အခန်း ၁၇၂ ။ အလံများကို အနိုင်ရခြင်း
ကူယွဲ့ သူ့ရှေ့က သလင်းကျောက်ကို အာရုံစိုက်ထားတယ်။ သလင်းကျောက်က ဆန်းကြယ်ဘုံထဲ ဖြစ်နေသမျှကို ဖော်ပြနေတယ်။ အလံတစ်ခုစီမှာ ဂါထာတွေရွတ်ထားလို့ ပွဲကြည့်စင်ပေါ်က ဧကရာဇ်တွေက အလံတစ်ခုစီက ဘယ်နေရာမှာရှိနေလဲဆိုတာ မြင်နေရတယ်။
တစ်နာရီအတွင်းမှာတင် အင်းကွက်အလံဆယ်ခုထဲက အများစုကို ရှာတွေ့သွားပြီ။ နှစ်ခုသုံးခုပဲ ကျန်နေတော့တယ်။
ကူယွဲ့က သူ့ဂိုဏ်းကတပည့်တွေရဲ့နေရာကို အလိုလိုရှာလိုက်မိတယ်။
ဖုန်းယင်မှာက စနစ်ရှိတယ်။ မြေအမတအုပ်စုက အဖက်မလုပ်တဲ့နေရာမှာ အရမ်းကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နေတာ သိသာလှတယ်။ ပြီးတော့ သူတို့နားဖို့ ရွေးထားတဲ့နေရာက ဝင်ပေါက်နားမှာ။ အင်းကွက်အလံတစ်ခုခု ဝင်ပေါက်နားမှာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ လူအများစုက အလံတွေကိုရှာဖို့ ဆန်းကြယ်ဘုံရဲ့အတွင်းပိုင်းတွေဆီ သွားပြီး အနည်းစုပဲ ဝင်ပေါက်ဆီ ပြန်လာကြတာ။ တစ်ယောက်စနှစ်ယောက်စ ပေါ်လာပေမဲ့ ခြိမ်းခြောက်မှုတစ်ရပ်တော့ မဟုတ်ဘူး။
သူတို့ခန့်မှန်းသလိုမျိုးပဲ အစတုန်းကတော့ ဝင်သွားတဲ့ အမတတွေက သူတို့တိုင်းပြည်က တခြားအမတတွေနဲ့ တပူးပူးတတွဲတွဲပေါ့။ ဒါပေမဲ့ အလံက ဆယ်ခုပဲရှိတော့ အချိန်ကြာလာတာနဲ့အမျှ သူတို့တွေက လမ်းခွဲသွားကြတယ်။ တဖြည်းဖြည်း ပယ်ထုတ်ခံရတဲ့ လူတွေများလာတာမို့ တူတူတွဲကျန်ရစ်ခဲ့တဲ့လူတွေက နှစ်ယောက်၊ သုံးယောက်အုပ်စုတွေပဲ။ အလံဆယ်ခုကို အဲချိန် အကုန်ရှာတွေ့သွားကြပြီ။
လူအများစုက အင်းကွက်အလံတွေကို ဂရုတစိုက် ကာကွယ်ပြီး ပြိုင်ပွဲပြီးမှာကို စောင့်နေတဲ့အချိန်မှာတင် လေးနာရီလောက် နားနေတဲ့ ဝူတိဂိုဏ်းက နောက်ဆုံးတော့ လှုပ်ရှားစပြုလာတယ်။ တစ်ချက်မှ ထပ်မတွေးဘဲ သူတို့နဲ့အနီးဆုံး အလံပိုင်တဲ့အဖွဲ့ဆီ ချီတက်တော့တယ်။ အဲအဖွဲ့မှာက လူသုံးယောက်ပဲရှိတာ။ ဆယ်ယောက် သုံးယောက် – ဘယ်သူအသာစီးရနေလဲဆိုတာ အသိသာကြီး။ သူတို့တွေ အင်းကွက်အလံကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့တယ်။ သူတို့တွေဆန်းကြယ်ဘုံအတွင်းပိုင်းထဲ ဝင်လာချိန် ပိုပြီးတောင်လွယ်ကူလာတယ်။
