အခန်း ၁၅၅ ။ တစ်ယောက်ယောက်တက်လှမ်းလာ
“စားဖိုမှူး…” ရှန်းရင်က ကျက်ခါစ ဟင်းပွဲတွေ ပြည့်နေတဲ့ စားပွဲကိုကြည့်ပြီး နှုတ်ခမ်းထောင့်တွေတွန့်သွားတယ်။ သူမရှေ့ကလူက ဒဏ်ရာတွေ ပြည့်နေဆဲ။
“ငါနေ့လယ်စာ… စားပြီးကာစထင်တာပဲ”
“ဆရာ” ယိချင်းက လေးလေးနက်နက်ပြန်ဖြေတယ်။
“ဒါတွေက အဆာသွတ်မုန့်တွေပါပဲ၊ သူတို့ကို သင့်တင့်တဲ့စားသောက်စရာလို့ မသတ်မှတ်ပါဘူး၊ ဆရာ မကြိုက်ဘူးဆိုရင် ကျွန်တော် အသီးတွေ ပြင်ပေးရမလား၊ အရင်တစ်ကြိမ်က ကျန်ခဲ့တဲ့ အမတအသီးတွေတော့ သိပ်မရှိတော့ဘူး၊ ဆန်းကြယ်ဇာမဏီအသီး၊ တောင်ပံအသီး၊ ဆန်းကြယ်အသီး၊ အဖူး… နဲ့ သဲအစစ်သီးတို့ရှိတယ်၊ အခုစားချင်လား”
သူက စကားပြောနေရင်း ဘေးမှာ ချိတ်ထားတဲ့သိုလှောင်အိတ်ထဲကနေ သစ်သီးတစ်အိတ်ကို ထုတ်လိုက်တယ်။
ရှန်းရင် ။ ။ “…”
အာ တကယ်ကို… အများကြီးမဟုတ်ဘူးပဲ။
“ဆရာ ဒါတွေမကြိုက်ဘူးလား” ယိချင်းက ရှန်းရင် တုပ်တုပ်မလှုပ်တာမြင်တော့ စိုးရိမ်လာတယ်။
“ကြိုက်တယ် ကြိုက်ပါတယ်…” ရှန်းရင်နှုတ်ခမ်းစေ့လိုက်တယ်။ ဒါက နည်းနည်းများလွန်းတယ် မဟုတ်ဘူးလား။ သူမ အရင်တစ်နပ်တုန်းက ဟင်းဆယ်ပန်းကန်ကျော် စားထားတာ။ တကယ်လို့ ရှေ့မှာရှိတဲ့ဟင်းပွဲတွေအားလုံးကိုသာ အပြတ်ဖြတ်လိုက်ရင် အတော်လေးဘုတ်ထိုင်းဖြစ်လာနိုင်တယ်။ ယိချင်းက သတိပြန်ရလာတည်းက နည်းနည်းထူးဆန်းနေတဲ့ပုံ။ ကြည့်ရတာ စိတ်ဒဏ်ရာရသွားတဲ့ပုံ။ ဒဏ်ရာတွေကို ကုသဖို့ကလွဲ အချိန်အားလုံးကို မီးဖိုချောင်ထဲပဲ ကုန်ဆုံးပြီး ရှန်းရင်အတွက် ဟင်းမျိုးစုံချက်ပေးတယ်။ သူမ နည်းနည်း…။
“အော်ဟုတ်သား ဖေဖေနျိုရဲ့ ဝဋ်ကြွေးချေမှု ဘယ်လိုနေလဲ” သူမ လက်ထဲက အိတ်နဲ့ဆော့နေမိတယ်။
ယိချင်း ဂိုဏ်းအဝေးက ရဲရဲတောက်နီနေတဲ့ မြေပြင်ကိုမော့ကြည့်လိုက်တယ်။ နောက်တော့ ခေါင်းငုံ့ပြီး စိတ်ထဲကနေ စရေတွက်တော့တယ်။ တစ်ခဏအကြာ သူကပြန်ဖြေလာတယ်။
“ဆရာ့ကိုတင်ပြရရင် တပည့်တွက်ရသလောက်တော့ စောနလေးကတင် ပစ်ချလိုက်တဲ့ မိုးကြိုးအပါ စုစုပေါင်း… ၈၄ချက်ပါ”
“၈၄” ရှန်းရင် အဆာသွတ်မုန့်တစ်ကိုက် ကိုက်ကာစဆိုပေမဲ့ ပြန်ချပြီး အံ့ဩတကြီး မေးလိုက်တယ်။
“ကောင်းကင်က နောက်တစ်ကြိမ် လှည့်စားနေတာလား” ၈၁ ချက်ဖြစ်ရမှာမဟုတ်ဘူးလား။
