအကဲ” သူတို့ခေါင်းညိတ်ပြလိုက်တယ်။
“မြေအမတတွေကတော့…” သူ ကျန်တဲ့ဆယ်ယောက်ကို ကြည့်လိုက်တယ်။ အများစုက နောက်ကျမှ ဝင်လာတဲ့သူတွေ။ သူတို့က အတွေ့အကြုံမရှိသေးဘူး။
“ဖုန်းယင်၊ ချန်းယွီ၊ မင်းတို့က ပိုအတွေ့အကြုံရှိတယ်၊ ဆန်းကြယ်ဘုံထဲ လေ့ကျင့်တာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး၊ မင်းတို့ကို လွှဲထားမယ်”
“ကောင်းပြီ” ဖုန်းယင် ခေါင်းညိတ်ပြလိုက်တယ်။
“မစိုးရိမ်ပါနဲ့ ညီနောင်ကူယွဲ့၊ ကျုပ် သူတို့ကို စောင့်ရှောက်လိုက်မယ်”
“ကောင်းပြီ၊ ဆန်းကြယ်ဘုံက ဘယ်လိုမျိုးလဲဆိုတာ မနက်ဖြန်ထိ ဘယ်သူမှမသိဘူး၊ အင်းကွက်အလံတစ်ခု ရရင် ကောင်းမယ်ဆိုပေမဲ့ မရလည်း အရမ်းကြီး မင်းတို့ကိုယ်မင်းတို့ ဖိအားမပေးနဲ့” ကူယွဲ့ ငုံ့လိုက်တယ်။
“ဘေးကင်းကင်း ထွက်လာဖို့ ပိုအရေးကြီးတယ်”
သူတို့တွေက ပြိုင်ပွဲကျင်းပမဲ့နေရာနဲ့ မရင်းနှီးတာမို့ နည်းစနစ်တွေ၊ သိုင်းတွေဆွေးနွေးလည်း အသုံးမဝင်ဘူး။
သူ သက်ပြင်းချပြီး စားပွဲပေါ်မှောက်ခုံလှဲနေတဲ့ ငပျင်းရွှံ့တုံးကို လှမ်းကြည့်လိုက်တယ်။
“ဟေး မင်းက ဂိုဏ်းချုပ်နော်၊ သူတို့ကိုညွှန်ကြားချက်တွေ ပေးလို့ရလား”
“အော်” ရှန်းရင်က လှည့်လာပြီး တစ်ခဏစဉ်းစားနေတယ်။
“တကယ်တော့ ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်”
ကူယွဲ့မှင်တက်သွားပြီး သူမကို အံ့ဩတကြီး ကြည့်လိုက်တယ်။
“ဘာအစီအစဉ်လဲ”
“အဖက်မလုပ်နဲ့”
“ဟမ် ဘာဆိုလိုတာလဲ”
“ပြောကြတာရှိတယ်လေ အဖက်မလုပ်ရင် အသက်ရှည်ရှည်နေရမယ်တဲ့”
ကူယွဲ့ ။ ။ “…”
လူအုပ်ကြီး ။ ။ “…”
ငါ့ဖင်ကို အဖက်မလုပ်။ သူတို့တွေ ကြက်ကင်စားတဲ့ပြိုင်ပွဲ ဝင်ပြိုင်တယ်များထင်နေလား။ သူတို့ အဖက်မလုပ်တာနဲ့ပဲ မသေဘူးလို့ထင်နေတာလား။
“ဆရာပြောတာ အဓိပ္ပာယ်ရှိတယ်လို့ထင်တယ်” ယိချင်းက သဘောတူလာတယ်။
ကူယွဲ့က စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ မင်းက မင်းဆရာကိုကြိုက်နေတာလေ သေချာပေါက် သူပြောတာမှန်သမျှ သဘောတူမှာပေါ့။
ဒါပေမဲ့ ယိချင်းကတော့ သူ့ကို လျစ်လျူရှုထားပြီး ဆင်ပြောတယ်။
