ERLZ အပိုင်း ၃

အခန်း (၃) သွန်သင်ဆုံးမမှု မပြုဘဲ အတတ်ပညာသာ သင်ပြခြင်းက ဆရာ ပျင်းရိခြင်းမည်၏

အသံက ပဲ့တင်ထပ်၍ ဩဇာအင်အားအပြည့်၊ သမာသမတ် လမ်းစဉ် ကျင့်ကြံသူတို့ စိတ်အား တက်သွားရစေသည်။ ထိုစဉ် နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် အထွတ်အထိပ် ရောက်နေပြီဖြစ်သော ထိပ်သီးအဆင့် ကျင့်ကြံသူ ဆယ်ဦးသည် မိမိတို့ လှည်းယာဉ်အသီးသီး၌ ထိုင်နေကာ အကာအကွယ်အစီအမံပြိုလဲမည့်အချိန်ကို မျက်စိစုံမှိတ်ထားလျက် စောင့်ဆိုင်းနေကြလေ၏။

“မိစ္ဆာကောင်ကြီး ရောက်လာပြီ…!”

“သတိထားကြ”

ရုတ်တရက်၊ ကျင့်ကြံသူတို့၏ မျက်နှာထားများ ပြောင်းလဲသွားကြပြီး ဓားပျံများစီးကာ ပြန်ဆုတ်ခွာပြေးလာကြလေသည်။ မည်သူမျှ ဟန်ရေးမပြရဲကြတော့ဘဲ ဓားပျံမှ ဆင်းကာ လူအုပ်ကြားထဲပြန်ဝင်ရောနေလိုက်ကြတော့သည်။

ထိုစဉ်အချိန်ကလေး၌ ထိပ်သီး ဆရာကြီး ဆယ်ပါးလည်း မျက်လုံးဖွင့်လာကြတော့လေသည်။ သို့သော်လည်း ကောင်းကင်ဓားဂိုဏ်း၏ တပည့်ကြီး ကျိုးကျစ်ဖုန်းကတော့ လွန်စွာ ရဲတင်းလေသည်။ သူ တစ်ယောက်တည်း ဝေဟင်မှာ ဆက်ပျံနေပြီး အထက်ယံမှသည် မြေပြင်အခြေအနေကို ငုံ့ကြည့်နေသည်။ ထိုးစစ်ကို သူက စ၍ ဦးဆောင်တော့မည့်အလားပင်။

ကျင့်ကြံသူတို့၏ မျက်လုံးများက ရွှေနန်းဥယျာဉ်တောင်၏ အဝင်မုခ်ကိုသာ အကြည့်မလွှဲဘဲ ကြည့်နေကြတော့သည်။ အတွင်းဘက်မှ လူတစ်စုက ဖြည်းဖြည်းဆေးဆေး လျှောက်လာကြသည်။ လုကျိုးက သူ၏ တပည့်လေးယောက်ကို ဦးဆောင်လျက် ရောကိလာခြင်းပင်။ သူတို့သည် မည်သည့် တန်ခိုးကြီး နတ်လက်နက်များ၊ အစွမ်းထက်သည့် အဆောင်မန္တာန်ကိုမျှ မသုံးဘဲ လူသာမန်များပမာ လမ်းလျှောက်၍ လာကြခြင်းဖြစ်သည်။ သို့သော် ကျင့်ကြံသူအများစုမှာ အသက်ပင် ဝဝ မရှူရဲကြတော့။

ဆံဖြူရှင်နှင့် လူကြီးမှာ အခြားမဟုတ်။ နာမည်ဆိုးနှင့် သတင်းကြီးသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ၊ မိစ္ဆာတို့၏ အရှင်၊ မကောင်းဆိုးဝါး ယုတ်မာပက်စက်လှသော တပည့်ကိုးယောက်တို့၏ ဆရာသခင်ဖြစ်လေသည်။

အကာအကွယ်အစီအရင်နား ရောက်သည်နှင့် လုကျိုး ရပ်လိုက်သည်။ သူ ရပ်သွားတော့ စတုတ္ထတပည့် မင်ရှစ် ရင်သည်လည်း မင်သက်အံ့အားသင့်စွာ ရပ်မိသွားလေသည်။ ‘သူ ဘာလို့ ဆက်မသွားတော့တာလဲ’

