အခန်း ၁၀၆ ။ အတင်းအကြပ် ဝန်ခံခိုင်းခြင်း
“ဘာ… ဘာတွေဖြစ်နေတာလဲ” ကူယွဲ့ ကနဦးထိတ်လန့်တာကနေ ပြန်မသက်သာသေးဘူး။ သူထရပ်ဖို့လုပ်ပေမဲ့ သူ့ခြေထောက်က ကီလိုဂရမ်ထောင်ချီ လေးနေသလိုပဲ။ သူ လုံးဝမရွှေ့နိုင်တော့ဘူး။
“ဆရာ” ယိချင်းက အမြန် သူတို့ဆီလျှောက်လာပြီး ကြမ်းပြင်ကလူကို ကြည့်လိုက်တယ်။
“ဒါ… ဘယ်သူလဲ” မိုးကြိုးဝဋ်ကြွေးချေခြင်း ဖြစ်ရမဲ့နေရာကနေ ဘာလို့ပြုတ်ကျလာရတာလဲ။
“မသိဘူး၊ ဒါပေမဲ့…” ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။
“နောက်ဆုံးလျှပ်စီး၂ကြောင်းက သူ့ဆီကပဲ”
“သူလား၊ ဒါပေမဲ့ အဲဒါတွေက ကောင်းကင်တာအိုက ခရမ်းရောင်ဆည်းဆာကောင်းကင်လျှပ်စီးရဲ့ မိုးကြိုးတွေလေ၊ လူတစ်ယောက်က ဘယ်လိုလုပ်…” သူက တစ်ခုခုကို ရုတ်တရက် တွေးမိသွားသလိုမျိုး အသံတဖြည်းဖြည်းတိမ်ဝင်သွားတယ်။
သူက လူစိမ်းရဲ့ အရှိန်အဝါကို လေ့လာပြီး အမူအရာက ပျက်ယွင်းသွားတယ်။
“ခင်ဗျားက အထက်လောကက မသေမျိုးပဲ”
လူတိုင်း မှင်တက်ကုန်ကြတယ်။ သူတို့ သေချာကြည့်လိုက်တော့ သူ့ကိုယ်က တကယ်ပဲ မသေမျိုးချီတွေ ဝိုင်းနေတာ မြင်လိုက်ရတယ်။
“ဖွီ၊ ငါက အထက်လောကကဆိုတာ သိတာကို နောက်မဆုတ်သေးဘူးလား” ဒီလူ ဒေါသထွက်နေတာ အသိသာကြီး။ သူ့ပတ်လည်က လူတွေကို ဖိနပ်ခုံအောက်က အညစ်အကြေးတွေလိုမျိုး ကြည့်တော့တယ်။
“မင်းမိန်းမယုတ်၊ ငါ့ပေါ် ဘာဂါထာတွေ သုံးထားတာလဲ” သူ ခါချလို့မရဘူး။
ရှန်းရင်ကတော့ မလှုပ်ဘူး။ သူ့ပေါ်ရပ်ပြီး ပခုံးပေါ် ခြေတစ်ဖက်တင်ထားလိုက်တယ်။ ကူယွဲ့ သူ့ရဲ့ အဖွတ်ဖွတ်ကြေနေတဲ့ ခန္ဓာကိုယ်ကို ကြိုးစားဣန္ဒြေဆည်ပြီး မေးလိုက်တယ်။
“ခင်ဗျားက မသေမျိုးဆိုရင် ဘာလို့ ကျုပ်တက်လှမ်းမှာကို တားဆီးဖို့ ကြိုးစားရတာလဲ”
“ဖွီ” အဲလူက လှောင်ပြီး အုပ်စုကို ပိုပြီးတောင် အထက်စီးကနေ ကြည့်တော့တယ်။
“ဒီလောကမှာ မသေမျိုးတက်လှမ်းမှုဆိုတဲ့အရာမျိုး မရှိလို့ပဲ”
မသေမျိုးတက်လှမ်းမှုလို အရာမရှိဘူး။
“ဘာဆိုလိုတာလဲ” ကူယွဲ့ မိုးကြိုးဝဋ်ကြွေးချေခြင်းကို အောင်အောင်မြင်မြင် ပြီးမြောက်သွားပြီလေ။
“ဆိုလိုတာက မင်းတို့ ဘယ်သူမှ မတက်လှမ်းနိုင်ဘူးဆိုတာပဲ” အဲလူက သရော်တော့တယ်။ သူ့လက်ရှိအခြေအနေကိုသူ လုံးဝမစိုးရိမ်တဲ့ပုံပဲ။