“မြေအမတနဲ့ ရွှေအမတအုပ်စုတွေမှာ အမတတွေအများကြီး၊ မြေအမတနဲ့တင် အယောက်၁ထောင်ကျော်ရှိတယ်၊ ပြောရရင် တခြားတိုင်းပြည်တွေက အနည်းဆုံး မြေအမတအယောက်၁ရာစီ ခေါ်လာကြတာ၊ ကျွန်တော်တို့မှာကနည်းနည်းပဲရှိတယ်၊ တကယ်လို့ အလံတွေကို ရရင်တောင် အဲဒီလူအုပ်ကြီးကိုနိုင်နိုင်မှာမဟုတ်ဘူး၊ တခြားတိုင်းပြည်ကလူတွေ အချင်းချင်း တိုက်ခိုက်တာပြီးတဲ့အထိ ထောင့်တစ်နေရာမှာ စောင့်နေရင်ရော၊ အဲနည်းနဲ့ဆို အရေအတွက်ကနည်းသွားမှာပဲ၊ အလံတွေနဲ့ အောင်ပွဲရမဲ့အခွင့်အရေးလည်းများလာလိမ့်မယ်”
ကူယွဲ့က တန့်သွားတယ်။ ဒီလိုနည်းနဲ့စဉ်းစားကြည့်တော့ အဓိပ္ပာယ်ရှိသလိုပဲ။
တပည့်တွေလည်း နားလည်သွားတယ်။ သူတို့တွေက ရှန်းရင်ကို မျက်လုံးအရောင်တလက်လက်နဲ့ ကြည့်ကျတော့တယ်။ သူမက ဂိုဏ်းချုပ်ဖြစ်ဖို့တကယ်ပဲ ထိုက်တန်ပါရဲ့
“ကောင်းပြီလေ၊ ဒါဆို ငါတို့ ဒီလိုလုမှာပေါ့၊ မင်းတို့ ဝင်ဝင်ချင်း တိုက်ခိုက်ဖို့စိတ်အားထက်မသန်နဲ့ဦး၊ တိုက်ခိုက်ဖို့အခွင့်အရေးကောင်းကိုစောင့်”
“ဟုတ်ကဲ့”
ရှန်းရင် လက်ယမ်းပြလိုက်တယ်။
“အကောင်းဆုံးပေါ့၊ ကံကောင်းပါစေ၊ မနက်ဖြန် ကြက်သားစားကြ”
ကူယွဲ့ ။ ။ “…” သောက်ကျိုးနည်း ကြက်သားစားဖို့ ပြောနေသေးတယ်။
ယိချင်း ။ ။ “…” ဆရာက မနက်ဖြန်ကြက်သားစားချင်တာပဲ။ ဒီနေ့ပြင်ထားရမယ်။
တပည့်အားလုံး ။ ။ “…” ဂိုဏ်းချုပ်က တကယ်ပဲ ဉာဏ်ထက်လှပါပေတယ်
——————
ဆန်းကြယ်ဝိညာဉ်များအစည်းအဝေး။
ရှန်းရင်တို့စောစောရောက်လာတယ်လို့ စဉ်းစားနိုင်ပေမဲ့ ပြိုင်ပွဲကျင်းပရာနေရာက လူပြည့်ကျပ်နေပြီ။ အနည်းဆုံး လူတစ်သောင်းလောက် ရှိနေတယ်။ ဒါက သူတို့ ဟိုတစ်နေ့က ကောင်းကင်အလွန်မှကောင်းကင်များမှာ မြင်ခဲ့ရတဲ့လူတွေထက်တောင် အများကြီးပဲ။
သူတို့ ဟိုဟိုဒီဒီမေးကြည့်လိုက်တော့ ဖုန့်ချန်တိုင်ကြီးက ဧကရာဇ်တွေအပြင် တခြားတိုက်တွေကပါ ပြိုင်ပွဲထဲဝင်ပြိုင်ဖို့ လူတွေလွှတ်လိုက်တယ်ဆ်ုတာ သိလိုက်ရတယ်။ ကူယွဲ့ နောက်တစ်ကြိမ် သူ့တပည့်တွေကို လှမ်းပြောပြီး အားပေးလိုက်တယ်။
သူ ရှန်းရင်ကိုပါ ဆွဲခေါ်ပြီး သူမရဲ့ ငတုံးပရိသတ်တွေကို အားပေးခိုင်းသလို တိုက်ပွဲနေရာဆီ ကိုယ်တိုင်လိုက်ပို့ခဲ့တယ်။