လုကျိုးကတော့ တည်ငြိမ်အေးဆေးလျက်၊ …မပျက်။ ဒီလို ရပ်လိုက်ခြင်းက ကြံကြီးစည်ရာ ရှိနေသည့် တပည့်များအတွက် သံသယဝင်စရာ ဖြစ်နေသည်ကို သူ သိသည်။ သို့သော် သူ အရေး မစိုက်။ ရန်သူများအားလုံးကို သူ နိုင်နှင်း မောင်းထုတ်လိုက်နိုင်ပြီဆိုသည်နှင့် ဤတပည့်များအားလုံး သူ့ခြေရင်းမှာ ပြန်ဝပ်တွားရလောက်အောင် ကျိုးနွံသွားကြပေလိမ့်မည်။

ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် လော့ချန်းဖုန်းက အလျင်ဦးစွာ စကားဆိုလာသည်။ “တစ်လပဲရှိသေးတယ်၊ လူဆိုးယုတ်မာတွေရဲ့ ဆရာသခင်ကြီးဟာ ငယ်ရွယ် ပိုနုသွားသလိုပါလား”

သူ၏ ပြက်ရယ်ပြုမှုကြောင့် စုဝေးလာသူ အပေါင်း ပွဲကျသွားခဲ့လေသည်။

သို့သော် လုကျိုးကတော့ အရေးတယူ မရှိလှပေ။

“လော့ချန်းဖုန်း မင်းက အတော်ရဲတင်းသားပဲ” သူ အေးတိအေးစက် တုံးတိတိ ပြန်ပြောလိုက်သည်။

“ဟန်ဆောင် မနေနဲ့တော့၊ မင်းရဲ့ တပည့်ဆိုးတွေကိုသာ လှည့်စားလို့ ရချင် ရမယ်၊ ကျုပ်တို့ကိုတော့ မရဘူး… ဟန်ကိုယ့်နေလို့လဲ အပိုပဲ၊ အခု အရှုံးပေးလိုက်တော့၊ ကျုပ်တို့ သမာသမတ်ဂိုဏ်းတွေက မင်းရုပ်ကြွင်းကို အင်္ဂါပြည့်ပြည့်စုံစုံအတိုင်း ထားပေးမယ်”

လေထဲမှာ ပျံနေစဉ် ကျိုးကျစ်ဖုန်းကလည်း ပြောလာသည်။

“ခင်ဗျားတို့ လေးယောက်က ဒီအဘိုးကြီးရဲ့ အနားမှာကျန်နေခဲ့တဲ့ တပည့်လေးယောက်မဟုတ်လား”

ကိုးယောက်မြောက်တပည့် ယွမ်အာမှာ မျက်ဖြူလှန်ပြလိုက်ရင်း၊ “တပည့် မဟုတ်လို့က ငါတို့က ဘာတွေတုန်း၊ အသိသာကြီးကို… ပိန်းချက်ပဲ”

“. . .”

ကျိုးကျစ်ဖုန်း မိန်းကလေးငယ်ကို ပြန်ကြည့်လိုက်သည်။ သူက စိတ်မဆိုးဘဲ ဆက်ပြောလေသည်။ “ဒီလူဆိုးယုတ်မာကြီးဟာ အတွင်းဒဏ်ရာ အပြင်းအထန်ရထားပြီးဖြစ်တယ်၊ အခုချိန်ထိ ဟန်လုပ်ပြီး ထိန်းထားနိုင်ဖို့ဆိုတာ သူ့အတွက်လဲ လွယ်မှာ မဟုတ်ဘူး… ခင်ဗျားတို့တွေ မကောင်းမှုကို ပယ်ပြီး အခင်းဝင်လာဖို့ အခွင့်အရေးကောင်းပဲ— ကျွန်ုပ်တို့ သမာသမတ်ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး သူ့ကို သုတ်သင်ရှင်းလင်းကြရအောင်”