စနစ်ထောက်ပံ့ထားတဲ့ မြေပုံနဲ့ဆိုတော့ ကောင်းကောင်းပုန်းနေတယ်ဆိုတဲ့အဖွဲ့တွေကိုတောင် ခြေရာခံနိုင်တယ်။ သူတို့တွေ အလံတွေအကုန်လုံးနီးပါးကို အပိုင်သိမ်းနိုင်သွားတယ်။ လူတွေက သူတို့နည်းဗျူဟာကို သိသွားပြီး အတူတူ ပြန်တိုက်ဖို့ ကြိုးစားချိန် နောက်ကျလွန်းသွားခဲ့ပြီ။ ဆန်းကြယ်ဘုံက ကြီးလွန်းတယ်။ လမ်းကွဲဖို့ကလွယ်ပေမဲ့ ပြန်စုဖို့က အရမ်းကိုခက်တာ။ အဇဋာဧကရာဇ်ရဲ့မြင်ကွင်းထဲ ဖောက်ဝင်ထားတဲ့ စနစ်ကလွဲ လူတိုင်း တစ်ယောက်ကို တစ်ယောက်က ရှာတွေ့ဖို့အခက်တွေ့တယ်။
ဧကရာဇ်တွေက အစကတော့ စိတ်တန်ခိုးအမတနဲ့ မဟူရာအမတအုပ်စုတွေကိုပဲ စိတ်ဝင်စားတာ။ နောက်တော့ မြေအမတအုပ်စုက အင်းကွက်အလံတွေက စုစည်းလာတာကိုမြင်ချိန် သူတို့ ထိတ်လန့်သွားခဲ့ကြတယ်။ ပထမက အလံနှစ်ခု၊ နောက်တော့ သုံးခု… လေးခု… ငါးခု… နောက်ဆုံးတော့ အလံတစ်ဝက်က အတူတူစုစည်းသွားပြီး အလံအရေအတွက်က တိုးလာတယ်။
သူတို့ လူဆယ်ယောက်ပဲရှိတဲ့ အဖွဲ့နောက်ကို သေချာလိုက်ကြည့်စပြုလာပြီး မှော်အတတ်အများစုကို အရှေ့ကလူနှစ်ယောက်က သုံးပေးသွားတာ မြင်လိုက်ရတယ်။ အနောက်က တခြားသူတွေက မှော်အတတ်ကို မသုံးဘဲ သူတို့ခြေလက်တွေကိုပဲ အသုံးချနေတာ။ သူတို့မနေနိုင်ဘဲ စပြီး ခန့်မှန်းကြည့်တော့တယ်… ကျန်တဲ့၈ယောက်အားလုံးက ဓားအမတများလား။ ကြည့်နေတဲ့လူတွေက ဒါကို စိတ်ထဲတော့ မထားကြဘူး။ ဓားအမတတွေက မြင်နေကျ မဟုတ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မြေအမတတွေပဲလေ။ သူတို့ကိုယ်ခန္ဓာပတ်လည်က အဲလောက် ပြင်းထန်မှာ မဟုတ်ဘူး။
နောက်တော့… သူတို့က လူဆယ်ယောက်ကျော် အဖွဲ့နဲ့တွေ့သွားတယ်။ လူဆယ်ယောက်အုပ်စု အရွယ်အစားက သူတို့ကို အသာစီးမရစေတော့ဘူး။ တခြားအုပ်စုက သူတို့ကို အမြန်ပဲ ဝိုင်းထားလိုက်ကြပြီး နဂိုကဦးဆောင်နေတဲ့ အမတနှစ်ယောက်က တဖြည်းဖြည်း နောက်ဆုတ်သွားကြတယ်။ ဧကရာဇ်တွေ စိတ်အေးသွားပြီး သက်ပြင်းချလိုက်တာပေါ့။ ကြည့်ရတာ အဲဆယ်ယောက်အုပ်စုက ဒီလောက်ထိပဲသွားနိုင်တော့မဲ့ပုံပဲ။
