အခန်း ၁၀၅ ။ မသေမျိုးတက်လှမ်းမှုရဲ့ မိုးကြိုးဝဋ်ကြွေးကို ရင်ဆိုင်ခြင်း
“မိုးကြိုး၀ဋ်ကြွေးချေခြင်းလား” ကြောင်သွားပြီး ရှန်းရင်အဆာသွတ်မုန့် လက်ထဲက ပြုတ်ကျလုနီးပါးတောင်ဖြစ်သွားတယ်။
“တကယ်ပြောနေတာလား”
“မင်း ငါ့ကို မယုံဘူးလား” ကူယွဲ့ နှုတ်ခမ်းတွေ တွန့်သွားတယ်။
“ဘာကြောင့် ငါ မတက်လှမ်းနိုင်ရမှာလဲ၊ လွန်ခဲ့တဲ့၂ရက်တုန်းက ထိုးဖောက်ကျော်လွှားနိုင်ထားတယ် — ငါက အခု နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို လွန်ပြီး ကျင့်ကြံမှုပြည့်စုံသွားပြီ၊ မသေမျိုးတက်လှမ်းမှုဆိုတာ သေချာပေါက်ဓမ္မတာပဲပေါ့”
တကယ်တော့ အဲလောက်မြန်မယ်လို့ သူမတွေးထားခဲ့ဘူး။ သူ့ဉာဏ်အလင်းပွင့်ပြီးတည်းက သူ့ကျင့်ကြံဆင့်က ဖြည်းဖြည်းချင်း မြင့်တက်နေတာ သိလိုက်ရတယ်။ သူ ပိုင်ဇယ့်ရဲ့ မဟူရာဝိညာဉ်ပွင့်ကို ခဏကိုင်ထားခဲ့ပြီး အဲရဲ့ထူးခြားတဲ့အငွေ့အသက်က သူ့ကျင့်ကြံမှုအတွက် အထောက်အကူ ပြုခဲ့ပုံပဲ။ နောက်ဆုံးတော့ ပြီးပြည့်စုံတဲ့အဆင့်ရောက်အောင် လုပ်နိုင်ခဲ့ပြီ။
ရှန်းရင် နှုတ်ခမ်းဆူလိုက်တယ်။
“ဆိုလိုတာက နင့်မသေမျိုးတက်လှမ်းမှုပြီးရင် ဆင်းလာလို့ မရတော့ဘူးပေါ့”
“ကနဦးအဆင့်မှာတော့ ဟုတ်တယ်” သူ ခေါင်းညိတ်ပြလိုက်တယ်။
“ငါမသေမျိုးအဖြစ် တက်လှမ်းပြီဆိုတာနဲ့ အလိုလို အမတဘုံထဲ ရောက်သွားမှာ၊ သုံးလောကကြားမှာက ဘောင်တွေရှိတယ်၊ စိတ်တိုင်းကျ ဘုံတွေကြား ကူးပြောင်းလို့မရဘူး၊ ပိုင်ဇယ့်လိုပဲပေါ့၊ သူ အောက်ဘက်ဘုံမှာ နှစ်သောင်းချီရှိနေခဲ့တာ၊ တကယ်လို့ မဟူရာဝိညာဉ်ပွင့်မရှိရင် မင်းတောင် ဘုံတံခါးကို ဖွင့်နိုင်မှာမဟုတ်ဘူး”
“အော်…” မျက်မှောင်ကြုတ်ပြီး ရှန်းရင် မေးလိုက်တယ်။
“နင်တကယ် သွားတော့မှာလား”
“ဒါက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးစည်းမျဉ်းပဲ၊ တကယ်လို့ ဝဋ်ကြွေးချေတာကို အောင်မြင်သွားပြီဆိုရင် ငါ သေချာပေါက် အောက်ဘုံမှာ နေတော့မှာ မဟုတ်ဘူးပေါ့”
ကူယွဲ့ ရှင်းပြလိုက်တယ်။ နောက်တော့ ရှန်းရင်ရဲ့ ရှုပ်ထွေးနေတဲ့ အမူအရာကိုမြင်တော့ သူ့နှလုံးသား ချက်ချင်းနူးညံ့သွားပြီး နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်တယ်။
“ငါတို့က အနှေးနဲ့အမြန် ဝဋ်ကြွေးချေ အထွတ်အထိပ်ကို ကြုံရမှာပဲ၊ ငါ့လို ယိချင်းလည်း မကြာခင် ကြုံရမှာ”
