ERSY အခန်း ၁၄၆

အခန်း ၁၄၆ ။ အိပ်ပျော်နေသောအလှလေး

ကူယွဲ့ မျက်နှာပေါ် အပြုံးက ကျယ်ပြန့်လာပြီး ကျေနပ်နေတဲ့ ဂိုဏ်းရဲ့သိုလှောင်ခန်းနံရံကိုပုတ်လိုက်တယ်။ သူ့ပုံစံက ကျေနပ်နေတဲ့ ခေါင်းပုံဖြတ်အမြတ်ကြီးစားတဲ့သူမျိုး။ သိုလှောင်ခန်းက တစ်နေ့ပြီးတစ်နေ့ ပြည့်သထက်ပြည့်လာတယ်။ ယိချင်း အဆင့်မြင့်အမတဆီ တက်လှမ်းသွားခဲ့တဲ့ ရိုက်ချက်ကိုတောင် အခု ခံနိုင်ရည်ပိုရှိလာသလိုပဲ။ ရက်ရောချင်လာပြီး အရေးမစိုက်တဲ့ပုံစံနဲ့လက်ယမ်းပြပြီး ကြေညာလိုက်တယ်။

“မင်း အဆာပြေစားခွင့် တောင်းဆိုမှုကို ခွင့်ပြုတယ်”

ကူယွဲ့ တစ်စုံတစ်ယောက်သောလူဆီကနေ မျှော်လင့်ထားတဲ့ မြူးတူးပျော်ရွှင်နေသံမကြားရတော့ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်တယ်။

“ဘာလဲ၊ အဆာပြေနဲ့ မကျေနပ်သေး…” သူ စကားပြောရင်း ရုတ်ခြည်းရိုက်လိုက်ပြီး ဘေးကလူကိုလှည့်ကြည့်လိုက်တယ်။

စောနလေးကတင် စားနေတဲ့ ရှန်းရင်က အခု စားပွဲပေါ် လက်ကားရား အိပ်မောကျနေပြီဆိုတာ တွေ့လိုက်ရတယ်။

အမလေး ဘုရားသခင် ဒီအစားသရဲက မျိုနေရင်းတောင် အိပ်မောကျနိုင်တယ်လား။ သူ့အိပ်တဲ့အရည်အချင်းက သေချာပေါက်ကို အဆင့်မြင့်နေပြီ

ကိစ္စသေးလေးလို့ပဲတွေးပြီး ကူယွဲ့ မီးဖိုချောင်ထဲက ယိချင်းဆီ အသံလှိုင်းလွှင့်ကာ ရှန်းရင်ကို အခန်းဆီပြန်သယ်သွားဖို့ လူတစ်ယောက်စီစဉ်လိုင်းလိုက်တယ်။ နောက်တော့ သူ့ရဲ့ မြင့်မြတ်တဲ့မြေ‌ဖွံ့ဖြိးရေးလုပ်ငန်းစဉ်အတွက် အလုပ်ဆက်လုပ်တော့တယ်။ အခုတလော သူတို့တပည့်တွေရဲ့ ကျင့်ကြံမှုက အတော်လေးမြန်မြန် မြင့်တက်လာနေတာ။ အများစုက အမတအရိုးတွေဖွဲ့စည်းပြီး အမတတွေဖြစ်လာပြီ။ သူကိုယ်တိုင်တောင် ခဏခဏ နတ်ဆိုးချီထဲဝင်ဖြစ်နေလို့ စိတ်တန်ခိုးအမတအဆင့်အဖြစ် မြင့်တက်သွားခဲ့ပြီ။ ဒီအတောအတွင်း ရွှင်ရှူးကလည်း အမတလက်နက်တစ်ဝက်ကျော်ကို ‌ပို့ပေးလာတယ်။ သူ့အတွက် တကယ်ကိုအလုပ်များနေတဲ့ကာလပဲ။

ဒါပေမဲ့ ရှန်းရင်က ရက်နည်းနည်းကြာသွားတာတောင် မနိုးသေးတာသိလိုက်ရချိန် အံ့ဩသွားခဲ့တယ်။ ပြီးတော့ ဒါက ထမင်းစားချိန် ထမင်းစားဆောင်မှာ အချိန်မှန်ပေါ်လာဖို့ ဘယ်တုန်းကမှမပျက်ကွက်ခဲ့တဲ့ အစားသရဲလေ။ သူ့စားစရာတွေကို အခန်းထဲသယ်သွားတာတောင် တုံ့ပြန်မှုလုံးဝမရှိ။

