အခန်း ၁၄၇ ။ သက္ကတနက်နဲအဆိပ်
ရှန်းရင် သူမရဲ့ဘယ်နဲ့ညာကို လှည့်ကြည့်လိုက်တော့ အနားကလူတွေက သူမရှိမနေသလိုပြုမူနေတာ မြင်လိုက်ရတယ်။ သက်ပြင်းချပြီး ခန္ဓာကိုယ်ဆီ ပြန်မို့ရှိသေး နားထဲမှာထူးဆန်းတဲ့ အသံကြားလိုက်ရတယ်။
ဒါက အသံတိုးတိုးလေး၊ ခွဲခြားလို့မရသလောက်နီးပါးပဲ။ သူမ ရပ်ပြီး တစ်ခဏစဉ်းစားပြီးတော့ တံခါးအပြင်ဆီ လွင့်မျောလာခဲ့တယ်။
အိမ်ထဲကလူတိုင်း ဘာဖြစ်နေလဲ လုံးဝမသိကြဘူး။
ယိချင်းမျက်နှာမှာ စိုးရိမ်မှုအပြည့်။ စိတ်ပူပန်စွာနဲ့ သူ ရွှင်ရှူးဘက်လှည့်မေးလိုက်တယ်။
“ကျုပ်တို့ ဆရာ့ကိုဘယ်လိုနှိုးလို့ရမလဲ”
“သူမရဲ့ ကောင်းကင်စိတ်အာရုံက ခန္ဓာကိုယ်ကနေ ထွက်သွားရုံပါ၊ စိုးရိမ်စရာတော့မရှိဘူး” ရွှင်ရှူးက တစ်ခုခုကို စဉ်းစားနေပြီးတော့ ဆက်ပြောတယ်။
“သူနိုးလာဖို့ ကောင်းကင်စိတ်အာရုံ ပြန်ရောက်လာမှာကို စောင့်ရုံပဲရှိမယ်၊ မဟုတ်ရင် ဂါထာသုံးခဲ့တဲ့သူကို ရှာလို့ရတယ်”
“ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံက ခန္ဓာကိုယ်ကနေ ထွက်သွားရင် ပုံမှန်ဆို မိုင်ထောင်ချီ သွားလာကြတာလေ၊ သူပြန်လာမှာကိုသာ စောင့်မယ်ဆိုရင်…”
အဲအချိန် ရှန်းရင်ကို သိတဲ့လူတွေကတော့ သူမရဲ့ အရပ်မျက်နှာဦးတည်ချက်အသိချို့တဲ့တာကို ရုတ်တရုတ် သတိရသွားခဲ့တယ်။ သူတို့မျက်နှာတွေ ပျက်ယွင်းသွားပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်တဲ့အကြည့်ချင်းဖလှယ်လိုက်မိကြတယ်။
“ဟာ့ ငါတို့ ဂါထာသုံးတဲ့လူကို ဘယ်မှာရှာရမလဲ ဆွေးနွေးတာ ပိုကောင်းမယ်” ကူယွဲ့ နှုတ်ခမ်းထောင့်ဖျားတွေ တွန့်သွားတယ်။
“ဒီခြောက်လအတွင်း ရှန်းရင် ဝူတိဂိုဏ်းအပြင် ခြေတစ်လှမ်းတောင် မထွက်ခဲ့ဘူး” ဟုတ်တာပေါ့၊ ဘယ်အပြင်လူမှလည်း ဂိုဏ်းထဲခြေမချခဲ့ဘူး။ ဘယ်သူကများ သူမအပေါ် ဂါထာသုံးသွားခဲ့တာလဲ။
“အနီးကပ်လုပ်စရာမလိုဘူး” ရွှင်ရှူးရှင်းပြလိုက်တယ်။
