အခန်း ၁၀၉ ။ ရွှမ်းယွမ်မိသားစုကို ဖျက်ဆီးခြင်း
သွေးတွေ။ မြေပြင်က သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး နီရဲနေလွန်းလို့ သူ့မျက်စိတောင် ကျိန်းမိတယ်။ တောင်ထွတ်တစ်ခုလုံးက ရဲရဲနီနေတာပဲ။ သူ့ဂိုဏ်းသားတွေရဲ့ အလောင်းတွေက မြေပြင်ပေါ် ဖရိုဖရဲ။ တချို့က တပည့်သစ်တွေ၊ တချို့က နတ်ဝိညာဉ်ဆရာဦးလေးတွေ၊ တချို့ဆို နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အကြီးအကဲတွေတောင်ဘပါတယ်။ အားလုံးက မသေခင် ထိတ်လန့်စရာ တစ်ခုခုကိုမြင်ခဲ့ရသလိုမျိုး မျက်ခုံးတွေပြူးပြီး မြေကြီးပေါ် လဲနေကျတယ်။
သူ့တစ်ဂိုဏ်းလုံး အမြစ်ဖြုတ် သတ်ခံလိုက်ရတာပဲ။
သူ့တစ်ကိုယ်လုံး အေးစက်သွားပြီး ငရဲက ဒီမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြောင်အပြီး ကြည့်နေမိတယ်။
“ဟမ် နောက်ထပ်တစ်ယောက်ပဲ” ရုတ်တရက် ကြက်သီးထစရာ အသံတစ်သံက သူ့အပေါ်ကနေ ပေါ်လာတယ်။
တွန်းလှန်လို့မရတဲ့ ဖိအားကြီးတစ်ခုက ချက်ချင်း သူ့ပေါ်ဆင်းသက်လာတယ်။ သူ့ခြေထောက်တွေ ပျော့ခွေသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးစွန်းနေတဲ့မြေပြင်ပေါ် ဖိခံထားရတယ်။ သူ့အတွင်းအင်္ဂါတွေနဲ့ သွေးကြောတွေ ချက်ချင်း ပေါက်ကွဲကုန်တယ်။ ရွှေအမြုတေလည်း လုံးဝ ပျက်စီးသွားတယ်။ သွေးတွေ ပါးစပ်က စီးကျလာပြီး လုံးဝမလှုပ်နိုင်တော့ဘူး။ သူ့ကျင့်ကြံမှုတွေ ခန္ဓာကိုယ်ကနေ သွေးတွေလိုမျိုးထွက်သွားတာကို ကြည့်နေရုံပဲတတ်နိုင်တယ်။
“ဟမ့်၊ ပုရွက်ဆိတ်တစ်ကောင်ပါပဲ” သူ အဲမော်ကြွားနေတဲ့ အသံကိုကြားလိုက်ရပြီး တဖြည်းဖြည်း အဝေးကို ပျောက်ကွယ်သွားတယ်။
သူ့ကျန်ရစ်တဲ့လက်ကျန်အားကိုသုံးပြီး ကောင်လေးက အသံလာရာကို ခေါင်းမော့ကြည့်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူတွေ့ရတာက တောက်ပနေတဲ့ ရောင်ခြည်တွေနဲ့ အဖြူရောင်ပုံရိပ်တစ်ခုက မိုးကုပ်စက်ဝိုင်းဆီ ပျံသန်းသွားတာပဲ။ အိပ်မက်နဲ့တောင် တူနေတယ်။
အဲဒါက… မသေမျိုးချီပဲ
သူ တကယ်တော့ မသေမျိုးတစ်ယောက်ပေါ့ ဘာလို့လဲ။ ဘာလို့ မသေမျိုးက သူ့တစ်ဂိုဏ်းလုံးကို ဖျက်ဆီးရတာလဲ
သူ့မေးခွန်းတွေရဲ့ အဖြေကိုရှာဖို့ အခွင့်အရေးမရှိတော့ပါဘူး။ သူ့မျက်လုံးတွေဝါးလာရင်း အသက်က ဖြည်းဖြည်းချင်းလွင့်ပါးလာတယ်။
ရုတ်တရက် ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုက သူ့မြင်ကွင်းထဲ ပေါ်လာတယ်။
“မောင်လေး၊ မောင်လေး နင်အဆင်ပြေရဲ့လား”
ဒီအသံက…။
“ရှန်း…” မိန်းကလေးရှန်းပဲ။ ဘာလို့ပြန်လာရတာလဲ သူမတုံ့ပြန်နိုင်ခင် ပါးစပ်ထဲ တစ်ခုခု ထိုးထည့်ခံလိုက်ရတယ်။ သူ့တစ်ကိုယ်လုံးနွေးလာပြီး သွေးထွက်နေတာ ရပ်သွားတယ်။ ခွန်အားတချို့လည်း ပြန်ရလာတယ်။
“ဘာဖြစ်ခဲ့တာလဲ”
အသိပြန်ဝင်လာပြီး သူ သူမကို တွန်းထုတ်ဖို့လုပ်တော့တယ်။
“မြန်မြန် သွားတော့၊ ဒီနေရာကနေ ထွက်သွားတော့ အဲလူက… ဒီဘုံကမဟုတ်ဘူး”
“သူတို့ဒီရောက်လာတာလား” ရှန်းရင်မျက်နှာက မာကြောသွားပြီး ချက်ချင်းထရပ်လေတယ်။
“သူတို့ဘယ်ချိန်ကထွက်သွားတာလဲ၊ ဘယ်ဘက်ကိုဦးတည်သွားတာလဲ”
“သူက ယင်းကောင်းကင်ယံမြို့ကို ဦးတည်နေတာထင်တာပဲ” သူမက သူ့နောက်လိုက်သွားဖို့ ပြင်နေတာမြင်တော့ ချက်ချင်းလှမ်းတားဖို့လုပ်တယ်။
“မိန်းကလေးရှန်း၊ မင်းက… သူ့ပြိုင်ဘက်မဟုတ်ဘူး၊ မြန်မြန်သွားပါ…”
ဒါပေမဲ့ သူ့ရှေ့ကလူကတော့ ပျောက်သွားပြီ။
“သူ့နောက်မလိုက်နဲ့၊ မြန်မြန်ပြေးတော့” သူ အသည်းအသန် လှမ်းခေါ်လိုက်တယ်။
“သူက မသေမျိုး…”
သူ စကားမဆုံးခင် အဖြူရောင်အရာတစ်ခုက သူ့မျက်စိရှေ့ လက်သွားတယ်။ ဘုန်း ကိုယ်ခန္ဓာတစ်ခုက သူ့ရှေ့ဆင်းသက်လာတယ်။ နှင်းလိုဖြူဆွတ်တဲ့ ဝတ်ရုံဝတ်ထားပြီး ခန္ဓာကိုယ်က မသေမျိုးချီတွေ ဖုံးလွှမ်းနေဆဲ။ သူက စောနက ပျံသန်းသွားတဲ့ အဲမသေမျိုးပဲ။ တစ်ခုပဲ၊ အခုတော့ သူက မြေပြင်ပေါ်လဲနေတဲ့ တခြားလူတွေလို… အသက်မဲ့နေပြီ။
“မောင်လေး၊ ဘယ်လိုနေလဲ၊ အသက်ရှိသေးရဲ့လား” နောက်တစ်ကြိမ် သူ့ဘေးရောက်လာတဲ့ ရှန်းရင်က မေးလာတယ်။
“…”
ခဏတွေးပြီးတဲ့နောက် သူက ခြေထောက်က အဖြူရောက်ဟင်းသီးဟင်းရွက်တစ်ခုကို ခွာပြီး အပွင့်ဖြူကြီးတွေ ဆွဲနုတ်တော့တယ်။
“ကျီကျီကျီကျီ…” အဲအသီးအရွက်က သနားစဖွယ် ငိုကြွေးတော့တာပဲ။
“နင့်ဆီက အသံထပ်ထွက်တာနဲ့ ပြုတ်ချက်လုပ်ပစ်လိုက်မယ်”
အသီးအရွက်က ငိုတာရပ်သွားခဲ့တော့တယ်။
သူ့လက်ထဲ အပွင့်တွေကို ထိုးထည့်ပြီး ရှန်းရင်ညွှန်ကြားလိုက်တယ်။
“ဒါတွေ စားလိုက်၊ သက်သာလာလိမ့်မယ်၊ ငါအလျင်လိုနေတာမို့ အရင်သွားတော့မယ်”
“အာ… အော်”
ရှန်းရင်က လှည့်ထွက်ပြီး ယင်းကောင်းကင်ယံမြို့ဆီ ဦးတည်တော့တယ်။
ကျေးဇူးတင်စိတ်အပြည့်နဲ့ ကောင်လေးက မမေးဘဲ မနေနိုင်တော့ဘူး။
“အစ်မ၊ ခင်ဗျားက ဘယ်ဂိုဏ်းကလဲဆိုတာ သိခွင့်ရှိမလား”
ရှန်းရင်က တစ်ခဏရပ်သွားပြီး ပြန်လှည့်ဖြေလေတယ်။
“အိုး၊ ငါက ဝူတိဂိုဏ်းကပါ”
နောက်တော့ သူမက ထပ်ဖြည့်ပြောလိုက်တယ်။
“တကယ်လို့ အချိန်ရှိရင် တခြားဂိုဏ်းတွေကို သတိပေးပြီး မိစ္ဆာဘုံမှာ ခိုလှုံဖို့ခေါ်သွားလိုက်ပါ”
နောက်တော့ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားလေတယ်။
အဲတော့မှပဲ ကောင်လေးက ဝိညာဉ်ချီတွေပြည့်နေတဲ့ အပွင့်တွေကို ကြည့်လေတယ်။ ဝူတိဂိုဏ်းကလို့ ပြောသွားတော့ အဲဒီနံပါတ်တစ်ဓားကျင့်ကြံသူမလား။
(⊙ o ⊙)
အဲတော့ နာမည်ရင်းက – ယိချင်းပေါ့
ထိုစဉ် မနီးမဝေးရှိ ရှန်းရင် ။ ။ ဟက်ချိုး…
ဘာလို့ရုတ်တရက်ကြီး မတရားခံလိုက်ရသလို ခံစားရတာပါလိမ့်။
——————
ရွှမ်းယွမ်မိသားစု။
တစ်မြို့လုံးဆိုးဝါးပြီး အသည်းအသန်အခြေအနေ ဖြစ်နေလေတယ်။ မြို့ကို ကာကွယ်ထားတဲ့ အင်းကွက်အစီအရင်ကကျိုးပေါက်သွားခဲ့ပြီ။ မြို့မှာကျန်သမျှက ကျိုးပဲ့နေတဲ့ အုပ်ချပ်တွေနဲ့ နံရံတွေ။ အရင်က သန့်ရှင်းခဲ့တဲ့ လမ်းတွေက အခုတော့ သတ်ခံရပြီး မြေကြီးပေါ်လဲနေတဲ့ ကျင့်ကြံသူအလောင်းတွေဆီက သွေးတွေနဲ့ ရဲရဲနီနေလေတယ်။ အခြေအနေပိုကောင်းတဲ့ အလောင်းတွေက အစိတ်အပိုင်းတွေ ပျောက်ဆုံးနေပြီး အများစုကတော့ ပြာမှုန့်သာသာပဲ ကျန်တော့တယ်။
တစ်ချိန်တစ်ခါက ကြွယ်ဝခဲ့တဲ့ အမတမြို့ဟာ ခုတော့ မြို့ပျက်ကြီးဖြစ်လာပြီ။ အသက်ရှိသေးတဲ့ အရိပ်အယောင်ရှိနေတဲ့ တစ်ခုတည်းသောနေရာက ရွှမ်းယွမ်မိသားစုခြံဝင်းပဲ။ ရွှမ်းယွမ်ယွီက တိုက်ခိုက်သူတွေကို ခရီးသွားမသေမျိုးတစ်စုနဲ့ အင်းကွက်အစီအရင်အပျက်အောင် ခုခံနေတယ်။ အစီအရင်ထဲမှာတော့ တပည့်ရာချီနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုလွတ်မြောက်လာနိုင်ခဲ့တဲ့ မြို့နေလူထုတွေ။
ယိချင်းက ဓားနဲ့ အစီအရင်အပြင်မှာ ရပ်နေတယ်။ တစ်ကိုယ်လုံးမှာ သွေးတွေရွှဲလို့။ ဒါပေမဲ့ မတ်မတ်ရပ်နေဆဲဖြစ်ပြီး အလျှော့မပေးဘဲ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။
အားလုံးအဖြူရောင်ဝတ်ရုံဝတ်ထားတဲ့ လူခြောက်ယောက်က လေထဲရပ်နေပြီး သူတို့ ခန္ဓာကိုယ်က မသေမျိုးချီရဲ့ တောက်ပမှုတွေ ခြုံလွှမ်းထားလေတယ်။ သူတို့က အောက်ကလူအုပ်ကို တိရစ္ဆာန်သေတစ်အုပ်ကို ကြည့်နေသလိုမျိုး အထင်သေးစွာ ကြည့်နေလေရဲ့။ အရှေ့ဆုံးက မသေမျိုးက လွဲလို့ပေါ့။
ဒီမသေမျိုးကတော့ လက်တစ်ဖက်ကို တခြားလက်တစ်ဖက်နဲ့ကိုင်ထားတယ်။ သွေးတွေက သူ့လက်ချောင်းကနေ တတောက်တောက်စီးကျနေတယ်။ ဒဏ်ရာရထားတာ အသိသာကြီးပဲ။ မျက်မှောင်ကြုတ်ပြီး သူ ဒေါသတကြီးနဲ့ ယိချင်းကို ငုံ့ကြည့်လေတယ်။
“ဒီဘုံမှာ ဒီလိုမျိုးအစွမ်းကြီးတဲ့ ဓားကျင့်ကြံသူရှာတွေ့မယ် မထင်ခဲ့ဘူး၊ မင်းက ငါ့ရဲ့အကာအကွယ်မသေမျိုးချီကို တကယ်ဖောက်နိုင်ခဲ့တာပဲ”
နောက်ထပ် မသေမျိုးက ရန်စဟန် မှတ်ချက်ပြုလာတယ်။
“ယန်ယွိ၊ မင်း ဒီတစ်ကြိမ်တော့ ဆိုးဆိုးဝါးဝါး ကျရှုံးသွားပြီပဲ”
ဒဏ်ရာရထားတဲ့မသေမျိုးအမူအရာက ပိုခက်ထန်လာပြီး ယိချင်းကို ပိုဒေါသထွက်လာတယ်။ သူက လှောင်သံနဲ့ ပြောလေတယ်။
“ဟမ့်၊ သူက ငါ့မသေမျိုးချီကို ဖောက်ထွင်းနိုင်ရုံပါ၊ ဘယ်လိုလုပ် သူ့လိုပျော့ညံ့တဲ့ကျင့်ကြံသူက ငါ့ကိုနိုင်နိုင်မှာလဲ”
အဲဒါနဲ့ သူက အောက်က ကျင့်ကြံသူတွေဆီ ထိန်းချုပ်အရှိန်အဝါအားလုံး လွှင့်ထုတ်တော့တယ်။ ယိချင်းအမူအရာ ပျက်ယွင်းပြီး သူ့ယိမ်းယိုင်နေတဲ့ကိုယ်ကို ထောက်ထားဖို့ ဓားသုံးလိုက်ရတယ်။ ပါးစပ်ထဲမှာ သွေးအရသာနဲ့။ အင်းကွက်ကို ကာကွယ်နေတဲ့ ရွှမ်းယွမ်ယွီနဲ့ နောက်ကလူအုပ်ကတော့ ပိုပြီးဆိုးဆိုးဝါးဝါး ထိခိုက်တော့တယ်။ သွေးတွေက သူတို့ပါးစပ်ထဲကနေပါ စီးကျနေပြီ။ အင်းကွက်အစီအရင်က ပြိုလဲတော့မဲ့အရိပ်အယောင် ပြနေတယ်။
ယိချင်း ဒီမသေမျိုးတွေရဲ့ အဆမတန်အင်အားကို အာရုံခံမိတယ်။ စေတီက အဲမသေမျိုးခရီးသွားတွေတောင် ဒီလူတွေနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး။ သူ့ခွန်အားအားလုံးကို သုံးခဲ့ပေမဲ့ ပြိုင်ဘက်ရဲ့ မသေမျိုးချီကိုပဲ ဖောက်ထွင်းနိုင်တယ်။ ဒါတောင် တစ်ယောက်ချင်းတိုက်ခိုက်မှု။ တခြားကျင့်ကြံသူတွေက အကွက်တောင်မထုတ်ကြသေးဘူး။
“ဒီပုရွက်ဆိတ်တစ်အုပ်ကို နှိမ်နင်းဖို့ ကြာလွန်းနေပြီထင်တာပဲ” ညာဘက်အစွန်က စိတ်မရှည်တော့တဲ့ မသေမျိုးက လောလာတယ်။
“အဓိပ္ပာယ်မရှိတာတွေ တော်တော့၊ အားလုံးကို သတ်လိုက်၊ ငါတို့မှာရှင်းစရာ နေရာတွေကျန်သေးတယ်”
သူက လက်မြှောက်ပြီး သိုင်းကွက်တစ်ခု ဖော်လိုက်တယ်။ ချက်ချင်းပဲ သူ့ပတ်လည်က မသေမျိုးချီတွေက အောက်က ကျင့်ကြံသူတွေဆီ ချိန်တော့တယ်။
ဒါကိုမြင်တော့ အုပ်စုနောက်က မသေမျိုးတစ်ယောက်ရဲ့ အမူအရာက ပြောင်းလဲသွားတယ်။ အရှေ့ကို ပြေးတက်ပြီး သိုင်းကွက်ဖော်နေတဲ့ မသေမျိုးလက်ကို ဆွဲဆုပ်လိုက်တယ်။
“ခဏနပေါဦး”
“လွမ်ရွှိ၊ မင်း ဘာလို့ ငါ့လမ်းထဲဝင်တာလဲ” မသေမျိုးက ဒေါသတကြီး သူ့ကိုလှည့်ကြည့်တော့တယ်။
လွမ်ရွှိက ခဏတာ တုံ့ဆိုင်းနေတယ်။ သူ့မျက်ဝန်းထဲ အမျိုးအမည်မသိတဲ့ ခံစားချက်တချို့ ခဏတာ ဖြတ်ပြေးသွားတယ်။
ပြုံးပြီး သူဖြေလိုက်တယ်။
“အမတရောင်းရင်း၊ ကျွန်ုပ်တို့က ဒီဘုံကို ဆင်းလာတာရှားတယ်လေ၊ သူတို့ကိုနှိမ်နင်းဖို့ သေချာပေါက်အချိန်ယူလို့ရတယ်မလား”
“အချိန်ယူရမယ်လား” မသေမျိုးက နှာမှုတ်တော့တယ်။
“အရှင့်ဆီက အမိန့်က ခြောက်နာရီအတွင်း ဒီဘုံကိုရှင်းပစ်ဖို့ပဲ၊ မင်းက အမိန့်ကိုဖီဆန်ဖို့ ကြိုးစားနေတာလား”
“သေချာပေါက်… မဟုတ်ပါဘူး” လွမ်ရွှိက သင့်တော်တဲ့အဖြေကို စဉ်းစားရင်း ခဏတန့်သွားတယ်။ မျက်လုံးထောင့်ကနေ အောက်က သေမျိုးတစ်အုပ်ကိုလှမ်းကြည့်ပြီး ဖြေလိုက်တယ်။
“စိတ်တန်ခိုးအမတတစ်ယောက်အနေနဲ့ ဒီအရေးမပါတဲ့သေမျိုးတွေကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပစ်ဖို့ မလိုဘူးထင်မိရုံပါ၊ ဒီလိုကိစ္စလေးတွေကို ကျွန်ုပ်တို့ရွှေအမတတွေဆီ လွှဲပေးလို့ရပါတယ်”
“မင်းတို့ကိုလား” စိတ်တန်ခိုးအမတက ပျက်ရယ်ပြုကာ လှောင်တော့တယ်။
“ဆယ့်ငါးမိနစ်ကြာတာတောင် ယန်ယွိက အောက်ဘုံက ဒီပုရွတ်ဆိတ်ကို မနှိမ်နင်းနိုင်ဘူး၊ မင်းတို့လို အသုံးမကျတဲ့ တစ်သိုက်ကို ဒီကိစ္စ ကိုင်တွယ်ခိုင်းတာ တကယ်အသုံးမဝင်တာပဲ”
“ခင်ဗျား…” ယန်ယွိမျက်နှာက ဒေါသနဲ့ နီရဲသွားတယ်။ သူ့ဆရာအစ်ကိုနဲ့ ရန်ဖြစ်တော့မဲ့ဆဲဆဲ အတွေးတစ်ခုပေါ်လာပြီး ပြန်ထိန်းလိုက်တယ်။
စိတ်တန်ခိုးအမတက နှာမှုတ်ပြီး နောက်တစ်ကြိမ် လက်မြှောက်ကာ သိုင်းကွက်ဖော်ပေမဲ့ လွမ်ရွှိက တားလာပြန်တယ်။
“ခဏနပေါဦး”
“လွမ်ရွှိ၊ မင်း ဒီနေ့ဘာဖြစ်နေတာလဲ”
စိတ်တန်ခိုးအမတမျက်နှာက ဒေါသကြောင့် မှောင်မည်းလာတယ်။ အတွေးတစ်ခုပေါ်လာပြီး သူက လွမ်ရွှိကို သံသယနဲ့ ကြည့်တော့တယ်။
“ယန်ယွိကို ဒီကိစ္စ တစ်ယောက်တည်းကိုင်တွယ်ဖို့ အကြံပေးတာလည်း မင်းပဲ၊ ဒီမသေမျိုးတွေက မင်းလို အမြုတေကျင့်ကြံသူတွေမို့ လွှတ်ပေးဖို့ စဉ်းစားနေတာလား”
“သေချာပေါက်မဟုတ်ပါဘူး” လွမ်ရွှိ ချက်ချင်း ငြင်းလိုက်တယ်။
စိတ်တန်ခိုးအမတက သူ့ကို ဖျတ်ခနဲကြည့်ပြီး အေးစက်စက်နှာမှုတ်လိုက်တယ်။
“မဟုတ်တာကောင်းမယ် မင်းနောက်ခံကြောင့်နဲ့ အရှင့်အမိန့်တွေကို မဖီဆန်နဲ့၊ ဒီဘုံက ဘယ်သူမှ အသက်ရှင်လျက် မကျန်ခဲ့ရဘူး”
“သေချာပေါက် မဖီဆန်ရဲပါဘူး” သူ့နှုတ်ခမ်းတွေကို စေ့ပြီး လွမ်ရွှိ အောက်ကလူတွေကို ငုံ့ကြည့်လိုက်တယ်။
“ဒီဓားကျင့်ကြံသူက တကယ်စိတ်ရှုပ်စရာလို့ခံစားမိရုံပါ၊ သူက ကျွန်ုပ်တို့ကို ဖီဆန်ရဲပြီး အမတယန်ယွိကိုတောင် ဒဏ်ရာရအောင်လုပ်ခဲ့တယ်၊ သူ ဘာသားနဲ့လုပ်ထားလဲ ကြည့်ချင်မိသား၊ ဒီလူ့ကို ကျွန်ုပ်ဆီ လွှဲပေးပါလား”
နောက်တော့ ပြန်ဖြေမှာကို မစောင့်ဘဲ လွမ်ရွှိ သစ္စာရှိမှုကိုပြသဖို့ မစောင့်နိုင်တော့သလိုမျိုး ဓားနဲ့ ရှေ့ကိုတက်လာလေတော့တယ်။
ယိချင်း နောက်တစ်ကြိမ် မသေမျိုးချီရဲ့ ထိန်းချုပ်အရှိန်အဝါကို ခံစားရပြန်တယ်။ သူ့ဓားကို တင်းတင်းဆုပ်ကိုင်ပြီး တစ်ကိုယ်လုံးထဲက ဝိညာဉ်ချီတွေကို အသက်သွင်းလိုက်တယ်။ သူ တိုက်ပွဲအတွက် အသင့်ပြေနေချိန်မှာတင် နားထဲ စိတ်ချင်းဆက်သွယ်လာတဲ့ အသံခပ်တိုးတိုးကို ကြားလိုက်ရတယ်။
“ငါ့ညာဘက်တင်ပါးကို တိုက်ခိုက်၊ ပြီးရင် နေရာရွှေ့ပြောင်းအဆောင်ကိုသုံးပြီး ထွက်ပြေးတော့”
“…”
…