အခန်း ၁၁၀ ။ တစ်ဖက်အဖွဲ့၏ အသင်းဝင်များ
ယိချင်း တန့်သွားတယ်။ သူကြားခဲ့တဲ့အသံအကြောင်း စဉ်းစားမိပေမဲ့ ဘာမှတော့ ပြန်မဖြေဘူး။
တစ်ဖက်လူက အများကြီးပိုခက်ထန်လာတယ် – သတ်ဖို့လုံးဝအသင့်ဖြစ်နေတဲ့ပုံ။ ဒါပေမဲ့အချိန်တိုင်း သူ ယိချင်းကို မထိခင် မသေမျိုးချီတွေကို တစ်ဝက်လောက် အမြဲလျှော့ပစ်တယ်။ မသေမျိုးချီရဲ့ အကူအညီမပါရင် မသေမျိုးက ဓားသိုင်းပေါ်ပဲ မှီခိုနိုင်တာ။ ဒါနဲ့ပတ်သက်ရင်တော့ ယိချင်း သူ့ကို ယှဉ်နိုင်တယ်။ လွမ်ရွှိက စိတ်ပူထက်ပူလာတယ်။
“မြန်မြန်လုပ်လေ၊ ဘာစောင့်နေတာလဲ၊ ညာဘက်တင်ပါးကို တိုက်ပါဆို”
ယိချင်း မျက်မှောင်ကြုတ်ပြီး အသံလွှဲပို့လိုက်တယ်။
“မင်းက ဘာလို့ ငါ့ကိုကူညီနေတာလဲ”
“ငါ့မှာရှင်းပြဖို့အချိန်မရှိဘူး…” တစ်ဖက်လူအသံက ပိုပိုပြီး သွေးပျက်လာတယ်။
“မင်းကို ဒီမှာ သေခွင့်မပေးနိုင်ဘူး၊ ဒီနေရာကနေ ထွက်သွားလိုက်၊ နောက်ကျသိလာလိမ့်မယ်”
“ဟင့်အင်း” ယိချင်းက ငြင်းလိုက်တယ်။ တစ်ဖက်လူက ဘာကြောင့် သူ့ကို ကူညီချင်ရလဲဆိုတာ ဆက်ပြီးအတင်းမမေးတော့ဘူး။
“တကယ်လို့ ငါထွက်သွားရင် ကျင့်ကြံသူရာချီ သေချာပေါက် သေကုန်ကြမှာ”
“မင်းဒီမှာဆက်နေရင်တောင် သူတို့ကို မကူညီနိုင်ဘူးဟ” လွမ်ရွှိအသံက တုန်ရီနေတယ်။
“ငါ့နောက်က လူငါးယောက်မှာ လေးယောက်က စိတ်တန်ခိုးအမတတွေ၊ မင်းက သူတို့အတွက် ပြိုင်ဘက်မဟုတ်ဘူး၊ ဒီနေရာက ထွက်သွားပြီး မင်းဆရာကို သွားရှာ”
“မင်းက ငါ့ဆရာသိတယ်လား” ယိချင်း အံ့ဩသွားတယ်။
“ဒါပေါ့ မင်းကို အမှန်တိုင်းပြောမယ်၊ တကယ်တော့ ငါက…”
“လွမ်ရွှိ မင်းဘာလုပ်နေတာလဲ” လွမ်ရွှိစကားမဆုံးခင် စိတ်တန်ခိုးအမတတွေထဲက တစ်ယောက်က လွမ်ရွှိ တစ်ခုခုကြံနေတာကို ပြောနိုင်သလိုမျိုး ကြားဖြတ်ပြောလာတယ်။
“မင်း အောက်ဘုံက ဒီဓားကျင့်ကြံသူကို သန့်စင်ဖို့ ကြာလွန်းနေပြီ၊ မင်းက တကယ့်ကို ရွှေအမတပဲ၊ ငါ့မှာ အချိန်မရှိဘူး – မင်း ဆက်ရုန်းကန်နေတာကို ကြည့်မနေနိုင်ဘူး”
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုကို လူအုပ်ကြီးဆီ ပစ်လွှတ်လိုက်တယ်။
ယိချင်း ချက်ချင်း တုံ့ပြန်တော့တယ်။ မသေမျိုးတွေဘက်လှည့်ကာ သူ့ဝိညာဉ်ချီအားလုံးကို နဂါးတစ်ကောင် ဖန်တီးဖို့ ဆင့်ခေါ်ပြီး ရွှေရောင်အလင်းတန်းဆီ ပျံသန်းသွားခိုင်းလိုက်တယ်။ တိုက်မိသံအကျယ်ကြီးနဲ့ ရွှေရောင်အလင်းတန်းက အကာအကွယ်အင်းကွက်အရှေ့တည့်တည့်မှာ ရပ်သွားခဲ့တယ်။ ယိချင်း လက်ကျန်ဝိညာဉ်ချီကိုစုပြီး ရွှေရောင်အလင်းကို ဖျက်ဆီးဖို့ကြိုးစားလိုက်တယ်။
“ဟမ့် မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ” မသေမျိုးက စုတ်သပ်တော့တယ်။ နောက်လက်တစ်ဖက် ဝှေ့ယမ်းပြီး ယိချင်းတစ်ယောက်တည်းဆီ ဦးတည်တဲ့ ရွှေရောင်အလင်းတန်း ထပ်ထုတ်လေတယ်။
ယိချင်း ပြေးဖို့အချိန်မရှိတော့ဘူး။ အင်းကွက်အစီအရင်က သူ့ကိုကာကွယ်ဖို့လည်း မရွှေ့နိုင်ဘူး။ ရွှေရောင်အလင်းတန်းက သူ့ကိုယ်ဆီ တည့်တည့်ဦးတည်လာတာကို ကြည့်နေရတယ်။
“သတိထား” လွမ်ရွှိသွေးပျက်ပြီး ရှေ့ဆီ အပြေးတက်ကာ ဒုတိယရွှေရောင်အလင်းတန်းကိုကာကွယ်ဖို့ အကာအကွယ်အင်းကွက် ဆင့်ခေါ်လိုက်တယ်။
စိတ်တန်ခိုးအမတရဲ့ အမူအရာက မဲ့သွားတယ်။ နောက်တော့မှ ကောက်ကျစ်တဲ့ အပြုံး ပြုံးသွားလေတယ်။
“လွမ်ရွှိ၊ မင်း အရှင့်ကိုသစ္စာဖောက်နေတာလား”
“ကျွန်ုပ်…” သူချက်ချင်း ဖြူဖျော့သွားပြီး တုန်ရီလာတော့တယ်။
“မဟုတ်… ကျွန်ုပ်မဟုတ်…”
“မင်းဒီနေ့ထိ အသက်ရှင်နေသေးတာက အရှင်က မင်းကို သနားညှာတာခဲ့လို့ဆိုတာ မမေ့နဲ့ဦး၊ မဟုတ်ရင် မင်းလည်း သူတို့လိုကံကြမ္မာကြုံနေရပြီ၊ ဒါတောင် မင်းက ကျေးဇူးမသိတတ်ဘဲ ဒီပုရွက်ဆိတ်တွေအတွက် သနားနေသေးတယ်” မသေမျိုးအမူအရာက အေးစက်လာရင်း သရော်တော့တယ်။
“ထားလိုက်တော့၊ ပုရွက်ဆိတ်ဆိုတာ အမြဲပုရွက်ဆိတ်ဖြစ်နေမှာပဲ၊ မင်းက ဘယ်တော့မှ စစ်မှန်တဲ့ အမတတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး၊ မင်း သေတွင်းတူးချင်မှတော့ မင်းဆန္ဒကိုချီးမြှင့်ပြီး ဒီနေရာကို သန့်စင်ပေးရမှာပေါ့”
“ဟင့်အင်း” လွမ်ရွှိမျက်လုံးတွေ ကြောက်လန့်တကြား ပြူးကျယ်ကုန်တယ်။
နောက်ကျသွားပြီ။ စိတ်တန်ခိုးအမတက သူ့နောက်ကလူတွေကို အမူအရာပြလိုက်လေတယ်။
“ဒီနေရာကို မြန်မြန်သန့်ရှင်းပစ်၊ ဘာမှချန်မထားခဲ့နဲ့”
ငါးယောက်သား သူတို့ခွန်အားတွေကို လှုပ်နိုးပြီး ရွှေရောင်အလင်းတန်းတွေကို တစ်ခုတည်းအဖြစ် စုပေါင်းလိုက်ကြတယ်။ ကြီးမားတဲ့ ရွှေရောင်အလင်းတန်းကြီးက အားကောင်းတဲ့ ဖျက်ဆီးစွမ်းအားတွေ သယ်ဆောင်ရင်း လူအုပ်ကြီးဆီ တည့်တည့်ဦးတည်နေလေတယ်။ ရွှေအမတ လွမ်ရွှိတောင် ခြေလှမ်းတွေ ပြန်ဆုတ်လိုက်ရတယ်။
ရွှမ်းယွမ်ယွီနဲ့ တခြားသူတွေအားကုန်ထုတ်ထားတဲ့ အကာအကွယ်အင်းကွက်က ထိန်းချုပ်အရှိန်အဝါအောက် အက်ကွဲစပြုနေပြီ။ သူတို့တကယ်ပဲ ကြောက်ခမန်းလိလိ ဖိအားအောက်ရောက်နေတဲ့ ပုရွက်ဆိတ်တွေလို ခံစားနေရတယ်။ သူတို့ ဒူးထောက်ကျပြီး ကျင့်ကြံဆင့်က ဖိအားကို တောင့်မခံနိုင်ဘူးဖြစ်နေတယ်။ ချက်ချင်းပဲ ကျင့်ကြံဆင့်တွေက ခန္ဓာကိုယ်အပြင် ထိုးကျသွားလို့ တရစပ်သွေးတွေစီးကျလာတော့တယ်။ သူတို့ခန္ဓာကိုယ်တွေ မတန်တဆဖိအားအောက် ပြိုလဲတော့မလိုခံစားနေရပြီ။
ယိချင်းတောင် ဒီလိုဖိအားကို တောင့်မခံနိုင်ဘူး။ သူ့လက်ထဲက ဝိညာဉ်ဓားက နှစ်ခြမ်းကွဲသွားတယ်။ ရွှေရောင်အလင်းတန်းက သူတို့ဆီဦးတည်လာတာကိုကြည့်ပြီး မီးခိုအဖြစ်ပြောင်းမှာကို အဆင်သင့်ဖြစ်နေခဲ့တယ်။
ရုတ်တရက် အားလုံးမှောင်မည်းသွားတယ်။ ပုံရိပ်တစ်ခုက ယိချင်းရှေ့ပေါ်လာတယ်။ သူမက လက်ကိုသုံးပြီး ရွှေရောင်အလင်းတန်းကို တားလိုက်တော့ တစစီဖြစ်ပြီး ရှန်းရင်ရှေ့ အပိုင်းပိုင်း ကျလာတယ်။ လူအုပ်ကြီးလည်း အားကြီးတဲ့ မသေမျိုးထိန်းချုပ်မှုက တဖြည်းဖြည်း လွင့်ပါးလာတာကို ခံစားမိတော့တယ်။
“ဆရာ” ယိချင်း အံ့ဩတကြီး ခေါင်းမော့လိုက်တယ်။ အချိန်မီလို့ တော်ပါသေးတယ်။
“ဟေး စားဖိုမှူး” သူမက လက်တစ်ဖက်ဆန့်ထုတ်ပြီး ခေါင်းပုတ်ပေးကာ အမိန့်ပေးလိုက်တယ်။
“နင်ကောင်းကောင်းလုပ်ခဲ့တာပဲ၊ တော်တယ်၊ ကျန်တာ ငါ့လွှဲပေးလို့ရပြီ”
“ဟုတ်ကဲ့ ဆရာ” သူ့စိုးထိတ်မှုက ခန္ဓာကိုယ်ထဲက တင်းမာနေတဲ့ ကြွက်သားတွေနဲ့အတူ တဖြည်းဖြည်း ပြေလျော့လာတော့တယ်။ လုံးဝကို ပင်ပန်းသွားတာမို့ မြေကြီးပေါ် ထိုင်ချပစ်လိုက်တယ်။
သူ့နောက်မှာတော့ လွမ်ရွှိနဲ့ ရွှမ်းယွမ်မိသားစု စိတ်အေးသက်သာရာရဟန် သက်မချကုန်ကြလေတယ်။ သူတို့ရင်ထဲထိလွန်းလို့ ငိုချမိမတတ်ပဲ။ နောက်ဆုံးတော့ သူမ ဒီရောက်လာပြီ။
“မင်းကဘယ်သူလဲ” လေထဲမျောလွင့်နေတဲ့ စိတ်တန်ခိုးအမတက ရုတ်တရက်မေးလာတယ်။ သူ့ရှေ့မှာရပ်နေတဲ့ အမျိုးသမီးကို စေ့စေ့စပ်စပ် ကြည့်ရင်း ထိတ်လန့်နေတာ အသိသာကြီး။ ငါးယောက် ပေါင်းစုထားတဲ့ ရွှေရောင်အလင်းတန်းကို လက်တစ်ဖက်တည်းနဲ့ တားဆီးပစ်လိုက်နိုင်တာလေ။
သူက စိတ်တန်ခိုးအမတ ဖြစ်တာတောင် သူမ ဒီနေရာဆီ ဘယ်လိုမျိုး ဘယ်ချိန်က ရောက်လာခဲ့လဲဆိုတာ လုံးဝအာရုံမခံနိုင်ခဲ့ဘူး။
ရှန်းရင် နောက်ဆုံးတော့ ခေါင်းမော့ပြီး လေထဲမျောနေတဲ့မသေမျိုးငါးယောက်ကို စကားလှမ်းပြောဖို့ ပြင်လေတယ်။ သူမက သူ့မေးခွန်းကို မဖြေဘဲ မျက်မှောင်ကြုတ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
“ဘယ်သူက ပြောခဲ့တာလဲ… ဘာမှချန်မထားခဲ့နဲ့ဆိုပြီး”
သူမ ရပ်လိုက်တယ်။ တုံ့ပြန်မှာကို မစောင့်ဘဲ ဆက်ပြီး ပြောတော့တယ်။
“ကောင်းပြီလေ၊ နင်တို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ငါးယောက်သား ရပ်သွားပြီး ရုတ်တရက် သူမရဲ့ မြေကြီးကွဲမတတ် သတ်ဖြတ်လိုတဲ့အငွေ့အသက်က သူတို့ဆီဦးတည်နေတာကို ခံစားလိုက်ရတယ်။ ဆောင်းရာသီမှာ ပင်လယ်ထဲ ပစ်ချခံလိုက်ရသလိုမျိုးပဲ – သူတို့နှလုံးတွေ တောင့်တင်းသွားတယ်။ အထဲမှာ သူတို့မသိစိတ်က ထွက်ပြေးဖို့အော်နေတာကို ခံစားမိတယ်။
စိတ်တန်ခိုးအမတတွေက သူတို့သွေးပျက်မှုကို ထိန်းချုပ်လိုက်ကြတယ်။ တစ်ယောက်က ဟာသမမြောက် ရယ်တော့တယ်။
“ဖွီ၊ အောက်ဘုံက အရည်အချင်းနည်းနည်းပိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ကများ ငါတို့ကို ခြိမ်းခြောက်နိုင်မယ် ထင်နေတယ်၊ ဒီနေ့ မင်း…”
ဒုံး
သူ စကားမဆုံးခင် အသံအကျယ်ကြီး ကြားလိုက်ရတယ်။ သူ့ဘေးက တခြား စိတ်တန်ခိုးအမတတစ်ယောက်က ရုတ်တရက် မြေကြီးပေါ်ပြုတ်ကျသွားပြီး အသက်မရှိတော့တာ အသိသာကြီး။
∑(゚Д゚ノ)ノ
“ဆရာတူညီလေးဟောက်”
စိတ်တန်ခိုးအမတက အော်လိုက်လေတယ်။ သူတို့မျက်နှာချင်းဆိုင်မှာ အေးဆေးတည်ငြိမ်စွာ ရပ်နေဆဲ အမျိုးသမီးကို လှည့်ကြည့်လိုက်တယ်။
“ဒါဘာကြီးလဲ…”
ဒုံး
နောက်ထပ်အသံကျယ်ကြီးနဲ့အတူ သူ့ဘေးက နောက်ထပ်မသေမျိုးတစ်ယောက်က မြေကြီးပေါ်ပြုတ်ကျသွားခဲ့တယ်။
“ယန်ယွိ ဒါ ဘာဖြစ်တာ-”
ဒုန်း
တတိယတစ်ယောက်။
“မင်း…” သူ သွေးပျက်မှုကို ဆက်ပြီးဟန်မဆောင်နိုင်တော့ဘူး။ သူ နောက်တစ်ကြိမ် ရှန်းရင်ဘက် လှည့်ပြီး အော်လိုက်တယ်။
“မင်းဘာလုပ်လိုက်တာလဲ”
ဒုံး
စတုတ္ထတစ်ယောက်။
စက္ကန့်နည်းနည်းတည်းနဲ့ တစ်ယောက်ပဲ လေထဲ ကျန်ရစ်တော့တယ်။ ဒါတောင် ဘာဖြစ်သွားတာလဲ၊ ဘယ်သူတာဝန်ရှိတာလဲ သူမသိဘူး။ ပြောမပြနိုင်တဲ့အကြောက်တရားက သူ့လည်ချောင်းထိ မြင့်တက်လာပြီး မြေပြင်ပေါ် ပြီးပြည့်စုံစွာရပ်နေဆဲ အမျိုးသမီးကို မျက်လုံးပြူးစိုက်ကြည့်နေမိတယ်။
သူမက တကယ်ပဲ အောက်ဘုံက နောက်ထပ်ကျင့်ကြံသူတစ်ယောက်သက်သက်လား။
“မင်းကဘယ်သူ-”
သူ မေးခွန်းမမေးနိုင်ခင် လေပြည်တစ်ချက် နားဘေးက ဖြတ်သွားတာခံစားလိုက်ရတယ်။ အသံတစ်သံက နူးညံ့တိုးညှင်းတဲ့လေသံနဲ့ပြောပေမဲ့ သတင်းစကားကတော့ ငရဲဆီကနေ တန်းတန်းမတ်မတ် လာသလိုပဲ။
“နင့်အလှည့်ပဲ”
နောက်အခိုက်အတန့်မှာ သူ့တစ်ကိုယ်လုံးမှာ ပြင်းထန်တဲ့ဝေဒနာ ပေါ်လာတော့တယ်။ သူ့အမတအရိုးတွေ ကျေမွပြီး နားဘေးမှာတင် ဘန်းခနဖြ အသံအကျယ်ကြီးကြားလိုက်ရတယ်။ သူမြေကြီးပေါ် လဲကျသွားပြီး အဲတော့မှပဲ ဘာဖြစ်နေလဲ နားလည်သွားကာ အသက်က ခန္ဓာကိုယ်ကနေ ထွက်သွားလေတယ်။
အမျိုးသမီးက တကယ်တော့ ငြိမ်ငြိမ်လေး ရပ်နေတာမဟုတ်ဘူး။ ရွှေ့တာမြန်လွန်းလို့ မျက်စိတစ်မှိတ်အတွင်း သူတို့ကို သတ်နိုင်တာမို့ သူမှန်း သတိတောင်မထားမိခဲ့တာပဲ။
ဒီကြောက်ခမန်းလိလိ စွမ်းအားက… မယုံနိုင်စရာပဲ
စက္ကန့်သုံးဆယ်တည်းနဲ့ ရွှမ်းယွမ်မိသားစုတစ်စုလုံးကို ချောင်ပိတ်ခဲ့တဲ့ အထက်ဘုံက အမတတွေ သေသွားပြီ။ ဖြစ်သွားတာ မြန်လွန်းလို့ လူအုပ်ကြီးဆို ဘာဖြစ်နေလဲ နားမလည်နိုင်သေးဘူး။ ရွှမ်းယွမ်ယွီ ကြောင်အမ်းနေမိတယ်။ ရုတ်တရက် ကြီးမြတ်တဲ့နတ်ဒေဝါရှန်း ဟိုးအရင်တစ်ခေါက်က ရွှမ်းယွမ်မိသားစုကို တိုက်ခိုက်ခဲ့ချိန်ကို သတိရသွားခဲ့တယ်။ သူမ ဘယ်လောက်တောင် အားကို ထိန်းထားခဲ့တာလဲ။
“ပင်ပန်းလိုက်တာ” ရှန်းရင် လက်ကိုဖုန်ခါပြီး ပုစွန်လိုကွေးတော့တယ်။ သူမက ပျင်းရိတဲ့ မျောက်မောင်းမ ဖြစ်လာပြန်တယ် – ပျင်းရိမှုရဲ့ ပြယုဂ်ပေါ့။ သူမက စားဖိုမှူးဘက်လှည့်ပြီး အမိန့်ပေးမဲ့ချိန် ဘေးမှာရပ်နေတဲ့ လွမ်ရွှိကို သတိထားမိသွားတယ်။
“ဟေး၊ တစ်ယောက်ရှိသေးတာပဲ”
သူမက မတ်မတ်ရပ်ပြီး ဦးတည်ဖို့ ပြင်လိုက်တယ်။
“ခဏ ကြီးမြတ်တဲ့နတ်ဒေဝါ”
လွမ်ရွှိက ထိတ်လန့်တကြား ပြောတော့တယ်။ နောက်ဆုံးတော့ ဒီကြီးမြတ်တဲ့နတ်ဒေဝ့ တခြားသူတွေကို ဖျက်ဆီးတာကြည့်ပြီးတဲ့နောက် သတိပြန်ဝင်လာခဲ့ပြီ။ သွေးပျက်စွာနဲ့ ရှင်းပြတော့တယ်။
“ငါက မင်းဘက်ကပါ လူကောင်းပါ”
သူမက ရပ်ပြီး ယိချင်းကိုလှမ်းကြည့်လိုက်တယ်။
“စားဖိုမှူး” ဘာတွေဖြစ်နေတာလဲ။
“ဆရာ၊ သူက တကယ်ပဲ ကျွန်တော်တို့ကို အချိန်ဆွဲပေးခဲ့ပါတယ်” ယိချင်းက ခေါင်းညိတ်ပြပြီး ခဏစဉ်းစားနေပြီးမှ ထပ်ပြောလေတယ်။
“ဒါပေမဲ့ သူက အမတငါးယောက်နဲ့ ရောက်လာတာ၊ ကျွန်တော် သူ့ကို မသိပါဘူး”
“အော်…” ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
“ဘယ်လိုလုပ် ငါ့ကိုမသိရတာလဲ၊ ငါလေ၊ ငါ”
လွမ်ရွှိက သူ့နှာခေါင်းကိုသူ လက်ညှိုးထိုးပြီး ရှန်းရင်ကို အသည်းအသန်ကြည့်တော့တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျုပ်တို့ တွေ့ဖူးကြတယ်လေ၊ မေ့သွားပြီလား၊ သေချာစဉ်းစားပါဦး၊ မင်းကို ရှာဖို့ ကျုပ်ဒီအောက်ကို တကူးတကဆင်းလာခဲ့တာ”
“အာ… စားဖိုမှူး နင်သူ့ကိုမှတ်မိလား”
“ဟင့်အင်း မမှတ်မိပါဘူး”
“အော်၊ ဒါဆိုလည်း ဖျက်ဆီးလိုက်တာပေါ့”
လွမ်ရွှိနှုတ်ခမ်း တွန့်ချိုးသွားပြီး အမူအရာက ခါးသက်သွားရှာတယ်။
“ဟင့်အင်း ကြီးမြတ်တဲ့နတ်ဒေဝါ၊ ငါက တကယ်ပဲ မင်းတို့လူပါ၊ ငါ… ငါ…” သူ ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီး သူ့အောက်ပိုင်းတစ်ဝိုက်ကို ဖုံးတဲ့ ကိုယ်ယောင်ပျောက်စည်းတံဆိပ် ဆင့်ခေါ်လိုက်တယ်။
အင်မတန်လေးနက်စွာနဲ့ သူက ပြောလာလေတယ်။
“ငါလေ ကျုပ်က ငါလွင့်လေ”
ပြီးတော့ ငွေနှင်းဖြူလေ။
̄へ̄
…