“သတ်ပစ်”

“သတ်ပစ်”

“သတ်ပစ်”

ကျင့်ကြံသူ အင်အား သောင်းနှင့်ချီလျက် ဟစ်ကြွေးမြည်တမ်းကြလေသည်။ ၎င်းတို့၏ အသံက မိုးမြေတုန်လှုပ်မတတ်၊ ရွှေနန်းဥယျာဉ်တောင်တစ်ခုလုံးအနှံံ့ ပဲ့တင်ထပ် မြည်ဟိန်းသွားစေလေသည်။

“သူတို့ စောက်ရမ်းဆူနေတာ ရှစ်စွင်း… တပည့်ကို သတ်ခွင့်ပေးလိုက်ပါ၊ လူပါးလာဝနေတဲ့ ဒီကောင်လေး အရေခွံကို ဆုတ်ပြီး အရိုးတွေ ချေပေးလိုက်မယ်” မင်ရှစ်ရင်က ဦးညွတ်အရိုအသေပြုလျက် ပြောလာတော့သည်။

မင်ရှစ်ရင်မှာ နတ်ဒေဝါ ဦးတည်နယ်ပယ်ထဲ ရောက်နေပြီး ဖြစ်၍ တောက်အသွင်ပြောင်းခြင်းအဆင့်၏ ကျွမ်းကျင်သူဖြစ်နေသည့်အလျောက် နယ်ပယ် အဆင့်တူခြင်းနှင့် ယှဉ်လျှင်ပင် သူက ပိုအင်အားကြီး သာလွန်နေသည်။ ကျိုးကျစ်ဖုန်းမှာ သူ၏ ပြိုင်ဘက်ဟု မှတ်ယူ၍ပင် မရနိုင်။ ထို့ကြောင့် ကျိုးကျစ်ဖုန်းသည် တံတွေးကိုသာ အသာမျိုချလျက် ဓားပျံကို ကိုက်အနည်းငယ် အဝေးဆီထိ ထိန်းချုပ် ပျံသန်းကာ နောက်ဆုတ်သွားတော့လေ၏။

ရွှေနန်းဥယျာဉ်တောင်နှင့် တိုက်ပွဲ၌ ရှေ့ဆုံး စစ်မျက်နှာမှ တိုက်ရအောင် စင်စစ် သူသည် အသက်ရှင်ခြင်းကို ငြီးငွေ့နေသူ မဟုတ်။

လုကျိုးက လက်တစ်ဖက် အသာကာလျက် ပြောလိုက်တော့သည်။

“မလိုဘူး၊ ဒီသမာသမတ်ဂိုဏ်းတွေကရော မင်းကို တစ်ယောက်ချင်း တိုက်ခွင့်ပေးမယ် ထင်နေလား”

“ရှစ်စွင်း ပြောတာ ဟုတ်တယ်” မင်ရှစ်ရင် ခေါင်းညိတ်ထောက်ခံလိုက်သည်။

ညို့အားပြင်း အပြုံးကို ဆောင်လျက် ပဉ္စမတပည့် ကျောင်းယွဲ့ကတော့ ထေ့ငေါ့ပြောလိုက်သည်။ “ကောင်ချောလေး၊ မင်းရဲ့ ဓားပျံအစွမ်းက ဘယ်ဆိုးလို့လဲ၊ တို့ ရိုက်တာ တစ်ချက် ခံလိုက်ပြီးလို့မှ မင်း မသေသေးရင် မင်း လာသတ်တာကို လည်စင်းခံပေးမယ်လေ၊ ဘယ်လို သဘောရလဲ”

“ခင်ဗျား…”

“ကျစ်ဖုန်း၊ နောက်ဆုတ်နေ…!”