နောက်တော့ သူ ရှန်းရင်နဲ့ ယိချင်းကို ပွဲကြည့်စင်မြင်ဆီ ခေါ်လာလိုက်တယ်။
ပွဲကြည့်စင်မြင့်ပေါ်မှာလည်း လူတွေအများကြီး – ချန်ကောတောင် အဲမှာရောက်နေပြီ။
“သုံးယောက်သား ရောက်လာပြီပဲ” ချန်ကောပြုံးပြီး သူတို့ကို လက်ယမ်းပြလိုက်တယ်။
“အဇဋာဧကရာဇ်” ကူယွဲ့နဲ့ ယိချင်း တယဉ်တကျေး ဂါရ၀ပြုနှုတ်ဆက်လိုက်တယ်။
“ဟေး” ရှန်းရင် လက်ယမ်းပြလိုက်ပေမဲ့ နာမည်မမှတ်မိဘူး။ ခေါင်းထဲထွက်လာတဲ့စကားနှစ်လုံးကို သူမပြောလိုက်တယ်။
“ငါးဆားနယ်လား”
“ဟီးဟီး…” ကူယွဲ့ တံတွေးနင်သွားပြီး သူမကို ဒေါသတကြီးကြည့်လိုက်တယ်။ မင်း သူ့နာမည်ကို မှတ်မိသင့်တယ်လေ။ “ငါးဆားနယ်” က သောက်ကျိုးနည်းဘာကြီးတုံး။ သူ မင်းရဲ့ငါးနဲ့ ရိုက်တာခံထားရင်တောင် အဲလိုခေါ်ခံစရာမလိုဘူးမလား။
ချန်ကော သူ့ကိုအူကြောင်ကြောင် စိုက်ကြည့်မိနေပြီး ဘာအဓိပ္ပာယ်လဲဆိုတာ နားမလည်နိုင်ဖြစ်နေတာ အသိသာကြီး။ သူက ဆက်မမေးဖို့တော့ဘဲ ဆုံးဖြတ်လိုက်ပြီး သုံးယောက်သားကိုထိုင်ခိုင်းကာ ဘေးကလူကို တစ်ချက်ကြည့်လိုက်တယ်။
“ဂိုဏ်းချုပ်ရှန်း…” သူ့ဘေးမှာတစ်ချိန်လုံးရပ်နေတဲ့ ဟွေ့လင်က လျှောက်လာတယ်။
ကူယွဲ့နဲ့ယိချင်း အလိုလိုမျက်မှောင်ကြုတ်မိလိုက်တယ်။ သူက ဂူတွင်းပုန်းသိုင်းကျင့်နေရတာ မဟုတ်ဘူးလား။ ကြည့်ရတာ ချန်ကောက ဘယ်လိုပဲဖြစ်ဖြစ် သူ့တပည့်တွေကို မျက်နှာသာပေးနေဆဲပုံပဲ။
ဒါပေမဲ့ အဲဟွေ့လင်အပြုအမူက အခုလုံးဝကွာခြားသွားပြီဆိုတာ သိသာတယ်။ သူမက ရှန်းရင်ကို ဂါရ၀ပြုလိုက်တယ်။
“လင်အာ မနေ့က ရိုင်းပျမိလို့ နှစ်ယောက်ကြားထဲ ပဋိပက္ခဖြစ်သွားခဲ့ပါတယ်၊ ကျေးဇူးပြုပြီး သဘောထားကြီးစွာနဲ့ လင်အာရဲ့အမှားတွေကို ခွင့်လွှတ်ပေးပါ ဂိုဏ်းချုပ်ရှန်း”
ဟွေ့လင်က ရှန်းရင် မတုံ့ပြန်ဘူးဆိုတာ မြင်ရတော့ ချန်ကောကို စိတ်ရှုပ်ထွေးစွာနဲ့ လှမ်းကြည့်လိုက်တယ်။ အံကြိတ်ပြီး သူမက ဒူးထောက်ချလိုက်လေရဲ့။
ရှန်းရင်က ဘာမှမပြောသေးဘူး။ အကျင့်အတိုင်း သူမက ဖေဖေနျိုဘက် လှည့်လိုက်တယ်။
“ရောင်းရင်းအမတ ကျေးဇူးပြုပြီး ဒီလိုမျိုး မလုပ်ပါနဲ့” သူမ ပြောဖို့လိုတာ ပြောပြီးသွားပြီ။
အငြိုးထားနေလို့ အကျိုးရှိတော့တာမှမဟုတ်တာ။ ကူယွဲ့ ပြန်ဖြေလိုက်တယ်။
“ပြီးတော့ ဒါကကိစ္စသေးလေးပါပဲ၊ ကျုပ်တို့ဂိုဏ်းချုပ်က စိတ်ထဲမထားပါဘူး”
တကယ်လို့ စိတ်ထဲထားနေရင် လက်ဖက်ရည်ခွက်ပဲ လောင်းချမှာမဟုတ်ဘူး – သူက မင်းဖြစ်တည်မှုတစ်ခုလုံးကို သံသယဝင်အောင် လုပ်လိမ့်မယ်
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” အဲတော့မှ ဟွေ့လင်က ထရပ်တယ်။ ဒါပေမဲ့ သူမက တာဝန်ပြီးမြောက်သွားသလိုမျိုး ချန်ကောဘက်လှည့်ပြီးဘေးနားပြန်ရောက်သွားတယ်။ သူမမျက်နှာက သူမခံစားနေရတဲ့ မုန်းတီးမှုနဲ့ မခံမရပ်နိုင်ဖြစ်နေမှုကို သစ္စာဖောက်နေတယ်။
“ဂိုဏ်းချုပ်ရှန်းက တကယ့်ကိုသဘောထားကြီးတဲ့လူပဲ” ချန်ကောက ဘေးက ဟွေ့လင်ကို အာရုံမစိုက်။ အဲအစား သူက သူတို့သုံးယောက်ကို ဆက်ပြုံးပြနေတယ်။
သူက ရှန်းရင်ကို နားမလည်နိုင်သေးဘူး။ သူမက မသေမျိုးချီနည်းနည်းပဲပါတဲ့ သာမန်မြေအမတနဲ့ပဲ တူပြီး ဘယ်အမတမဆို သူ့ကိုသတ်နိုင်လောက်တဲ့အထိ အားနည်းတယ်။ ဒါပေမဲ့ ဧကရာဇ်ငယ်ယိချင်းနဲ့ အဆင့်မြင့်အမတကူယွဲ့က သူမက သူတို့ခေါင်းဆောင်ဖြစ်ထိုက်သလိုမျိုး လေးလေးစားစား ဆက်ဆံနေတယ်။ သူ နဉ်ဇီအန်းဘဝနဲ့ ဝူတိဂိုဏ်းမှာ နေတုန်းကတောင် ဂိုဏ်းထဲကတပည့်အားလုံးနီးပါး သူမကို လေးစားကြတယ်။
အစကတော့ တပည့်တွေက သူမက ယိချင်းဆရာမို့ ဒီလိုဆက်ဆံတယ်ထင်ခဲ့ဝာာ။ ဒါပေမဲ့ နောက်ပိုင်း သူ စိတ်နတ်ဆိုးတွေ လွှမ်းမိုးတာခံရပြိး နတ်ဆိုးဘုံထဲဝင်သွားခဲ့ချိန် နတ်ဆိုးဘုရင်တောင် သူမအလိုကျအတိုင်း လိုက်လုပ်နေတာ သိခဲ့ရတယ်။
သူမက သူထင်ထားသလိုမျိုး မရိုးရှင်းသလို မြင်နေရတဲ့ပုံစံနဲ့ မတူဘူးလို့ ခန့်မှန်းမိတယ်။ ကူယွဲ့နဲ့ယိချင်းရဲ့ကျင့်ကြံဆင့်တွေက သူမကြောင့်သာ ဒီလောက်မြန်မြန်တက်လှမ်းနေတာလို့တောင် ခန့်မှန်းမိတယ်။ နတ်ဆိုးဘုရင်ထဲ အကြောက်တရားကို ရိုက်သွင်းနိုင်သူက… ကောင်းကင်မျိုးနွယ်နဲ့ ပတ်သက်နေနိုင်တယ်။ သူအဲလိုလူမျိုးကို အပြစ်ပြုလို့မဖြစ်ဘူး။
“ဆရာ ပြိုင်ပွဲက စတော့မယ်” ယိချင်း သူမကို သတိပေးလိုက်တယ်။
