အခန်း ၁၄၅ ။ ကြီးမားသောစီးပွားရေးသဘောတူညီချက်
သုံးလအကြာ။
“စစ်ယွီမှ ဂိုဏ်းချုပ်နဲ့ အကြီးအကဲနှစ်ယောက်လုံးကို နှုတ်ဆက်ပါတယ်”
စစိယွီ ဖုန်တွေလွှမ်းနေတဲ့ အနောက်ဆောင်ထဲ ဝင်လာခဲ့ပြီး ထိုင်နေတဲ့လူအုပ်ကို ဂါဝရပြုလိုက်တယ်။
“ဟေး ရှောင်လွိ” အကျင့်အတိုင်း ရှန်းရင်က စစ်ယွီကို လက်ယမ်းပြနှုတ်ဆက်လိုက်တော့ စစ်ယွီ ချက်ချင်းမျက်လုံးတောက်ပသွားတယ်။ သူမရဲ့ ပင်ပန်းနေတဲ့ကိုယ်ခန္ဓာက ချက်ချင်း အားအင်တက်ကြွသွားတော့တာပေါ့။
“ပြန်လာပြီလား” ကူယွဲ့ သူ့ကို ခေါင်းစခြေဆုံး စစ်ကြည့်လိုက်တယ်။
“ဘယ်လိုနေလဲ၊ အားလုံးချောချောမွတ်မွတ်ပဲလား”
“ဟုတ်ကဲ့” စစ်ယွီ ခေါင်းညိတ်ပြလိုက်တယ်။ သူမ ဘေးမှာ ချိတ်ထားတဲ့ သိုလှောင်အိတ်ကို ချွတ်ပြီး ကမ်းပေးလိုက်တယ်။
“အကြီးအကဲညွန်ကြားတာဘာမဆို တပည့်ပြီးမြောက်လာပါတယ်၊ ဒါက အဆင့်မြင့်အမတရှု အကြီးအကဲဆီ ပေးဖို့ ပြောလိုက်တဲ့ဟာပါ”
“ဒါဘာလဲ” ရှန်းရင် စပ်စုလိုက်တယ်။ ရှောင်လွိကို ဖေဖေနျိုက လွှတ်လိုက်လို့ မတွေ့ရတာရက်နည်းနည်းကြာသွားခဲ့ပြီ။
“ကျန်သေးတဲ့ အခကြေးတွေ” ကူယွဲ့ဖြေလိုက်တယ်။ သူ သိုလှောင်အိတ်ကိုယူပြီး ဖွင့်လိုက်တော့ အလင်းတန်းဖြူတစ်ခုထွက်လာတယ်။ ရှိနေတဲ့လူတိုင်း အပြည့်နီးပါးထည့်ထားတဲ့ အမတကျောက်တွေကြောင့် ကန်းလုနီးပါးတောင် ဖြစ်သွားလေရဲ့။
များ… များလိုက်တာ
ရှန်းရင်နဲ့ ငမွဲနောက်လိုက်တွေ ထိတ်လန့်မှုကြောင့် တိတ်ကုန်ကြတယ်
“ငါ အရင်တစ်ခေါက်က ရှုကျန်းကို ရောင်းဖို့ လက်ဖွဲ့အဆောင်တချို့ပေးခဲ့တယ်မလား”
ကူယွဲ့ အရင်အိတ်ထဲက ပစ္စည်းတွေကို ကောင်းကင်စိတ်အာရုံနဲ့စစ်ဆေးပြီး ပမာဏမှန်တာသေချာမှ ကျေနပ်သွားခဲ့တယ်။
“အချိန်အရဆို သူ အတော်လေးရောင်းထွက်ပြီးနေလောက်ပြီ၊ ဒါကြောင့် သဘောတူထားတဲ့ အချိန်အတိုင်း ပိုက်ဆံတွေ ကောက်ဖို့ စစ်ယွီကိုလွှတ်လိုက်တာ”
တကယ့်ကိုဖေဖေနျိုပါပဲ။ တကယ်ပဲ အသုံးမဝင်တဲ့ အဆောင်တွေကို ရောင်းခဲ့တယ်ပေါ့လေ။ ကြည့်ရတာ အတော်လေးအတန်ကြီးတဲ့ပမာဏနဲ့ ရောင်းခဲ့ပုံပဲ။
ကူယွဲ့ ရုတ်တရက် တစ်စုံတစ်ရာကို ပြန်သတိရသွားပြီး သူ့ဘေးကလူဘက်လှည့်လိုက်တယ်။