“ဟုတ်”

လော့ချန်းဖုန်းက ပြောလာသည်။

“ရွှေနန်းဥယျာဉ်တောင်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ တပည့်ကိုးယောက်ဟာ နတ်ဒေဝါ ဦးတည်နယ်ပယ် အထွတ်အထိပ်နဲ့ အထက်ပိုကျတဲ့ အဆင့်တွေ ရောက်နေပြီဆိုတာ လူတိုင်းအသိပဲ၊ မင်းတို့လို ဆိုးသွမ်းလူယုတ်မာတွေက ဝါနုသေးတဲ့ ကျင့်ကြံသူတွေကို အနိုင်ကျင့်မှာ စိုးရတယ်”

လုကျိုး ဘာမှ ပြန်မပြောဘဲ သူတို့ကို ကြည့်သာ ကြည့်နေလိုက်တော့သည်။

ထိုအခိုက်၌ တွမ့်လင်အခွဲမှ ချန့်ကျန်းက ဆိုလာလေသည်။

“ဒီနေ့ သမာသမတ်ဂိုဏ်းတွေက ဆရာကြီးတွေ ပူးပေါင်းလက်တွဲပြီး မင်းတို့ကို အပြစ်ပေးဖို့ ရောက်လာတာ၊ မင်းတို့ လူယုတ်မာတွေ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရလိမ့်မယ်၊ မိမိပြုတဲ့ ကောင်းသည် ဆိုးသည် လုပ်ရပ်မှန်သမျှ မိမိထံပဲ ပဲ့တင်ပြန်လာမှာ… ဒါကြောင့် အချည်းနှီးသာ ဖြစ်ကုန်မဲ့ ခုခံတာမျိုးတွေ မလုပ်ပါနဲ့တော့၊ ထူးမှာ မဟုတ်ဘူး”

“ကောင်းသလား ဆိုးသလား မှန်သလား မှားသလားဆိုတာကို ကျုပ်ဘာသာ ဝေခွဲတဲ့ စံ ရှိတယ်၊ ကျုပ်တပည့်က အမှားကျူးလွန်ခဲ့ရင်တောင်မှ အပြစ်ပေးတဲ့သူဟာ ကျုပ်ပဲ ဖြစ်ရမယ်၊ ကျုပ်ကို ဘာလုပ်ရမယ် ဘာလုပ်သင့်တယ်ဆိုပြီး ခင်ဗျားတို့ ပြောစရာ မဟုတ်ဘူး” ဟု လုကျိုးက အေးအေးသာသာပြန်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ၊ လော့ချန်းဖုန်းနှင့် အဖွဲ့သားများ တဟားဟား ပွဲကျသွားခဲ့၏။

“အဘိုးကြီး ခင်ဗျားကြီး တယ် ရယ်စရာ ပြောတတ်သကိုး… ခင်ဗျား သူတို့ကို အပြစ်ပေးဖို့ ဆုံးဖြတ်တဲ့ အချိန်ကျတော့ တစ်လောကလုံး စိစိညက်ညက်ကြေနှင့်ပြီးသား ဖြစ်နေပါဦးမယ်၊ ယွီကျန့်ဟိုင်ရဲ့ ငရဲဂိုဏ်းက နေရာအနှံ့ သူများ ဂိုဏ်းတွေကို ဝါးမျို ဖျက်ဆီးနေတာ၊ ခင်ဗျား သူ့ကို အပြစ်ပေးခဲ့လို့လား၊ ယွီရှန်းရုန်ကတော့ တာ့ယန်ရဲ့ ဒုတိယ မြို့တော်ကနေ ထောင်သောင်းမကတဲ့ ရတနာတွေ လုယက်သွားတာ ခင်ဗျား သူ့ကိုရော အပြစ်ပေးခဲ့လား”

“တာ့ယန်ကို လက်ဆက်ဖို့ ရောက်လာတဲ့ အနောက်ပိုင်းဒေသ မင်းသမီးကို ပြန်ပေးဆွဲသွားတာလဲ ယွီရှန်းရုန်ပဲ မဟုတ်လား…”

“ဟုတ်တယ်”

“ရုန်ပေမှာ ကျင့်ကြံသူ သုံးသောင်း သေသွားရတာ စီးဝူယာ့ ရန်တိုက်ပေးလို့… မဟုတ်လို့လား”

“ဟုတ်ပါတယ်”