တကယ်ပဲ အောက်ဘက်က ကွင်းပြင်မှာ တပည့်အုပ်လိုက်ကြီးတွေ စုဝေးကြတယ်။ ပွဲကြည့်ပရိသတ်ကြီးရဲ့ရှေ့မှာ ကျောက်တံခါးကြီးလေးခု ထူထားတယ်။
တစ်ခုချင်းစီမှာ ရှုပ်ထွေးတဲ့ အင်းကွက်အစီအရင်တွေ ခင်းထားပြီး တောက်ပနေတယ်။ တံခါးတွေနောက်မှာတော့ မြက်ခင်းစိမ်းတွေနဲ့ တောင်တန်းတွေကို ခပ်ရေးရေးမြင်နေရလေရဲ့။
“ဆရာ ကျွန်မသွားတော့မယ်” ဟွေ့လင်ရုတ်တရက် အသိပေးလိုက်တယ်။
“ကောင်းပြီလေ သတိထားနော်” ချန်ကော ခေါင်းညိတ်ပြလိုက်တယ်။
ဟွေ့လင်က ဓားပေါ်တက်ပြီး ဘယ်ဘက်ဝင်ပေါက်က အမတအုပ်စုတွေဆီ ပူးပေါင်းဖို့ ပျံသန်းသွားတယ်။
ကြည့်ရတာ ပြိုင်ပွဲမှာဝင်ပြိုင်မဲ့ပုံပဲ။ ချန်ကောက သူမကို အလွယ်တကူ လွှတ်ပေးတာ မထူးဆန်းတော့ဘူး။ လုမင် ဘာဖြစ်သွားလဲဆိုတာတော့ ကူယွဲ့ သိချင်မိသား။
ချန်ကော အစီအရင်တစ်ခုဖန်တီးလိုက်တယ်။ ကျောက်သလင်းတွေက သူတို့ရှေ့ပေါ်လာတယ်။ တစ်ခုချင်းစီထဲမှာ ဆန်းကြယ်ဘုံတစ်ခုစီရဲ့ ပုံရိပ်တွေရှိနေတယ်။ ပြိုင်ပွဲအစမှာပေါ်လာမဲ့ ဆန်းကြယ်ဘုံတွေပေါ့။ သူတို့က ဗလာကျင်းနေသေးပေမဲ့ ပတ်ဝန်းကျင်အမျိုးမျိုးရှိနေတာ သေချာမြင်ရတယ်။ တောင်တန်းမြင့်ကြီးတွေ၊ ကြည်လင်နေတဲ့ရေကန်တွေ၊ မြက်ခင်းစိမ်းတွေ၊ နှင်းတွေနဲ့ပေါ့။
ချန်ကော ထရပ်ပြီး ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်တယ်။ ကျောက်တုံးတံခါးတွေပေါ်က အစီအရင်က ပွင့်သွားပြီး ဝင်ပေါက်တွေပေါ်လာတယ်။ တပည့်တွေက ဝင်ပေါက်အသီးသီးဆီ ပျံသန်းသွားကြတယ်။ ဝူတိဂိုဏ်းကတပည့်တွေကတော့ အလယ်တစ်ခုကို ရွေးလိုက်တယ်။ သူတို့က စောလည်းမစောလွန်း နောက်လည်းမနောက်ကျလွန်း။
ဆန်းကြယ်ဘုံထဲဝင်တာနဲ့ အင်းကွက်အလံတွေကို ပြောင်ပြောင်တင်းတင်း လိုက်ရှာတဲ့ အမတတွေနဲ့ယှဉ်ရင် ဝူတိဂိုဏ်းတပည့်တွေက ပိုပြီးမလှုပ်မယှက်။ သူတို့တွေ အနားက ထူပြီးလူသိပ်မသိသာတဲ့ ချုံပုတ်တစ်ခုကို ရှာပြီး ကိုယ်ပျောက်အင်းကွက်တစ်ခုချထားလိုက်တယ်။ နောက်တော့ စီစီရီရီထိုင်ပြီးနားနေလေရဲ့။
သူတို့တွေက အတော်လေးကိုလေးလေးနက်နက်ကြီး အဖက်မလုပ်နေကြတာပဲ။
တစ်ချက်လေးတောင် မလှုပ်သွားဘူး။
…