“ယိချင်း မင်းကို နတ်ဆိုးချီပတ်လည်မှာ ကောင်းကင်စိတ်အာရုံကို ပစ်မှတ်ထားဖို့ အစီအရင်ချခိုင်းထားတာ ချပြီးပြီလား”
“အင်း” ယိချင်းခေါင်းညိတ်ပြရင်း ရှန်းရင်အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်တယ်။
“မနေ့ကလုပ်ထားတယ်”
“အဲဒါကောင်းတယ်” သူ အခု အဆောင်ဝယ်ပြီးတဲ့ ပထမဆုံးလူတစ်သုတ်ကို လေ့ကျင့်ဖို့ နတ်ဆိုးချီထဲ ဝင်ခိုင်းလို့ရပြီ။ ပြီးတော့ အဲနေရာက သီးသန့်ဖယ်အစီအရင်သုံးပြီး ဂိုဏ်းကနေ သက်သက်ခွဲထားပြီးပြီ။ အဲလိုဆို ဝင်သွားတဲ့ အမတတွေက တပည့်တွေရဲ့ လေ့ကျင့်မှုကို နှောင့်ယှက်မှာမဟုတ်သလို၊ နတ်ဆိုးချီအကြောင်း အမှန်ကိုလည်း သိကြမှာမဟုတ်ဘူး။ အဲအစီအရင်က ယိချင်းကို ရွှင်ရှူးလက်ဆင့်ကမ်းပေးထားတာ၊ သာမန်လူတွေ ဖောက်ထွက်နိုင်မှာမဟုတ်ဘူး။
“အော်ဟုတ်သား ယွီဟုန်ပြန်ရောက်ပြီလား” သူ ရုတ်တရက် တခြားကိစ္စကို သတိရသွားတယ်။
စစ်ယွီ ခေါင်းခါလိုက်တယ်။
“အပြန်လမ်းမှာ အစ်မနဲ့ မတွေ့ခဲ့ပါဘူး”
ကူယွဲ့ ကုန်သွားတဲ့အချိန်ကို တွက်လိုက်တော့ ယွီဟုန်ပြန်ရောက်လာဖို့ အချိန်မကျသေးတာ နားလည်လိုက်ရတယ်။ သူ စစ်ယွီကိုနားခိုင်းလိုက်ပြီး တခြားနှစ်ယောက်နဲ့ နတ်ဆိုးချီပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးဖို့ ပြင်လိုက်ချိန် ယိချင်းနဲ့ ရှန်းရင်က သူတို့ ဘာဟင်းပွဲတွေထပ်ထည့်သင့်လဲဆိုတာ ပျော်ပျော်ကြီးပြောနေကျပြီ။
“ငါတို့မှာ အခုပိုက်ဆံရှိနေပြီ စားဖိုမှူးရေ၊ နေ့လယ်ခင်းလက်ဖက်ရည် ပြင်လို့ရပြီ”
“ဆရာ ဘာစားချင်ပါသလဲ”
“ဘာဖြစ်ဖြစ်ရတယ်၊ ငါတို့ ဖရဲသီး၊ ကြက်သား၊ ပင်လယ်စာ၊ ကညွတ်၊ ဆောင်းဝါးမျှစ်၊ တတိုင်းမွှေးပြား၊ ဘဲသား၊ ငါးခေါင်း… အဲလိုမျိုးတွေပေါ့”
“ဟုတ်ကဲ့ ဆရာ ပြဿနာမရှိပါဘူး ဆရာ”
ကူယွဲ့ ။ ။ “…”
ဒီအပျင်းခိုတာတွေကတော့
——————
ရှန်းတုန်း အမတဘုံဗိမာန်။
“မင်း ဘာပြောလိုက်တာ” ရွှင်ရှူး နှုတ်ခမ်းထောင့်တွေ တွန့်သွားတယ်။ သူ့ရှေ့မှာ တည်တည်ငြိမ်ငြိမ်ရပ်နေတဲ့ အမျိုးသမီးကိုကြည့်ပြီး နားကြားများလွဲလေရော့သလားပေါ့။
“မင်းကို ဘယ်သူ ဒီလွှတ်လိုက်တာ”
“ကျွန်မက ဝူတိဂိုဏ်းရဲ့ တပည့်ကြီးတစ်ယောက်ပါ” ယွီဟုန် လက်နှစ်ဖက်အုပ်ပြီး ရှေ့တက်ကာပြောလိုက်တယ်။