လှည့်စားတာလား။ ယိချင်း ရပ်သွားပြီးမှ သူမဘာပြောနေလဲ နားလည်သွားတယ်။ သူ အမြန်ရှင်းပြလိုက်တယ်။
“ကောင်းကင်က အရေအတွက်မှားတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကြည့်ရတာ ကူယွဲ့က ကျင့်ကြံဆင့်နှစ်ဆင့်လုံးတက်လှမ်းနေပုံပဲ၊ ဆိုလိုတာက မိုးကြိုး ၁၆၂ချက်နဲ့ တောရိုင်းမီး၇၂ချက် ကျော်ဖြတ်ရမှာပါ၊ ဝဋ်ကြွေးချေမှုပြီးရင် သူက အဆင့်မြင့်အမတအဖြစ် ထွက်ပေါ်လာပါလိမ့်မယ်”
“အော်” ဒါဆို ဉာဏ်အလင်းတစ်ခုပွင့်တာကနေ ကျင့်ကြံဆင့်၂ဆင့်ခုန်တက်နိုင်တယ်လား။ ရှန်းရင်က ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။
“ဘယ်နှစ်ရက်ကျန်သေးလဲ”
“သူက အခုတစ်ဝက်ကျော်နေပြီဆိုတော့ အလွန်ဆုံး နောက်ထပ်၇ရက်လိုမယ်ထင်တယ်”
၇ရက်
ရှန်းရင် မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ချက်ချင်းထရပ်တော့တယ်။ စားပွဲပေါ်က ဟင်းပွဲအားလုံးကို လက်ညှိုးထိုးပြီး ယိချင်းကို သုန်မှုန်စွာ ကြည့်လိုက်တယ်။
“စားဖိုမှူး ငါစဉ်းစားပြီးပြီ၊ နင့်ဆရာက အရင်ရက်တွေတုန်းက ဆာလောင်နေခဲ့တာ၊ ဟင်းတွေ သွားထပ်ချက်ချေ၊ နှစ်ယောက်… သုံးယောက်စာလောက်တဲ့အထိကိုချက်”
သူမက စကားပြောရင်း အမတကျောက်တုံးအိတ်ကို ယူကာ ယိချင်းလက်ထဲ ထိုးထည့်လိုက်တယ်။ ငါ့မှာပိုက်ဆံရှိတယ် နှစ်လစာတောင်ရှိတာ အကုန်သာသုံး အကုန်သာသုံး။
“ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူး ဆရာ”
ခုလေးတင်ဝင်လာတဲ့ ယွီဟုန် ။ ။ “..”
သူမရဲ့နှုတ်ခမ်းထောင့်ဖျားတွေ တွန့်သွားတယ်။ ရဲရဲတောက်နေတဲ့ကောင်းကင်ကို လှမ်းကြည့်ပြီး ခန်းမဆောင်ထဲလျှောက်လာခဲ့တယ်။
“ဂိုဏ်းချုပ်…” အကြီးအကဲက အမတကျောက်တုံးတွေစုဆောင်းဖို့ ဘာလို့ အဲလောက်စိတ်အားထက်သန်နေလဲ ရုတ်တရက် နားလည်သွားပြီ။
“ဟေး ရှောင်ဟုန်” ရှန်းရင်က အခု ဘာမှကိုဂရုမစိုက်ဘဲ စားနေပြီ။ သူမက ယွီဟုန်ကိုလာခဲ့ဖို့ အမူအရာပြလိုက်တယ်။
“ဒီမှာ အဆာသွတ်မုန့်တွေရှိတယ်၊ စားမလား”
“ကျွန်မစားပြီးပါပြီ၊ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” ယွီဟုန်က လျှောက်လာပြီး ယိချင်းနဲ့ရှန်းရင်ကိုဂါရ၀ပြုလိုက်တယ်။
“အကြီးအကဲကူယွဲ့က အခု ဝဋ်ကြွေးချေနေတာလေ၊ ဖြေရှင်းရခက်တဲ့ကိစ္စနှစ်ခုရှိနေတာဆိုတော့ ဂိုဏ်းချုပ်ဆီက အကြံဉာဏ်လာတောင်းတာပါ”
“အော် ဘာကိစ္စလဲ” ရှန်းရင်မေးလိုက်တယ်။
“ဒီလိုလေ၊ တပည့်တို့တောင်ရဲ့ အနောက်တောင်ဘက်က မသေမျိုးချီတွေထဲ ထူးဆန်းတဲ့လှုပ်ရှားမှုတချို့ ရှိနေတာ ဟိုတလောက တွေ့ခဲ့ပါတယ်၊ မသေမျိုးချီက အနားက နတ်ဆိုးချီတွေကို ရှင်းပစ်ရုံတင်မက အစိုင်အခဲပုံစံအဖြစ်လည်း ငွေ့ရည်ဖွဲ့စပြုလာပါတယ်”
ယွီဟုန်က စိုးရိမ်နေဟန် မျက်မှောင်ကြုတ်လိုက်တယ်။
“ထူးဆန်းတဲ့ မသေမျိုးချီလား” ယိချင်းအမူအရာက မှောင်မည်းသွားပြီး သေချာစဉ်းစားတော့တယ်။
“အဲမှာ အစီအရင်တစ်မျိုးမျိုး ဒါမှမဟုတ် ဂါထာတစ်ခုခုရဲ့ အကြွင်းအကျန်တွေရှိနေတာပဲ”
ယွီဟုန် ခေါင်းခါလိုက်တယ်။
“အဲကိုသွားကြည့်ခဲ့ပေမဲ့ အဲလိုမျိုးနဲ့တူတာ ဘာမှမတွေ့ခဲ့ပါဘူး”
ယိချင်းက ပိုတောင်မျက်မှောင်ကြုတ်သွားတယ်။ ကျူးကျော်မှုရှိနေတာလား။
ဒါပေမဲ့ ဝူတိဂိုဏ်းဆောက်ထားတဲ့ တောင်က အမြဲ အစီအရင်နဲ့ကာကွယ်ထားတာ။ ပြီးတော့ တောင်ပတ်လည်မှာ နတ်ဆိုးချီတွေဝိုင်းနေတာ တစ်ယောက်ယောက်ကဝင်လာနိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
“ဆရာ…” သူ ဘေးမှာထိုင်နေတဲ့လူကို လှည့်မေးလိုက်တယ်။
“ဒါက အရမ်းကိုဒုက္ခပေးနိုင်တယ်၊ ကျွန်တော်တို့ သွားကြည့်ကျမလား”
“အော်…” ဖေဖေနျိုအနားမှာ မရှိတာ တကယ်ကို ဒုက္ခများတာပဲ။ အခု သူမ အိမ်ကနေထွက်ရတော့တယ်။ ရှန်းရင် သက်ပြင်းချပြီး သူမရှေ့က အဆာသွတ်ပန်းကန်ကိုပုတ်လိုက်တယ်။ နောက်တော့ လိပ်လိုအရှိန်နဲ့ မတ်တတ်ထရပ်လိုက်တယ်။
“အဆာသွတ်မုန့်တွေကို သိမ်းထားနော်၊ ပြန်လာရင်စားမယ်”
“ဟုတ်ကဲ့ ဆရာ” ယိချင်း ခေါင်းညိတ်ပြီး လက်ယမ်းလိုက်တယ်။ စားပွဲပေါ်တင်ထားတဲ့ ဟင်းပွဲတွေအကုန် တစ်ခါတည်းပျောက်သွားလေတယ်။
“အော်ဟုတ်သား” ရှန်းရင် တံခါးက ထွက်တော့မဲ့ဆဲဆဲ ရုတ်တရက် တစ်စုံတစ်ရာကိုမှတ်မိသွားတယ်။
“ရှောင်ဟုန် နင်မျောလွင့်ကို အဲသွားကြည့်ခိုင်းလိုက်သေးလား”
ယွီဟုန် စက္ကန့်နည်းနည်းကြာသွားမှ ပိထောင်ကိုပြောနေတာမှန်း နားလည်သွားတယ်။
“မလုပ်ရသေးပါဘူး” ဟုတ်သား၊ အမတပိထောင်က အမတဘုံမှာရောက်နေတာ အားလုံးထက် အကြာဆုံးပဲ။ သူကတော့ ဘာဖြစ်နေလဲဆိုတာ သိမှာ။ သူမ အမြန်လှည့်ပြောလိုက်တယ်။
“ကျွန်မ သူ့ကိုအခုသွားခေါ်လိုက်ပါ့မယ်”
ရှန်းရင်က ခေါင်းညိတ်ပြီး ယိချင်းဆွဲထုတ်ထားတဲ့ဓားပေါ်တက်ကာ အတူတူတောင်အနောက်ဘက်ဆီ ပျံသန်းခဲ့တယ်။
အဝေးကြီးကနေ ယိချင်း မသေမျိုးချီရဲ့လှုပ်ရှားမှုကို အာရုံခံမိလိုက်တယ်။ တကယ်ကို ပေါကြွယ်ဝနေတာပဲ။ ကြည့်ရတာ မသေမျိုးချီတွေအားလုံး ညာဘက်ခြမ်းက မြက်ခင်းပြင်ဆီ စုဝေးနေကြပုံပဲ။ မြူခိုးဖြူတောင် မြင်နေရပြီ။
သူ မြို့တော်ထဲအရင်ကဖြစ်ခဲ့တာကို တွေးမိချိန် ယိချင်းရင်ထိတ်သွားတယ်။ အဲဒီအမတတွေ အဲလောက်မြန်မြန် သူတို့နေရာကို ရှာတွေ့သွားပြီလား။ သူတို့ကိုအရင်တစ်ခေါက်က ရိုက်ခဲ့တာ အဲလောက်မပြင်းလို့လား။
တပည့်တချို့က စုဝေးနေကြပြီ။ သူတို့က ယိချင်းနဲ့ရှန်းရင် ပျံသန်းလာတာမြင်တော့ ဂါရ၀ပြုကြတယ်။
“ဆရာတစ်ခုခုမြင်မိလား” ယိချင်းက ရှန်းရင်ကိုပြန်လှည့်ကြည့်လိုက်တယ်။ သူ မြူခိုးဖြူထဲ ပုံမှန်မဟုတ်တာ ဘာမှအာရုံမခံမိဘူး။
“ငါထင်တာတော့…” အပေါက်တစ်ခုရှိနေတာလား။
ရှန်းရင် ဖြေမို့ရှိသေး ယွီဟုန်က ပိထောင်နဲ့အပြေးရောက်လာတယ်။
“ကြီးမြတ်တဲ့… နတ်ဒေဝါ” သူက ရှန်းရင်ကို အလိုလို ဂါရ၀ပြုပေမဲ့ အကြည့်တွေကတော့ မသေမျိုးချီပေါ်မှာ။ သူရုတ်တရက် ကြောင်သွားတယ်။
“အာ အဲဒါမသေမျိုးတက်လှမ်းမှုစင်မြင့်မဟုတ်ဘူးလား၊ အရမ်းကိုမြန်မြန် ပေါ်လာတာပဲ”
“မသေမျိုးတက်လှမ်းမှုစင်မြင့်လား” မသေမျိုးကို ဘာမှသိပ်လုပ်စရာမလိုဘဲ တက်လှမ်းခဲ့တဲ့တပည့်တွေက လုံးဝကြောက်လန့်ကုန်ကြတယ်။ ဘာကြီးလဲ။
“ရောင်းရင်းအမတလွင့်မျော၊ ခင်ဗျား ဒီလိုထူးခြားတဲ့မသေမျိုးချီကိုမြင်ဖူးပါသလား”
ယိချင်းမျက်နှာက တည်တံ့နေတယ်။
မင်းကရော ဘာလို့ ငါ့ကို မျောလွင့်လို့ခေါ်တာလဲ။ ပိထောင်နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူ သက်ပြင်းချပြီး ရှင်းပြလိုက်တယ်။
“ဒါပုံမှန်ပဲ – ဒါ မသေမျိုးတက်လှမ်းမှုစင်မြင့်လေ၊ အောက်ဘုံက တစ်ယောက်ယောက် ဝဋ်ကြွေးချေမှုကို ဖြတ်သန်းပြီး မသေမျိုးတက်လှမ်းလာတော့မယ်ဆိုတဲ့ လက္ခဏာပဲ၊ အဲလူ ဝဋ်ကြွေးချေမှုကို ဖြတ်သန်းနိုင်သရွေ့ မသေမျိုးချီက ငွေ့ရည်ဖွဲ့ပြီး မသေမျိုးတက်လှမ်းမှုစင်မြင့် ဖြစ်လာလိမ့်မယ်၊ အလင်းတန်းဖြူကြီးတစ်ခု အပေါ်ကနေ ဖြာကျလာပြီး သေမျိုးကို အမတဘုံထဲကြိုလိမ့်မယ်”
“သိပါပြီ” တပည့်တွေက သက်ပြင်းချလိုက်တယ်။ သူတို့အရည်အချင်းကို လေ့ကျင့်လို့ရတဲ့ ရန်သူမဟုတ်ဘူးပေါ့။ နှမြောစရာပဲ။
“အောက်ဘုံမှာ ကမ္ဘာသုံးထောင်ကျော်ရှိတာမို့ မသေမျိုးတက်လှမ်းမှုစင်မြင့်က အမတဘုံရဲ့ နေရာအနှံ့မှာပေါ်လာတာ သဘာဝပဲ” ပိထောင် ရှင်းပြလိုက်တယ်။
“မင်းတို့အားလုံး မသေမျိုးတက်လှမ်းချိန်က ဒီမှာလည်း မသေမျိုးတက်လှမ်းမှုစင်မြင့် ပေါ်လာတယ်” တစ်ယောက်သောသူက တစ်ဂိုဏ်းလုံးကို မြှောက်ပြီး မသေမျိုးတက်လှမ်းမှုစင်မြင့်ကနေ ဖောက်ထွက်လာခဲ့ရုံပဲ။
“ဒါကိုကြည့်ရရင်…” ပိထောင်က မြန်ဆန်စွာဖြစ်ပေါ်လာတဲ့စင်မြင့်ကို ကြည့်ပြီးပြောလိုက်တယ်။
“ဒီလူက ထျန်းလန်လောကကနေ တက်လှမ်းလာတာဖြစ်နိုင်တယ်၊ အောက်ဘုံက သုံးထောင်သော သီးခြားကမ္ဘာတွေထဲကတစ်ခုဆိုတော့၊ ဒါပေမဲ့ အဲဘုံက ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကနေ ဖန်တီးထားတာလေ၊ အဲကနေ လူတွေ မသေမျိုးတက်လှမ်းလာရင် သူတို့မသေမျိုးတက်လှမ်းမှုစင်မြင့်က ဒီမှာပေါ်လာဖို့ ဖြစ်နိုင်ခြေအများဆုံးပဲ”
“ဆိုလိုတာက ဒီလူက ကျုပ်တို့သိလောက်တဲ့လူ ဖြစ်နိုင်တယ်ပေါ့” ယိချင်း ပိထောင်ဆိုလိုချင်တာကို နားလည်သွားတယ်။
“အရမ်းပဲ ဖြစ်နိုင်တယ်” ပိထောင်ခေါင်းညိတ်ပြလိုက်တယ်။
ဘယ်သူများ မသေမျိုး တက်လှမ်းလာတာလဲ။ ယိချင်းက အောက်ဘုံမှာတွေ့ခဲ့တဲ့လူတွေကို ပြန်စဉ်းစားကြည့်မိတယ်။ တကယ်လို့တစ်ယောက်ယောက်သာ မသေမျိုးတက်လှမ်းလာရင် ဆွေကြီးမျိုးကြီးမိသားစုလေးစုထဲကလူ ဖြစ်နိုင်ခြေရှိတယ်။ လူတိုင်းက အကောင်အထည်ပေါ်လာတဲ့ မသေမျိုးချီကို မျှော်လင့်တကြီးမျက်နှာနဲ့ကြည့်နေကြတယ် – တစ်ယောက်သောယိချင်းကလွဲလို့ပေါ့။
ဘယ်သူပဲတက်လှမ်းလာပစေ သူတို့က သူ့ဆရာကို ခိုးမယ်ဆိုတာ သေချာတယ် ရုတ်တရက် သူ ဒီလာဖို့အကြုံပြုမိတာနောင်တရသွားပြီ။ ခုပြန်လှည့်ဖို့ နောက်ကျလွန်းသွားပြီလား။
…