သူတို့မျက်စိရှေ့မှာတင် အင်းကွက်အလံတွေကို ခက်ခက်ခဲခဲ ရယူအပြီးမှာ လုယူခံလိုက်ရတာ ကြည့်နေခဲ့ရတယ်။ ဒါပေမဲ့ အခြေအနေတွေက ရုတ်တရက် အဆိုးဘက်ပြောင်းလဲသွားပြီ။
အာ အဲဒီခေါင်းဆောင်နှစ်ယောက်က ဘာလို့နောက်မှာပုန်းနေတာလဲ။ သူတို့အဖွဲ့ကို ထားခဲ့တော့မို့လား။
အာ ဘာလို့ရှစ်ယောက်က သူတို့လက်နက်တွေကို လွှင့်ပစ်လိုက်တာလဲ။
အာ သူတို့ကိုယ်ခန္ဓာပတ်လည်က အမတချီတွေ ဘာလို့အားပြင်းလာတာလဲ။
အာ နူးညံ့ပုံပေါ်တဲ့မိန်းကလေးတွေက ခုဗလကြီးတွေနဲ့ ဘာလို့ တူလာတာလဲ။
အာ မှော်အစွမ်းက သူတို့ကိုယ်ပေါ် ဘာလို့ လုံးဝသက်ရောက်မှုမရှိရတာလဲ။
အာ တခြားအုပ်စုရဲ့ အမတလက်နက်တွေကို ဘာလို့ တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တာလဲ။
အာ ပြိုင်ဘက်တွေရဲ့ အဆောင်ကို ခြေမွှပြီး ပြိုင်ပွဲထဲကထုတ်တာက အဆင်ပြေပါတယ် – ဒါပေမဲ့ သူတို့က ဘာလို့ လူတွေကို ဝင်ပေါက်အပြင်ကို ပစ်ထုတ်နေရတာလဲ။ ပြီးတော့ ပိုအရေးကြီးတာက… သူတို့တွေ တကယ်… တကယ်ကို လူတွေကို ဝင်ပေါက်အပြင်ပစ်ထုတ်နေတာပဲ
တိုက်ပွဲကို ကြည့်နေတဲ့လူတွေ လုံးဝထိတ်လန့်ကုန်တယ်။ ရှစ်ယောက်သား သူတို့ပြိုင်ဘက်တွေကို မုန်လာဥဖြူတွေလို ဆွဲနုတ်ပြီး တိုက်ပွဲအပြင် ပစ်ထုတ်ပြီးတော့မှ သူတို့ခေါင်းထဲက မေးခွန်းတွေအားလုံးရဲ့ အဖြေကို နားလည်သွားခဲ့တယ်။
ဒီလူတွေက ဓားအမတတွေမဟုတ်ဘူး.. သူတို့… သူတို့က… ခန္ဓာကျင့်ကြံသူတွေပဲ။
အမတဘုံထဲ ခန္ဓာကျင့်ကြံသူတွေ တကယ်ရှိတယ်ပေါ့။ သူတို့တွေ မသေမျိုးတက်လှမ်းလာတာပဲ သူတို့က သက်ရှိထင်ရှားကြီး ပြီးတော့ အကောင်အထည်လည်းရှိကြတယ်။
Σ(°△°|||)
“မြန်မြန် ရွှေအမတဆန်းကြယ်ဘုံကို ကြည့်လိုက်” တစ်ယောက်က အော်လာတယ်။
လူတိုင်း ရွှေအမတဘုံမှာဘာဖြစ်နေလဲပြတဲ့ သလင်းကျောက်ကို လှည့်ကြည့်လိုက်ကြတယ်။ သူတို့ ခပ်ဆင်ဆင်အရာ ဖြစ်နေတာကို မြင်လိုက်ရတယ်။ ရွှေအမတဆန်းကြယ်ဘုံထဲ တူညီတဲ့ ဆောင်ရွက်မှု ဖြစ်ပွားနေတယ်။ တိုက်ခိုက်နေတဲ့လူက ငါးယောက်ပဲ ရှိတာကလွဲလို့ပေါ့။ သူတို့တွေက မြေအမတအုပ်စုက လူတွေထက် ပိုရက်စက်တာတော့ အသိသာကြီး။
အထူးသဖြင့် အလယ်က အားအနည်းဆုံးပုံပေါက်တဲ့ အမတ။ သူမ အသွင်ပြောင်းပြီးတဲ့နောက်မှာ သူမက တခြားသူတွေထက် ပိုသန်မာပြီးကြီးမားလာတယ်။ သူမကိုယ်ပေါ်မှာ ကြွက်သားလွှာတွေ အများကြီးရှိနေသလိုပဲ – နေ့အတိုင်း အသိသာကြီး။ တစ်ချက်တည်းနဲ့ အမတငါးယောက်ခြောက်ယောက် အသက်မရှူနိုင်တော့တဲ့အထိ တိုက်ခိုက်နိုင်တယ်။ သူမရဲ့စွမ်းရည်က ရွှေအမတတွေ မပြောနဲ့ စိတ်တန်ခိုးအမတတွေကိုတောင် ယှဉ်ပြိုင်နိုင်တယ်။
လူတွေက ဒါကိုမြင်ရလေ ပိုပြီးသိချင်စိတ်များလာလေပဲ။ သူတို့တွေအားလုံး ခန္ဓာကျင့်ကြံသူတွေ။
သူတို့က ဘယ်ကနေရောက်လာတာလဲ။ အကုန်လုံးက မျက်နှာသစ်တွေကြီး – ဘယ်သူမှ သူတို့ ဘယ်တိုင်းပြည်က လာလဲဆိုတာ မသိကြဘူး။
ခြောက်နာရီက အဲလိုမျိုးနဲ့ပြီးသွားခဲ့တယ်။ ပြိုင်ပွဲက အဆုံးသတ်တော့မယ်။ မြေအမတအုပ်စုရဲ့ အလံဆယ်ခုမှာ ကိုးခုက ဖုန်းယင်အုပ်စုရဲ့လက်ထဲ ရောက်နေပြီ။ ပြီးတော့ သူတို့ နောက်ဆုံးတစ်ခုအတွက် တိုက်ခိုက်နေတာ။ ရွှေအမတအုပ်စုမှာက ယွီဟုန်တို့က လူနည်းတယ်။ ပြီးတော့ စနစ်ရဲ့အကူအညီလည်း မရှိဘူး။ သူတို့တွေ အလံသုံးခုပဲရှိပေမဲ့ အဲသုံးခုကိုတောင် ရဖို့ အတော်လေး အားထုတ်လိုက်ရတယ်။
မြေအမတအုပ်စုမှာ အထုတ်မခံရသေးတဲ့ အမတအားလုံးက စုဝေးသွားကြတယ်။ ဖြစ်နိုင်တာကတော့ အလံတစ်ခုပဲ ကျန်တော့လို့နေမှာ။ ပြီးတော့ ခန္ဓာကျင့်ကြံသူတွေက တစ်နာရီကြာ တိုက်ခိုက်ပြီးနောက်မှာ ပင်ပန်းလာပြီ။ သူတို့တွေ နောက်ဆုံးအလံကိုရအောင် အတော်လေး အားထုတ်ခဲ့တာ။
“ဆရာတူညီမချီ ဒါနင့်အတွက်” တပည့်တစ်ယောက်က အလံကိုရသွားတော့ သူမနောက်ရပ်နေတဲ့ ချီချန်းယွီကို ကမ်းပေးလိုက်တယ်။ ဒါ နောက်ဆုံးအလံ။ တပည့်တွေက သူတို့စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘူး။ ကိစ္စတွေက ဒီလောက်ချောချောမွေ့မွေ့ပြီးသွားမယ်လို့ မထင်ခဲ့ဘူး။ သူတို့တွေ မြေအမတအုပ်စုရဲ့ ထိပ်သီးဆယ်နေရာကို တကယ်ရခဲ့တာပဲ။ ပြိုင်ပွဲက ပြီးခါနီးမို့ သူတို့ရဲ့နေရာတွေက အတည်ပြုလုနီးပါးပေါ့။
ချီချန်းယွီ စိတ်လှုပ်ရှားစွာနဲ့ အလံကို လှမ်းယူလိုက်တယ်။
ရုတ်တရက် ပုံရိပ်တစ်ခုက သူတို့ဘေးက ဖြတ်ပြေးသွားတယ်။ တပည့်လက်ထဲမှာ ဗလာဖြစ်သွားပြီ။ အလံက အခုတော့ ပန်းရောင်ဝတ်ရုံနဲ့ မိန်းကလေးတစ်ယောက်လက်ထဲမှာ။
မိန်းကလေးက အားရပါးရ ပြုံးဖြီးနေပြီး အပြစ်ကင်းတဲ့လေသံနဲ့ပြောတယ်။
“အစ်မကြီးတို့… အစ်မကြီးတို့မှာ အလံတွေ အများကြီးရှိနေပြီဆိုတော့ ကျွန်မ နောက်ဆုံးတစ်ခုကို ယူလိုက်ရင်ရော”
ချီချန်းယွီ မျက်မှောင်ကြုတ်ပြီး နည်းနည်းလေးတောင် ကြောက်ပုံမပေါ်တဲ့ ကောင်မလေးကို သတိတကြီး ကြည့်လိုက်တယ်။ သူမက အနားမှာဆိုတာ သူတို့ဘယ်လိုလုပ် မသိခဲ့တာလဲ။ ဒီကောင်မလေးက ကျင့်ကြံဆင့်မြင့်ရင်မြင့် မဟုတ်ရင် ထူးခြားတဲ့လက်နက်တစ်မျိုးမျိုးရှိနေလို့ပဲ။
“အမတရောင်းရင်း၊ ဒါက ပြိုင်ပွဲတစ်ခုပါ၊ သေချာပေါက် အလံက စွမ်းဆောင်ရည်အရှိဆုံးလူလက်ထဲ အဆုံးသတ်မှာပဲ၊ ဒီတိုင်းပေးလိုက်ဖို့က အခက်တွေ့တယ်”
“ဖွီ” မိန်းကလေးက စုပ်သတ်တယ်။
“ကပ်စေးနည်းလိုက်တာ၊ ရှင်တို့မှာ အလံကိုးခုတောင် ရှိနေပြီကို၊ နောက်ဆုံးတစ်ခုပေးလိုက်ပါလား”
“အမတရောင်းရင်းက နောက်ရတာ တကယ်ကြိုက်တာပဲ” ချီချန်းယွီ ဟာသမမြောက်စွာ ရယ်လိုက်တယ်။ သူမ ကောင်မလေးရဲ့ ချက်ကျလက်ကျပြောနေတယ်ဆိုတဲ့လေသံကြောင့် ဒေါသထွက်သွားတယ်။
“ကျွန်မတို့က ရှင်နဲ့ ဘာမှမဆိုင်ဘူး” ဘာလို့ အလံကိုယူခွင့်ပေးရမှာလဲ။
“ကျွန်မနာမည်က ဟွေ့လင်၊ အဇဋာဧကရာဇ်ချန်ကောရဲ့တပည့်ပဲ၊ အခုသိပြီလား” သူမက ဂုဏ်ယူဝင့်ကြွားစွာ မေးလာတယ်။
တပည့်တွေရဲ့အမူအရာတွေက မှောင်မည်းသွားတယ်။ ဖုန်းယင်က ဝင်ပြောလိုက်တယ်။
“သူနဲ့ အဓိပ္ပာယ်မရှိတာတွေမပြောနဲ့၊ ငါတို့က ဒီကိုပြိုင်ဖို့လာတာ၊ အဇဋာဧကရာဇ်ကို ဖားဖို့မဟုတ်ဘူး၊ သူက ငါတို့လက်ထဲက အလံကိုလုသွားတယ်၊ အဲဒါနဲ့လွတ်အောင်ပြေးနိုင်လား ကြည့်ဖို့ အချိန်ရောက်ပြီ”
သူစကားပြောပြီးတာနဲ့ သူ့အမတဓားကို ဆွဲထုတ်ပြီး သူမဆီဦးတည်လိုက်တယ်။ တွန့်ဆုတ်မှုမရှိ တခြားတပည့်တွေလည်း သူ့နောက်ကနေ လိုက်လာကြတော့တယ်။
…