“ဂိုဏ်းအကြီးအကဲ ကူယွဲ့က ကျွန်မကို ဒီလွှတ်လိုက်တာဖြစ်ပါတယ်”
ရွှင်ရှူးအမူအရာပျက်သွားတယ်။
“ငါ့ကိုပြန်ပြောပါဦး၊ သူက မင်းကို ဘာလို့ ဒီနေရာလွှတ်လိုက်တာ”
ယွီဟုန်က နည်းနည်းလေးတောင် စိတ်လှုပ်ရှားပုံမပေါ်ဘဲ အလောမကြီး တည်တည်ငြိမ်ငြိမ် ပြန်ပြောတော့တယ်။
“ကျွန်မဂိုဏ်းရဲ့ အကြီးအကဲပြောတာတော့ ဧကရာဇ်ငယ်ရွှင်ရှူးမှာ ကြီးမားတဲ့နှလုံးသားရှိပြီး ကျွန်မဂိုဏ်း ဒုက္ခတစ်ခုခုကြုံရင် ကူညီဖို့ အကောင်းဆုံးကြိုးစားပေးမယ်လို့ ကတိပေးထားတယ်တဲ့၊ ဂိုဏ်းက အမတလက်နက်တွေကလွဲ ကျန်တာမချို့တဲ့ပါဘူး၊ သခင်လေးရွှင် ကျွန်မတို့ဂိုဏ်းအတွက် အများကြီး အပင်ပန်းခံပေးဖို့ မမျှော်လင့်ပါဘူး၊ ဒါကြောင့်… ကျွန်မတို့ လက်နက်ဖန်တီးဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေ ပြင်ထားပေးပါတယ်၊ ဧကရာဇ်ငယ် ဒီကုန်ကြမ်းတွေကိုသုံးပြီး အမတလက်နက်တချို့ကူညီထုလုပ်ပေးဖို့ တောင်းဆိုချင်တာပါ”
“ဒါကို ‘နည်းနည်း’ လို့ခေါ်တယ်လား၊ ဘယ်လိုရေတွက်ရမလဲ ငါမသိဘူးများတွေးနေတာလား”
ရွှင်ရှူးက သူ့စားပွဲပေါ်က သိုလှောင်အိတ်ဆယ်အိတ်ကျော်ကို လက်ညှိုးလှမ်းထိုးတော့တယ်။ သူ ဒါတွေအကုန်လုံးကို ဧည့်သည်မျက်နှာ ပစ်ပေါက်ချင်စိတ်ပေါ်နေပြီ။
“အမတလက်နက်နည်းနည်းလေးလုပ်တာ ကုန်ကြမ်းပစ္စည်း သိုလှောင်အိတ်ဆယ်အိတ်ကျော်စာ လိုပါ့မလား” ငါမသိဘူး မတွေးနဲ့ – မင်းတို့ အမတနယ်မြေမှာတူးခဲ့သမျှ ကုန်ကြမ်းပစ္စည်းအားလုံး ယူလာတာအသိသာကြီး
“ကျေးဇူးတင်ပါတယ် ဧကရာဇ်ငယ်” ယွီဟုန် နောက်တစ်ကြိမ် ဦးညွှတ်လိုက်တယ်။
“ထွက်သွား” ရွှင်ရှူး သူမကိုစိန်းစိန်းဝါးဝါးကြည့်မိတော့တယ်။ သူမက တကယ့်ကို ဝူတိဂိုဏ်းတပည့်ပါပဲ။ သူကြုံခဲ့ရတဲ့သုံးယောက်လို စိတ်ရှုပ်စရာကောင်းတယ်။
“ငါက မင်းတို့ဂိုဏ်းအတွက် အလကားလုပ်ပေးမဲ့ လက်နက်ပုံစံခွက်မဟုတ်ဘူး၊ တကယ်လို့ အမတလက်နက်တွေလိုချင်ရင် တခြားသူသွားရှာချေ”
ယွီဟုန်က စားပွဲပေါ်က သိုလှောင်အိတ်တွေကို လှမ်းကြည့်ပြီး အံ့အားသင့်စရာကောင်းစွာ အတင်းတိုက်တွန်းမလာဘူး။ သူမကရှေ့လျှောက်သွားပြီး သိုလှောင်အိတ်တွေကို ကောက်ယူလိုက်တယ်။