“ဒီဝိညာဉ်ထွက်ခွာသိုင်းက အရမ်းကိုရိုးရှင်းတယ်၊ လူကိုတိုက်ရိုက်လုပ်စရာမလိုဘူး၊ အဆောင်၊ လက်နက် ဒါမှမဟုတ် မသေမျိုးချီပါတဲ့ဘာမဆိုနဲ့ တွဲကပ်နိုင်တယ်၊ သေချာစဉ်းစားကြည့် သူပြန်မရောက်ခင် သူစိမ်း၊ ဒါမှမဟုတ် ထူးဆန်းတဲ့ပစ္စည်းနဲ့ အထိအတွေ့ရှိခဲ့လား”
“ပစ္စည်း…” နှစ်ယောက်သားက ရွှင်ရှူးကို လှည့်ကြည့်ကျတော့တယ်။
“ငါ့ကို ဘာလာကြည့်နေတာလဲ၊ ဆောင်းဝိညာဉ်သစ်ပင်မဟုတ်ဘူးကွ” ရွှင်ရှူး နှစ်ယောက်ကို ဒေါသတကြီး ပြန်ကြည့်ပေးလိုက်တယ်။
“တကယ်လို့ ငါသာ ဂါထာသုံးခဲ့တဲ့သူဆို ဒီကိုလာပါ့ဦးမလား၊ ပြီးတော့… မင်းတို့စိတ်နဲ့မင်းတို့ ငါ့ဆောင်းဝိညာဉ်သစ်ပင်ကို ဆွဲနုတ်ခဲ့တာလေ”
“မြို့တော်မှာ စားသောက်ခဲ့တာတွေတော့ရှိပေမဲ့ တခြားဘာမှကိုတော့မထိခဲ့ဘူး၊ ပြီးတော့ ဒီဟင်းတွေကို ငါလည်းစားခဲ့တယ်” ကူယွဲ့ ဦးနှောက်ကို အသည်းအသန်သုံးနေပေမဲ့ ဂါထာသုံးခံရချိန်ကို စဉ်းစားမရဘူး။
ယိချင်း ရုတ်တရက် တစ်စုံတရာကို မှတ်မိသွားခဲ့တယ်။
“မဟုတ်ဘူး၊ တခြားဟာရှိသေးတယ်”
“ဘာလဲ”
“ဆောင်းဝိညာဉ်သစ်ရွက်”
“ငါမဟုတ်ဘူးလို့ပြောနေတယ်လေ” ရွှင်ရှူး အခု အသည်းအသန် သူ့ကိုယ်သူ ရှင်းပြဖို့ ပြင်တော့တယ်။
ဒါပေမဲ့ ယိချင်းက သူ့ကိုယ်မှာ ချိတ်ထားတဲ့ သိုလှောင်အိတ်ကို လှမ်းယူပြီး အဝါရောင်သန်းနေပြီဖြစ်တဲ့ သစ်ရွက်တစ်ခုကို ယူလိုက်တယ်။
“ဒါက ကျုပ်ကို နတ်ဒေဝါဧကရာဇ်ကောယိုးပေးခဲ့တာ၊ ဆရာနဲ့ကျုပ်ပဲ ထိရသေးတယ်”
ရွှင်ရှူး အမူအရာ တည်သွားတယ်။ သူ အမြန် သစ်ရွက်ကို စားပွဲပေါ် တင်ခိုင်းလိုက်တယ်။ နောက်တော့ သစ်ရွက်ပေါ် ဂါထာတစ်ချို့ရွတ်လိုက်တယ်။ သူတို့မြင်ရသမျှက ဂါထာတွေကြောင့် တလက်လက်တောက်နေတဲ့အလင်းတွေပဲ။ သစ်ရွက်ဝါက ရုတ်တရက် မင်နက်ထဲနှစ်ထားတဲ့ စက္ကူပုရပိုက်ပုံစံမျိုးပြောင်းလဲသွားတယ်။ စာရွက်အလယ်ကနေ အမည်းရောင်တွေ စိမ့်ထွက်လာတော့တယ်။ စက္ကန့်ပိုင်းအတွင်း သစ်ရွက်တစ်ခုလုံး မည်းကုန်လို့ စားပွဲတောင်စွန်းကုန်ပြီ။
“ဒီသစ်ရွက်က သက္ကတနက်နဲအဆိပ်သုတ်ထားတာပဲ” ရွှင်ရှူးအမူအရာပြောင်းသွားပြီ။ အဲဒါက အမတကိုယ်ခန္ဓာတွေကို ပစ်မှတ်ထားတဲ့ အဆိပ်တစ်မျိုးပဲ။ အမတအရိုးထဲကို အဆိပ်စိမ့်ဝင်ဖို့ အများဆုံးလေးလပဲကြာမယ်။ ဒါက အတော်လေးထိခိုက်စေမဲ့ အဆိပ်ပြင်းပဲ။
“ဒါပေမဲ့ ဘာလို့ မင်းက… ဘာလို့လဲ”
ဘာလို့ ယိချင်းက အဆင်ပြေနေတာလဲ။
ကူယွဲ့လည်း ရင်ထိတ်သွားတယ်။ သူတို့ အဲနေ့ကယွီဖုန်းအမတနယ်မြေက ထွက်လာချိန် နတ်ဒေဝါဧကရာဇ်က သူတို့ကို ကောင်းကင်အစီအရင်ခြောက်မျိုးဓားနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တာ အသိသာကြီး။ ဒါပေမဲ့ လွန်ခဲ့တဲ့၆လအတွင်း သူက ဝူတိဂိုဏ်းအပေါ် လှုပ်ရှားမှုမလုပ်ခဲ့ဘူး။ ကူယွဲ့ နဂိုတုန်းက သူတို့အပေါ် တိုက်ခိုက်မှုအကြီးစားလုပ်တော့မယ်ထင်ခဲ့တာ – ဒါပေမဲ့ ချန်ကောက အစတည်းက အားလုံးကို ဒီလောက်စီစဉ်ထားမယ် မထင်ခဲ့ဘူး။ သူ ယိချင်းကို ဆောင်းဝိညာဉ်သစ်ရွက်ကမ်းပေးတည်းက ယိချင်းကို အရှင်ထားဖို့ ရည်ရွယ်ချက်မရှိခဲ့တာပဲ။
ဒါပေမဲ့ သူမသိတာက ယိချင်းမှာ မွေးရာပါဓားသရုပ်သငန်ရှိနေခဲ့တာ – သူက အဆိပ်ရာနဲ့ချီ တွန်းလှန်နိုင်မှုနဲ့ မွေးဖွားလာတာပဲ။
“သူပဲ – သူက ဆရာ့ကို အဆိပ်ခတ်လိုက်တာပဲ”။ယိချင်း လက်သီးဆုပ်ပြီး အံကြိတ်တာ နားထင်ကြောတွေတောင် သိသိသာသာထိုးထွက်နေတယ်။ သူ ဒေါသတွေနဲ့ ပြည့်နေပြီ။ ချက်ချင်းပဲ သူ့ပတ်လည်က မသေမျိုးချီကိုပုံစံဖွဲ့ပြီး အမတဓားဖန်တီးလိုက်တယ်။
“ခဏ၊ ယိချင်း… မလောနဲ့ဦး”
ကူယွဲ့ စကားပြောတာမပြီးခင် ယိချင်းက ဝုန်းခနဲ ပျံထွက်သွားတော့တယ်။
“ဟိုလီရှစ် ပြန်လာဟ” ကူယွဲ့ သူ့နောက်ပြေးလိုက်တော့ အရိပ်အယောင်တောင်မကျန်ဘဲ ပျောက်သွားပြီ။ သူ ယိချင်းမိဘတွေထိ စိတ်ထဲကနေ ဆဲချင်မိသွားတယ်။