“ခင်ဗျား ဝန်ခံရဲသေးတာတော့ ကောင်းတယ်၊ ‘သွန်သင်ဆုံးမမှု မပြုဘဲ အတတ်ပညာသာ သင်ပြခြင်းက ဆရာ ပျင်းရိခြင်းမည်၏’ တဲ့… ခင်ဗျားမှာ ဘာပြောစရာ ရှိသေးလဲ”

စင်စစ် ဤနှစ်ပေါင်းများစွာအတွင်း ဆိုးသွမ်းယုတ်မာသော သူ့တပည့်များမှာ ကောက်ကျစ်ရက်စက်သော မကောင်းမှုပေါင်း များစွာ ကျူးလွန်ခဲ့ကြလေသည်။ သို့သော် ပစ္စုပ္ပန်ကာလမှာတော့ ဤသမာသမတ် တရားနည်းလမ်းကျ ကျင့်ကြံသူများနှင့် သူသည် အမြင်မတူသော ရန်သူများသာ ဖြစ်တော့၏။

လုကျိုး လော့ချန်းဖုန်းအား တစ်ချက်မျှသာ ငဲ့ကြည့်လိုက်ရင်း တည်ငြိမ်အေးဆေးစွာ ပြန်ဖြေလေသည်။ “အဲဒီတော့…”

“ခင်ဗျားတို့ရဲ့ မိစ္ဆာဝေဟင် မျှော်နန်းက လုပ်ရပ်မှန်သမျှကို လူ့ဘုံရော နတ်ဘုံကပါ ရှုတ်ချနေတယ်ဆိုတာ မသိဘူးလား” လော့ချန်းဖုန်း ခေါင်းခါ နေလိုက်တော့သည်။

“ကျုပ်တို့နဲ့ အဆွေအမျိုးမဟုတ်တဲ့သူတွေဟာ စိတ်သဘောထားချင်းလဲ တိုက်ဆိုင် တူနိုင်မှာ မဟုတ်ဘူး၊ အနောက်ဘက်ဒေသဟာ ကျုပ်တို့ရဲ့ အဆွေမဟုတ်သလို၊ ရုန်ပေက ဟာတွေကလဲ ကျုပ်တို့ရဲ့ အမျိုးမဟုတ်နေဘူး… ခင်ဗျားကတော့ သူတို့ကို သနားဖို့ ပြောနေတယ်၊ တော်တော် ကျိုးကြောင်း မသင့်တာပဲ”

“မင်း…” လော့ချန်းဖုန်းတစ်ယောက် လုကျိုးကြောင့် ဒေါသထွက် ပေါက်ကွဲသွားမိတော့သည်။ အခြား ထိပ်သီး ကျင့်ကြံသူကြီး ကိုးဦးကတော့ ခေါင်း တခါခါနှင့်၊ မိစ္ဆာကြီးကို အစွဲချွတ်မရတော့ဟု တွေးနေကြလေသည်။

သို့သော်လည်း ထိုစဉ် တဒင်္ဂ၌ လုကျိုးနောက်ပါးမှာ ရပ်နေကြသော တပည့် လေးယောက် အံ့သြနေကြရလေသည်။ သူတို့၏ ဆရာမှာ စကား အပြောအဆို ညက်ညောသူ မဟုတ်ခဲ့ပေ။ အနည်းငယ် အမြင်မတူရုံမျှနှင့် လေကုန်မခံတော့ဘဲ တစ်ဖက်သားကို သတ်ဖြတ်တတ်သော အကျင့်ရှိခဲ့၏။ သို့သော် ယခုတော့ ဤသမာသမတ် ကျင့်ကြံသူများနင့် စကားချေတင် ဖလှယ်ပြောဆိုနေသေး။ သူတို့အတွက်တော့ အံ့အားသင့်စရာပင်။