“ကျွန်မအကြီးအကဲပြောလိုက်တာက ဧကရာဇ်ငယ်မအားဘူးဆိုရင် ကျွန်မ အတင်းဖိအားမပေးသင့်ဘူးတဲ့”
ရွှင်ရှူး သံသယနဲ့ သူမကိုစွေကြည့်လိုက်တယ်။ ဒီလောက် အလွယ်လေးလက်လျှော့နေတာလား။ ဒါက လူရမ်းကားပုံစံမပေါ်ဘူး သူမက သူ့ကို တလေးတစားဂါဝရပြုလာပြီးပြောတာကို ကြည့်နေမိတယ်။
“ဝူတိဂိုဏ်းက သူတို့မလုပ်ချင်တဲ့ကိစ္စတွေကို လုပ်ဖို့ အတင်းမတိုက်တွန်းပါဘူး၊ အထူးသဖြင့်ကျေးဇူးမသိတတ်တဲ့လူတွေဆိုရင်ပေါ့”
“…” သူမကသူ့ကိုဆူနေတာလား။
“အကြီးအကဲက ပြောလိုက်ပ့သေးတယ်၊ အမတနယ်မြေမှာ သူတို့ကို ကူညီပေးခဲ့တာကြောင့်ဘဧကရာဇ်ငယ်ကိုကျေးဇူးတင်ရဦးမယ်တဲ့၊ ဂိုဏ်းချုပ်က နောက်ကျရင် ချိုမြတဲ့ ပြန်လည်ဆုံစည်းမှုအတွက် ဧကရာဇ်ငယ်တို့မျိုးနွယ်ဆီ လာလည်ပါလိမ့်မယ်”
“…” ဒါခြိမ်းခြောက်တာလား။ ဒါသေချာပေါက် ခြိမ်းခြောက်တာပဲဖြစ်ရမယ်။
“ကျွန်မ သွားလိုက်ပါဦးမယ်”
“ပြန်လာခဲ့” ရွှင်ရှူးနားထင်ကြောတွေ ထောင်နေပြီး အံကြိတ်ရင်း ယွီဟုန့်လက်ထဲက သိုလှောင်အိတ်တွေကို ဆွဲယူလိုက်တယ်။ သူ အံကြိတ်ရင်း ပြောလိုက်တယ်။
“ငါ… လုပ်ပေးမယ်” ငါ-ိုး သူ ခုလေးတင်ခြိမ်းခြောက်ခံလိုက်ရတာ အသိသာကြီး။ ရှန်းရငိကလွဲ ဘယ်သူမဆိုလာလို့ရတယ်
“ကျေးဇူးပါ ဧကရာဇ်ငယ်” ယွီဟုန် သူ့ကိုချက်ချင်း ကျေးဇူးတင်လိုက်တယ်။ သူမက ဝတ်ရုံထဲကနေ ပုရပိုက်လိပ်တစ်ခုကို ထုတ်ပြီး ကမ်းပေးလာတယ်။
“အကြီးအကဲ ပြောလိုက်တာက ဒါ သွန်းလုပ်ဖို့လိုတဲ့ အမတလက်နက်စာရင်းပါတဲ့၊ ရေးထားတဲ့အတိုင်း လုပ်ရုံပါတဲ့”
ရွှင်ရှူး လှမ်းယူပေမဲ့ လွတ်သွားတော့ ကြမ်းပြင်ပေါ် လိမ့်ကျသွားခဲ့တယ်။ စာလိပ်က သူ့ဘာသာ ပြေသွားတော့ မီတာနဲ့ချီရှည်လျားတဲ့ စာရင်းပေါ်လာတော့တယ်။ လက်ရေးတွေက အရ်းကိုသေးပြီး တစ်ကြောင်းနဲ့တစ်ကြောင်းကြား နေရာလွတ်မရှိသလောက်ပဲ။ အနည်းဆုံးတော့ လက်နက်တစ်ထောင်နာမည်လောက် ရေးထားတယ်။
ယွီဟုန် ။ ။ “…”
ရွှင်ရှူး ။ ။ “…”
ရွှင်ရှူးတော့ ဦးနှောက်သွေးကြော ပြတ်သွားသလို ခံစားနေရတယ်။
တစ်ခဏနေတော့…
“ထွက်သွား” သူ အော်လိုက်တာ ရှန်းတုန်းအမတဘုံဗိမာန်တစ်ခုလုံး အပ်ခိုးထပ်သွားတဲ့အပြင် အနည်းဆုံးမီတာတစ်ရာလောက်ပါ ကျော်သွားတော့လေတယ်…။
——————
ခုတလော အံ့အားသင့်စရာကိစ္စရပ်တစ်ခု ဖြစ်ပွားခဲ့တယ်။ အဆင့်မြင့်အမတရှုပိုင်ဆိုင်တဲ့ “ရတနာမျှော်စင်” က လနည်းနည်းကြာတိုင်း ဝိညာဉ်လွှင့်အဆောင်တွေ လေလံဆွဲနေတယ်။ ပြောကြတာတော့ ဒီအဆောင်တွေက လူတစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံကို မြင့်မြတ်တဲ့နေရာဆီပို့ပေးနိုင်တယ်တဲ့။ ဒီမြင့်မြတ်တဲ့နေရာက အံ့ဩဖွယ်ပတ်ဝန်းကျင်တွေရှိတယ်။ လူတစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံက ဒီမြင့်မြတ်တဲ့နေရာကိုဝင်ချိန် ကျင့်ကြံဆင့်၊ အမတသိုင်းနဲ့ နှလုံးစိတ်အာရုံတောင် မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်။ ကျင့်ကြံဆင့်ဘယ်လောက်ပဲဖြစ်ပါစေ တူညီတဲ့သက်ရောက်မှုရမှာတဲ့။
သတင်းတွေပြန့်သွားချိန် အမတတွေ အများကြီး စိတ်လှုပ်ရှားကုန်ကြတာပေါ့။ အထူးသဖြင့် အမတပထမတစ်သုတ် ဒီမြင့်မြတ်တဲ့နေရာကနေ ထွက်လာချိန်ပဲ။ သူတို့ကျင်ကြံဆင့်က တကယ်ပဲ နည်းနည်းမြင့်တက်လာခဲ့တယ်။ နှစ်သောင်းချီ မတိုးတက်ခဲ့တဲ့ အမတတွေတောင် သူတို့ကျင့်ကြံဆင့်မှာ ရုတ်တရက် အဆင့်တက်မှုကိုကြုံတွေ့ခဲ့ရတယ်။ ဒီသတင်းက ချုံလန်ကို မြန်မြန်ဆန်ဆန်ပဲ ပျံ့သွားခဲ့တယ်။ လူတိုင်း သူတို့ကိုမြင့်မြတ်တဲ့နေရာဆီခေါ်သွားပေးမဲ့ အဆောင်လေးတစ်ခုလောက်ရဖို့ မျှော်လင့်ချက်နဲ့ ရတနာမျှော်စင်ဆီ အသည်းအသန်ပြေးလာကြတယ်။
ဒါပေမဲ့ ရတဲ့အဆောင်က နည်းနည်းလေး။ လနည်းနည်းကြာမှ လေလံဆွဲတာ – တစ်ခါတလေဆို နှစ်ဝက်နေမှ။ ဈေးနှုန်းက မိုးထိုးနေတာပေါ့။ အဆောင်တစ်ခုချင်းစီရဲ့ဈေးက ပျမ်းမျှ အမတကျောက်တုံးသိန်းချီ။ တစ်ခါတလေဆို သန်းပါကျော်သွားသေးတယ်။ ဒါတောင် အဆောင်လေးတစ်ခုသာသာပဲ။
ဒါကြောင့် အဆောင်ကိုမရတဲ့ အမတတွေက ရတနာမျှော်စင်ကို မျက်မုန်းကျိုးလာတာပေါ့။ ဒါပေမဲ့ သူတို့လုပ်နိုင်တာ ဘာမှမရှိ။ တချို့အမတတွေက မြင့်မြတ်တဲ့နေရာကို သူတို့ဘာသာရှာဖို့ ကြိုးစားသေးတယ်။ ဘယ်လောက်ပဲ ရှာရှာ ဒီနေရာက ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှမသိကြဘူး။
အနည်းဆုံးတော့အဲဒါက ဝူတိဂိုဏ်းကလွဲ အားလုံးအတွက်ပေါ့။ ဝူတိဂိုဏ်းမှာတော့ ကျင့်ကြံဆင့်တွေ ဖောင်းကားနေပြီး လက်က ပိုက်ဆံရေတာကနေ ကြွက်တက်နေပြီ။
…