“ငါတို့က ဝဋ်ကြွေးချေအထွတ်အထိပ်ကို ဖြတ်သန်းဖို့လိုသေးတာလား၊ မေ့ထားလိုက်ရင်ရော”
ဒီနေရာက အတော်လေးကောင်းတာပဲကို။
“ဖွီ” သူ စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။
“ဒါက ဘယ်အချိန်ထွက်ခွာရမလဲဆိုတာ မင်းကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ ဇိမ်ခံခရီးလို့ထင်နေတာပဲ၊ မသေမျိုးတက်လှမ်းမှုအောင်မြင်ဖို့မဟုတ်ရင် ငါ နှစ်ပေါင်းများစွာကျင့်ကြံနေခဲ့တာ ဘာအတွက်လဲ”
“အဲလိုဆို…”
“တစ်နယ်တည်းသားကို မင်းမထားသွားနိုင်တာ င့သိပါတယ်” သူ သူမပခုံးကိုပုတ်ပြီး ပြုံးလိုက်တယ်။
“မိုးကြိုး၀ဋ်ကြွေးချေခြင်းက အန္တရာယ်များလွန်းလို့ တခြားရင်းမြစ်မရှိသရွေ့ ငါ ဝဋ်ကြွေးချေတာကို မစပါဘူး၊ ငါ အထွတ်အထိပ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ပါ့မလားတောင် မသေချာဘူး”
“အာ…”
“စိတ်အေးအေးထား၊ ငါကောင်းကင်မိုးကြိုးကို တောင့်ခံနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်၊ မစိုးရိမ်နဲ့”
“ဟင့်အင်း ငါဆိုလိုတာက…” ရှန်းရင်က စိတ်ရင်းနဲ့ ပြောလိုက်တယ်။
“ဖေဖေနျို၊ နင်မတက်လှမ်းခင် နင့်ကလေးတွေအတွက် ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက်လောက် ထားခဲ့ပေးလို့ရလား” ငါတို့ အစားအသောက်အတွက် ပိုက်ဆံရှိတော့မှာမဟုတ်ဘူး။
…
“သွားစမ်း” ငါ့မှာ မင်းလို ကျေးဇူးမသိတတ်တဲ့ သမီးမရှိဘူး။
ကူယွဲ့ ရွံလွန်းလို့ သူမကို တံတွေးထွေးချင်သွားတယ်။ သူ့ရဲ့ ဒေါသကရင်ဘတ်မှာ စုသွားပြီး တစ်ကိုယ်လုံးက ဝိညာဉ်ချီတွေ တလိပ်လိပ်တက်လာတော့တယ်။ သူ့ချီတွေ အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မလိုခံစားနေရတယ်။
ခဏ
သူ့ဝိညာဉ်ချီ…။
“ခင်ဗျား…” ယိချင်းက သူ့ကိုကြည့်ပြီး ရုတ်တရက် သဘောပေါက်သွားကာ အံ့ဩတကြီး ပြောလိုက်တယ်။
“ခင်ဗျားရဲ့ ကောင်းကင်ဝဋ်ကြွေးချေခြင်း လာနေပြီ”
အမှန်ပဲ၊ ပတ်ဝန်းကျင်က ရုတ်တရက် မည်းမှောင်သွားတယ်။ လေပြင်းတွေ တိုက်လာပြီး ခရမ်းရောင်လျှပ်စီးတွေ ရောနေတဲ့ တိမ်မည်းကြီးတွေက ဝူတိဂိုဏ်းရဲ့ အထက်ဝန်းကျင်မှာ စာဝေးလာကြတော့တယ်။
ဟိုလီရှစ်၊ တကယ် ဒီရောက်လာတာပဲ
ကူယွဲ့ ထိတ်လန့်သွားလို့ ဒေါသတောင် မေ့သွားပြီ။ သူ လှည့်ပြီး အရှေ့ခန်းမထဲက ပြေးထွက်လာခဲ့တယ်။ ကောင်းကင်ထဲက မိုးကြိုး၀ဋ်ကြွေးချေခြင်းကို ကြည့်ပြီး တစ်ကိုယ်လုံးကဝိညာဉ်ချီတွေ တစ်ရှိန်ထိုးတက်လာသလိုပဲ။
အမြန် လက်သိုင်းကွက်တစ်ခု ဖန်တီးပြီး အင်းကွက်အစီအရင်တွေ အထပ်ထပ်ခိကာ သူတို့တောင်ကိုကာကွယ်ဖို့ အင်းကွက်တစ်ခုကိုလည်း အသက်သွင်းလိုက်တယ်။
ဝူတိဂိုဏ်းကို မိုးကြိုး၀ဋ်ကြွေးချေခြင်းကနေ ကာကွယ်ဖို့ နည်းလမ်းတွေအားလုံးကို စစ်ဆေးပြီးတဲ့နောက် ကူယွဲ့ အင်းကွက် အလယ်ဆီ လျှောက်လာခဲ့ပြီး တင်ပျဉ်ခွေ ထိုင်ချကာ ဝဋ်ကြွေးချေအထွတ်အထိပ်ကို စောင့်နေလိုက်တယ်။ ဒါပေမဲ့ သူမနေနိုင်ဘဲ အနောက်ကိုလှည့် သတိပေးလိုက်သေးတယ်။
“ရှန်းရင်၊ မသေမျိုးတက်လှမ်းမှုရဲ့ မိုးကြိုး၀ဋ်ကြွေးချေခြင်းက တကယ်ကို ကြောက်ဖို့ကောင်းတယ်၊ အားလုံးပဲ အနားမလာ..”
သူ စကားမဆုံးခင်မှာတင် လူတိုင်းက မီတာတစ်ရာလောက် နောက်ဆုတ်ပြီးနေတာ မြင်လိုက်ရတယ်။ သူတို့က စားပွဲနဲ့ကုလားထိုင်တွေပါထုတ်လာသေး။ စားပွဲပေါ်မှာ ခင်းထားတာတွေက အခွံမာသီး၊ အစေ့နဲ့ အသီးလိုမျိုး အစားအသောက်တွေ။ နောက်တော့ လူတိုင်းက သူတို့တိုတိုထွာထွာလေးတွေကို မြုံ့ရင်း သူ့ကိုထိုင်ကြည့်ကြတော့တယ်။
ကူယွဲ့ ။ ။ “…” ခွေးကောင်
သူတို့ လျှပ်စီးဝဋ်ကြွေးချေမှုကြောင့် ဒဏ်ရာရသွားမှာကို စိုးရိမ်ခဲ့တာ ရူးနေတာပဲဖြစ်ရမယ်။ လျှပ်စီးဝဋ်ကြွေးချေမှုက သူတို့ကို မှန်ပါစေ
အသက်ပြင်းပြင်းရှူပြီး ကူယွဲ့ သူ့ဒေါသကို ထိန်းချုပ်ကာ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။
စိတ်အာရုံလွင့်စရာ အတွေးအားလုံးကို ရှင်းထုတ်ပြီး ဝဋ်ကြွေးချေဖို့အတွက် အာရုံစိုက် ပြင်ဆင်တော့တယ်။ ကောင်းကင်က အမည်းရောင်၊ ကောင်းကင်နဲ့မြေကြီးကြား မြင်ရတဲ့ တစ်ခုတည်းသောအလင်းရောင်က တိမ်တိုက်တွေထဲက ခရမ်းရောင်လျှပ်စီးကြောင်းတွော
နောက်ဆုံးတော့ မိုးကြိုး၀ဋ်ကြွေးချေခြင်းရဲ့ ပထမဆုံးတစ်ချက်က ကူယွဲ့တည့်တည့် ထိမှန်တော့တယ်။ သူ့ပတ်လည်ကအင်းကွက်အစီအရင်အားလုံး ပျက်စီးသွားပြီး ပတ်ပတ်လည်က မြေကြီးလည်း ပေနည်းနည်း ကြုံ့သွားခဲ့တယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ ချုပ်ထိန်းမှုအငွေ့အသက်က အပြင်ကိုစပြန့်လာတယ်။ တကယ်လို့ အကာအကွယ်တောင်တန်းအင်းကွက်ကြောင့်သာမဟုတ်ရင် နန်းတော်က ပြာဖြစ်တဲ့အထိ လောင်နေပြီ။
“ဝိုး” ရှန်းရင် ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ဒီလျှပ်စီးက သူမမြင်နေကျတွေနဲ့ လုံးဝကို ကွာခြားတာပဲ။
“မသေမျိုးတက်လှမ်းမှုရဲ့ မိုးကြိုး၀ဋ်ကြွေးချေခြင်းက အဲလောက်တောင် အစွမ်းကြီးတာလား”
“ဟုတ်ပါတယ် ဆရာ” ယိချင်းက တည်ငြိမ်နေတဲ့ လေသံနဲ့ရှင်းပြလာတယ်။
“မသေမျိုးတက်လှမ်းမှုက ဆင်းသက်လာတဲ့ အဲလျှပ်စီးက ခရမ်းရောင်ဆည်းဆာကောင်းကင်မိုးကြိုးပါ၊ ကမ္ဘာမှာ အားအကြီးဆုံး မိုးကြိုး၀ဋ်ကြွေးချေခြင်းပဲ၊ အမတအရိုးတွေကို တိုက်ရိုက်ဖန်တီးနိုင်တယ်၊ ဒါက ပထမတစ်ချက် – စိတ်နတ်ဆိုးဝဋ်ကြွေးချေခြင်း – ပဲရှိသေးတယ်၊ နောက်လာမဲ့ဟာတွေက အများကြီးပိုဆိုးတယ်”
“အိုး…” ရှန်းရင် ခေါင်းညိတ်ပြီး ဖေဖေနျိုကို သေချာကြည့်လိုက်တယ်။ သူ မျက်လုံးပိတ်ပြီး စိတ်နတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့ပုံပဲ။ ငါးမိနစ်မပြည့်ခင်မှာ သူမျက်လုံးထပ်ဖွင့်လာပြန်တယ်။ သူ့စိတ်နတ်ဆိုးတွေကို ကျော်လွှားနိုင်သွားပြီပဲ။
နောက်ထပ် မိုးကြိုး၀ဋ်ကြွေးချေခြင်းက ထိမှန်လာတယ်။ တကယ့်ကိုပဲ ဒီတစ်ခုက အရင်တစ်ခုရဲ့ အရှိန်ထက် ၂ဆအားနဲ့ ထိမှန်လာပြီး ကူယွဲ့ရဲ့ ဓမ္မဝတ်ရုံကို မီးစွဲသွားစေပြီး အရေပြားကို ခွဲတော့တယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က သူ့ပျက်စီးနေတဲ့ ကိုယ်ကို ဖြည်းဖြည်းချင်းပြုပြင်ပေးတဲ့ ထူးခြားတဲ့ဝိညာဉ်ချီတစ်မျိုး ထုတ်ပေးနေတယ်။
နောက်တော့ တတိယတစ်ချက်၊ စတုတ္ထ…။
ပထမတစ်ချက်နဲ့မတူတာက ဒီတစ်ကြိမ်တော့ လျှပ်စီးကြောင်းတွေက မရပ်မနား တစ်ခုပြီးတစ်ခု ပစ်ချတော့တယ်။ ကူယွဲ့ ကိုယ်ခန္ဓာကို ပြန်စီမံလို့ရအောင် ဟက်တပ်ခွဲချင်နေသလိုပဲ။ တစ်ချက်ချင်းစီက အရင်တစ်ကြိမ်ထက် ပိုပြီးပကြီးအကျယ် ဖျက်ဆီးလေတယ်။
“ဘယ်ဘောက်ကြာမှာလဲ” ရှန်းရင် ဖရဲစေ့ဝါးရင်း မေးလိုက်တယ်။
“ဒါက ကိုးနဲ့ကိုး မိုးကြိုး၀ဋ်ကြွေးချေခြင်းမို့ စုစုပေါင်း ကောင်းကင်မိုးကြိုး ၈၂ချက်ပါ၊ တစ်ဝက်ကျော်လောက် ကျန်ဦးမယ်ထင်တယ်”
“ကိုးနဲ့ကိုးဆို ၈၁မဟုတ်ဘူးလား” ရှန်းရင် နားမလည်ဖြစ်သွားတယ်။ ဘာလို့ ၈၂လဲ။
“ဒါ… ကျွန်တော်မသေချာပါဘူး”
ယိချင်းက ဦးနှောက်ခြောက်သွားတဲ့ပုံ။
“ကိုးနဲ့ကိုး မိုးကြိုး၀ဋ်ကြွေးချေခြင်းလို့ခေါ်ပေမဲ့ ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းခဲ့ဖူးတဲ့ ခရီးသွားမသေမျိုးတွေအရတော့ တကယ်ပဲ၈၂ချက်ပါ၊ ပြီးတော့ နောက်ဆုံးတစ်ချက်က စစ်ဆေးမှုရဲ့ သော့ချက်တဲ့၊ ခရီးသွားမသေမျိုးတော်တော်များများက ဒီနောက်ဆုံးအချက်မှာ ကျရှုံးကြတာပါ”
“အော်…” ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ နောက်ထပ်လျှပ်စီးထိမှန်လာချိန် သူမအတွေးတွေကို ဘေးဖယ်ပြီး ဖရဲစေ့တစ်ဆုပ် ထပ်ယူပြီး ဝါးနေတော့တယ်။
တစ်နာရီအတွင်း ကူယွဲ့ လျှပ်စီး ၈၁ ချက်ကို တောင့်ခံပြီးပြီ။ သူ့တစ်ကိုယ်လုံးလည်း ဖွတ်ဖွတ်ကြေနေလို့ လူနဲ့တောင် မတူတော့သလိုပဲ။ တစ်ချက်ချင်းစီမှာပါလာတဲ့ မသေမျိုးချီက သူ့ကိုယ်ကိုပြုပြင်ပေးတယ်ဆိုပေမဲ့ ကုသနှုန်းက လျှပ်စီးကြောင်းတွေရဲ့ ကြိမ်နှုန်းကို လိုက်မမှီဘူး၊ သူ လုံးဝကို သွေးရွှဲရွှဲစိုနေပြီ”
နှစ်ချက်ကျန်သေးတယ်။ ကူယွဲ့ နောက်တစ်ချက် ထိမှန်သွားချိန် တတ်နိုင်သမျှ သတိကပ်အောင် ကြိုးစားနေရတယ်။ နောက်တော့ ရုတ်တရက် မိုးကြိုး၀ဋ်ကြွေးချေခြင်းက ပျောက်ကွယ်သွားပြီး တိမ်တိုက်တွေက ဝေ့လည်လာတယ်။ ခရမ်းရင့်ရောလျှပ်စီးက တိမ်တိုက်တွေကြား လက်သွားတယ်။ နောက်ဆုံးတော့ အသံအကျယ်ကြီးပေါ်လာပြီး ကမ္ဘာခွဲလျှပ်စီးကြောင်းက ကောင်းကင်ကနေ ဆင်းသက်လာတော့တယ်။
သူ့အာရုံ လန့်နိုးသွားပြီး ကူယွဲ့ အာရုံစူးစိုက်လိုက်တယ်။ တစ်ခဏအတွင်း သူ့ကိုယ်ထဲ တိတ်တဆိတ် သိုလှောင်ထားတဲ့ မသေမျိုးချီအားလုံးကို ထုတ်လိုက်တယ်။ ဒီမသေမျိုးချီရဲ့ လှုံ့ဆော်မှုအောက်မှာ ပျက်စီးသွားတဲ့ခန္ဓာကိုယ်က အမြန်ပြန်ကောင်းလာပြီး အမတအရိုးတွေလည်း ဖြစ်ပေါ်လာတယ်။ သူ နောက်ဆုံးဝဋ်ကြွေးချေခြင်းလျှပ်စီးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီ။
ဘွန်း သူ့ကိုယ်က အသစ်ဖန်တီးထားတဲ့ အမတအရိုးတွေနဲ့ ပြန်လည်သန်စွမ်းလာပြီး နောက်ဆုံးလျှပ်စီးကို တောင့်ခံနိုင်ခဲ့တယ်။ သူ အောင်မြင်သွားခဲ့ပြီ
ကူယွဲ့ အပျော်လွန်သွားတယ်။ သူ့တစ်ကိုယ်လုံး ပြေလျော့သွားပြီး ရှေ့ကိုယိုင်သွားတယ်။ သူ့မှာ အားတစ်စက်မှမကျန်ပေမဲ့ ပြန်လည်မွေးဖွားလာတဲ့ လူအသစ်တစ်ယောက်လို ခံစားလိုက်ရတယ်။ စောနက ထူထဲနေတဲ့ ဝိညာဉ်ချီက ခုတော့ သူ့အတွက် သနားစရာကောင်းလောက်အောင် နည်းနေတယ်။ အရင်က သူ မြင့်မားတယ်လို့ သတ်မှတ်ခဲ့တဲ့ ယိချင်းကျင့်ကြံမှုတောင် အခုတော့ သူ့အတွက် ပျော့သွားပြီ။
ရှန်းရင်က လွဲလို့ပေါ့… သူကတော့ အရင်အတိုင်း ကြက်လိုမျိုး cheat ဖြစ်နေဆဲပဲ။
မိုးကြိုးတိမ်တိုက်တွေ လွင့်ပါးသွားတယ်။ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းရင်း ကူယွဲ့ ကောင်းကင်က ကောင်းကင်ဘုံရောင်ခြည်တန်းကို လက်ခံဖို့ အသင့်ပြင်လိုက်တယ်။
ရုတ်တရက် ကောင်းကင်ကနေ အသံအကျယ်ကြီး ပေါ်လာပြီး ပိုကြောက်ဖို့ကောင်းတဲ့ လျှပ်စီးတန်းက ဆင်းသက်လာကာ ခုခံဖို့အားမရှိတော့တဲ့ ကူယွဲ့ဆီ ဦးတည်တော့တယ်။
“၈၃ချက်” လူတိုင်း ထိတ်လန့်သွားတယ်။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူတို့အားလုံး မိုးကြိုးတိမ်တိုက်တွေ လွင့်ပါးသွားတာ မြင်ပြီးပြီပဲ။
ကူယွဲ့ရဲ့ အမတချီက လွင့်ပါးသွားပြီ။ နောက်ထပ် ကောင်းကင်မိုးကြိုးတစ်ချက်ကို တောင့်ခံနိုင်ဖို့ နည်းလမ်းမရှိဘူး။
အဲလျှပ်စီးကြောင်းက ကူယွဲ့ကို မှန်တော့မလို့။
သူမလက်ထဲက ဖရဲစေ့တွေကိုလွှတ်ပြီး ရှန်းရင် ဖျတ်ခနဲ နေရာကိုရောက်လာခဲ့တယ်။ သူမ လက်ကိုဆန့်ထုတ်ပြီး နောက်ဆုံးအခိုက်အတန့်မှာ ခရမ်းရင့်ရောင်မိုးကြိုးရဲ့ အစွန်းကို ကြိုးတစ်ချောင်းလိုမျိုး ဖမ်းဆုတ်ကာ ကူယွဲ့ခေါင်းနဲ့တစ်ပေအကွာမှာ တားလိုက်နိုင်တယ်။
ကူယွဲ့ အင်မတန်ထိတ်လန့်သွားတယ်။ ကောင်းကင်မိုးကြိုး ၈၃ချက်ရှိမယ်လို့ လုံးဝမထင်ထားခဲ့ဘူး။
“ရှန်း… ရင်” သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ။
ရှန်းရင်က သူ့ပြန်မဖြေပေမဲ့ အမူအရာမာကြောသွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။ လျှပ်စီးကြောင်းကို အားနဲ့ဆွဲပြီး သူ အမိန့်ပေးလိုက်တယ်။
“ဆင်းလာခဲ့စမ်း”
ရုတ်တရက် အမည်းရောင်ပုံရိပ်တစ်ခုက ကောင်းကင်ကနေ ဇောက်ထိုးကျလာပြီး မြေကြီးပေါ် ဆင်းသက်သွားတော့တယ်။ သူ့ရင်ဘတ်အောက်ပိုင်းတစ်ခုလုံး မြေကြီးထဲ နစ်မြုပ်နေလေတယ်။
ရှန်းရင် ခြေထောက်မြှောက်ပြီး သူ့တစ်ကိုယ်လုံးမြေကြီးထဲနစ်သွားတဲ့အထိ အားနဲ့ဖိထားလိုက်တယ်။ တစ်လုံးချင်းစီ ပီပီသသရွတ်ပြီး မေးတော့တယ်။
“ငါ့ကိုပြော၊ ဒီလျှပ်စီးကြောင်းအပို၂ချက်က နင့်ဆီကလား”
လူအုပ်ကြီး ။ ။ “…”
…