အခန်း (၇) စတင်ပဲ့ပြင်
_____________
လုကျိုးသည် တပည့်လေးယောက် ရှေ့၌ ရပ်ကာ သူ့မျက်လုံးအကြည့်များက တွမ့်မူရှန်းမှသည် မင်ရှစ်ရင်၊ မင်ရှစ်ရင်မှသည် နောက်ဆုံး ကျောင်းယွဲ့ဆီသို့ တစ်ယောက်ချင်းဆီ ဖြည်းဖြည်း အကဲခတ်ကြည့်သွားလေသည်။
“ယွမ်အာလေး”
ဤခေါ်သံကြောင့် တွမ့်မူရှန်းနှင့် ကျန်တပည့်နှစ်ယောက် ကျောချမ်းသွားကြရသည်။
“ရှစ်စွင်း…” ယွမ်အာလေးက ချက်ချင်း ပြန်ထူးသည်။
“မင်း ထလို့ရတယ်”
“ဟုတ်ကဲ့”
သူမ၏ သစ္စာစောင့်သိမှုက ၆၅ ရာခိုင်နှုန်းထိတက်လာပြီး တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် ကျောင်းယွဲ့တို့၏ သစ္စာစောင့်သိမှုမှာ ၃၀၊ ၂၀ နှင့် ၄၀ ရာခိုင်နှုန်း အသီးသီး၌ ရှိနေကြသည်ကို လုကျိုး သတိပြုမိလိုက်သည်။ ၎င်းတို့၏ သစ္စာစောင့်သိမှုများကား ဆက်၍ မကျဆင်းတော့ဘဲ တဖြည်းဖြည်း တက်လာနေသည်။ သို့သော် ဤအတိုင်းအတာသည် လုံလောက်သည်ဟု ဆိုနိုင်ရန် ဝေးစွ။
သူ ကျန်သုံးယောက်ကို ဘာမှ မပြောတော့ဘဲ နဝမတပည့်ကိုသာ ပြောလိုက်တော့သည်။
“ငါ ပင်ပန်းနေပြီ၊ ငါ့ကို တွဲထားပေး၊ ပြန်ကြရအောင်”
ယွမ်အာလေးကတော့ ကြိတ်ပြီး ဝမ်းသာသွားမိလေသည်။ သူ့အနားကို ခြေလှမ်းစိပ်ကလေးတွေနှင့် ရောက်လာပြီး သူ တောင်ပေါ် တက်ရာလမ်းတစ်လျှောက်မှာ နာခံလိမ္မာအလိုက်သိသော အစေခံမိန်းမငယ်လေးပမာ တွဲထူထိန်းထားပေးလေ၏။ ရလဒ်ကတော့၊ တွမ့်မူရှန်းနှင့် ကျန် တပည့်နှစ်ယောက် နောက်မှာ ချန်ထားခံခဲ့ရ၏။
သူတို့ ဒူးထောက်နေရာမှ ထ၍ ရပြီဟု ဆရာသခင်က ပြောမသွားသောကြောင့် မိမိတို့ သဘောရှိတိုင်း မထဝံ့ကြပေ။ ထိုမျှမက၊ ဆရာသခင် ရိုက်လိုက်သည့်တစ်ချက်ကြောင့် ဒဏ်ရာရထားသည်ဖြစ်ရာ ယခုအချိန်၌ အခြေအနေမဟန်ကြ။
“လောင်စစ်၊ မင်းကြောင့် ငါအခု အကျဉ်းအကြပ်ထဲရောက်ရပြီ…” တွမ့်မူရှန်းက ဖြူဖပ်ဖြူရော်နှင့် ပြောလာသည်။
“စန်းရှစ်ရှိုး ကျွန်တော့်ကို အပြစ်ဖို့လို့ မရဘူးလေ၊ ကျွန်တော်လဲ သေချာ ဂရုတစိုက် အလေးအနက် ဆန်းစစ်ပြီးတော့မှ ရှစ်စွင်း ဒဏ်ရာရတာကို ခန့်မှန်းအတည်ပြုလိုက်တာပဲကို” ဟု မင်ရှစ်ရင်က ပြန်ပြော၏။
“ဂရုတစိုက် အလေးအနက် ဆန်းစစ်တာတဲ့လား၊ ဒါ့ဖြင့် အစ်ကို ဆန်းစစ်တာကြီးက တိကျနေချက်ပဲ” ကျောင်းယွဲ့ကလည်း အတွန့်တက်သည်။ သူမ၏ စတုတ္ထ ဆရာတူအစ်ကို၏ ဆရာ့အပေါ် ပြုမူ ဆက်ဆံပုံ သဘောထား ပြောင်းလဲသွားခြင်းကြောင့်သာ မဟုတ်လျှင် သူမလည်း ရောယောင်လိုက်ပါ၍ ဆရာသခင်ကို ကလန်ကဆန် လုပ်ဖြစ်မည် မဟုတ်ပေ။
“ဒီလိုတွေ ဖြစ်လာမယ်လို့ ဘယ်သူက ကြိုသိမလဲ၊ ငါ အရာရာကို ကြိုတင်တွက်ဆထားခဲ့ပေမဲ့ ဒီတစ်ခုလေးပဲ သတိလွတ်သွားမိတာ…”
“မင်း သတိလွတ်သွားတယ်ဆိုတာက ဘာလဲ”
“ဖြစ်နိုင်တာက၊ ဧကန္တ… ရှစ်စွင်းဟာ အရင်လို နည်းလမ်းဟောင်းကြီးအတိုင်း နေရတာကို ငြီးငွေ့လာလို့ ပုံစံအသစ် စမ်းလုပ်ကြည့်တာမျိုးပေါ့”
တွမ့်မူရှန်းနှင့် ကျောင်းယွဲ့တို့ ဆွံ့အသွားတော့သည်။
“ကျွန်မတို့ အခု ထွက်ပြေးကြမလား” ကျောင်းယွဲ့က ခပ်တိုးတိုး အကြံပြု၏။
“ထွက်ပြေးမယ်၊ ဘယ်လို ပြေးမှာလဲ၊ ခုနက ရှစ်စွင်းရဲ့ အစွမ်းတန်ခိုး ဘယ်လောက်ထက်နေတယ်ဆိုတာ မင်း မမြင်လိုက်ဘူးလား”
“ခုနက ထိပ်သီးကျင့်ကြံသူ ဆယ်ယောက်နောက်ကို ရှစ်စွင်းလိုက်သွားတဲ့ အချိန်မှာ သူ့ဝိညာဉ် သဏ္ဍာန်ရုပ်ကို နှစ်ခါ၊ မပြည့်စုံသော နတ်ဒေဝါ ဖြန်ဖြေခြင်းကို တစ်ခါ၊ ဝိညာဉ် ဖမ်း ခြေကွက်ကို တစ်ခါတောင် သုံးသွားခဲ့ပြီးတာဆိုတော့… ရှစ်မေးရဲ့ အကြံပြုချက်ကို စဉ်းစားကြည့်လို့ရတယ်” မင်ရှစ်ရင် အသာ ခေါင်းညိတ်လိုက်သည်။
“မင်း ဖျင်နဲ့ စဉ်းစားကြည့်နေလိုက်၊ ရှစ်စွင်း ငါတို့ကို သတ်ချင်တယ်ဆိုရင် သတ်ပြီးနေလောက်ပြီ”
မင်ရှစ်ရင် ဘာပြောပြော တွမ့်မူရှန်းကတော့ မယုံရဲတော့ပေ။
ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။ ‘ခလုတ်တစ်ခါ ထိ တစ်ခါလဲကျလေတိုင်း၊ အတွေ့အကြုံ တစ်ခါရသည်’ ဆိုသည့်အတိုင်းပင်။ ဆရာသခင်က သူတို့ကို ဘာမှ မလုပ်ခဲ့သောကြောင့် သူတို့မှာ အသက်ရှင်ရန် အခွင့်အရေးရှိသေးသည့် သဘောမဟုတ်ပါလား။ သူတို့ အမှန်တကယ် ထွက်ပြေးဖြစ်ပါက၊ အကြီးဆုံး ဆရာတူအစ်ကိုနှင့် ကျန်ညီအစ်ကိုများနှင့် သဘောတရားအတူတူ ဖြစ်သွားရပေလိမ့်မည်။
…
လုကျိုးသည် ရှုမျှော်ဆောင်အတွင်း၌ ဖြည်းညှင်းစွာ ထိုင်လိုက်သည်။ ကိစ္စများအားလုံး ဖြစ်ပျက်သွားခဲ့ပြီးသည့်တိုင် သူကတော့ နည်းနည်းလေးမှ မောဟိုက်မနေပေ။
သူ၏ ကျင့်ကြံဆင့်သည် ခန္ဓာ တည်ဖွဲ့ခြင်း အဆင့်ကိုးအထိ ပြန်ရောက်သွားပြီးသည့်နောက်မှာတော့ တောင် အတက်အဆင်း လုပ်ရသည်ကို မမှုတော့ပေ။ သူ့အရှိန်အဝါအရ သံသယဝင်စရာ တစ်ခုခု ရှိနေသည်ကို တပည့်များ ခန့်မှန်းမိနိုင်လောက်သည်ဖြစ်သော်လည်း သူ့ကျင့်ကြံအဆင့်ကိုတော့ သံသယ မဝင်ရဲကြပေ။ မင်ရှစ်ရင်ကလည်း လုကျိုးသည် ၎င်းတို့ကို စမ်းသပ် ကစားရန် နည်းလမ်းသစ် ထွင်နေခြင်းဖြစ်သည်ဟု မှတ်ယူထားလေ၏။
“ယွမ်အာ မင်း ဂိုဏ်းထဲ ဝင်လာတာ ဘယ်လောက် ကြာခဲ့ပြီလဲ” လုကျိုး မေးလိုက်သည်။
“တပည့် ရှစ်စွင်း နောက်ကလိုက်တာ ၅ နှစ်ရှိခဲ့ပါပြီ”
“၅ နှစ်…”
နတ်ဒေဝါ ဦးတည် နယ်ပယ်အထိရောက်ရန် သူမ အတွက် အချိန် ၅ နှစ်သာ လိုခဲ့လေသည်။ ကျိထျန်းတောက်က ကောင်းကင်ဘုံကို အဘယ်ရွေ့ အဘယ်မျှ လွန်မြောက်အောင် ထူးချွန်နေသူများကို တပည့်အဖြစ် လက်ခံထားသည်များလဲ။
ကျိထျန်းတောက်သည် စနစ် အသက်မဝင်နိုင်သေးခင်ကတည်းက စနစ်၏ အကူအညီအချို့ ရယူဖူးထားလေသလားဟု လုကျိုး ခန့်မှန်းတွေးမိလေသည်။
“မင်း ဘာအမှားတွေ လုပ်ခဲ့သလဲ ကိုယ့်ကိုယ်ကိုယ်ရော သိရဲ့လား” လုကျိုး မည်သို့ ခံယူ တွေးတောရမည်ကို မသိတော့။ သူ စဉ်းစားရခက်နေသည်။
ယွမ်အာလေးလည်း ချက်ချင်းပင် ဒူးထောက်ထိုင်ချလိုက်ပြီး ရေရွတ်တော့သည်။
“ရှစ်စွင်း… ကျွန်မ မှားသွားပါတယ်၊ ကျွန်မ ရှစ်ရှိုးတို့ ပြောစကားကို နားမယောင်ခဲ့သင့်ဘူး၊ ရှစ်စွင်း ကျွန်မကို ယုံပါ၊ ကျွန်မက အရင်ကတည်းက ပြောစကား နားထောင်ပြီး လိမ္မာခဲ့တယ်လေနော်…!”
“ရှစ်စွင်းဆိုလိုတာ အဲဒါ မဟုတ်ဘူး”
“အာ ဟုတ်ဖူးလား…”
“မနှစ်က နှစ်ကုန်လောက်မှာ မင်း ရှစ်စွင်းဆီက ခွင့်မတောင်းဘဲ ရွှေနန်းဥယျာဉ်တောင်ကနေ ဆင်းသွားခဲ့တယ်၊ ပြီးတော့ ဂိုဏ်းကြီး နှစ်ဂိုဏ်းရဲ့ ကျင့်ကြံနည်း လမ်းစဉ် သိုင်းကျမ်းတွေ သွားခိုးလာခဲ့တယ်”
“ကျွန်မ မှားသွားပါတယ်”
“ဘာလို့ အဲ့သလို လုပ်ခဲ့တာလဲ” လုကျိုး မိမိမှတ်ဉာဏ်ထဲ အပြန်ပြန်အလှန်လှန် ရှာဖွေမိသော်လည်း ယွမ်အာလေး ထိုသို့ ကျူးလွန်ခဲ့ရသည့် အကြောင်းရင်းကို စဉ်းစား၍ မရခဲ့ပေ။
ရှောင်ယွမ်အာက လျှာကလေး တစ်လစ်ထုတ်လိုက်ကာ အပြစ်ရှိ ရှက်ရွှံ့နေဟန်ဖြင့် ဆိုလေသည်။ “စစ်ရှစ်ရှိုးက ပြောတယ်၊ ပေနက်လွှာမှာ နာမည်စာရင်း မပါတဲ့ လူဟာ ရွှေနန်းဥယျာဉ်တောင်ရဲ့ တပည့်ဂိုဏ်းသားဖြစ်ဖို့ မထိုက်တန်ဘူးတဲ့၊ အဲဒါ… အဲဒါကြောင့်… ကျွန်မက သွားခိုးလိုက်တာ”
“ပေနက်လွှာ” လုကျိုးမှာ ထိုပေလွှာအကြောင်းကို စိုးစင်းမျှပင် သိမထားပေ။
“အဲဒါ ကျင့်ကြံခြင်း လောကတစ်ခုလုံးက တညီတညွတ်တည်း သတ်မှတ်ထားတဲ့ အမည်စာရင်းပဲ၊ အဲ့စာရင်းမှာ အမည်ပါတဲ့ ကျင့်ကြံသူတွေဟာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေ၊ လူဆိုး ယုတ်မာတွေတဲ့၊ ရှစ်ရှိုးတွေရော ရှစ်ကျဲတွေရော အားလုံး ထိပ်ဆုံး ၃၀ ထဲမှာ ပါတာ၊ ပြီးတော့ ရှစ်စွင်း… ရှစ်စွင်းလဲ…”
“ပြောလေ”
“ရှစ်စွင်းက နာမည်စာရင်းမှာ ထိပ်ဆုံးက နံပါတ်တစ်ပဲ”
လုကျိုး၊ “. . .”
ရှောင်ယွမ်အာတစ်ယောက် သူမ၏ ဆရာသခင် အတွေးနယ်လွန်ပြီး သတိလက်လွတ်ဖြစ်နေဟန်ကို တွေ့တော့ သူမ ဆက် စကား မဆိုရဲတော့ပေ။ တိတ်တဆိတ်သာ စောင့်ကြည့် အကဲခတ်နေခဲ့မိသည်။ ဝန်းကျင် အခြေအနေ ပြောင်းလဲသွားပုံက ရုတ်တရက် ဆန်လွန်းလှသဖြင့် သူမ အသက်တောင် ကျယ်ကျယ် မရှူဝံ့။
ခေတ္တမျှ ကြာတော့ လုကျိုး ပြောလာသည်။
“ထားလိုက်ပါတော့၊ သားသမီးကို ဆိုဆုံးမခြင်း မပြုဘဲ စားဝတ်နေရေးကိုသာ ဖြည့်ဆည်းပေးရင် မိဘ မှားယွင်းခြင်း… တပည့်တပန်းကို စည်းကမ်း မတင်းကြပ်ဘဲ ပညာသင်ရုံသာဆို ဆရာ ပျင်းရိခြင်းတဲ့၊ ငါ မင်းကို သေချာ မသွန်သင်ခဲ့မိတာပါ”
ထိုစကားကို ကြားသောအခါ ရှောင်ယွမ်အာကလေးမှာ မိမိဆရာကို ခိုး၍ မျက်လုံး ဝင့်ကြည့်မိတော့သည်။ သူမ ဤဂိုဏ်းထဲ ဝင်ရောက်ခဲ့သည်မှာ နှစ်မကြာသေး၊ အခြား ဆရာတူ အစ်ကို၊ အစ်မများနှင့်စာလျှင် များစွာ နှစ်တိုနေသေးသော်လည်း ယခု သူမအရှေ့တွင်ထိုင်နေသော လူကြီး၏ အကြောင်းကို ကောင်းကောင်း သိထားလေသည်။
သူမ၏ ဆရာသခင် ဘာများ ဖြစ်သွားတာပါလိမ့်။
လုကျိုးလည်း သူမ၏ သံသယများကို အာရုံခံမိလိုက်၍ ပြောလိုက်သည်။
“ယွမ်အာ၊ မင်းက ရှစ်စွင်း အချစ်ဆုံး တပည့်ပဲ၊ အခုချိန်ကစပြီး ရှစ်စွင်း မင်း မကောင်းမှု လုပ်တာကို ရပ်တန်းက ရပ်စေချင်တယ်၊ မင်း လုပ်ပေးနိုင်မလား”
“ဟုတ်ကဲ့ ရှစ်စွင်း”
“ကဲ ထတော့”
“ဟုတ်”
ရှောင်ယွမ်အာသည် ခွင့်လွှတ်မှုကို ရ၍ ဝမ်းသာအူမြူးနေခဲ့လေသည်။
“ဟီဟီ… ရှစ်စွင်းက အကောင်းဆုံးပဲ၊ ယွမ်အာ ရှစ်စွင်းကို ပခုံးနှိပ်ပေးမယ်” ယွမ်အာလေးသည် လုကျိုး နောက်ဘက်သို့ ယုန်ငယ်ပမာ ခုန်ပေါက်၍ သွားလေသည်။
လုကျိုး စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချမိတော့သည်။ ကျိထျန်းတောက်မှာ ကောက်ကျစ်ယုတ်မာသော တပည့်ဆိုး ရှစ်ယောက်ကို ပျိုးထောင်ခဲ့သော်လည်း သိတတ်လိမ္မာ အလိုက်သိသော တပည့်တစ်ယောက် ရှိနေသေးလေသည်။ သူသာ အချိန်မီ ရောက်မလာခဲ့လျှင် ဤ အငယ်ဆုံးလေးလည်း မိစ္ဆာမ ဖြစ်သွားလောက်ပေသည်။
မျိုးဆက်တူ ရွယ်တူ အတန်းတူများအချင်းချင်းအနက် တစ်ဦး၏ အကောင်း အဆိုး ထင်မြင်ယူဆချက်များက အခြားတစ်ဦးအပေါ် များစွာ လွှမ်းမိုးတတ်သည်။ ရှောင်ယွမ်အာမှာ ဖြတ်ထိုးဉာဏ်ကောင်း၊ သွက်လက်၍ အနည်းငယ်စွာတတ်သော်လည်း စိတ်သဘောထားက ရိုးစင်းသဖြင့် အလွယ်တကူ အရောင်ဆိုးခံရနိုင်ချေရှိသည်။
“တင်း…! စနစ်ရှင် တာဝန်တစ်ခု အောင်မြင်သွားပါပြီ။ စီယွမ်အာ၏ သစ္စာစောင့်သိမှုက ၈၀ ရာခိုင်နှုန်း ရောက်သွားပါသည်။ ဆုလဒ်အနေနှင့် ကုသိုလ်မှတ် ၁၀၀ ရပါမည်”
လုကျိုး ယွမ်အာလေးကို ကြည့်လိုက်သည်။ အမှန်ပင်၊ သူမ၏ သစ္စာစောင့်သိမှုက ၈၀ ရာခိုင်နှုန်း ရောက်နေချေပြီ။ သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“သွား၊ ဟို သုံးယောက်ကို သွားခေါ်လာခဲ့”
“ဟုတ်ကဲ့” ယွမ်အာလေးသည် တောင်ပေါ်မှ မျောက်ပေါက်ကလေးသဖွယ် ခုန်ပေါက်ကာ ပြေးဆင်းသွားလေသည်။
လုကျိုး အနည်းငယ်တော့ စိတ်ချသွားရသည်။
‘စနစ်၊ ကောက်ကျစ် ဖျံကျနေတဲ့ တပည့်တွေကို အပြစ်ပေးဖို့ ပိုကောင်းမဲ့ နည်းလမ်းလေး ဘာလေးများ ရှိသေးလား’
သူ၏ အတိတ်ဘဝ၌ လုကျိုးသည် ကုမ္ပဏီတစ်ခုမှ အမှုဆောင်အရာရှိ ဖြစ်ခဲ့လေသည်။ ကျိထျန်းတောက်ကဲ့သို့ ဤလောကမှာ နှစ်ထောင်ချီ၍ မနေခဲ့ဖူးသော်လည်း လက်အောက်ငယ်သားများကို ထိန်းကျောင်း ညွှန်ကြားဖူးသော အတွေ့အကြုံ ရှိခဲ့သည်။ တပည့်များကို ဆုံးမသွန်သင်ရာ၌လည်း သိပ်မကွာလောက်ဟု သူ ယုံကြည်လေသည်။
သူတို့ကို ဖိအားပေးလွန်းလျှင် ပြန်ကန်ထွက်တတ်သည်။
စင်စစ် တကယ်တမ်း၊ ဤတပည့်များ လမ်းမှားရောက်သွားရသည့်အကြောင်းက ကျိထျန်းတောက်၏ သွန်သင်ပုံ မမှန်သောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် သူတို့ကလည်း ကျိထျန်းတောက်ကို မုန်းကြသည်။ လုကျိုးမှာ ကျိထျန်းတောက်နေရာကို အစားထိုး ဝင်ရောက်လာသည်ဖြစ်သောကြောင့် အမုန်းခံရမည့် ဤကံကြမ္မာလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းရန်သာ ရှိတော့၏။
မည်သို့ပင်ဖြစ်စေ၊ စနစ်ကတော့ ပြန်မဖြေပေ။
“မင်း ဘာမှ ပြန်မဖြေဘူးဆိုမှတော့ ငါ့နည်းလမ်းအတိုင်း လုပ်ချင်သလို လုပ်တော့မယ်” ဟု လုကျိုး ပြောတော့သည်။
ခဏကြာသော်၊ တွမ့်မူရှန်း၊ မင်ရှစ်ရင်နှင့် ကျောင်းယွဲ့တို့ တောင်ပေါ်တက်လာပြီး ရှုမျှော်ဆောင်ထဲ ဝင်လာခဲ့ကြသည်။ ခေါင်းများကိုတော့ မဖော်တမ်း ငုံ့ထားကြလျက်၊ ကြောက်ကြောက်လန့်လန့်နှင့် ရောက်ရောက်ချင်း ဒူးထောက်လိုက်ကြလေသည်။ ယွမ်အာလေးကတော့ ဘေးမှာ တိတ်ဆိတ်စွာသာ ရပ်နေခဲ့၏။
“ရှစ်စွင်း အသက် ချမ်းသာပေးပါ”
“ရှစ်စွင်း တစ်ခါလောက်တော့ ခွင့်လွှတ်ပေးပါ”
“ရှစ်စွင်း အသက် ချမ်းသာပေးပါ”
၎င်းတို့၏ သစ္စာစောင့်သိမှုက ၄၀၊ ၃၅ နှင့် ၄၂ ရာခိုင်နှုန်း အသီးသီး ဖြစ်လာသည်။
ကိန်းဂဏန်းက နည်းနေသေးသည်။ ဤသစ္စာစောင့်သိမှု ပမာဏလောက်နှင့်ဆိုလျှင် အပြောင်းအလဲကလေး အနည်းငယ် ရှိလိုက်ရုံနှင့် သစ္စာအလွယ်တကူ ဖောက်သွားနိုင်ပေသည်။
ရှုမျှော်စင်တွင်း၌ သုသာန်တစပြင်ပမာ တိတ်ဆိတ်နေခဲ့သည်။ လုကျိုးက စကားတစ်ခွန်းမှ မမြွက်သေးသောကြောင့် မည်သူမျှ ဆက်မပြောရဲတော့။
ယခုအချိန်မှာတော့၊ ဆိတ်ဆိတ်နေ ထောင်တန်နေသည်။ နှုတ်မှ ထုတ်ပြောပူဆာနေခြင်းထက် သာလောက်သည်။ တိတ်ဆိတ်ငြိမ်သက်နေမှုက ၎င်းတို့သုံးယောက်အတွက်တော့ အရိုးခိုက်မတတ် ကျောချမ်း ကြက်သီးထနေရစေသည်။ အချိန် ၁၅ မိနစ်ခန့်ကြာသွားခဲ့ပြီ၊ လုကျိုးကတော့ ဘာမှ ပြောမလာသေး။ သူ သက်ပြင်းချသည်။ ရံဖန်ရံခါ ခေါင်းတခါခါသာ လုပ်နေခဲ့လေသည်။
နောက်ဆုံးတော့ ပဥ္စမတပည့် ကျောင်းယွဲ့ တစ်ယေယာက် ကသိကအောက် အခြေအနေကို မခံစားနိုင်တော့ဘဲ၊ မိမိကိုယ်ကို မြေပေါ် ဝပ်တွား ဦးချလိုက်ကာ ငိုယိုတောင်းပန်တော့လေသည်။ “ရှစ်စွင်း၊ တပည့် မှားသွားပါတယ်၊ တပည့် တဒင်္ဂလောက် အတွေးမှားသွားမိတာပါ၊ တပည့် ဂိုဏ်းထဲ ဝင်လာကတည်းက ရှစ်စွင်းကို သစ္စာဖောက်ဖို့ တစ်ခါလေးတောင် မတွေးခဲ့ဖူးပါဘူး၊ ခွင့်လွှတ်ပေးပါနော်၊ တပည့် ဝန်ချတောင်းပန်ပါတယ် ရှစ်စွင်း…!”
တစ်ယောက်က ဦးဆောင်လာသည်ရှိတော့ တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့လည်း ထိုအတိုင်း လိုက်လံပြုမူကာ ခွင့်လွှတ် ညှာတာပေးရန် အသနားခံကြတော့၏။
“ရှစ်စွင်း ကျွန်တော် ဂိုဏ်းထဲကို ဝင်တာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပါပြီ၊ ဒီနှစ်တွေထဲ ကျွန်တော် လုပ်ထဲ့သမျှ တာဝန်တွေအပေါ် တကယ်ကို အားစိုက်ထုတ်ပြီး ကြိုးစားခဲ့တာပါ… ရှစ်စွင်း နောက်ကလိုက်ခဲ့တာ နှစ်ပေါင်းမနည်းတော့တာကို ထောက်ပြီး ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါရစေ ရှစ်စွင်း…!”
“ရှစ်စွင်း၊ ကျွန်တော် ဂိုဏ်းထဲ ရောက်တာက နှစ် ခြောက်ဆယ်ရှိပါပြီ၊ ရှစ်စွင်း ပြောစကားကို မြေဝယ်မကျ နာခံခဲ့ပါတယ်၊ ကျွန်တော် သိတတ်နားလည်မှု မရှိလို့သာ အခုလို ကြီးလေးတဲ့ ဖီဆန်မှုကို ကျူးလွန်ခဲ့မိတာပါ၊ ရှစ်စွင်း ကျွန်တော့်အသက်ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ…”