ကူယွဲ့ ငတုံးစားဖိုမှူးပုံရိပ်ကို ကျင့်သားရလွန်းနေတော့ ယိချင်းစိတ်ထားက မကောင်းမှုလုပ်သူတွေကို မုန်းတဲ့ အငြိုးကြီးသူဆိုတာ လုံးဝမေ့သွားခဲ့တာ။ ပြီးတော့ လဲနေတဲ့သူက ရှန်းရင်လေ။ ယိချင်းရူးသွားတာ ပုံမှန်ပဲ
ငါ ဘာလုပ်သင့်လဲ။ ဘာလုပ်သင့်လဲ။
သူ တစ်ခဏစဉ်းစားပြီးတော့ လိုက်ဖို့ဆုံးဖြတ်ချိန် ရွှင်ရှူးကိုပါ အမြန်ဆွဲခေါ်လိုက်တယ်။
“မြန်မြန် မြန်မြန် မြန်မြန် ငါတို့ သူ့ကိုသွားကူညီရမယ်၊ ပြန်ခေါ်လာရမယ်၊ သူက ချန်ကောပြိုင်ဘက်မဟုတ်ဘူး”
“ဘာလို့လဲ”
“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာတုန်း၊ အဲဒါက နတ်ဒေဝါဧကရာဇ်နော် ငါတို့ အဲမှာ တခြားအမတတွေ ဘယ်လောက်ရှိမလဲတောင် မပြောရသေးဘူး၊ သူ ကျော်နိုင်ပြီဆိုရင်တောင် သူက အဆင့်မြင့်အမတလေး၊ ဘယ်လိုလုပ် သူ့ထက်ကျင့်ကြံဆင့်၂ဆင့်မြင့်တဲ့ နတ်ဒေဝါဧကရာဇ်ကို ယှဉ်နိုင်မှာလဲ”
ရွှင်ရှူး ရပ်သွားပြီး ကူယွဲ့ကို မယုံသင်္ကာကြည့်လိုက်တယ်။
“မင်း… မသိဘူးလား”
“ဘာသိရမှာလဲ”
“ဧကရာဇ်ငယ်အဖြစ်အဆင့်တက်ဖို့ ဧကရာဇ်အဆင့်ကိုဖြတ်ရမယ်၊ အဲဒါကြောင့်… သူက သူ့ကျင့်ကြံဆင့်ကိုထိန်းချုပ်ပြီး အဆင့်မြင့်အမတအဖြစ်ပဲ တက်လှမ်းထားတာ၊ တကယ်တော့… သူက ဧကရာဇ်ငယ်အဆင့်ရောက်နေပြီ”
ဘာ။
ကူယွဲ့ ရုတ်တရက်တန့်ပြီး ဓားပေါ်က ပြုတ်ကျလုနီးပါးဖြစ်သွားတယ်။
“…” မေ-ိုး
—————
ဝူတိဂိုဏ်း တောင်ခြေ။
ရှန်းရင် ဝူတိဂိုဏ်းကိုဝိုင်းထားတဲ့ သူမရှေ့က နတ်ဆိုးချီတွေကို လေ့လာနေမိတယ်။ သူမ မှားတာပဲလား မသိပေမဲ့ ဒီနေ့မှ နတ်ဆိုးချီတွေက… နည်းနည်းပိုထူနေတယ်လို့ ခံစားနေရသလိုပဲ။
အလိုလို သူမ အနားတိုးသွားမိတယ်။ သူမရှေ့က တိမ်တိုက်မည်းကြီးက လွင့်ပျယ်တော့မဲ့ပုံစံမျိုးနဲ့ တလိပ်လိပ်ထလာတယ်။
“ဘာလို့ လှုပ်နေတာလဲ” ရှန်းရင် နတ်ဆိုးချီကို မျက်နှာသေနဲ့ ကြည့်နေမိတယ်။ ငါ ဘာမှလည်း မလုပ်မိပါဘူး။ သူမ နတ်ဆိုးချီထဲဝင်လာတော့ အမည်းရောင်မြူခိုးထူကြီးက သူမကိုကြောက်သလိုမျိုး နောက်ဆုတ်သွားတယ်။ သူမရှေ့ကို ဆက်သွားဖို့အတွက် ရှင်းလင်းနေတဲ့ နေရာလွတ် ဖယ်ပေးတာပေါ့။
သူမ မတုံ့ပြန်နိုင်ခင် နားထဲမှာ အသံကြားရပြန်တယ်။ ဒီတစ်ခါတော့ ကလေးတစ်ယောက် ခပ်တိုးတိုးငိုနေသံမှန်း နားလည်သွားပြီ။
သိပ်မနီးမဝေးက အရိုးပြိုင်းပြိုင်းအပင်တစ်ပင်အောက်မှာ ကလေးလေးတစ်ယောက် ဆောင့်ကြောင့်ထိုင်နေတယ်။ ကလေးက သူ့ဒူးခေါင်းကို လက်နှစ်ဖက်နဲ့ပွေ့ထားပြီး ခေါင်းငုံ့ထားတယ်။ တော်တော်လေးကိုကြောက်လန့်နေသလိုမျိုး တုန်ရီနေလေရဲ့။ တစ်ခါတလေ ကလေးဆီက ခပ်တိုးတိုးလည်း ငိုသံထွက်လာတယ်။
ကလေးတစ်ယောက်လား။ ဘယ်ကရောက်လာတာလဲ။
နတ်ဆိုးချီ ဒီနေ့ထူးဆန်းနေတာ မဆန်းတော့ဘူး။ အမှားလုပ်ထားတာကိုး၊ ဒီကလေးကို အနိုင်ကျင့်ထားတာပဲ။
“ဟိတ် ကလေးလေး” သူမ လျှောက်သွားပြီး လှမ်းခေါ်လိုက်တယ်။
ကလေးလေးက တုန်သွားပြီးဖြည်းဖြည်းချင်း ခေါင်းမော့လာတော့ မည်းနက်ပြီး မျက်နှာအင်္ဂါတွေမရှိတဲ့ပုံမျိုးပဲ။
ဒီကလေးက… သရဲကားနဲ့တူတယ်ဟ
ချီမည်းတွေက ကလေးမျက်နှာမှာ ရစ်နွယ်နေတော့ ရှန်းရင် သူ့မျက်နှာပေါက်ကို မှန်းဆမရဘူး။ ပတ်လည်က နတ်ဆိုးချီတွေက ထူလွန်းလို့ စောစောက သတိမထားမိခဲ့ပေမဲ့ မျက်နှာတင်မဟုတ် ကလေးတစ်ကိုယ်လုံးမှာပါ ပျောက်မဲ့ပုံမပေါ်တဲ့ နတ်ဆိုးချီတွေ ဝိုင်းနေတာပဲ။ သူမနား နတ်ဆိုးချီတွေ ကပ်နေတာ မထူးဆန်းတော့ဘူး – ကလေးကို သူတို့ဟာအဖြစ် အမှတ်မှားနေကြတာကိုး။
“အစ်… အစ်မ” ကလေးလေးက သူ့ပတ်လည်က နတ်ဆိုးချီတွေပျောက်ကွယ်သွားတာကို နားလည်သွားဟန်တူတယ်၊ ခဏအငိုရပ်သွားခဲ့တယ်။ ရှန်းရင် သူမမျက်လုံးထဲ ဝမ်းသာမှုတစ်စွန်းတစ်စနဲ့ စိုးရိမ်ကြောင့်ကြမှု၊ မျှော်လင့်ချက်တွေကို မြင်လိုက်ရတယ်။
“အစ်မကြီးက သမီးကို ခေါ်သွားဖို့ရောက်လာတဲ့အစောင့်သရဲလား”
သောက်ကျိုးနည်းဘာလဲဟ။
“သူငယ်ချင်းလေး၊ နင်ဒီမှာဘာလုပ်နေတာလဲ” ဝူတိဂိုဏ်းတပည့်တွေကလွဲ ဖေဖေနျူ့ဖောက်သည်တွေပဲ ဒီနေရာကိုဝင်လို့ရတာ။ ဒီကလေးက နှစ်ခုလုံးမှမဟုတ်ပဲ။
“သမီး… မသိဘူး” သူမက ခေါင်းယမ်းပြီး ပတ်လည်က နတ်ဆိုးချီတွေကိုကြည့်ရင်း တုန်ယင်ယင်နဲ့ဆက်ပြောရှာတယ်။
“သူတို့ပြောတာတော့… သမီးက ဂြိုဟ်ဆိုးတဲ့၊ လူတွေကို အန္တရာယ်ပဲဖြစ်စေတယ်တဲ့၊ ဒါကြောင့်… သမီးကို အမြဲရိုက်နှက်ကြတယ်၊ နာတယ် နာတယ်…”
ရှန်းရင် မျက်နှာ တည်သွားတယ်။ ဘာလဲဟ။
“သူတို့တွေက သမီးသေသွားတာကောင်းမယ်လို့ပြောပြီး ဒီကို… ခေါ်လာကြတာ” ကလေးက တခြား ဘာပြောရမလဲမသိပုံနဲ့ ရှန်းရင်ကိုမေးလာတယ်။
“အစ်မကြီးက… သေပြီးသားလား”
“…” ဒီကလေး ဘာတွေလျှောက်ပြောနေတာတုန်း။
“တိုက်ဆိုင်လိုက်တာ သမီးရောပဲ” သူမမျက်နှာက ပြုံးရယ်သွားပေမဲ့ ဘေးဘီဝဲယာကို ကြောက်ကြောက်လန့်လန့်နဲ့ထပ်ကြည့်ပြီး အပြုံးက ပျောက်သွားခဲ့တယ်။
“ဒါက လူတွေသေချိန် သွားကြတဲ့နေရာလား၊ ဲါပေမဲ့ ဒီနေရာက… အေးလွန်းတယ်လေ၊ အရမ်းအေးတယ်”
အဲတော့မှပဲ ကလေးကိုယ်က ဖောက်ထွင်းမြင်ရတယ်ဆိုတာ ရှန်းရင်နားလည်သွားခဲ့တယ်။ သူမက တကယ်ပဲ ဝိညာဉ်တစ်ယောက်ပဲ။ အမတဘုံမှာလည်း ဝိညာဉ်တွေရှိတာလား။ ဘယ်လိုလုပ် ဒီနေရာကိုဝင်လာနိုင်တာလဲ။
ဒါအလုပ်ရှုပ်လိုက်တာ။ ဖေဖေနျူ့ကိုကိုင်တွယ်ခိုင်းရမယ်
“ဟေး သရဲလေး” ရှန်းရင် ကလေးကို အနားလက်ယပ်ခေါ်လိုက်တယ်။
“လာခဲ့ ငါနင့်ကိုအပြင်ခေါ်သွားပေးမယ်”
“တကယ်လားဟင်” ကလေးကရပ်သွားပြီး ရှန်းရင်လက်ကိုစိုက်ကြည့်နေတယ်။ နောက်တော့ လိမ်လိမ်မာမာနဲ့ မတ်တတ်ရပ်လာတယ်။
“အပြင်မှာပိုနွေးလားဟင်”
ကလေးက ရှန်းရင်လက်ကိုကိုင်လိုက်တယ်။
“ကျေးဇူးပါ၊ အစောင့်သရဲအစ်မ”
“…” ဘယ်နည်းနဲ့များ အစောင့်သရဲနဲ့တူလို့လဲဟေ။
ရှန်းရင် နှုတ်ခမ်းစေ့သွားပြီး ဝူတိဂိုဏ်းဆီ ပျံသွားဖို့တွေးနေတုန်းရှိသေး အလင်းတန်းတစ်ခု သူမခြေထောက်အောက်ကနေ ဖြတ်ခနဲလင်းလာတယ်။ အစီအရင်တစ်ခု ပေါ်လာတာပဲ။
ဟမ်။
ရှန်းရင် ဘာဖြစ်နေလဲ နားမလည်နိုင်ခင် နှစ်ယောက်သား ပျောက်သွားခဲ့လေပြီ။
…