မင်ရှစ်ရင်သည် မျက်လုံးထောင့်ကပ်၍ ဆရာကို ခိုးကြည့်လိုက်သည်။ လုကျိုးမှာ အကာအကွယ်အစီအရင်၏ အတွင်းဘက်၌ ရပ်နေသည်။ သူ့အရှိန်အဝါနှင့် အမူအကျင့် ဟန်ပန်တို့မှာ အတိတ်ကနှင့် မခြားနား။ သို့သော်လည်း ဆရာနှင့် ပတ်သက်၍ ထူးဆန်းသည့် ခံစားချက်တစ်မျိုး ရနေမိသည်။ ဘာ့ကြောင့်ရယ်တော့ သူ အမိအရ မပြောတတ်။

“မိစ္ဆာကောင်ကြီး၊ သတ္တိရှိရင် အကာအကွယ်နောက်က ထွက်လာခဲ့စမ်း… ဒီလိုမျိုး ဟန်လုပ်နေလဲ ဘာမှ မထူးဘူး” ချန့်ကျန်းက ဆိုသည်။

“ဒီလိုဆိုတော့လဲ ကျုပ် ခင်ဗျားတို့ ဆယ်ယောက်နဲ့ ထပ်တိုက်ကြတာပေါ့”

ထိပ်သီး ဆယ်ယောက် တစ်ခဏတော့ မင်သက် အံ့သြသွားဖြစ်သော်လည်း နောက်တော့ ဟက်ဟက်ပက်ပက် ရယ်သွမ်းကြတော့လေသည်။

လွန်ခဲ့သော တစ်လကပင် သူတို့ကို အနိုင်မယူနိုင်ခဲ့သော ကျိထျန်းတောက်က ယခုလို ဒဏ်ရာရနေချိန်၌ သူတို့ကို ယှဉ်နိုင်မည်တဲ့လား။

လော့ချန်းဖုန်း ကျယ်လောင်စွာ ပြောလိုက်တော့သည်။ “လူယုတ်မာ မကောင်းဆိုးဝါးကောင်၊ မင်း ဘယ်အချိန်ထိ ဟန်ဆောင်နေနိုင်မလဲ ကြည့်ကြတာပေါ့၊ ထွက်လာပြီး ကျုပ်ကို လာတိုက်တော့…!”

လုကျိုးကတော့ လော့ချန်းဖုန်းအား တည်ငြိမ်အေးဆေးသော မျက်နှာပေးဖြင့် ကြည့်နေလေသည်။ သို့သော် မင်ရှစ်ရင်ကတော့ မျက်မှောင်ကျုတ်သွားမိလေသည်။ နောက်မှ တဖြည်းဖြည်း မျက်မှောင် ပြန်ပြေသွားခဲ့သည်။

‘ရှစ်စွင်းရဲ့ စိတ်နေသဘောထားအရ ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး၊ သူ့မှာသာ ထိပ်သီး ဆယ်ယောက်စလုံးကို တကယ်ပဲ တစ်ပြိုင်နက်တည်း ယှဉ်ချနိုင်စွမ်းရှိနေရင် အခုလို ကျိုးကြောင်း အချေတင် ပြောဆိုနေမှာ မဟုတ်ဘူး၊ ဆိုတော့ကာ တစ်ခုတည်းသော ဖြစ်နိုင်ခြေက—ရှစ်စွင်း တကယ်ကြီး ဒဏ်ရာရနေတာပဲ…!’

မင်ရှစ်ရင် နှုတ်ခမ်းထောင့်၌ အပြုံးယောင်ယောင်ကလေး သန်းသွားတော့သည်။

လုကျိုးသည် လူအုပ်စုကြီး၏ စောင့်ကြည့်မှု အောက်မှာပဲ အကာအကွယ်အစီအမံအောက်မှ လမ်းလျှောက် ထွက်သွားခဲ့ပြီး ထောင်နှင့် သောင်းနှင့် ရှိနေသော ကျင့်ကြံသူများကို မျက်နှာချင်းဆိုင်လျက် လေဒဏ်ကို အံတုကာ ရပ်နေလိုက်တော့သည်။ သူ့ဘဝတစ်လျှောက်လုံး ဤကဲ့သို့ ကြီးကျယ် ခမ်းနားသော မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ စိတ်ထဲမှာ မရှိန်နေမိ၊ မတုန်လှုပ်မိဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ အပြင်ပန်းမှာတော့ သူ တည်ငြိမ်နေမှ ဖြစ်ပေမည်။

“ကောင်းပြီလေ၊ ခင်ဗျားတို့ ဘာတွေ တတ်သလဲ ပြကြည့်ပေါ့” လုကျိုး ပြောလိုက်တော့သည်။

စွတ်…!

လော့ချန်းဖုန်း လေထဲမှ ရုတ်တရက် ပေါ်လာသည်။ နောက်တော့ သူ၏ ဓားက အရေအတွက်များစွာ ပွားသွားပြီး ထီးသဖွယ် ယှက်ဖြာကွဲကာ လျင်မြန်သော အဟုန်ဖြင့် လည်နေတော့သည်။

“ဒါက ကောင်းကင်ဓားဂိုဏ်းရဲ့ ထူးခြားသိုင်းကွက် ကောင်းကင် ဓား တံလျှပ် ဆိုတာပဲ… လျှပ်တပြက် တစ်ခဏအတွင်းကို ဓားချက်ပေါင်း ရာချီ ထိုးနှက်လို့ ရတယ်၊ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် အထွတ်အထိပ်ရောက်နေတဲ့ ကျင့်ကြံသူတောင် ထိပ်တိုက် တွေ့ရဲတာ မဟုတ်ဘူး” ကောင်းကင်ဓားဂိုဏ်း၏ တပည့်သားများ လွန်စွာ တက်ကြွ စိတ်လှုပ်ရှားလာကြတော့လေသည်။

“ဒါ ဂိုဏ်းချုပ်ရဲ့ ကောင်းကင် ဓား တံလျှပ်ပဲ…!”

“ဒီ တိုက်ကွက်နဲ့တင် သူ့ အခြေအနေမှန်ကို မြင်တွေ့ရမှာပဲ၊ သူ ခံနိုင်ရည်ရှိတယ်ဆိုရင်တောင် အနိုင် အရှုံးရလဒ်ကို ပြောင်းလဲစေနိုင်မှာ မဟုတ်ဘူး”

“ဒီမိစ္ဆာအိုကြီးတော့ ကိုယ့်သေတွင်း ကိုယ်တူးမိတာပဲ…!”

ERLZ
Author: ERLZ
ငါ့တပည့်တွေ အကုန်ဗီလိန်တွေချည်းပဲ

ငါ့တပည့်တွေ အကုန်ဗီလိန်တွေချည်းပဲ

My Apprentices Are All Villains, 我的徒弟都是大反派
Score 7.8
Status: Ongoing Type: Author: , Artist: Released: 2019 Native Language: Chinese
Mou Sheng Ren Zhuan Peng ရေးသားသည့် My Disciples Are All Villains ကို ဘာသာပြန်ဆိုသည်အကျဉ်းချုပ်လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့ ငရဲဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဒုတိယ တပည့်ကတော့ နည်းနည်းလေး သဘောထားကွဲလွဲတာနဲ့ သူများကို သတ်ဖြတ်လေ့ရှိတဲ့ ဓားနတ်ဆိုးဖြစ်တယ်။သူ့ကျင့်ကြံမှုအခြေခံမရှိဘဲ အဲဒီ မိစ္ဆာတပည့်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ။သူ့တပည့်အကြီးဆုံး ယွီကျန့်ဟိုင်က ပြောတယ်။“ကျုပ် ဘ၀မှာ ရန်သူ တစ်ယောက်ဆို တစ်ယောက်မှ မရှိဘူး၊ ဒါပေမဲ့ ကျုပ်ရှစ်စွင်းက ကျုပ်ကို ဦးညွတ်လာအောင် လုပ်နိုင်တယ်”သူ့သတ္တမတပည့် စီးဝူယာ့က“ရှစ်စွင်း မသေသရွေ့ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း စားနိုင် အိပ်နိုင်မှာ မဟုတ်ဘူး”...သူ့န၀မတပည့် ယွမ်အာကတော့“ရှစ်စွင်းပြောသမျှ မှတ်ထားပြီး လူကောင်းတစ်ယောက် ဖြစ်အောင် လုပ်မယ်”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset