ERSY အခန်း ၁၂၁

အခန်း ၁၂၁ ။ တပည့်လက်ခံခြင်း

“အမတရောင်းရင်းကူယွဲ့…” ပေါင်ဖေးဖျင် စိုးရိမ်နေတဲ့လေသံနဲ့ မေးလိုက်မိတယ်။

“အမတရောင်းရင်းယိချင်းက… တကယ်ပဲ အဆင်ပြေရဲ့လား”

ကူယွဲ့နှုတ်ခမ်းတွေ မဆိုစလောက် တွန့်ချိုးသွားလေတယ်။

“မစိုးရိမ်ပါနဲ့၊ သူဘာလုပ်နေလဲဆိုတာ သူသိတယ်… အနည်းဆုံးတော့ သိသင့်တာပေါ့”

သောက်ကျိုးနည်း “သိသင့်တယ်”ဆိုတာာ ဘာအဓိပ္ပာယ်လဲ။

ပြီးတော့ အဇဋာကိုးစိတ်ဖြာမှန်ထဲက ထွက်ထွက်ပြီးချင်း ဘာလို့ မီးဖိုချောင်ထဲဆီ ပြေးသွားရတာလဲ။

အမ‌တတွေက စားဖို့မလိုဘူး။ ဒါကြောင့် သူတို့ဆီမှာ မီးဖိုချောင်ရှိပေမဲ့လည်း စားစရာကြိုက်တဲ့ အမတတချို့ ရံဖန်ရံခါသုံးတာပဲရှိတာ။ ဟင်းချက်ပစ္စည်းတွေကလည်း ပုံမှန်ဆို အပြည့်မရှိကြဘူးပေါ့။

ဒါပေမဲ့… ယိချင်းကတော့ သူ့ကိုယ်ပေါ် ဆီ၊ ဆား၊ အချဉ်ရည်နဲ့ ရှာလကာရည်တွေပါ ရှိနေတယ်ဆိုတဲ့အချက်ကို ကျော်ကြည့်ရင်တောင် ဘာလို့အိုးတွေ၊ ခွက်တွေ၊ စားသောက်ဖွယ်ကုန်ကြမ်းတွေပါ ရှိနေရတာလဲ။ သူ့မှာ ပန်းကန်လုံး၊ တူနဲ့ လက်ဖက်ရည်ပါရှိနေတာ။ ဒါတွေက ခရီးသွားရင်တောင် မယူသွားတတ်ကြတာ။ အခုတော့ အိမ်ပြောင်းလာတာနဲ့ ပိုတူနေပါလား။

ဟင် သူ တကယ်လို့ စားပွဲနဲ့ ကုလားထိုင်တစ်စုံပါ ဆွဲထုတ်လာရင် ငါတော့မအံ့ဩဘူး။

ဒီနောက်မှာတော့…

ယိချင်းက တကယ်ပဲ စားပွဲတစ်လုံးနဲ့ ကုလားထိုင်လေးလုံး ထုတ်လာတော့တယ်။

“…”

( ̄△̄;)

ခဏနေပါဦး – အမတကူယွဲ့တောင် ဒါက သဘာဝအကျဆုံးလိုမျိုး ထိုင်ချတယ်ပေါ့။

“စားဖိုမှူး၊ ငါ ပင်လယ်စာစားချင်တယ်”

“ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူး ဆရာ”

“…”

ဒီလိုနဲ့ တစ်နေ့ခင်းလုံး ယိချင်းတစ်ယောက် မီးဖိုချောင်ထဲကနေ ဟင်းပွဲတစ်ပွဲပြီးတစ်ပွဲ ထုတ်လာတာကို အကြောင်သား ပါးစပ်ဟကြည့်နေမိတယ်။ သူတို့ အငမ်းမရ စားနေချိန်မှာတောင် သူ့ကို ထမင်းတစ်နပ်ဝင်စားဖို့ ယဉ်ယဉ်ကျေးကျေး ဖိတ်သေး။

“ဝင်စားပါဦး၊ မြို့အရှင်ပေါင်”

ကူယွဲ့က ပြုံးပြပြီး ဖိတ်ကြားလာတယ်။ နောက်တော့ ခေါင်းလှည့်သွားပြီး အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ဆူတော့တယ်။

“ဟိုလီရှစ် ရှန်းရင်၊ ငါ့ကိုလည်း တစ်စိတ်ချန်ထားပေးဦး၊ မင်းစား‌တာ အကုန်ကုန်တော့မယ်”

ယဉ်ကျေးမှုအရ ပေါင်ဖေးဖျင် တစ်လုတ်စာ စားလိုက်တယ်။ မထင်မှတ်ထားလောက်အောင်… အရသာရှိနေတာပဲ

သူ နောက်တစ်လုတ် စားမလို့ တွေးနေဆဲရှိသေး ပန်းကန်လုံးက အလွတ်ဖြစ်နေပြီ။

“…” သူ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး။

ရောထွေးနေတဲ့ခံစားချက်နဲ့ ပေါင်ဖေးဖျင် စားပွဲပေါ် နှစ်နာရီလောက်ထိုင်ပြီးမှ နှစ်ယောက်သား တူကို ‌ချတော့တယ်။

“ခင်ဗျားသားက အခုလောက်ဆို သက်သာလောက်ပြီထင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ တစ်ခါလောက် သွားကြည့်ရင် ကောင်းမှာပဲ”

ပါးစပ်သုတ်ပြီး ကူယွဲ့က နောက်တစ်ကြိမ် လူကြီးလူကောင်း ပုံစံဖမ်းတော့တယ်။ စောနက စားစရာနဲ့ ပတ်သက်ပြီး ရန်ဖြစ်နေတဲ့ အမူအရာက လုံးဝပျောက်ကွယ်သွားပြီ။

တစ်ခဏလောက် ပေါင်ဖေးဖျင်တန့်သွားပြီး ရုတ်တရက် အတွေးတစ်ခု ပေါ်လာခဲ့တယ်။

အဖေက ရှောင်အန်းရဲ့ ဒဏ်ာကို ကုသပြီးတဲ့နောက်ပိုင်း တခြားမတော်တဆမှုတစ်ခုခု ဖြစ်မှာစိုးရိမ်လို့ သူတို့ ဒီမှာ အကြာကြီး ဆက်နေနေတာလား။

အဲတော့ ဒီလိုကိုး။

အဲအတွေးနဲ့ ပေါင်ဖေးဖျင်နှလုံးသားက သူတို့အပေါ် နွေးထွေးလာတယ်။ ကျေးဇူးတင်တဲ့အကြည့်နဲ့ သူ ထရပ်လိုက်တယ်။

“ကျေးဇူးတင်ပါတယ် အမတရောင်းရင်းတို့” နောက်တော့ သူ အမြန် လှည့်ပြီး အုပ်စုကို အရှေ့ခန်းမဆောင်ဆီ ခေါ်လာခဲ့တယ်။

ကောင်လေးဒဏ်ရာကို ကုသပြီးခါစ ပေါင်ရီက သူတို့အုပ်စု ရောက်လာတာမြင်တော့ သူတို့ကို အပြေးလာကြိုတော့တယ်။

“အဖေ” ကလေးလေးက နှုတ်ဆက်ရင်း ပေါင်ဖေးဖျင်ရင်ခွင်ထဲ ပြေးဝင်တယ်။ နောက်တော့ သူ့အဖေပခုံးပေါ်ကနေ ခေါင်လေးကျော်ကြည့်ပြီး နောက်က သုံးယောက်ကို စပ်စုတော့တယ်။

“ရှောင်အန်း” စိတ်အေးသွားတဲ့ ပေါင်ဖေးဖျင် သူ့သားကိုချီပြီး ဒီနေ့ရဲ့ ချိမဆံ့အဖြစ်အပျက်တွေ ဖြတ်သန်းရပြီးတဲ့နောက် ရင်ထဲ ခံစားချက်မျိုးစုံနဲ့။

“ရှောင်အန်း” ပေါင်ဖေးဖျင် ယိချင်းကို လှမ်းကြည့်လိုက်တယ်။

“ဒါ ဓားအမတယိချင်းတဲ့၊ သူက မင်းအသက်ကို ကယ်‌ပေးခဲ့တဲ့သူပဲ၊ လာပြီး မင်းကျေးဇူးရှင်ကို ကျေးဇူးတင်လိုက်”

ပထမတုန်းက ကလေးလေးက နည်းနည်းအံ့ဩသွားပေမဲ့ သိတတ်တဲ့ကောင်လေးဖြစ်တဲ့အလျောက် အမြန် သူ့အဖေရင်ခွင်ထဲကထွက်ပြီး ယိချင်းဆီ လျှောက်လာခဲ့တယ်။ လက်နှစ်ဖက်အုပ်ပြီး သူက တလေးတစား ဂါဝရပြုတော့တယ်။

“ရှောင်အန်းအသက်ကို ကယ်ပေးတဲ့အတွက် အမတယိကို ကျေးဇူးတင်ပါတယ်”

“ကိစ္စအသေးအဖွဲလေးပါပဲ” မျက်နှာသေယိချင်းက မထုံတက်သေး ပြန်ဖြေလေတယ်။

“မင်း ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး၊ ငါလည်း မင်းတို့အားလုံးကို အသက်ကြွေးတင်ခဲ့တာပဲ”

သူက ဆရာ့အမိန့်နာခံခဲ့ရုံလေးပါ။ ဟင်း… ဒီည ဆရာ့အတွက် ဘာအရသာရှိတဲ့ဟင်းချက်သင့်လဲ။

“ဒါပေမဲ့ အမတရောင်းရင်းက ရှောင်အန်းကြောင့် ဒဏ်ရာရခဲ့တာလေ” ပေါင်ဖေးဖျင် ကွဲသွားတဲ့မှန်လေးအကြောင်း လျစ်လျူရှုထားဖို့ မနည်းကြိုးစားနေရတယ်။

ပေါင်ရီနဲ့ အကြည့်ချင်းဖလှယ်ပြီး သူ ဆက်ပြောလိုက်တယ်။

“သဘာဝတရားကြီးက ခင်ဗျားနဲ့ ရှောင်အန်းကို ဆုံအောင်လုပ်ပေးခဲ့တာပါပဲ၊ နှစ်ယောက်လုံးက ခန္ဓာကိုယ်အခြေအနေတူညီနေရုံတင်မကဘူး သူ အန္တရာယ်ရှိတဲ့အချိန်မှာ ခင်ဗျားပေါ်လာခဲ့တာပဲ”

“အမှန်ပဲ” ပေါင်ရီက ထောက်ခံရင်း သူ့မြေးကို ရှေ့တွန်းလိုက်တယ်။

“တကယ်ကို ကံဖန်တီးတဲ့တွေ့ဆုံမှုပဲ”

မျက်မှောင်ကြုတ်ပြီး ယိချင်းက လူနှစ်ယောက်ကို ဝေ့ဝဲကြည့်လိုက်တယ်။

“စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြောပါ”

နှစ်ယောက်လုံးတိတ်သွားပြီး အနေရခက်တဲ့ အမူအရာနဲ့။ တစ်ခဏနေတော့ ပေါင်ရီက သက်ပြင်းချလေတယ်။

“အမှန်အတိုင်းပြောရရင် ကျုပ်တို့မှာ မင်းကိုအကူအညီတောင်းစရာရှိလို့ပါ”

ခေါင်းငုံ့ပြီး သူက ကောင်လေးလက်ကို ကိုင်လိုက်တယ်။

“အမတဘုံရဲ့ တိုင်းပြည်အသီးသီးမှာ အမတတွေ အမြောက်အများရှိပေမဲ့ ဓားကျင့်ကြံသူတွေကို ကြုံဖို့ဆိုတာ ခက်တယ်၊ ကျုပ်ချွီရွှမ်းမြို့အတွင်းက ဓားကျင့်ကြံသူ‌အရေအတွက်က မင်းတို့နှစ်ယောက်ပါမှ လက်ငါးချောင်းမပြည့်ဘူး၊ ရှောင်အန်းက ငယ်သေးတာမို့ လမ်းပြပေးမဲ့လူလိုတဲ့ အရွယ်ပါ၊ ဒါပေမဲ့ သူ့ကိုယ်ခန္ဓာက ဓားသိုင်းတွေပဲ ကျင့်နိုင်မှာဆိုတော့ ကျုပ်တို့နေရာမှာ သူ့ကို ကူညီနိုင်မဲ့သူတစ်ယောက်မှ မရှိဘူး”

“အမတရောင်းရင်းယိချင်း” ပေါင်ဖေးဖျင်က စိတ်ပူပန်စွာ ထပ်ပြောလေတယ်။

“ရှောင်အန်းရဲ့ ကိုယ်အခြေအနေအရ… ခင်ဗျားလည်း အောက်ဘုံမှာတုန်းက ခပ်ဆင်ဆင်အခြေအနေ ဒါမှမဟုတ် ဒီထပ်ပိုဆိုးတာတောင် ကြုံဖူးမှာပါ၊ ကျုပ်အဖေနဲ့ ကျုပ် သူ့ကို အချိန်တစ်ခုတော့ ကာကွယ်ပေးနိုင်ပေမဲ့ တစ်သက်လုံးတော့ ကာကွယ်နိုင်မှာမဟုတ်ဘူး၊ သူ စွမ်းရာတစ်ခု အရေးတကြီးသင်ဖို့လိုနေတာလေ၊ ဒါကြောင့်…”

ရပ်သွားပြီး သူက ဘေးမှာရှိနေတဲ့ ပေါင်ရီကို လှမ်းကြည့်ကာ တည်တည်ငြိမ်ငြိမ် လက်နှစ်ဖက်အုပ်ပြီး ပြောတော့တယ်။

“အမတရောင်းရင်း၊ ကျေးဇူးပြုပြီး ကျုပ်သားကို ခင်ဗျားတပည့်အနေနဲ့ လက်ခံပေးပါ၊ ဓားကျင့်ကြံသူဖြစ်လာဖို့ သမာသမတ်လမ်းစဉ်ပေါ် လမ်းပြပေးပါ”

သူ့စကားလုံးတွေက ယိချင်းကိုတင်မဟုတ် ဘေးမှာရပ်နေတဲ့ ကူယွဲ့ကိုပါ အံ့ဩသွားစေခဲ့တယ်။

“သူ့ကို တပည့်အနေနဲ့ လက်ခံတာ” ကူယွဲ့ ချက်ချင်း ထရပ်ပြီး ယိချင်းကို လှည့်မကြည့်ခင် ကောင်လေးကိုလှမ်းကြည့်လိုက်တယ်။ ရုတ်တရက် သူနည်းနည်း ရယ်ချင်သွားတော့တယ်။

“မြို့အရှင်ပေါင် နောက်နေတာပဲ ဖြစ်ရမယ်၊ ခင်ဗျားသားက ရှစ်နှစ်ပဲရှိသေးပေမဲ့ အမတအဖြစ် မွေးလာတာလေ၊ အခုတောင် မြေအမတဖြစ်နေပြီ၊ တက်လှမ်းခါစ ယိချင်းကတော့ မြေအမတအဆင့်ပဲ ရှိသေးတာ၊ နှစ်ယောက်လုံးက အဆင့်တူတူလောက်ပဲ၊ ဘယ်လိုလုပ် သင်ကြားပေးလို့ရပါ့မလဲ”

သူတို့ လေးနက်လွန်းတဲ့ပုံသာ မပြရင် ယိချင်းကို စော်ကားဖို့ ကြိုးစားနေတာလို့ သူတွေးမိမှာ။

“အမတရောင်းရင်းတို့ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့” ပေါင်ဖေးဖျင်က အလောသုံးဆယ် ရှင်းပြတော့တယ်။

“ကျုပ်တကယ်ပဲ ကျုပ်သားကို ခင်ဗျားတို့ဂိုဏ်းကတပည့် ဖြစ်စေချင်တာ အတည်ပြောတာပါ၊ ကျုပ်သားက အမတအဖြစ် မွေးလာပေမဲ့ အခြေခံမှော်အတတ်တွေပဲ အခုသိတာပါ၊ ဓားသိုင်းနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူး၊ ပြောရရင် ဓားဆန္ဒအကြောင်း ဘာမှနားမလည်ပါဘူး၊ နှစ်ယောက်လုံး သိတဲ့အတိုင်းပဲ ဓားအမတသိုင်းကျင့်ကြံမှုက ဓားသိုင်းတွေကို နားလည်မှုလိုအပ်တယ်၊ ဒါကြောင့် သူက ဒီအပိုင်းမှာ လက်သင်ပဲ ရှိသေးပြီး အမတရောင်းရင်းယိချင်းကို ဆရာအနေနဲ့ ခေါ်သင့်တာပါပဲ”

သူအကျိုးအကြောင်းပေးတာက အဓိပ္ပာယ်တော့ရှိသား။ တစ်ခဏစဉ်းစားပြီးတော့ ကူယွဲ့ မေးလိုက်တယ်။

“ဓားကျင့်ကြံသူတွေက ရှာရတာခက်ပေမဲ့ ချွီရွှမ်းမြို့ရဲ့ အင်အားနဲ့ အရှိန်အဝါအရဆို သေချာပေါက် ခင်ဗျားသားကိုသင်ပေးချင်တဲ့ လူရှာဖို့ မခက်ဘူးထင်တာပဲ၊ ဘာလို့… ယိချင်းကို လိုအပ်တာ၊ ပိုပြီးမြင့်တဲ့ ကျင့်ကြံဆင့်နဲ့ ဓားကျင့်ကြံသူကို ရှာတာပိုမကောင်းဘူးလား”

“ဘာကြောင့်လဲဆိုတော့ အမတရောင်းရင်းယိချင်းက အသင့်တော်ဆုံးမို့ပါ” ပေါင်ရီက ရုတ်ခြည်း ထဖြေတယ်။

ကူယွဲ့ ရုတ်တရက် အတွေးထဲ နစ်မြုပ်ပြီး ပေါင်ရီဘာဆိုလိုလဲ ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။ သူတို့ တခြားဓားကျင့်ကြံသူတွေရှာတွေ့နိုင်ပေမဲ့ မွေးရာပါဓားသရုပ်သကန်ပါသူကတော့ ရှားပါးတယ်။ မိစ္ဆာလမ်းစဉ်ကျင့်ကြံတဲ့ ဂိုဏ်းတွေတောင် ဒီလိုကိုယ်ခန္ဓာကို အငမ်းမရဖြစ်တာ၊ ဓားကျင့်ကြံသူတစ်ယောက်ကရော မဖြစ်ပါဘူးလို့ ဘယ်သူအာမခံနိုင်လဲ။

မွေးရာပါဓားသရုပ်သကန်ရှိတဲ့ ယိချင်းရဲ့လက်အောက်မှာ ဂိုဏ်းသားဖြစ်ရတာက အကောင်းဆုံးနဲ့ ဘေးအကင်းဆုံးရွေးချယ်မှုပဲ။

“မြို့အရှင်ပေါင်ရဲ့ဖခင်မေတ္တာကြောင့် တကယ်ရင်ထဲထိမိပါတယ်” ကူယွဲ့မျက်လုံးတွေ တောက်ပနေတယ်။ သူ ရုတ်တရက် သူတို့သဘောတူထားကာစ အပေးအယူထဲက ဖြစ်နိုင်ခြေတွေကို ရုတ်တရက် အာရုံခံမိသွားတာပေါ့။

“ဒီလိုဆိုမှတော့ တောင်းဆိုချက်ကို ငြင်းစရာအကြောင်းရင်းမရှိဘူးပေါ့၊ ဟုတ်တယ်မလား စားဖိုမှူး” သူ ယိချင်းကို တံတောင်ဆစ်နဲ့ တွတ်ပြီး သတင်းစကားပါတဲ့အဓိပ္ပာယ်နဲ့ လှမ်းကြည့်လိုက်တော့တယ်။

စားသောက်စရိတ်၊ စားသောက်စရိတ်၊ စားသောက်စရိတ်ဟ…။

ယိချင်း မျက်မှောင်ကြုတ်ပြီး ကောင်လေးကို ငုံ့ကြည့်လိုက်တယ်။ သူ ရှန်းရင်ကို လှည့်စကားပြောမဲ့ဆဲဆဲ ကူယွဲ့ ဖြတ်ပြောတာ ခံလိုက်ရလေတယ်။

“မစိုးရိမ်ပါနဲ့ မြို့အရှင်၊ ကျုပ်ဆုံးဖြတ်ချက် ချပြီးပါပြီ၊ သတ်မှတ်လိုက်ပြီနော်”

“ကျေးဇူးတင်ပါတယ် အမတရောင်းရင်း” ပျော်ရွှင်သွားပြီး သူတို့က ကောင်လေးကို တံတောင်နဲ့တွတ် လောလိုက်တယ်။

“ရှောင်အန်း၊ မင်းဆရာကို မြန်မြန်နှုတ်ဆက်လိုက်လေ”

ကောင်လေးက ဒူးထောက်ချတယ်။ အနည်းငယ် မှင်တက်နေတဲ့ပုံနဲ့ ယိချင်းကိုနှုတ်ဆက်လာတယ်။

“တပည့်ရှောင်အန်း ဆရာ့ကို ဂါဝရပြုပါတယ်”

ယိချငိး ပိုတောင်မျက်မှောင်ကြုတ်ပြီး ဘေးထွက်ရပ်လိုက်တယ်။

“မြို့အရှင် ဒီကိစ္စက…”

“ကန့်ကွက်စရာမရှိတော့ရင် ဒီကိစ္စကို သတ်မှတ်လိုက်ပြီနော်” ကူယွဲ့က ထပ်ကြားဖြတ်ပြောပါလေရော။

“စကားမစပ်၊ ခင်ဗျားသားနာမည်က”

“အော်၊ သူက သူ့အမေမျိုးရိုးနာမည် လိုက်တာပါ နဉ်တဲ့၊ မွေးနာမည်ကတော့ ဇီအန်းပါ”

“နဉ်ဇီ… ဘာ” ကူယွဲ့ အံ့ဩတကြီး မျက်လုံးပြူးပြီး အမူအရာပျက်သွားတော့တယ်။

ဟိုလီရှစ် နဉ်ဇီအန်းတဲ့

(゚Д゚≡゚Д゚)

“ကျုပ်ကန့်ကွက်တယ်”

ယိချင်း ။ ။ “…”

ရှန်းရင် ။ ။ “…”

ပေါင်သုံးယောက် ။ ။ “…”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset