အခန်း ၁၅၁ ။ ဧကရာဇ်ရှစ်ပါးနှင့်တိုက်ပွဲ
“မင်းပဲ” ကောယိုးအထိတ်တလန့်အော်ပြီး ယိချင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတယ်။ ဆောင်းဝိညာဉ်သစ်ရွက်အဆိပ်ရဲ့ ပစ်မှတ်တွေက အလွန်ဆုံးလေးလအထိပဲ အသက်ရှင်နိုင်တာကို သူက အခုထိ အသက်ရှင်နေသေးတယ်ပေါ့။ ပြီးတော့ အဆိပ်မိထားတဲ့ အရိပ်လက္ခဏာလည်းပြပုံမပေါ်ဘူး။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ ကောယိုး စိတ်မအေးဖြစ်လာပေမဲ့ လူတွေရှိနေတော့ ထုတ်မပြလိုက်ဘူး။
နဂိုထိတ်လန့်မှုကနေ သတိပြန်ဝင်လာတော့ ခန်းမဆောင်ထဲက ဧည့်သည်တွေက သူတို့ကြား ကျူးကျော်လာသူကို ရန်လိုစွာ ဒေါသတကြီး ကြည့်ကျတော့တယ်။
“လူပါးဝလိုက်တာ မင်းက သာမန် အမတတစ်ယောက်ပဲ၊ ဒီဧကရာဇ်တွေရှိနေတာကို အဲလောက်တောင် မလေးမစားပြုရဲတယ်လား”
“မင်းက ဘယ်သူလဲ၊ ဘယ်လိုလုပ် စစ်ပြေငြိမ်းနန်းဆောင်ကို ကျူးကျော်လာရဲတာလဲ”
“မင်းက အဆင့်နိမ့်အမတလေးတစ်ယောက်ပဲ၊ အရှင်မင်းကြီးကောယိုးကို ပမာမခန့်ပြုရဲတယ်ပေါ့၊ မင်းဘာစွမ်းလဲ မြင်ချင်မိသား”
“ကြီးမြတ်တဲ့ဧကရာဇ်၊ ဒီမလောက်လေး မလောက်စားကို ကူညီပြီးအချိုးပြင်ခွင့်ပြုပါ”
“ရောင်းရင်းဧကရာဇ်တို့…” ဒီထောက်ခံတဲ့စကားတွေကြောင့် စိတ်သက်သာရာရပြီး ကောယိုး ပြန်တည်ငြိမ်လာတယ်။ ယိချင်းက ဆောင်းဝိညာဉ်သစ်ရွက်က အဆိပ်ခတ်ထားတာ သိသွားရင်တောင် ဘယ်သူက သူ့လို အဆင့်နိမ့်အမတကို ယုံမှာလဲ။
“အမတရောင်းရင်း ကျုပ်တို့ကြား အထင်လွဲမှုတချို့ရှိတယ်လို့ယုံတယ်၊ ကျုပ်တို့ ဆွေးနွေးကြည့်ရင်ရော… ဟမ်”
ကောယိုးစကားမဆုံးခင် ယိချင်းက သူ့ဓားကိုလှည့်ပြီး အားပြင်းတဲ့ဓားချီတွေ လွှတ်ထုတ်လိုက်တယ်။ ဓားချီလွှမ်းမိုးတာခံရပြီး ကောယိုး သူ့သလွန်ကနေ အလျင်စလို ဖယ်လိုက်ရတယ်။ လှည့်ကြည့်လိုက်ချိန် နန်းတော်နံရံတစ်လျှောက် အပေါက်ကြီးဖြစ်သွားတာမြင်လိုက်ရပြီးတော့ နန်းတော်တစ်ဝက် ပြိုကျသွားတော့တယ်။ လာလည်တဲ့ ဧကရာဇ်တွေပါ သူတို့ဓားတွေပေါ်တက်ပြီး နန်းတော်ကနေ ထွက်ပြေးရတော့တယ်။
ကောယိုး မယုံကြည်နိုင်စွာ မျက်လုံးပြူးလိုကခတယ်။ နန်းတော်တစ်ခုလုံးက ထူးခြားတဲ့ ကုန်ကြမ်းတွေနဲ့ တည်ဆောက်ထားတာ၊ အင်းကွက်အစီအရင်တွေကလည်း ကာကွယ်ထားတယ်။ ဒါတောင် ယိချင်းက သူ့ဓားတစ်ချက်နဲ့ နန်းတော်တစ်ဝက်ကို ဖျက်ဆီးလိုက်တယ်။ ဘယ်လိုလုပ် သာမန်အဆင့်မြင့်အမတတစ်ယောက်က ဒီလိုကြောက်ခမန်းလိလိ ဓားချီကို ပိုင်ဆိုင်ထားနိုင်တာလဲ။
ကောယိုး ရင်ထိတ်ပြီး ရုတ်တရက် မကောင်းတဲ့ခံစားချက်ရတော့တယ်။
“ရောင်းရင်းအမတယိချင်း၊ ဒါကိုအေးဆေး ဆွေးနွေးကြရအောင်၊ မင်း ဘာလို့… ခဏ၊ ခဏ မင်း”
သူ စကားမဆုံးခင် ယိချင်းက နောက်တစ်ကြိမ် ဓားကိုထုတ်ပြီး ကြောက်ခမန်းလိလိ ဓားချီတွေ လွှတ်ထုတ်လိုက်တော့ နန်းတော်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။ ကောယိုးရွေးစရာမရှိတော့ဘဲ ပါးစပ်ပိတ်ပြီး လောလောဆယ်တိုက်ခိုက်ဖို့ပဲ အာရုံအပြည့်စိုက်ရတော့တာပေါ့။
တကယ်လို့ ယိချင်း သူ့ဆရာနဲ့နှစ်တွေအကြာကြီးနေလာခဲ့တာကနေ သင်ယူခဲ့ရတဲ့ အရေးကြီးဆုံး သင်ခန်းစာရှိမယ်ဆိုရင် ဒါက အရင်တိုက်ခိုက် နောက်မှ စကားပြောပဲ။ အရင်ဆုံး ရန်သူကို အသားကုန်သာထုထောင်းလိုက်။
တိုက်ပွဲဝင်ဖို့။
တစ်ခဏအတွင်း ဂါထာအလင်းတန်းတွေ နေရာတိုင်းမှာ လင်းလာပြီး နန်းတော်တစ်ခုလုံး ဓားချီတွေပြည့်နေတယ်။ လာလည်တဲ့ဧကရာဇ်တွေလည်း သူတို့နှစ်ယောက်တိုက်ခိုက်တာကိုကြည့်ပြီး ကောယိုးကို ကူညီဖို့တာဝန်ရှိတယ်လို့ခံစားနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သူ့ဧည့်သည်တွေကိုး။ ဒါကြောင့် အမတခုနှစ်ယောက်လည်း တိုက်ပွဲထဲဝင်ပါကုန်တယ်။ ဓားချင်းထိခတ်မိသံတွေက ပိုကျယ်လောင်လာပြီး မှော်အတတ်တွေက အလင်းက ပိုတောင် မျက်စိကျိန်းစရာ။
——————
သုံးနာရီအကြာ မိုင်ထောင်ချီအဝေး။
ကူယွဲ့ မြို့တော်ဆီ အလာလမ်း။ သူ မနက်တည်းက မရပ်မနားပျံသန်းလာခဲ့တာ။ တစ်ယောက်သောသူက အဆင်အခြင်မဲ့ပြုမူပြီး သူတောင်မဖြေရှင်းနိုင်တဲ့ ပြဿနာအရှုပ်ထုတ်ကြီးဖန်တီးမိမှာစိုးလို့လေ။ စိုးရိမ်ပူပန်ပြီး စိတ်ရှုပ်လာတော့ ဆဲပါဆဲချင်မိနေတော့တာ။ နဂိုက သစ်သားတုံးလို တောင့်တင်းနေတဲ့ပုံစံမျိုးနဲ့ ယိချင်းက ဒေါသထွက်ရင် အဲလောက်အမြန်ကြီးပြေးသွားလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ။ ကူယွဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား လိုက်မမှီဘူး။ ပြီးတော့ မြို့တော်ဆီရောက်တဲ့ နေရာရွှေ့ပြောင်းအစီအရင်မရှိတော့ သူ့ဘာသာပျံသွားရတယ်။
“အများကြီးမစိုးရိမ်ပါနဲ့ အမတရောင်းရင်း ကူယွဲ့” အရင်ရက်တွေတုန်းက အတင်းဆွဲခေါ်လာခံရတဲ့ ရွှင်ရှူးက နှစ်သိမ့်ပေးလိုက်တယ်။
“ယိချင်းရဲ့ မြင့်မားတဲ့ကျင့်ကြံဆင့်နဲ့ဆို ဒုက္ခရောက်တာမဖြစ်နိုင်ပါဘူး” ကူယွဲ့နဲ့ယှဉ်ရင် ရွှင်ရှူးက ပိုသက်သက်သာသာ ဖြစ်နေတယ်။ သူ အဲဒီအလကားကောင် ကောယိုးကို ပညာပေးချင်နေတာ ကြာပြီဆိုပေမဲ့ အကြောင်းပြချက်ကောင်းမတွေ့သေးတာ။ ခုတော့ တခြားတစ်ယောက်က ဆန္ဒအလျောက် လိုလိုလားလားလုပ်ပေးမယ်ဆိုတော့ သူက ကူညီပေးဖို့ကို ပိုတောင်ပျော်သေးတယ်…။
“အဲလိုဖြစ်ဖို့ပဲ မျှော်လင့်တာပေါ့” စိုးရိမ်နေတဲ့ ကူယွဲ့ စိတ်ထင့်နေတုန်းပဲ။ ရုတ်တရက် တစ်စုံတစ်ရာ မူမမှန်တာကို သတိထားမိသွားတယ်။ သူတို့ဘေးကနေ အမတတွေအများကြီး ဖြတ်ပျံသွားတာပဲ။ မျက်မှောင်ကြုတ်ပြီးသူ တီးတိုးရေရွတ်လိုက်တယ်။
“ဟမ် ဘာလို့ အမတတွေအများကြီး မြို့ထဲကနေ ထွက်နေကြတာလဲ”
ပြီးတော့ အားလုံးက တစ်ခုခုကနေ ပြေးလာရသလို အလောတကြီး။ ပြီးတော့ သူတို့အရေအတွက်ကလည်း တိုးလာတယ်။ မြို့တော်ကနေ တသီတတန်းကြီး ထွက်လာတဲ့ပုံမျိုး။
ရွှင်ရှူးလည်း သူ့ဘေးက အဆက်မပြတ်ပျံနေတဲ့ အမတတွေကို သတိထားမိသွားတယ်။ ဟိုဟိုဒီဒီကြည့်ပြီး မြင်ဖူးတဲ့ အမတတစ်ယောက်ကို လှမ်းတားကာမေးလိုက်တယ်။
“ဘာဖြစ်တာလဲ”
“ဧကရာဇ်ငယ်ရွှင်…” အမတက အံ့ဩတကြီး ရေရွတ်ပြီး ရပ်လိုက်တယ်။ သူ ရွှင်ရှူးကို ဂါရ၀ပြုပြီး ရှင်းပြတော့တယ်။
“မြို့ထဲ ရုတ်ရုတ်သဲသဲအကြီးစားဖြစ်နေလို့ပါ၊ လူတစ်ယောက် စစ်ပြေငြိမ်းနန်းဆောင်ထဲ ကျူးကျော်လာတယ်လေ၊ အခု အဲနေကာမှာ တိုက်ပွဲဖြစ်နေတာ၊ လူတိုင်း ပဋိပက္ခကိုရှောင်ရှားဖို့ မြို့ထဲကနေ ထွက်ကြတာပါ”
ရွှင်ရှူး တိတ်တိတ်လေး ကျေနပ်သွားခဲ့တယ်။ ကြည့်ရတာ ယိချင်းက အခု အဲအကောင်ကောယိုးကို ထုထောင်းနေတဲ့ပုံပဲ။ မဆိုးဘူး အချိန်တိုအတွင်း အမတနန်းတော်ထဲ ဖောက်ဝင်နိုင်ခဲ့တယ်ပေါ့။ တကယ့်ကို ဓားအမတပီသပါပေတယ်။
ဒါပေမဲ့…။
“တကယ်လို့ ကောယိုးက မြို့ထဲ တစ်ယောက်ယောက်ကို တိုက်ခိုက်နေရင်တောင် မင်းတို့အားလုံး မြို့ထဲက ထွက်စရာမလိုဘူးမလား” ဘယ်လိုပဲဖြစ်ဖြစ် ရှန်းတုက မြို့တော်ဆိုတော့ အင်းကွက်အစီအရင်တွေအများကြီးက ကာကွယ်ပေးထားတာ။ ဧကရာဇ်အဆင့် အမတတွေ တိုက်ခိုက်နေရင်တောင် နန်းတော်နံရံတွေထဲပဲ ပိတ်မိနေမှာဖြစ်ပြီး အမတမြို့ရဲ့တခြားနေရာတွေကို သက်ရောက်မှာမဟုတ်ဘူး။ ဘာလို့ ဒိအမတတွေ အဲလောက်ဝေးဝေးထိပြေးနေတာလဲ။
“ဧကရာဇ်တစ်ပါးထက်… ပိုပြီး ပါဝင်နေလို့ပါ”
“ဘာ” ရွှင်ရှူး ထိတ်လန့်မှုကနေ သတိပြန်မဝင်နိုင်ခင် သူတို့ မိုးကြိုးသံကြီးကြားလိုက်ရတယ်။
အမည်မသိအရာတစ်ခုက သူတို့ဆီ မိုင်ထောင်ချီအဝေးကနေ တန်းတန်းမတ်မတ် လာနေတဲ့ပုံ။ ဦးတည်ဖက်တိုင်းကိုပျံ့ထွက်သွားပြီး နားထဲ ပဲ့တင်ထပ်ကုန်သလို မျက်နှာပေါ် ဖြတ်ပြေးသွားတယ်။
လူနှစ်ယောက် သူတို့ကိုလွှမ်းမိုးဖို့ ခြိမ်းခြောက်လာတဲ့ အမတအရှိန်လှိုင်းကိုကာဆီးဖို့ သိုင်းကွက်တစ်ခုထုတ်ကာ အင်းကွက်အစီအရင် အလိုလိုချလိုက်တယ်။ ဖြူဖျော့သွားပြီး ရွှင်ရှူးတားလိုက်တဲ့ အမတက လှည့်ထွက်ကာ အဝေးကိုပျံသန်းသွားတယ်။
ရွှင်ရှူးက ဒီအရှိန်ကိုစူးစမ်းဖို့ စိတ်အာရုံသုံးလိုက်တော့ ဓားချီဖြစ်နေတာသိလိုက်ရတယ်။
ဒီလောက်အဝေးကြီးကနေ သူတို့ဆီ ရောက်နိုင်ပုံထောက်ရင်
သူ့ကောင်းကင်စိတ်အာရုံကိုအသက်သွင်းလိုက်တော့ ရွှင်ရှူး မြို့တော်ပေါ်က ကောင်းကင်တစ်ဝက်နီးပါးက ရောင်စုံလွှမ်းနေတာ မြင်လိုက်ရတယ်။ သူ မတူညီတဲ့ မသေမျိုးချီဆယ်မျိုးလောက် မြို့ထဲကနေ ထွက်နေတာကို ခပ်ရေးရေးအာရုံခံမိတယ်။ ယိချင်းနဲ့ကောယိုးအပြင်…။
“ဘာဖြစ်နေတာလဲ” ကူယွဲ့ အမူအရာ မှောင်မှိုင်းနေတယ်။
ရွှင်ရှူး အတွေးနက်နေတဲ့ပုံ။ နောက်တော့ တစ်စုံတစ်ရာကို ရုတ်တရက် ပြန်စဉ်းစားမိပြီး ခေါင်းငုံ့ကာ ရေတွက်တော့တယ်။ သူ့မျက်နှာ ချက်ချင်းဖြူဖျော့သွားတော့တာပေါ့။
“ဒီနေ့က ‘စစ်ပြေငြိမ်း’ အမတတွေ့ဆုံပွဲနေ့ဆိုတာ ငါဘယ်လိုလုပ်မေ့သွားပါလိမ့်၊ လောလောဆယ် ကောယိုးအပြင်… တိုင်းပြည်အသီးသီးကဧကရာဇ်တွေလည်းရှိနေတယ်၊ စုစုပေါင်း၈ယောက်ပေါ့”
“ချီး ဘာလို့စောစောက မပြောတာလဲ” ကူယွဲ့ မြို့တော်ဆီ မြန်နိုင်သမျှမြန်မြန်ပျံသန်းတော့တယ်။
ဒါပေမဲ့ အရှိန်မြှင့်တာတောင် မြို့တော်ဆီမရောက်ခင် ဆယ်မိနစ်ကျော်ကြာသွားတယ်။ သူ့ကို ကြိုနေတဲ့မြင်ကွင်းကတော့ ထိတ်လန့်သွားစေခဲ့တာပေါ့။
တစ်ချိန်က ခမ်းနားခဲ့တဲ့အမတမြို့က မရှိတော့ဘဲ ခုတော့အပျက်အစီးပုံကြီးပဲရှိနေတယ်။ နေရာတိုင်းမှာ ကျိုးပဲ့နေတဲ့ နံရံတွေနဲ့ လေထဲမှာ ဥက္ကာပျံတွေလိုလွင့်နေတယ်။ မျိုတံခါးတောင် နှစ်ခြမ်းကွဲနေပြီး တစ်ပိုင်းက လေထဲမျောနေလေရဲ့။
ဓားချီနဲ့မသေမျိုးချီတွေ နေရာတိုင်းမှာ ထိခိုက်မှုတွေဖြစ်စေလို့ အကောင်းပတိကျန်တဲ့ အဆောက်အဦက တစ်ဝက်တောင် မရှိတော့ဘူး။ စောနက သူတို့မြင်ခဲ့ရတဲ့ ဂါထာအလင်းတန်းတွေလည်း ပျောက်သွားပြီ။ သိသိသာသာပဲ တိုက်ပွဲကပြီးဆုံးသွားခဲ့တယ်။
ယိချင်းက ဘယ်နေရာမှာလဲ။
စိုးရိမ်မှုတွေနဲ့ ကူယွဲ့ စစ်ပြေငြိမ်းနန်းတော်ဆီ တန်းတန်းမတ်မတ်ဦးတည်လာခဲ့တယ်ာ သူ့ ကောင်းကင်စိတ်အာရုံကိုအသက်သွင်းပြီးတဲ့နောက် ယိချင်းနဲ့ အပျက်အစီးပုံကြီးကို နောက်ဆုံးတော့ရှာတွေ့ပြီ။ သူက လဲနေတဲ့နံရံတစ်ချပ်ပေါ် ရပ်နေပြီး နဂိုက ဖြူစွတ်နေတဲ့ဝတ်ရုံက အခုတော့ လုံးဝရဲရဲနီနေပြီး တစ်ကိုယ်လုံး သွေးတွေလွှမ်းနေတယ်။ ကူယွဲ့သာ ယိချင်းအငွေ့အသက်ကို မရင်းနှီးနေရင် သူ ယိချင်းဆိုတာ သတိထားမိခဲ့မှာမဟုတ်ဘူး။
ဓားချီငွေ့ရည်ဖွဲ့ထားကနေ ဖွဲ့စည်းထားပြီး တဖျတ်ဖျတ်လှုပ်နေတဲ့ ဓားကိုဆုပ်ကိုင်ကာ အသာတုံးကြီးနဲ့ခပ်ဆင်ဆင် တစ်စုံတစ်ခုပေါ် ခြေထောက်တင်ရင်း အေးစက်စက်လေသံနဲ့ မေးခွန်းထုတ်နေပုံပဲ။
ပတ်လည်မှာ အလောင်းတချို့ကိုမြင်ရပြီး တချို့က ချုံပုတ်တွေကြားငြိ၊ တချို့က သစ်ပင်တွေပေါ်မှာချိတ် တချို့ဆို ခေါင်းတစ်ဝက်က ကျောက်တုံးတွေပိတာမျိုးဖြစ်နေတယ်။ ဒီကိုယ်ခန္ဓာတွေဆီကနေ ထုတ်နေတဲ့ အငွေ့အသက်က ဖျော့တော့လွန်းလို့ သူ့ကောင်းကင်စိတ်အာရုံကို အပြည့်အဝအသက်သွင်းရင်တောင် အာရုံမခံနိုင်တာ မြင်လိုက်ရတယ်။
ကူယွဲ့ ။ ။ “…”
ရွှင်ရှူး ။ ။ “…”
သူ… သူတို့ကိုနိုင်သွားတယ်လို့ မပြောနဲ့နော်
Σ(°△°|||)
ရှစ်ယောက်နဲ့တစ်ယောက် ပြီးတော့ သူ့ပြိုင်ဘက်တွေကအားလုံးက တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ နတ်ဒေဝါဧကရာဇ်အဆင့်အမတတွေလေ
သောက်ကျိုးနည်း မင်းက ဘယ်လိုကောင်လဲ
…