အခန်း ၁၂၀ ။ အဇဋာကိုးစိတ်ဖြာမှန်
ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။ သူ အစီအစဉ်အကြောင်း ဆက်ဆွေးနွေးမလို့ရှိသေး အနောက်ကနေ တစ်ခုခု အပိုင်းပိုင်းကွဲသွားသလို ချွင်ခနဲအသံကြားလိုက်ရတယ်။ ညကောင်းကင်ယံကို ထိန်လင်းစေခဲ့တဲ့ အလင်းရောင်က ရုတ်တရက်ပျောက်ဆုံးသွားပြီ။
“ရှောင်အန်း” ပေါင်ဖေးဖျင်က လှမ်းအော်ပြီး ကလေးဆီပြေးတော့တယ်။ မြေပုံကျခါနီး သူက လှမ်းဖမ်းလိုက်တယ်။
“ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား”
ကလေးက တဖြတ်ဖြတ်မျက်လုံးဖွင့်လာတယ်။ နောက်တော့ ခပ်တိုးတိုးခေါ်လေရဲ့။
“အဖေ”
ပေါင်ရီကလည်း အပြေးရောက်လာတယ်။
“ရှောင်အန်း…”
“အဘိုး”
ပေါင်ဖေးဖျင် အမြန် သူ့သားသွေးကြောတွေကို စမ်းကြည့်လိုက်တယ်။ တစ်ခဏနေတော့ စိတ်သက်သာရာရပြီး သက်ပြင်းချကာ ယိချင်းဘက်လှည့်ပြောလေတယ်။
“အမတရောင်းရင်းရဲ့ အကူအညီအတွက်ကျေးဇူးပါ၊ ကျုပ်တို့ အမြဲကျေးဇူးတင်နေမှာပါ”
ယိချင်း ခေါင်းယမ်းလိုက်တယ်။
“မစိုးရိမ်ပါနဲ့” သူ အသက်ပြင်းပြင်းရှူပြီး ထရပ်တော့တယ်။ အသံခပ်တိုးတိုးနဲ့။
“သူ့ကိုယ်ထဲက… ဓားချီက ရှင်းသွားပြီ၊ ဒါပေမဲ့… ဘယ်ချိန် နဂိုအခြေအနေပြန်ရောက်မလဲ မသိဘူး၊ သူ့ကိုယ်ထဲက ဓားချီကို မြန်မြန်.. ထိန်းချုပ်နိုင်အောင် သင်ယူဖို့လိုတယ်”
အမတနှစ်ယောက်က စိုးရိမ်နေတဲ့အကြည့်တွေနဲ့ ယိချင်းကို ပြန်စိုက်ကြည့်နေလေတယ်။
ရှန်းရင် သူမစားဖိုမှူးဆီ လျှောက်လာခဲ့ပြီး မျက်မှောင်ကြုတ်မိသွားတယ်။
“မင်းကို မေးလို့ရမလား အမတရောင်းရင်း၊ ဓားချီက ဘယ်ချိန် ရောဂါပြန်ထမှာပါလဲ” ပေါင်ရီက လက်နှစ်ဖက်ထပ်ပြီး ရှေ့တက်လာတယ်။
“မသိဘူးဗျ”
“သူ့ မူလဝိညာဉ်ဓားချီကို ဘယ်လိုထိန်းချုပ်သင့်ပါသလဲ”
“နှစ်တွေအကြာကြီး ကြိုးစားပြီး… လေ့ကျင့်တာနဲ့ပေါ့”
“အင်း…” အဖေက အရင်ကထက်တောင် ပိုပြီးစိတ်ပူပန်လာတဲ့ပုံ။ ဆိုလိုတာက သူ့သားက ဓားချီကို သူ့အတွက်အကျိုးဖြစ်အောင် သုံးတတ်ဖို့ အဆက်မပြတ်လေ့ကျင့်ရဦးမယ်လို့ဆိုလိုတာပေါ့။ ဒါပေမဲ့ ရှောင်အန်းက ရှစ်နှစ်ပဲရှိသေးတာ။ သူ ဘယ်လိုလုပ် ခန္ဓာကိုယ်ထဲက တောက်လောင်နေတဲ့ ဓားချီကို တိုက်ခိုက်နိုင်ဖို့ မျှော်လင့်လို့ရမှာလဲ။
ပေါင်ရီနဲ့ ပေါင်ဖေးဖျင်က တစ်ခုခုကိုဆုံးဖြတ်ထားပြီးသလိုမျိုး အဓိပ္ပာယ်ပါပါ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြလေတယ်။
နောက်တော့ ပေါင်ရီက ရှေ့တက်လာတယ်။
“အမတရောင်းရင်းယိချင်း၊ မင်းကကူယွဲ့လိုမျိုး စေတနာရှိပြီး တရားမျှတမှုအပြည့်ဆိုတာသိပါတယ်၊ ကျုပ်၊ ပေါင်ရီက အရင်က ဘယ်သူ့ကိုမှ ဘာအတွက်မှ မတောင်းဆိုဖူးပါဘူး၊ ဒါပေမဲ့ ဒီနေ့ အမတရောင်းရင်းကို တကယ်တောင်းဆို…”
“စားဖိုမှူး” ပေါင်ရီစကားမဆုံးခင် ရှန်းရင်က သူ့ကိုကြားဖြတ်ပြီး နှစ်ယောက်ကြား ဝင်ရပ်လေတယ်။
ပေါင်ရီက ရပ်သွားပြီးတော့ ဘာမှမဖြစ်သလိုမျိုး ဆက်ပြောပြန်တယ်။
“အမတရောင်းရင်း တကယ်တော့ကျုပ်…”
“ပါးစပ်ပိတ်ထားတော့” ရှန်းရင်က ရုတ်တရက် ထအော်ပြီး သူ့ကိုဒေါသတကြီး ကြည့်တော့တယ်။ သူတို့ပတ်ပတ်လည်မှာ သိသိသာသာ အငွေ့အသက်ခံစားလိုက်ရပြီး ပေါင်ရီတစ်ယောက် သူ့ကိုယ်ပေါ် ထူးဆန်းတဲ့ဖိအားတစ်မျိုး ဖိနှိပ်လာသလိုမျိုး ခံစားနေရတယ်။ သူ တိတ်သွားတော့တယ်။ သေမင်းနဲ့ကြုံနေရသလိုမျိုးပဲ။ သူ့ကိုယ်က ချွေးစေးတွေကျလာခဲ့တယ်။ သူ ရှန်းရင်ကို အာရုံစိုက်ကြည့်ဖို့လုပ်ပေမဲ့ သူမက လှည့်သွားပြီ။
အဲဒါ သူ့စိတ်ကူးယဉ်မှုလား။
ရှန်းရင် ယိချင်းကို ထူလိုက်တယ်။
“ဘာဖြစ်နေတာလဲ”
ယိချင်း ရှန်းရင်ကိုစိုက်ကြည့်ရင်း ထူးဆန်းနွေးထွေးတဲ့ ခံစားချက်တစ်မျိုးခံစားလိုက်ရတယ်။ သူ ခပ်တိုးတိုး လှမ်းလိုက်တယ်။
“ဆ…ရာ”
ရုတ်တရက်…
သူက သွေးအန်တော့တယ်။
“ဟိုလီရှစ်” ကူယွဲ့ သတိပြန်ဝင်လာပြီး အထိတ်တလန့်ဖြစ်သွားတယ်။ သူ ယိချင်းနဲ့ရှန်းရင်ဆီ ပြေးလာခဲ့ပြီး ယိချင်းကိုမတ်မတ်ရပ်နိုင်အောင် တွဲထူပေးလိုက်တယ်။
“ဟေးဟေးဟေး၊ ငါတို့ကိုမခြောက်နဲ့နော်၊ မင်းအဆင်ပြေတယ်လို့ စောနကမပြောခဲ့ဘူးလား”
ကူယွဲ့တစ်ယောက် ယိချင်း အတုံ့အဆိုင်းမရှိ အလင်းတန်းထဲဝင်သွားတာမြင်တော့ ဒါကယိချင်းအတွက် လွယ်ကူတဲ့တာဝန်လို့ထင်ခဲ့မိတာ။ ခုဘာတွေဖြစ်နေတာလဲ။
ပေါင်ရီက ယိချင်းရဲ့တခြားလက်ကို လှမ်းဆွဲတုန်း သူ သွေးကြောကိုအမြန်စမ်းကြည့်လိုက်တယ်။
ချက်ချင်းပဲ သူတို့အမူအရာပြောင်းသွားပြီး နှစ်ယောက်လုံးထိတ်လန့်တကြား ယိချင်းဘက် လှည့်ကြည့်မိကုန်တယ်။
“ပြော” ရှန်းရင် ပြောလိုက်တယ်။
“သူ့ကိုယ်ထဲမှာ ဓားချီ၂မျိုးရှိနေပြီး အချင်းချင်းတိုက်ခိုက်နေကြတယ်” ကူယွဲ့အမူအရာက မှောင်မည်းလာတယ်။
“သူက ဓားချီကိုဖိနှိပ်နေပေမဲ့ သွေးကြောတွေမှာ ကြီးကြီးမားမားဒဏ်ရာရထားနေပြီ”
“ဆရာ… ကျွန်တော်အဆင်ပြေပါတယ်” ဆရာတာဝန်ပေးတာကို ကျွန်တော် ပြီးမြောက်အောင်လုပ်ရမှာပေါ့
“ငါ့ဖင်ကိုကောင်း” ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်မိတယ်။
“မင်းသွေးကြောတွေအားလုံး ဒဏ်ရာရနေတာ၊ ဘယ်လိုလုပ်အဆင်ပြေမှာလဲ”
“ကျုပ်ရဲ့ရှောင်အန်းကြောင့် သူဒီလိုဖြစ်ရတာပါ” ပေါင်ရီ အားနာအပြစ်ရှိစိတ်ဝင်သွားတယ်။
“သူက ရှောင်အန်းရဲ့ ဓားချီကို အကြာကြီးထိန်းပေးထားရတာ- ဓားချီက သူ့ကိုယ်ထဲ ကျူးကျော်ပြီး ကိုယ်ပိုင်ဓားချီကို တိုက်ခိုက်လာတာပဲ၊ ဒါကြောင့် သူ့ကိုယ်ထဲ ပဋိပက္ခတွေဖြစ်နေတာ”
“ဖြေရှင်းနည်းကရော” ရှန်းရင် တန့်သွားတယ်။
ကူယွဲ့နဲ့ပေါင်ရီ အပြန်အလှန် ကြည့်မိလိုက်တယ်။
“သူပဲ ကိုယ်ထဲက ဓားချီကိုရှင်းထုတ်နိုင်မှာပဲ၊ သူ ဖိချုပ်ဖို့ကြိုးစားလည်းရပေမဲ့ အတော်လေးအချိန်ယူရလိမ့်မယ်…”
“ဘယ်လောက်လဲ”
“နှစ်ရာချီ ဒါမှမဟုတ်… နှစ်ထောင်ချီလောက်ပေါ့”
ပြီးတော့ အဲတစ်ချိန်လုံး ဓားချီတိုက်ခိုက်နေတဖြ့နာကျင်မှုကိုလည်း တောင့်ခံရဦးမှာ။
“ချီး” ရှန်းရင် ခုတော်တော်လေး ဒေါသထွက်နေပြီ။ အရမ်းကိုကြာလွန်းတယ်လေ
ပေါင်ရီ မျက်မှောင်ကြုတ်ပြီး သူ့သားဘက်လှည့်လိုက်တယ်။
“ဖေးဖျင်၊ အဇဋာကိုးစိတ်ဖြာမှန်ကို သွားယူချေ”
“ဟမ် အာ” ပေါင်ဖေးဖျင်မျက်လုံးပြူးသွားတယ်။
“အဲဒါအရင်တိုင်းပြည်အရှင်ရဲ့ ချီရွှမ်းမြို့အတွက် လက်ဆောင်လေ၊ တန်ဖိုးကြီးရတနာတစ်ပါး၊ ပြီးတော့…”
သူက ရိဖုန်းရဲ့ စိန်းစိန်းဝါးဝါးအကြည့်အောက် ရပ်သွားခဲ့တယ်။
ပေါင်ဖေးဖျင်နောက်တော့ အဆမတန် အပြစ်ရှိသလိုခံစားလိုက်ရတာပေါ့။ သူ တောင်းပန်တော့တယ်။
“ဖေးဖျင် အမြင်ကျဉ်းမိပါတယ်၊ အခုပဲ အဇဋာကိုးစိတ်ဖြာမှန်ကို သွားယူလိုက်ပါ့မယ်”
သူတို့က ရှောင်အန်းအသက်ကို ကယ်ထားတာပဲ။ အမတလက်နက်က အဲဒါနဲ့ယှဉ်ရင် ဘယ်လောက်အဖိုးတန်လို့လဲ။
သူ လှည့်ထွက်ပြီး အရှေ့ခြံဝန်းဆီ ခပ်သုတ်သုတ် လျှောက်လာခဲ့တယ်။ မိနစ်ပိုင်းအတွင်း ကြေးမှန်တစ်ချပ်ကို သူနဲ့အတူယူလာပြီး ပေါင်ရီ့ဆီ ကမ်းပေးလိုက်တယ်။
“ဒါက အဇဋာကိုးစိတ်ဖြာမှန်ပါ” ပေါင်ရီကရှင်းပြတော့တယ်။ “အမတသွေးကြောတစ်ဝက်နဲ့ ပြုလုပ်ထားတဲ့ ဘုံတစ်ခုပါပါတယ်၊ မှန်ထဲဝင်တာက အမတသွေးကြောထဲဝင်လိုက်တာနဲ့ တူတူပါပဲ၊ အဲနေရာက မသေမျိုးချီက အမတရောင်းရင်းကို သူ့ကိုယ်ထဲကဓားချီထိန်းချုပ်နိုင်အောင် ကူညီပေးလိမ့်မယ်၊ မူလဝိညာဉ်ဓားချီကို သဘောပေါက်တာအရဆို အဲအချိန်အတွင်း သူ့ကိုယ်ထဲက ပိုနေတဲ့ဓားချီကိုဖယ်ရှားလို့ရအောင် လုပ်နိုင်မယ်လို့ယုံတယ်၊ ပြီးတော့… အဲဘုံထဲကအချိန်နဲ့နယ်ပယ်က အမတလောကနဲ့ ကွာခြားတယ်လေ၊ အနည်းဆုံး အကြိမ်ရာချီလောက်နှေးတာမို့ အချိန်နဲ့ပတ်သက်ပြီး စိုးရိမ်ဖို့မလိုဘူး၊ သူ စမ်းကြည့်ချင်မလား”
ယိချင်း ပေါင်ရီ့လက်ထဲက ကြေးမှန်ကို လှမ်းကြည့်ပြီးတော့ ရှန်းရင်ကို ကြည့်လိုက်တယ်။ မျက်မှောင်ကြုတ်ပြီး သူ ဖေဖေနျူ့ဘက်လှည့်တော့တာပဲ။
“ဖေဖေနျို၊ ဆ-”
“ကောင်းပြီ” ကူယွဲ့ ယိချင်းစကားမဆုံးခင် မျက်ဆံလှန်လိုက်တယ်။
“စားစရာပဲဟာ၊ မစိုးရိမ်နဲ့၊ ငါသူ့ကိုအငတ်မထားဘူး၊ မြန်မြန် ဒီကထွက်တော့”
မင်းတို့ရဲ့ခပ်တုံးတုံးပုံစံတွေကို လုံလောက်နေပြီ
ယိချင်း သိသိသာသာစိတ်အေးသွားပေမဲ့ တစ်ခုကတော့ သူ့ကို စိတ်အနှောင့်အယှက်ပေးနေဆဲပဲ။ ဟမ့် ခင်ဗျားကံကောင်းသွားတယ်
ရှန်းရင် ။ ။ “…” ဘာကြောင့်မှန်းမသိ အထင်သေးခံနေရသလိုပဲ။
ပေါင်သားအဖ ။ ။ “…” ဘာအဓိပ္ပာယ်လဲ။ သူတို့ ဘာတွေပြောနေတာလဲ။
“ကျေးဇူးတင်ပါတယ်၊ အဆင့်မြင့်အမတပေါင်” ယိချင်း ပေါင်ရီ့ကိုကျေးဇူးတင်လိုက်တယ်။
ပေါင်ရီက ချိတ်တစ်ခုပုံဖော်ပြီး လက်ထဲက အမတလက်နက်အပေါ် ကျိန်စာတစ်ခုရွတ်လိုက်တယ်။ မှန်က မျက်စိကျိန်းစရာအလင်းပြန်တော့တာပဲ။ သူက မှန်ကိုချိန်ပြီး ယိချင်းနဖူးပေါ် အလင်းကျအောင်လုပ်လိုက်တယ်။
ရုတ်တရက် အလင်းရောင်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတာပေါ့။
“အမတရောင်းရင်း”
ပေါင်ဖေးဖျင်က အမြန်ညွှန်ကြားလာတယ်။
“ဒီအဇဋာကိုးစိတ်ဖြာမှန်က တစ်ကြိမ်ပဲသုံးနိုင်တာပါ၊ ကိုယ်ထဲက ပိုနေတဲ့ချီကို ရှင်းထုတ်ပြီးရင် အလောတကြီးထွက်မလာပါနဲ့” အဲဘုံထဲက မသေမျိုးချီက အရမ်းကိုအထောက်အကူပြုနိုင်တယ်။
“ကျေးဇူးတင်ပါတယ်” ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။ အလင်းတန်းဖြူကြီးက သူ့ကိုယ်ကိုဝါးမျိုသွားပြီး ယိချင်းလည်း မှန်ထဲက ဘုံဆီ ဝင်သွားလေတယ်။ နဂိုက ကြည်လင်တောက်ပနေတဲ့မှန်က ခုတော့ မြူခိုးဖြူပဲအလင်းပြန်နေပြီ။ သူတို့ပုံရိပ်တောင် သူတို့မမြင်ရတော့ဘူး။
လူတိုင်းစိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်။ ပေါင်ရီက ကူယွဲ့ဆီ မှန်ကမ်းပေးလာတယ်။
“အမတရောင်းရင်းယိချင်းက သူ့ကိုယ်ထဲ ပိုနေတဲ့ဓားချီကိုရှင်းဖို့ အချိန်လိုတယ်၊ နှစ်ယောက်သား စောင့်နေချိန် ကျုပ်တို့ဗိမာန်မှာ နေပါလား”
ကူယွဲ့ ရပ်သွားတယ်။ ခရီးအသွားအပြန်လုပ်တာက တကယ်ပဲ ဒုက္ခများပြီး မှန်က ပေါင်မိသားစုပိုင်တာ။ သူတို့ ဝူတိဂိုဏ်းကိုပြန်တဲ့အစား သူတို့ဗိမာန်မှာ ဆက်နေတာက ပိုပြီးသင့်တော်မှာပဲ။ သူ ခေါင်းညိတ်ပြလိုက်တယ်။
“ကျေးဇူးပါ၊ အဆင့်မြင့်အမတ၊ ဒီလိုဆို ဒုက္ခပေးရပါဦးမယ်” သူ တစ်ခဏစဉ်းစားပြီး ထပ်ဖြည့်ပြောလိုက်တယ်။
“ကျွန်တော့် အမတရောင်းရင်း ဘယ်လောက်ကြာမလဲလို့ ခင်ဗျားထင်ပါသလဲ”
“အချိန်က မှန်ထဲမှာ မတူဘူး၊ ဒါပေမဲ့ မှန်က တစ်ခါပဲ သုံးလို့ရတာမို့ ဘယ်လောက်ကွာခြားလဲမသိပါဘူး၊ ကြားဖူးတာတော့ အမတဘုံက တစ်ရက်က မှန်ထဲမှာ အနည်းဆုံးနှစ်တစ်ရာတဲ့၊ အမတသွေးကြောတစ်ဝက်ရဲ့ မသေမျိုးချီက အထဲမှာရှိတယ်ဆိုတော့ သာမန်အမတတွေက မသေမျိုးချီရဲ့ အကျိုးအမြတ်အပြည့်ကို ခူးဆွတ်ဖို့ အနည်းဆုံးနှစ်တစ်ထောင်တော့လိုမှာပဲ”
“သိပါပြီ…” ဆိုလိုတာက ယိချင်းက အနည်းဆုံးဆယ်ရက် မှန်ထဲရှိနေမှာပေါ့။
“ဒါကြောင့် မစိုးရိမ်ပါနဲ့၊ အမတရောင်းရင်းတို့၊ လဝက်လောက်စောင့်-”
“ဆရာ” ပေါင်ရီစကားမဆုံးခင် ကူယွဲ့လက်ထဲက မှန်က အပိုင်းပိုင်းအစစကွဲသွားလေရဲ့။ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုက သူတို့ရှေ့ပေါ်လာပြီး ရှန်းရင်ဝတ်ရုံလက်ကိုဆွဲတော့တယ်။
“ဗိုက်ဆာနေပြီလား၊ မနက်စာ၊ နေ့လယ်စာ၊ ညစာ ဒါမှမဟုတ် အဆာပြေစားချင်လား”
ရှန်းရင် ။ ။ “…”
ကူယွဲ့ ။ ။ “…”
ပေါင်မိသားစု သုံးယောက် ။ ။ “…”