“မင်းတို့တွေက ကမ္ဘာလေးတစ်ခုရဲ့ အစိတ်အပိုင်းသက်သက်ပဲ၊ ဒါတောင် မသေမျိုးတက်လှမ်းနိုင်ဖို့ အိပ်မက်မက်သေးတယ်လား၊ ဟာသတွေပဲ ကောင်းကင်လျှပ်စီး၈၃ ချက် ဖြတ်သန်းတာမပြောနဲ့ – အဲ၂ဆ ကြုံရရင်တောင် မင်းတို့ မသေမျိုးဖြစ်လာဖို့အတွက် မသင့်တော်သေးဘူး၊ ဒီလောကမှာ ကောင်းကင်တံခါးဆိုတာမျိုး မရှိဘူး”
“ကောင်းကင်တံခါး မရှိဘူးလား”
“အမှန်ပဲ၊ မိုးကြိုးဝဋ်ကြွေးချေခြင်းကိုသုံးပြီး မင်းရဲ့ အမတအရိုးတွေကို ဖျက်ဆီး၊ မင်းအသက်ကို ကယ်ချင်လို့၊ တကယ်လို့ မင်း အမတအရိုးတွေ ဖွဲ့စည်းလိုက်ပြီဆို ဒီကမ္ဘာက မင်းကို ချက်ချင်း ငြင်းဆန်လိမ့်မယ်၊ မင်းလို ကျင့်ကြံသူက မသေမျိုး တက်လှမ်းနိုင်ရင်တောင် ကောင်းကင်နဲ့ မြေကြီးရဲ့ဖိအားတွေကို တောင့်ခံနိုင်မှာမဟုတ်ဘူး”
“မဖြစ်နိုင်တာ” သူ လျှပ်စီး၈၁ချက်ကနေ အသက်ရှင်ပြီး ကောင်းကင်အလင်းတန်းကို ခံစားမိပြီးပြီ။ ဘာကြောင့် အလင်းတန်း သူ့ပေါ် မကျလာလဲပဲ မသိတာ။
“ယုံချင်ယုံ မယုံချင်နေ၊ မင်းတို့ရွေးချယ်မှုပဲ” သူက အေးစက်စက်ရယ်တယ်။
” ဒီလောကကနေ လူတစ်ယောက်မှ မသေမျိုးတက်လှမ်းမှု မအောင်မြင်သေးတာကို ဘာကြောင့် မတွေးဖူးတာလဲ”
“…” ကူယွဲ့တိတ်သွားတယ်။ ဒီနှစ်တွေအားလုံးအပြီးမှာ မသေမျိုးတက်လှမ်းနိုင်ခဲ့တယ်လို့ ကြားဖူးတဲ့ တစ်ဦးတည်းသောသူက ယွီမိသားစုရဲ့ ဘိုးဘေးပဲ။ မသေမျိုးတက်လှမ်းမှုစေတီကိစ္စအပြီးမှာ အဲဘိုးဘေးက တကယ်တော့ အောင်မြင်ခဲ့တာ မဟုတ်ဘဲ မိစ္ဆာဖြစ်သွားတာ သိခဲ့ရတယ်။ ဆိုလိုတာက ဘယ်သူမှ မသေမျိုးကို တက်မလှမ်းနိုင်ခဲ့ဘူးပေါ့။ အဲအချိန် သူ လုံးဝ ဇဝေဇဝါဖြစ်သွားတယ်။ တကယ်ပဲ ဒီလောကမှာ ကောင်းကင်တံခါး မရှိတာလား။
“ဒါဆို နင်ဘယ်တံခါးကနေ ရောက်လာတာလဲ” ရှန်းရင် ဝင်မေးလိုက်တယ်။
တွင်းထဲကလူက ရုတ်တရက် ရပ်ပြီး ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့တယ်။
လူအုပ်ကြီးလည်းစပြီး တုံ့ပြန်လာတော့တယ်။ မှန်တယ်လေ၊ တကယ်လို့ မသေမျိုးတစ်ယောက် အောက်ဘုံကို ဆင်းလာနိုင်တယ်ဆိုရင် ဘယ်လိုလုပ်ကောင်းကင်တံခါးမရှိရမှာလဲ။ ဒီလူလိမ်နေတာပဲ။
“ငါနင့်ကို နောက်တစ်ခေါက် မေးမယ်” ရှန်းရင် အမူအရာ ခက်ထန်လာတယ်။
“ဘာလို့ ကိုးနဲ့ကိုး မိုးကြိုးဝဋ်ကြွေးချေခြင်းမှာ မိုးကြိုးတွေ ထပ်ထည့်ရတာလဲ”
ကိုးနဲ့ကိုး မိုးကြိုးဝဋ်ကြွေးချေခြင်းလို့သာပြောတာ လျှပ်စီး၈၂ချက်ရှိနေပြီး ဖေဖေနျိုအတွက်ဆို ၈၃ချက်တောင်။ လူတွေကို မသေမျိုးတက်လှမ်းမှာကို တားဆီးဖို့ကြိုးစားနေတယ်ဆိုတာ သိသာတယ်။
သွေးပျက်မှုက အဲလူရဲ့မျက်စိထဲ ဖြတ်ပြေးသွားပေမဲ့ မတုံ့ပြန်ဘူး။ သူက တစ်ခုခုကို ဖုံးကွယ်ထားသလိုမျိုး အရမ်း သံသယဝင်စရာကောင်းနေတယ်။ နောက်တော့ ခြိမ်းခြောက်ပါလေရော။
“မင်းတို့… မင်းတို့အားလုံး ငါ့ကိုဖမ်းဖို့ ဘာနည်းလမ်းတွေသုံးထားလဲဆိုတာ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ငါ့ကို ချက်ချင်း လွှတ်ဖို့ အကြံပေးတယ်၊ မဟုတ်ရင် အထက်လောကဘုံက မသေမျိုးတွေရဲ့ ဒေါသကို မင်းတို့ခံနိုင်မှာမဟုတ်ဘူး”
“အော် တကယ်လား” ရှန်းရင်က မျက်မှောင်ကြုတ်လိုက်တယ်။ သူက အဲလူ ပခုံးပေါ် နင်းထားတဲ့ ခြေထောက်ကို မြှောက်ပြီး အဲအစား မျက်နှာပေါ် နင်းချလိုက်တယ်။ သူ့ခေါင်းကို မြေကြီးထဲ နစ်သွားအောင် ဖိတော့တယ်။ သူတို့ကြားရသမျှက သူ့ခြေထောက်အောက်က ဗလုံးဗထွေးအသံတွေပဲ။ သူမ သူ့လေသံကို အတုခိုးလိုက်တယ်။
“ဒါဆို ကြိုးစားကြည့်ပါဦး၊ နင် ငါ့ဒေါသအမျက်ကို ခံနိုင်ရည်ရှိမလား ကြည့်မယ်လေ”
“အ-အဓိပ္ပာယ်မရှိတာ” သူ အခုတော့တရှူးရှူးတရှဲရှဲဖြစ်နေပြီ။ အဖြူရောင်အလင်းတန်းကြီးက သူ့ကိုယ်ပေါ် ထိန်လင်းလာကာ မသေမျိုးချီတွေက ပေါက်ကွဲထွက်ပြီး လေကိုဖြတ်သန်း ရှန်းရင်ဆီ ဦးတည်လာတော့တယ်။ ကောက်ကျစ်တဲ့ မသေမျိုးထိန်းချုပ်မှုအားက အနားကလူတိုင်းကို ယိုင်သွားစေပြီး ဒူးထောက်စေတော့တယ်။
မကောင်းတော့ဘူး
“ဆရာ” ယိချင်း လှမ်းခေါ်ပြီး သတိပေးလိုက်တယ်။
ဒါတောင်…
ဘာမှဖြစ်မလာဘူးပဲ။
╮(╯_╰)╭
ရှန်းရင်က သူ့မျက်နှာကို တက်နင်းထားဆဲဖြစ်ပြီး စောနကထက်တောင် အားပါလာတယ်။
လူအုပ်ကြီး ။ ။ “…”
“ဘာဖြစ်ကြတာလဲ” ရှန်းရင်ပုံစံက ဇဝေဇဝါ။
“ဟင့်… ဟင့်အင်း” ဂိုဏ်းချုပ်က ခမ်းနားလိုက်တာ။
“တာ ဘယ်လိုဝုတ် ပျစ်နိုင်မှာဝဲ(ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ)” အဲလူရဲ့အမူအရာက လုံးဝကို ထိတ်လန့်သွားဟန်။ သူ စကားတောင် ရှင်းရှင်းလင်းလင်းမပြောနိုင်တော့ဘူး။ သူ့စွမ်းအား အားလုံးကို အသုံးချလိုက်ပေမဲ့ သူမကို နည်းနည်းတောင် သက်ရောက်မှုမရှိဘူး။ သူမက ဘယ်လိုလူမျိုးလဲ။
သူ အဖြေရှာဖို့ ကြိုးစားနေတုန်းရှိသေး ရှန်းရင်က မျက်နှာကနေ ခြေထောက်ကိုဖယ်ပြီး လည်ထောင်ကို ဆွဲဆုတ်တော့တယ်။ မုန်လာဥဖြူတွေကို ဆွဲနုတ်လိုက်သလိုမျိုး မြေကြီးပေါ်ကနေ ဆွဲမပြီး ဒေါသတကြီး သတိပေးတော့တယ်။
“အမှန်တိုင်း ပြောတာကောင်းမယ်၊ မဟုတ်ရင် နင့်ကိုယ်နဲ့ မြေကြီးထဲ နောက်တွင်း ထပ်တူးလိုက်မယ်”
“မင်း…” သူအခု တကယ်သွေးပျက်နေပြီ။ မျက်နှာပေါ် အမူအရာအမျိုးမျိုး ဖြတ်ပြေးသွားတယ်။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသလိုမျိုး လှောင်တော့တယ်။
“ဖွီ၊ မင်းတို့က ကိုယ့်ခွန်အားတောင် ကိုယ်မသိတဲ့ သေမျိုးတစ်သိုက်ပဲကို မင်းတို့ ငါ့ကိုဖမ်းတော့ရော ဘာဖြစ်လဲ၊ ဒီနေ့က “ပြန်လည်ရိတ်သိမ်းနေ့” ပဲ၊ အချိန်ကျလာရင် မင်းတို့နဲ့ စာရင်းရှင်းဖို့ ငါပြန်လာခဲ့မယ်၊ အဲကျ ထွက်ပြေးဖို့သာ အိပ်မက်မက်ထားတော့”
“ပြန်လည်ရိတ်သိမ်းနေ့က ဘာလဲ”
သူက မဖြေဘဲ ကောက်ကျစ်စွာရယ်တော့တယ်။ သူ သူတို့မြေကြီးပေါ် လဲကျသေဆုံးနေမှာကို စိတ်ကူးယဉ်ရင်း မျက်ဝန်းတွေက နောက်တစ်ကြိမ် ရွံရှာမှုတို့ ပြည့်သွားပြန်တယ်။
“နင်စကားမပြောတော့ဘူးလား” ရှန်းရင် သက်ပြင်းချလိုက်တယ်။ လူတွေက သင်ခန်းစာယူတတ်ဖို့ ထုထောင်းခံရဖို့လိုတာပဲ။ သူမ သူ့လည်ထောင်ကို လွှတ်ချပြီး ကျောကို ခပ်ပြင်းပြင်း ကန်ပေးလိုက်တယ်။ အက်ကွဲသံကျယ်ကြီးပေါ်လာပြီး အဲလူလည်း မီတာရာချီ လွင့်သွားပါလေရော။
သူ့အမတအရိုးတွေ ကျိုးကုန်တယ်။ သွေးအန်လာတာတောင် စကားပြောဖို့ ငြင်းနေတုန်းပဲ။
“ရှောင်လွီ၊ နင်ဒါကိုင်တွယ်လိုက်” ရှန်းရင် လက်ယမ်းပြလိုက်တယ်။
“စကားပြောတဲ့ထိရိုက်”
“ဟုတ်ကဲ့ ဂိုဏ်းချုပ်” စစ်ယွီ ခေါင်းညိတ်ပြပြီး စထုတောင်းတော့တယ်။
သူက စစ်ယွီကို အထင်သေးစွာနဲ့ ကြည့်တော့တယ်။
“ဖွီ သေမျိုးတစ်ယောက်ကများ – ငါ့ကိုဘာထိခိုက်အောင် လုပ်နိုင်မှာ…”
သူ စကားမဆုံးခင် သူ့မျက်စိရှေ့မှောက် ကြွက်သားတွေနဲ့ သူ့ကိုယ်သူ လေထဲပျံတက်သွားတာ မြင်လိုက်ရတယ်။ သူမလက်သီးက သူ့အရှိုက်ကို တည့်တည့်ထိသွားတော့တာပဲ။
ဖွိ…။
သွေးတွေ သူ့ကိုယ်ကနေ ပန်းထွက်လာပြီး လေထဲ သုံးပေလောက်မြင့်တက်သွားတယ်။
“မင်း… မင်းက ခန္ဓာကျင့်ကြံသူပဲ” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
(⊙『⊙)
သေမျိုးလောကက ကျင့်ကြံသူတွေအားလုံး ဝိညာဉ်ချီကိုသုံးပြီး လေ့ကျင့်ကြတာပဲ။ သူတို့ ဘာဓားသိုင်းသုံးသုံး သူတို့လေ့ကျင့်မှုကို ထိန်းဖို့ ဝိညာဉ်ချီလိုအပ်တယ်။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ မသေမျိုးချီတွေ ရှိတာကြောင့် ဝိညာဉ်ချီက သူ့ကို အန္တရာယ်ပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့… ခန္ဓာကျင့်ကြံသူတွေကတော့ လေ့ကျင့်ဖို့ ဝိညာဉ်ချီကိုမလိုအပ်ဘူး။ သူတို့က ခွန်အားအပေါ်ပဲ သီးသန့်မှီခိုတာ။ ပြီးတော့ သူ့ရဲ့အမတအရိုးတွေက ကျိုးနေပြီမို့ သူတို့တိုက်ခိုက်တာကို ကာကွယ်ဖို့အတွက် သုံးလို့ရတဲ့ အမတဓမ္မဂါထာ၊ သိုင်းဘာညာ မရှိဘူး။
မိနစ်ပိုင်းအတွင်း အရင်က ထောင်လွှားနေခဲ့တဲ့ မသေမျိုးက မမှတ်မိနိုင်လောက်အောင် ထုထောင်းခံခဲ့ရလေပြီ။ သူ့ပါးစပ်ထဲက သွေးအန်ထွက်ခတာက သွေးရေပန်းနဲ့တောင်တူနေတယ်။
စစ်ယွီက ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်ကို တင်းတင်းကြပ်ကြပ်လိုက်နာတော့တာပဲ။ နာရီဝက်လောက် အဆက်မပြတ် ထုထောင်းနေပြီးမှ ရှန်းရင်စောနက လုပ်ခဲ့သလိုမျိုး သူ့မျက်နှာပေါ် ခြေထောက်တစ်ဖက် နင်းချလိုက်တယ်။
“ဆရာတူအစ်မယွီဟုန်၊ ညီမအစား ခဏလောက် အစားထိုးပေးပါလား၊ အနားယူဖို့လိုလို့”
“ကောင်းပြီလေ” ယွီဟုန်က လက်သီးဆုပ်ပြီး ရှေ့တက်လာတော့တယ်။
မသေမျိုး ။ ။ “…”
မင်းတို့ ဒီအတိုင်းအတာထိ သွားဖို့လိုလို့လား — သူများကို ထိုးကြိတ်ဖို့ လူစားထိုးရှာရတဲ့အထိလေ။
ချီး သူလည်း ခန္ဓာကျင့်ကြံသူပဲဟ။ ဒါ ဘယ်လိုချီးတွင်းလဲ။
“နာ ဝေါပါ့ယယ် (ငါပြောပါ့မယ်)… နာဝေါပါ့ယယ်” အခုပြောဖို့ ရွေးလို့မရဘူးလား။
ခဏနပေါဦး
သူ ပြောမယ်လို့ ပြောနေပြီလေ။ ဘာလို့ ရိုက်နေကြသေးတာလဲ။ ဒီလူတွေ ဘာဖြစ်နေတာလဲ။ ကယ်ကြပါဦး
ခန္ဓာကျင့်ကြံသူအားလုံး ။ ။ “…”
သူတို့ ဒီလိုခုခံအားကောင်းတဲ့ လက်ဝှေ့အိတ်နဲ့ မလေ့ကျင့်ခဲ့ရတာ တော်တော်ကြာခဲ့ပြီ။ တန်းစီကြနော် အားလုံး၊ မတွန်းထိုးရဘူး
…