အခန်း ၁၅၄ ။ ဝတ္ထုထဲနေခြင်း
“ဒီအသေးစိတ်တွေကို ဂရုမစိုက်စမ်းပါနဲ့”
“အသေးစိတ်တွေမှာ ပြဿနာရှိလို့လား”
ကူယွဲ့က ပေါက်ကွဲတော့တယ်။ ဒီခန္ဓာကိုယ်အမျိုးအစားက သေချာပေါက်ပြဿနာပဲ။ သူ ဘယ်လိုလုပ် ဒီကလေးကို ပြန်ခေါ်လာနိုင်ရတာလဲ။
“မဖြစ်နိုင်တာ ငါသဘောမတူဘူး”
“ဘာလို့လဲ”
“ငါတကယ်ရှင်းပြရမှာလား” သူ သူမကိုစိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
“သူ ငါတို့ကို ပြဿနာဘယ်လောက်သယ်လာမလဲဆိုတာ မပြောနဲ့ဦး၊ သူ့ဝိညာဉ်ကြောကိုက နဂိုအခံအားနည်းတာ – ခန္ဓာကိုယ်နဲ့လေ့ကျင့်ဖို့ လုံးဝမသင့်တော်ဘူး၊ သူ တခြားလူတွေနဲ့ ဘယ်လိုလေ့ကျင့်လို့ဖြစ်မလဲ၊ သူ ခန္ဓာကျင့်ကြံသူလုပ်ဖို့ကို မေ့တောင်ထားလို့ရ…”
သူ ပြောနေရင်း တစ်ခုခုကို သတိရသွားသလိုမျိုး ရပ်သွားတယ်။ ကူယွဲ့က ကလေးကို လှည့်ကြည့်ပြီးတော့ ဂိုဏ်းထဲက ဝတ်ရုံစိမ်းနဲ့အရုပ်မကို လှမ်းကြည့်လိုက်တယ်။ ခဏနေပါဦး။ ဘာလို့ ဂိုဏ်းထဲ စံနှုန်းအနေနဲ့ ခန္ဓာကျင့်ကြံသူတွေအကြောင်းပဲ တွေးနေမိတာလဲ။ သူ ဝူတိဂိုဏ်းထဲက ခန္ဓာကျင့်ကြံသူကျိန်စာကို ချိုးဖောက်ဖို့ ရည်ရွယ်ထားတာမဟုတ်လား။ ဒါက ပြီးပြည့်စုံတဲ့အခွင့်အရေးပဲလေ။
ရေဝိညာဉ်ကြောတွေက ဓားကျင့်ကြံမှုအတွက် မသင့်တော်ပေမဲ့ ဟင်္သာပြဒါးကျင့်ကြံမှု၊ လက်ဖွဲ့အဆောင်ကျင့်ကြံမှု၊ သားရဲလေ့ကျင့်မှုနဲ့ မန္တန်လေ့ကျင့်မှုတွေအတွက်တော့ သင့်တော်တယ်။ သဘာဝယင်အမျိုးအစား ခန္ဓာကိုယ်က ပြဿနာများနိုင်ပေမဲ့ အမတဘုံကတော့ မသေမျိုးချီ ချို့တဲ့တဲ့သေမျိုးဘုံလောက် မဆိုးဘူး။ ပြီးတော့ သူတို့နဲ့အတူ cheat ရှန်းလည်းရှိတယ်လေ။ ကလေးကို စောင့်ရှောက်မှာပဲ။
ဒါကြောင့်… ဂိုဏ်းအတွင်း ပြောင်းလဲမှုလုပ်ဖို့အတွက် သူ ကလေးကိုလက်ခံဖို့ပဲရှိတော့တာပေါ့။
“ကလေး မင်းဂါထာမန္တန်တွေ အစီအရင်တွေ လေ့ကျင့်ဖို့ ဆန္ဒရှိလား” သူ အမြန် ထပ်ဖြည့်ပြောလိုက်တယ်။
“မင်းကိုအရင်ပြောမယ်၊ ငါတို့မှာ ဒီအရာတွေကို ကျွမ်းကျင်တဲ့လူတွေမရှိဘူး၊ ဥာဏ်အလင်းပွင့်ဖို့ မင်းကိုယ်မင်း အားကိုးရမှာပဲ”
ကလေးက ရပ်သွားပြီး ရှန်းရင်ကို လှမ်းကြည့်တယ်။ တုံ့ဆိုင်းဆိုင်းနဲ့ သူမက ဖြေလေတယ်။
“တကယ်လို့ ကျွန်မသင်ရင်… နေလို့ရမှာလား” သူမလိုချင်တာက ကောင်းကင်နတ်ဘုရားနဲ့ နေရဖို့ပဲ။
“ဒါပေါ့”
“ဟုတ်ကဲ့” သူမ စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“သင်ပါ့မယ်”
“ကောင်းပြီလေ၊ အဲလိုဆိုရင် မင်းကိုထပ်မကန့်ကွက်တော့ဘူး” ကူယွဲ့က ရှန်းရင်ကို လှည့်ကြည့်ပြီး စိတ်ထဲမှာတော့ ကလေးကိုဘယ်လိုစလေ့ကျင့်သင့်လဲနဲ့ ပြည့်နေပြီ။ သူမကို တခြားတပည့်တွေ လွှမ်းမိုးသွားမှာမျိုး ခွင့်ပြုလို့မဖြစ်ဘူး။ ရုတ်တရက် သူမေးမိလိုက်တယ်။
“အော်ဟုတ်သား မင်းနာမည်ကဘာလဲ”
“နာမည်…” ကလေးက တစ်ခဏစဉ်းစားပြီး ခေါင်းငုံ့လိုက်တယ်။ သူမနာမည်ကိုသုံးခဲ့တာ အတော်လေး ကြာပြီ။ သုံးနှစ်ပြည့်ပြီးတဲ့နောက်မှာ လူတိုင်းက သူမကို ဂြိုဟ်ဆိုးလို့ ခေါ်ကြတယ်။ နောက်ကျ မိဘတွေက သွားစရာကိစ္စတစ်ခုရှိတယ်လို့ ပြောပြီး ဘယ်တော့မှ ပြန်မလာတော့တဲ့နောက်မှာ သူမနာမည်လည်း ခေါ်ခံရတာ ရပ်သွားခဲ့တယ်။ သူမ လူတွေခေါ်နေကျကို ခပ်ရေးရေးပဲ မှတ်မိတော့တယ်။
“အမေကတော့… ကျွန်မကို ခေါ်တာက… ထုံ… ထုံအာလို့ခေါ်တယ်ထင်တာပဲ”
“အော် ဒါဆိုမျိုးရိုးကရော” ကူယွဲ့ သူ့ရှေ့ကလက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်တယ်။
“မျိုးရိုး… မျိုးရိုး…” သူမအကြာကြီး သေချာစဉ်းစားရတယ်။ အချိန်အတော်လေးကြာမှ သူမ နောက်ဆုံးတော့ အဖြေပေးလိုက်တယ်။
“ရွှမ်… မျိုးရိုးနာမည်ကရွှမ်ပါ”
ဖွီ…။
ကူယွဲ့ ချက်ချင်း လက်ဖက်ရည် ထွေးထုတ်မိသွားတယ်။ အမူအရာလည်း သိသိသာသာ ပျက်သွားတော့တယ်။
ဟိုလီရှစ်
ရွှမ် ထုံ
သူက ချက်ချင်း ထရပ်ပြီး ကလေးမကို လက်မောင်းကနေ ဆွဲယူလိုက်တယ်။ စစ်ယွီဆီ ခြေလှမ်းကျဲကြီး၂လှမ်းလျှောက်သွားပြီး ကလေးမကို ပစ်ပေးရင်း အော်လိုက်တယ်။
“သူ့ကိုတောင်အောက် ပို့လိုက်တော့”
လူတိုင်း ။ ။ “…”
——————
ကူယွဲ့က ထမင်းပန်းကန်လုံးထဲ ခေါင်းငုံ့နေတဲ့ အစားသရဲကိုကြည့်လိုက်တယ်။ သူက ရှန်းရင် သူမစားစရာကနေ မော့မကြည့်လာခင်ထိ အသက်မပါဘဲ ရယ်လိုက်တယ်။
“မင်းကိုယ်မင်းရှင်းပြဖို့ ငါအခွင့်အရေးပေးနေတာနော်”
“အာ…” ရှန်းရင်က နှုတ်ခမ်းတွေစေ့သွားတယ်။ သူမ လက်ထဲကပန်းကန်လုံးကို စားပွဲပေါ် ချလိုက်ရတော့တယ်။ ခေါင်းတကုတ်ကုတ်နဲ့ သူမပြောလိုက်တယ်။
“ပြောရရင်… တကယ်လို့ ငါ သူက နင့်ရဲ့ ဇာတ်လိုက်မင်းသမီးဆိုတာ အစတည်းက မသိခဲ့ဘူးလို့ပြောရင် ငါ့ကိုယုံမလား”
“ဟာ့ ဟား”
သူမက ဘာလို့ သူ့ဇာတ်လိုက်မင်းသမီးလို့ ပြောရတာတုံး။
“ငါတကယ်မသိတာပါ”
“ဒါဆို ဘာလို့နေဖို့ဖိတ်လိုက်တာလဲ”
ကူယွဲ့က ဒေါသကြောင့် ပေါက်ကွဲတော့မလို့ပဲ။
“ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးက ဘယ်လောက်ပြဿနာများလဲဆိုတာ မင်းသိရဲ့လား၊ ငါတို့ မင်းသားကို ရှင်းထုတ်ဖို့ ဒီလောက် ပင်ပင်ပန်းပန်းကြိုးစားခဲ့တာကို မင်းက တစ်ဖက်လှည့်ပြီး ဇာတ်လိုက်မင်းသမီးကို ဒီပြန်ခေါ်လာတယ်”
ရှန်းရင် သက်ပြင်းချလိုက်တယ်။
“သူက ကလေးမပဲလေ”
“ငါ့ဖင်ကိုကလေးမပဲ၊ အခုကလေးမပဲဆိုပေမဲ့ အနာဂတ်ဆို မဟုတ်တော့ဘူး” ကူယွဲ့တွေးလေ ပိုစိုးရိမ်လာလေပဲ။
“သူက ဇာတ်လိုက်မင်းသမီးနော် နားလည်ရဲ့လား၊ ငါအရင်ကပြောဖူးတယ်၊ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မင်းသမီးက အရမ်းကို ဒုက္ခပေးတဲ့စုံတွဲ၊ သူတို့နဲ့ ဘယ်သူပဲ ဆက်နွယ်ဆက်နွယ် ဒုက္ခရောက်တယ်၊ ငါတို့ဝေးဝေးနိုင်သမျှ ဝေးဝေးနေဖို့လိုတယ်ဟ၊ ကြည့် ၂ရက်တည်းနဲ့တင် ငါတို့ဂိုဏ်းမှာ အစီအရင်၃ကွက်၊ လက်နက်လေးခုနဲ့ အဆောင်ငါးခု ပျောက်သွားပြီ၊ သူမက ခြံဝန်းထဲမှာ ယာယီလေးနေတာတောင် တွင်းတစ်ခုက အဲမှာ အလိုလိုပေါ်လာတယ်၊ ဇာတ်ကြောင်းအတိုင်းသာ ကြီးလာရင်၊ သူ့ကြောင့် ဘယ်သူသေမလဲဆိုတာ ဘယ်သူသိမှာ…”
“ဖေဖေနျို” ရှန်းရင် ရုတ်တရက် ကြားဖြတ်ပြောပြီး သူ့မျက်လုံးတွေကို တည့်တည့် စိုက်ကြည့်လိုက်တယ်။
“နည်းနည်းလေး ကံမကောင်းရုံအပြင် သူ ဘာအမှားလုပ်ခဲ့လို့လဲ”
ကူယွဲ့ကတုံ့ဆိုင်းနေတယ်။ သူ ပြန်ခံပြောလိုက်တာပေါ့။
“ဇာတ်ကြောင်းထဲမှာ သူကဇာတ်လိုက်-”
“အခုကျတော့ရော”
“အခုလား” သူနောက်တစ်ကြိမ် ရပ်သွားပြန်တယ်။
“အခုကတော့ သေချာပေါက်… ဘာမှမဖြစ်သေးဘူးပေါ့”
“ဒါဆို ဘာမှမဖြစ်တာတောင် သူ့ကိုအပြစ်ရှိတယ်လို့ ကြေညာချင်နေတာလား”
“ဒါပေမဲ့…”
“ဇာတ်ကြောင်းက တကယ်ပဲ အဲလောက်အရေးပါလို့လား”
“အရေးကြီးတယ်… မလား”
“ဘာလို့လဲ”
“ငါ ဒါကိုတကယ်ရှင်းပြရမှာလား” ကူယွဲ့ စိတ်အနှောင့်အယှက်ဖြစ်လာတယ်။
“အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာပြောတယ်လေ၊ သေချာပေါက်-”
“အိုး၊ ဒါဆို ဇာတ်ကြောင်းက တကယ်ပဲ အနာဂတ်ကိုပြောတယ်ဆိုတာ သေချာလား”
“အင်းလေ ဒါ-” သူ စကားပြောရင်း တစ်ခုကိုတွေးမိသွားသလို ရပ်သွားတယ်။ ခဏ ငါစဉ်းစားမိသလောက်တော့… ဇာတ်ကြောင်းက အဲဒီလောက် မတိကျဘူးပဲ။ ဝတ္ထုအရဆို ဇာတ်လိုက်ကလည်း ဒီအချိန် ကလေးပဲရှိသေးသင့်တာ။ ဇာတ်လိုက်မင်းသမီးကလည်း ခုပေါ်မလာနိုင်သေးဘူး။ ဝတ္ထုထဲမှာ ဇာတ်လိုက်မင်းသားက အဇဋာဧကရာဇ်ချန်ကောလို့ မပြောထားဘူး၊ ကြည့်ရတာ… ရှန်းရင်ပေါ်လာပြီးတည်းက ဇာတ်ကြောင်းက ရှုပ်သွားတာဖြစ်မယ်။
“ဖေဖေနျို…” ရှန်းရင်သက်ပြင်းချလိုက်တယ်။
“တကယ်လို့ဒီကလေးက ဇာတ်ကြောင်းထဲကလူ မဟုတ်ရင် ခေါ်ထားမှာလား”
“…” ကူယွဲ့ ပြောစရာစကားပျောက်နေတယ်။ ဘာကြောင့်လဲဆိုတာ အဖြေက အင်းဆိုတာ သူသိလို့။
“နင် ဖြေရှင်းချက်လိုချင်တယ်လို့ ပြောတယ်လေ၊ ဒါဆို တစ်ခုပေးမယ်၊ ငါ ဒီကလေးကို မတော်တဆတွေ့ခဲ့တာ၊ သူက… အနားက လူတိုင်း အနိုင်ကျင့် ဖယ်ကျဉ်တာခံရတဲ့ ကလေးတစ်ယောက်ပဲ၊ ငါ သူ့ကိုသနားလို့ ကူညီဖို့ဆုံးဖြတ်ခဲ့တာ၊ အဲဒီလောက်ကိုရိုးရိုးလေး – တခြားဖြေရှင်းချက်မရှိဘူး၊ သူ အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ ငါတကယ်မသိဘူး၊ ဒါပေမဲ့ ဘယ်သူမှ ကိစ္စတစ်ရပ်ရပ်ကို မလုပ်ခင်ထိ… သူတို့ကူညီတဲ့လူက အနာဂတ်မှာ ဒုက္ခပေးမပေးဆိုတာ သေချာပေါက် တကယ်ကြီး စစ်စစ်ပေါက်ပေါက် စစ်ဆေးမှဖြစ်မှာလား”
ကူယွဲ့မှာ အဖြေမရှိ။ သူတကယ်ပဲ ဇာတ်ကြောင်းကြောင့် ဇာတ်လိုက်နှစ်ယောက်ကို ဆန့်ကျင်နေခဲ့တာ။ သူ့မျက်စိရှေ့မှာတင် ဇာတ်လမ်းက အချက်တွေနဲ့တော်တော်လေး ကွဲနေတယ်ဆိုတာ သိတာတောင် ဇာတ်ကြောင်းထဲကလူတွေကို အတော်လေး မုန်းတီးနေခဲ့မိတုန်းပဲ။ ဒါတွေအကုန်လုံးက မသေချာ မရေရာတဲ့ အနာဂတ်တစ်ခုအတွက်ကြောင့်တဲ့လေ။
“သူတို့က ဝတ္ထုထဲက ဇာတ်လိုက်မင်းသားနဲ့ မင်းသမီးလို့ ဆက်တိုက်ပြောနေပေမဲ့ နင်ကမှ ဝတ္ထုထဲ တကယ်နေနေတဲ့ တစ်ယောက်တည်းသောလူပဲ”
“…” ကူယွဲ့က ငိုင်ကြောင်ကြောင် ဖြစ်နေတယ်။ ရုတ်တရက် သူ ရင်ထဲကြက်သီးထသွားခဲ့တယ်။ သူ့ကိုယ်သူ သုံးသပ်ကြည့်တော့ တကယ်ကိုအမှန်ပဲ…။ ရှန်းရင်ရော ယိချင်းပါ ကူယွဲ့သိတယ်လို့ပြောတဲ့ ဇာတ်ကြောင်းကြောင့် စိတ်ရှုပ်ပုံမပေါ်ဘူး။ သူတစ်ယောက်တည်း… ဝတ္ထုထဲက ဘေးကပ်ဆိုးတွေကို ရှောင်ရှားဖို့ စွဲလမ်းနေခဲ့တာ။ ဝတ္ထုထဲက တချို့အဖြစ်အပျက်တွေ မဖြစ်သေးတာတောင်မှပေါ့။ သူတစ်ယောက်တည်း ဝတ္ထုထဲပိတ်မိပြီး မလွတ်မြောက်နိုင်ခဲ့ဘူး။ ရုတ်တရက် သူ တုတ်တစ်ချောင်းနဲ့ ရိုက်ခံလိုက်ရသလိုပဲ – သူ့စိတ်ကူးထဲက ထင်ယောင်ထင်မှားတွေ၊ စိတ်ကူးယဉ်မှုတွေက ရုတ်တရက် လဲပြိုသွားခဲ့တယ်။ တစ်ကြိမ်တော့ သူရှင်းရှင်းလင်းလင်း မြင်ရပြီ။
“ပြီးတော့…” ရှန်းရင်က ခုံကိုမှီပြီး ငပျင်းပြန်လုပ်ပြန်တယ်။
“တကယ်လို့ အဲဂျပုလေး တကယ်ပဲကြီးလာချိန် နင်ပြောသလို အချစ်ရူး ဇာတ်လိုက်မင်းသမီး ဖြစ်လာမယ်ဆိုရင် ငါတို့ အမြဲ… သူ့ခြေထောက်ကို ရိုက်ချိုးလို့ရတယ်လေ”
ကူယွဲ့က နှုတ်ခမ်းစေ့ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
“သုံးစက္ကန့်လောက်ပဲ အတည်ပေါက်နေပေးလို့ရမလား”
“ဟာ့ ငါအတည်ပြောနေတာလေ” သူမက အမြဲ အတည်အတံ့နေတာပဲကို။
“ထားလိုက်တော့” အကျင့်အတိုင်း ကူယွဲ့ မျက်ဆန်လှန်လိုက်ပေမဲ့ ခပ်ရေးရေးပြုံးမိသွားတယ်။
“ဒီတစ်ကြိမ်… ငါ လွှတ်ပေးလိုက်မယ်၊ မင်း ကြင်နာချင်ရင်လည်း ကြင်နာပေါ့၊ ဒီကိစ္စမှာ ငါမပါတော့ဘူး”
သူ စကားပြောပြီးတဲ့နောက် ရှန်းရင်ကို အိတ်တစ်အိတ်ပစ်ပေးလိုက်တယ်။
ရှန်းရင်က အလိုလိုလှမ်းဖမ်းမိပြီး ဖွင့်ကြည့်လိုက်တယ်။ အိတ်က အမတကျောက်တုံးတွေနဲ့ ပြည့်နေပြီး နေရောင်အောက် တလက်လက်တောက်ပနေတယ်။
“ဖေဖေနျို… နင် ငါ့ကို မွေးစားတော့မှာလား”
“ဖွီ” သူ သူမကို ရွံတဲ့အကြည့် ကြည့်ပေးလိုက်တယ်။
“ဒီဝူတိဂိုဏ်းထဲက ဘယ်သူများ ငါမွေးစားတာမခံရလို့လဲ”
“အော်” ဟုတ်သားပဲ။ “ဒါဆို ဒါက…” ရှန်းရင် ရုတ်တရက်ရလာတဲ့ ပေါကြွယ်ဝမှုကြောင့် ထိတ်လန့်သွားတယ်။
“နောက်နှစ်လအတွက် မင်းအသုံးစရိတ်”
“ဟမ်”
“ငါဉာဏ်အလင်းပွင့်မှုရနေပြီ” သူ စပ်ဖြီးဖြီးလုပ်မိတာ မရပ်နိုင်တော့ဘူး။ နှလုံးသားထဲက အကာအစီးကို ထိုးဖောက်ခဲ့ပြီးပြီကိုး။
“ငါ ကောင်းကင်ဝဋ်ကြွေးကို ဖြတ်သန်းတော့မယ်”
“…”
“ဒါဘာအကြည့်တုံး၊ မင်းတပည့်ကျ နေ့တိုင်း ဉာဏ်အလင်းပွင့်လို့ရပေမဲ့ ငါကျမရဘူးလား”
“အာ…”
“အမတကျောက်တုံးတွေ ပြန်ပေးစမ်း”
“ဂုဏ်ပါတယ် ဖေဖေနျို ဖေဖေနျို့အတွက် ပျော်ပါတယ် ဖေဖေနျိုက တိုင်းတာလို့မရအောင် ကောင်းချီးပေးခံရပြီး ထာဝရနီးပါး အသက်ရှည်ရှည်နေရမှာပါ”
ရှန်းရင်က အိတ်ကို တင်းတင်းဆုပ်ထားရင်း အားတက်သရောပြောလိုက်တယ်။
“ထွက်သွားစမ်း”
…