“ဆရာအဆင်ပြေရဲ့လား” ယိချင်း မျက်မှောင်ကြုတ်ပြီး ရှန်းရင်အိပ်ခန်းဘက် စိုးရိမ်တကြီး ကြည့်လိုက်တယ်။

“သူ ဘာဖြစ်နိုင်မှာမို့လဲ” ကူယွဲ့ မျက်ဆံလှန်ပြီး နှာမှုတ်လိုက်တယ်။ တစ်ခဏစဉ်းစားပြီးတဲ့နောက် သူ မေးကြည့်လိုက်တယ်။

“သူ ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ”

“ငါးရက်…”

“တော်တော်ကြာပြီပဲ သူမအိပ်သွားခင် မင်းကို တစ်ခုခုပြောခဲ့သေးလား” ရှန်းရင်က ငပျင်းဆိုပေမဲ့ တုံးတော့မတုံးဘူး။ တကယ်တော့ သာမန်လူတွေထက်တောင် ဉာဏ်ပြေးသေးတယ်။ တစ်ခုခုလွဲနေတာတွေ့ရင် သေချာပေါက် သူတို့ကို သဲလွန်စပေးခဲ့မှာပဲ။

ယိချင်း စဉ်းစားကြည့်ပြီးတဲ့နောက် ခေါင်းယမ်းလိုက်တယ်။

“ဟင့်အင်း” အဲနေ့က သူမအပြုအမူ ပုံမှန်မဟုတ်တာ ဘာမှမရှိခဲ့ပါဘူး။

“ဒါဆို အဆင်ပြေမှာပါ” ကူယွဲ့ စိတ်အေးသွားပြီး သက်ပြင်းချလိုက်တယ်။

“သိတဲ့အတိုင်း သူကပျင်းပေမဲ့ တကယ်တော့ ဉာဏ်ကောင်းတယ်၊ တစ်ခုခုလွဲနေတာရှိရင် တိတ်မနေလောက်ပါဘူး၊ ပြီးတော့ တစ်ခါက နှစ်ရက်လုံးအိပ်ခဲ့ဖူးတယ်မဟုတ်လား”

“ဒါပေမဲ့ ဒီတစ်ခေါက် ဂိုဏ်းချုပ်က အိပ်တာအတော်လေးကြာပြီလို့ခံစားရတယ်” ယွီဟုန်က ရှေ့တက်လာပြီး တုံ့ဆိုင်းစွာနဲ့ အကြံပြုလာတယ်။

“ကျွန်မတို့… သူ့ကိုနှိုးကြည့်ရင်ရော”

ယိချင်းနဲ့ ကူယွဲ့ သူမအကြံပေးချက်ကို စဉ်းစားလိုက်တယ်။ အကြံကောင်းပဲ… ဒါပေမဲ့…။

“ဘယ်သူလုပ်မှာလဲ”

ယိချင်း ။ ။ “…”

ကူယွဲ့ ။ ။ “…”

ယွီဟုန် ။ ။ “…”

တစ်ခဏအကြာ…

“အဟမ်း ပင်ပန်းလွန်းနေတာပဲဖြစ်မှာပါ…” ကူယွဲ့ အနေရခက်ခက် ရယ်လိုက်တယ်။

“ယွီဖုန်းအမတမြို့မှာ မအိပ်ဘဲ ရက်ဆက်တိုက် သွားခဲ့ရတာ၊ အိပ်ရေးပျက်ထားတာ ပြန်ဖြည့်‌ေိတာပဲ… ထူးဆန်းတာဘာမှမရှိပါဘူး”

ထင်တာပဲ…။

“ဒါပေမဲ့…” အမတမြို့ဆီသွားခဲ့တဲ့ခရီးက လွန်ခဲ့တဲ့နှစ်ဝက်ကျော်ကလေ ယွီဟုန် သံသယရှိပေမဲ့ ဒီထက်ပိုကောင်းတဲ့ ဖြေရှင်းချက် စဉ်းစားမရဘူး။ ဂိုဏ်းချုပ်က ဒီလောက်အစွမ်းကြီးတာ၊ ဘယ်သူက ဒုက္ခပေးနိုင်မှာလဲ။ တကယ်ပဲ… ပင်ပန်းလွန်းလို့လား။

ယိချင်း လက်သီးဆုပ်ပြီး အခန်းကို တစိုက်မက်မက်ကြည့်နေမိတယ်။ နောက်တော့ သူ တံခါးဆီလျှောက်သွားပြီး ရုတ်တရက် တွန်းဖွင့်လိုက်တော့တယ်။

“ယိချင်း” ကူယွဲ့ ထိတ်လန့်တကြား အော်လိုက်တယ်။

“မင်း… သေချင်လို့လား”

ဟမ်။

သူ အခန်းကို စစ်ကြည့်လိုက်တယ်။ ထူးထူးဆန်းဆန်းပဲ အိပ်ရာပေါ်ကလူက ရုတ်ရုတ်သဲသဲတွေကြောင့် နှိုးဆော်ခံလိုက်ရတာမျိုးမရှိ။ သူ သူမ အသက်ရှူသံ ခပ်ရေးရေးကို ကြားနေရတယ်။ နီစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ပုံ။

“ဆရာ ထမင်းစားချိန်ပါ” ယိချင်း ရှန်းရင်အိပ်ရာဘေးလျှောက်လာခဲ့ပြီး ခပ်ဖွဖွတွန်းကြည့်လိုက်တယ်။

တုံ့ပြန်မှုမရှိ။

“ဆရာကြိုက်တဲ့… အသားဟင်းမျိုးစုံချက်ထားတယ်”

“…”

“ဂဏန်းကြော်၊ ဂဏန်းပေါင်း၊ အမတခေါက်ဆွဲ…”

“…”

“ငါးမန်း၊ ပသိုင်းငါး၊ တောကြက်သားအစပ်ချက်…”

“…”

သူ ဟင်းပွဲစာရင်းတစ်ခုလုံး ရွတ်ပြပေမဲ့ သူမဆီက တုံ့ပြန်မှုမရသေးဘူး။ ရှင်းပြမရတဲ့ စိုးထိတ်မှုက သူ့ကိုလွှမ်းခြုံလာခဲ့တယ်။ သူ့ခေါင်းတဝီဝီမြည်ပြီး လက်တွေပါ တုန်ရီလာတော့တာပဲ။

“ဆရာ…”

အဲတော့မှပဲ တစ်ခုခုလွဲနေပြီဆိုတာ ကူယွဲ့ နားလည်သွားတယ်။ အမူအရာပြောင်းသွားပြီး သူ အခန်းထဲ ခပ်မြန်မြန်ဝင်လာရင်း သိသိသာသာသွေးပျက်နေတဲ့ ယိချင်းကို ညွှန်ကြားလိုက်တယ်။

“မြန်မြန် သွေးကြောစစ်ကြည့်”

I

ယိချင်း နည်းနည်းစိတ်ငြိမ်အောင်လုပ်ပြီး အမတချီသုံးကာ သွေးကြောကို စစ်ကြည့်လိုက်တယ်။ အားလုံးကတော့ ပုံမှန်ဖြစ်ပုံပါပဲ။ သူ ထပ်တလဲလဲ စစ်ကြည့်ပေမဲ့ လွဲနေတာ ရှာမတွေ့သေးဘူး။

“ဘယ်လိုနေလဲ၊ ဒီအစားသရဲ ဘာဖြစ်တာလဲ”

“ကျွန်တော်…. မသိဘူး” ယိချင်း ခေါင်းယမ်းပြလိုက်တယ်။

“ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ငါ တစ်ချက်ကြည့်မယ်”

ကူယွဲ့ ရှန်းရင်လက်ကို သူ့ဆီကနေဆွဲယူပြီး သွေးကြောစမ်းလိုက်တယ်။ သူ့မျက်နှာပေါ်ကအမူအရာက တဖြည်းဖြည်းမှောင်မှိုင်းလာတော့တယ်။ သူလည်း သူမ ဘာဖြစ်နေလဲဆိုတာ ရှာမတွေ့ဘူး။ သူ့လက်ထဲကပုလွေကို စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ ခပ်တင်းတင်းဆုပ်ကိုင်ထားမိတော့တယ်။ သူ တစ်ခဏစဉ်းစားပြီး ယွီဟုန့်ဘက်လှည့်ပြောလိုက်တယ်။

“ယွီဟုန် ရှန်းတုန်းအမတဘုံဗိမာန်ဆီ မြန်မြန်သွား” သူတို့ ကျင့်ကြံဆင့်က ပြဿနာကို အဖြေရှာဖို့ မလုံဘောက်လို့ထင်တယ်။

“ရွှင်ရှူးကိုလာခဲ့ခိုင်းလိုက်၊ သေရေးရှင်ရေးကိစ္စလို့ပြော… ထားလိုက်တော့ ငါပဲသွားတော့မယ်”

သူ သွားခါနီးဆဲဆဲ ယိချင်းက ပြောလာတယ်။

“ကျွန်တော် သွားလိုက်မယ်” မျက်စိတစ်မှိတ်အတွင်း သူကပျောက်သွားပြီ။

ကံကောင်းချင်တော့ အမတလက်နက်တွေ ထုတ်လုပ်မှုကို လွယ်ကူချောမွတ်စေဖို့ ဝူတိဂိုဏ်းနဲ့ ရှန်းတုန်းအမတဗိမာန်က နေရာရွှေ့ပြောင်းအစီအရင် တည်ဆောက်ပြီးပြီ။ အချိန်ခဏအတွင်း ယိချင်း ရွှင်ရှူးနဲ့ပြန်ရောက်လာခဲ့တယ်။

“ဟေး ငါ့ကို ဘာလို့ဒီဆွဲခေါ်လာရတာလဲ” လက်နက်လုပ်နေခဲ့တဲ့ ရွှင်ရှူးက မြည်တွန်တောက်တီးတော့တယ်။

“ဒီအမတဓား ကျိုးသွားရင် ငါ့ကိုအပြစ်မတင်နဲ့နော်…”

ပြော‌‌နေရင်းတန်းလန်း ရွှင်ရှူး အိပ်ရာပေါ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့လူကို သတိထားမိသွားခဲ့တယ်။ ဖြူဖျော့သွားပြီး သူ ယိချင်းဆုပ်ကိုင်ထားတာကနေ အသည်းအသန်ရုန်းကာတံခါးနောက် အမြီးကုပ်နေတော့တယ်။ အသံလှိုင်းကနေတစ်ဆင့် သူက သူတို့ကို တုန်ရီနေတဲ့အသံနဲ့ ဆဲရေးလာတာကို ကြားရတော့တယ်။

“ဟေး ခွေးကောင်တွေ ငါအသတ်ခံရအောင် လုပ်နေကြတာလား” ငါတို့က မိတ်ဆွေတွေလို့ တွေးခဲ့တာလေ။ ဘာလို့ ရှန်းရင်အိပ်နေတုန်း ယိချင်းက ငါ့ကိုခေါ်လာတာလဲ။ ငါ သူ့ဆီကရိုက်ခံရတာမလုံလောက်သေးလို့လား။

“မစိုးရိမ်ပါနဲ့” ကူယွဲ့ စိတ်ဒဏ်ရာမပျောက်သေးတာသိသာတဲ့ ရွှင်ရှူးကို စိတ်ချခိုင်းလိုက်တယ်။

“သူ ဘာဖြစ်နေလဲဆိုတာ ပြောပါဦး”

ရွှင်ရှူးက သူတို့ကို သံသယနဲ့ကြည့်ပြီး တံခါးနောက်ကထွက်လာဖို့ ကြောက်နေဆဲ။ ကူယွဲ့ ထပ်တလဲလဲ အာမခံပြီး ရှန်းရင် တုံ့ပြန်မှုမရှိတာကို ယုံအောင် အကြိမ်ရေတချို့လောက် အော်ပြပြီးမှ ဖြည်းဖြည်းချင်း တံခါးနောက်ကနေ ထွက်ခဲ့တော့တယ်။

အသက်ပြင်းပြင်းရှူပြီး ရွှင်ရှူး ရှန်းရင်သွေးကြောကို ခဏလောက်စမ်းကာ အမြန်လက်ပြန်ရုတ်လိုက်တယ်။ ခပ်တိုးတိုးအသံနဲ့ပဲ သူကပြောလာလေရဲ့။

“အရှိန်အဝါလည်းတည်ငြိမ်တယ်၊ သွေးကြောလည်းငြိမ်တယ်၊ မူမမှန်တာမရှိပါဘူး၊ အိပ်နေရုံကို ဘာလို့ခေါ်လိုက်တာလဲ” ငါ့သတ္တိစမ်းဖို့လား။

“ဆရာ အိပ်နေတာ ငါးရက်ရှိသွားပြီ” ယိချင်းရှင်းပြလိုက်တယ်။

“ဘာ မဖြစ်နိုင်တာ” ရွှင်ရှူး အံ့ဩသွားပြီး ရုတ်တရက် အတွေးတစ်ခုပေါ်လာတယ်။ လက်နှစ်ချောင်းကို ရှန်းရင်နဖူးပေါ်ဖိပြီး သူမကောင်းကင်စိတ်အာရုံကိုစစ်ဆေးဖို့ မသေမျိုးချီတွေ ကူးပြောင်းလိုက်တယ်။ လုံးဝဗလာကျင်းနေတာကို မြင်လိုက်ရချိန် သူ အံ့ဩတကြီး ရေရွတ်မိတော့တယ်။

“ဝိညာဉ်ဖြတ်ဂါထာကြောင့်များလား…”

“မဟုတ်ဘူး” ဘယ်သူမှမပြောနိုင်ခင် ရွှင်ရှူး ဒီအယူအဆကိုချက်ချင်းပယ်လိုက်တယ်။

“သူမရဲ့ ဝိညာဉ်က ကိုယ်ခန္ဓာကနေ ထွက်သွားတဲ့ အရိပ်အယောင်မပြဘူး၊ ဘယ်လိုလုပ်…”

“ဝိညာဉ်ဖြတ်ဂါထာဆိုတာဘာလဲ” ယိချင်း စိတ်ပူပန်စွာမေးလိုက်တယ်။

“ဝိညာဉ်ဖြတ်ဂါထာက ဝိညာဉ်ထိန်းချုပ်တဲ့သိုင်းတစ်မျိုးပဲ ဝိညာဉ်ထိန်းချုပ်သိုင်းတွေက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ဆွဲထုတ်နိုင်ပေမဲ့ ဒီဝိညာဉ်ဖြတ်ဂါထာကတော့ ဝိညာဉ်ကိုကိုယ်ထဲက ထွက်စေရုံပဲ၊ ဒါက အားနည်းတဲ့ ဂါထာပဲ၊ ပစ်မှတ်တွေကို နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေပေမဲ့ ကိုယ်ခန္ဓာကိုတော့ မထိခိုက်စေဘူး၊ အဲဒါကြောင့် အမတအများစုက မကြားဖူးကြတာ၊ ငါတောင် ငါ့ဘိုးဘွားတွေဆီက ရထားတဲ့ ရှေးဟောင်းမှတ်ဉာဏ်တွေကနေတစ်ဆင့် သိရတာပဲ”

“ဆိုလိုတာက တစ်ယောက်ယောက်က ရှန်းရင်အပေါ် ဒီဂါထာသုံးခဲ့တယ်ပေါ့” ကူယွဲ့မေးလိုက်တယ်။

“ဖြစ်နိုင်ချေတော်တော်များတယ်” ရွှင်ရှူးက ခေါင်းညိတ်ပြလာတယ်။

“ထူးဆန်းတာက သူ့ဝိညာဉ်က ခန္ဓာကိုယ်ကနေ မထွက်သွားပေမဲ့ ကောင်းကင်စိတ်အာရုံတစ်ပိုင်းတစ်စက ကိုယ်ကနေပျောက်နေတာ၊ တစ်ယောက်ယောက်က သူ့ကို ဂါထာတစ်မျိုးသုံးထားတာပဲဖြစ်ရမယ်၊ ကြည့်ရတာ ဒုက္ခရောက်တော့မဲ့ပုံပဲ”

“…”

လူတိုင်း မျက်နှာထားတင်းကုန်တယ်။ အထူးသဖြင့် လက်သီးတင်းတင်းဆုပ်လိုက်တဲ့ ယိချင်း။

သူတို့ဘေးတစ်ချိန်လုံးရပ်နေတဲ့ ရှန်းရင်ရဲ့ ကောင်းကင်စိတ်အာရုံ ။ ။ “…”

အာ… သူမက ယောင်ပြီးလမ်းထလျှောက်ရုံဆိုတာ ဘယ်သူမှ မသိကြဘူးလား။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset