ERLZ အပိုင်း ၂

အခန်း (၂) ရန်သူများကို ပြန်လည်မောင်းထုတ်ရန် နည်းဗျူဟာ

သူ့ကျင့်ကြံဆင့်က ခန္ဓာ တည်ဖွဲ့ခြင်း န၀မအဆင့်ဆိုတာ မြင်လိုက်ရချိန် လုကျိုး ခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းလိုက်မိသည်။ ကံဆိုးစွာဖြင့် ကျိထျန်းတောက်၏ ကျင့်ကြံဆင့်က ပျောက်ဆုံးသွားခဲ့သည်။ အိုမင်းသည်ကလွဲ ခန္ဓာကိုယ်က ခန္ဓာတည်ဖွဲ့ခြင်း ခွန်အားသာ ကျန်ရှိတော့သည်။

ကျိထျန်းထောက်ရဲ့ အထွတ်အထိပ် သဏ္ဍာန်ကတ်တွေကရော…။

“စနစ်ရေ၊ ကျိထျန်းတောက်ရဲ့ အထွတ်အထိတ် သဏ္ဍာန်ကတ်တွေက သူအင်အားအကြီးဆုံးကာလမှာလို့ ဆိုလိုတာလား”

စနစ်က မဖြေ။ ကြည့်ရတာ ထိုသို့ဖြစ်သည့်ပုံပင်။

သုံးကတ်… တစ်နာရီခွဲစာဖြစ်၏။

သူ့ခွန်အားနှင့် ကျင့်ကြံဆင့် ယုတ်လျော့နေသည့် အခြေအနေတွင်တောင် ကျိထျန်းတောက်က ကျွမ်းကျင်ပညာရှင်ဆယ်ယောက်နှင့် သရေကျနိုင်သေးသည်။ သူ့အထွတ်အထိပ်ကာလတွင်သာဆို သူတို့ကို အနိုင်ယူရန် ခဲယဉ်းမည်မဟုတ်။

‘အကြောင်း ပြန်လှန်ကတ်က ငါ့ကို အသက်ဓာတ် အချို့ပေးနိုမယ်ပေါ့’

ဒါက ခုလက်ရှိ သူအလိုအပ်ဆုံးအရာပင်။

နှစ်ကြိမ် မစဉ်းစားဘဲ လုကျိုးက အကြောင်းပြန်လှန်ကတ်ကို ထုတ်လိုက်သည်။ ၎င်းက တစ်စစီ ပြန့်ကျဲသွားကာ အတွေးတစ်ချက်တည်းဖြင့် အလင်းမှုန်လေးများအဖြစ် ပြောင်းလဲပြီး သူ့ပတ်လည်တွင် ရစ်ဝဲနေ၏။

ထိုအခိုက်တွင် သူ ခိုက်ခိုက်တုန်သွားလေသည်။

ပတ်ဝန်းကျင်က မြက်ခင်းနှင့်သစ်ပင်များ၏ အသက်ဓာတ်က ဆွဲယူခံရပြီး စွမ်းအင်စီးကြောင်းများက လိမ့်လာကာ တောင်တန်းများကနေတစ်ဆင့် စီးဝင်လာသည့်ပုံပင်။ မကြာခင်ပင် တောင်တန်းနှင့် မြေပြန့်တစ်ဝန်းဆီမှ စွမ်းအင်စီးကြောင်းများက အလျင်အမြန် စုပေါင်းသွားလေသည်။

သူ့ အသားအရေပြောင်းလဲသွားသည်။

ဆံပင် ပြောင်းလဲသွားသည်။

မျက်စိအမြင် ပိုကြည်လင်လာသည်။

သူ့ အသက်ဓာတ်က တဖြည်းဖြည်း ပြန်လည်စုစည်းလာပြီ။

လုကျိုးက ဇယားကိုတစ်ချက်ကြည့်လိုက်သည် : လက်ကျန် အသက်ဓာတ်စက်ကွင်းက တဖြည်းဖြည်း ပြန်လည်မြင့်တက်လာ၏။

သက်တမ်းကို ပြောင်းပြန်လှန်နိုင်သော အကြောင်းပြန်လှန် ကတ်အစွမ်းက… အင်မတန်ပင် မှင်သက်ဖွယ် ကောင်းလေသည်။

သူ့ခံစားချက်များ ငြိမ်သက်သွားရန် အတော်လေး ကြာသွားခဲ့၏။

ထိုစဉ်…

တပည့်လေးဦး တောင်ခြေသို့ ရောက်ပြီး သိပ်မကြာခင် သူတို့ တောင်ထိပ်ဆီမှ ပြင်းထန်သော လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

“အားပြင်းလွန်းတဲ့ စွမ်းအင်လှိုင်းပဲ”

လောင်စန်းက အာမေဋိတ်ပြုလိုက်သည်။

“ရှစ်စွင်းမှာ ငါတို့ကို မသင်ပေးရသေးတဲ့ ပိုပြီးအစွမ်းပြင်း သိုင်းကွက်တွေရှိသေးမှန်း ငါသိသားပဲ”

“သစ္စာဖောက်မှုပြီးတည်းက ဆရာက ငါတို့ကိုသင်ပေးရင် အမြဲ တစ်ကွက် နှစ်ကွက်ချန်ထားတာလေ”

“ဒါပေမဲ့… ငါ ရှစ်စွင်းနဲ့ အနီးဆုံးရှိနေခဲ့တုန်းက သူ့ခန္ဓာကိုယ်မှာ ဘာစွမ်းအင် အတက်အကျမှမရှိဘူး၊ ကျင့်ကြံသူလောကကြားမှာတော့ ရှစ်စွင်း ဒဏ်ရာရသွားတယ်ဆိုပြီး ကောလာဟလတွေ အများကြီးပဲ”

“အသွင်အပြင်ကြောင့် အရူးမလုပ်ခံရစေနဲ့၊ စွမ်းအင်အတင်အကျကို ဖုံးကွယ်ဖို့ဆိုတာက ခက်ခဲတာမဟုတ်ဘူး၊ ခုလေးတင် ရှစ်စွင်းရဲ့ ဆောင်ရွက်မှုကိုဆုံးဖြတ်ရရင် အရာအားလုံးက သူ့လက်အောက်ထဲ ရှိနေတုန်းပဲ”

“ကျို့ရှစ်မေ့၊ ရှစ်စွင်းက မင်းကို အရေးပေးဆုံးပဲ၊ ဒါ ဘာနည်းလမ်းလဲ သိလား”

ကျန်တပည့်သုံးယောက်က နဝမမြောက်တပည့်ကို လှမ်းကြည့်လိုက်သည်။

“အာ၊ ညီမဘယ်လိုလုပ်သိပါ့မလဲ… ရှစ်စွင်းက အမြဲ တွေးလို့ မမီလောက်အောင် နက်နဲလွန်းတာကို”

ယွမ်အာလေးက မပွင့်တပွင့် ပြောလာသည်။

လေးယောက်သား ကင်းလှည့်နေစဉ် အကာအရံ အပြင်ဘက်ကနေ သမာသမတ် ကျင့်ကြံသူတစ်ယောက် အသံကို ကြားလိုက်ရသည်။

“နားထောင်စမ်း၊ ရွှေနန်းဥယျာဉ်တောင်ဂိုဏ်းက လူဆိုးကောင်တွေ… မင်းတို့တွေကို ဝိုင်းထားပြီးပြီ၊ မြန်မြန်ထွက်လာပြီး သေမင်းနဲ့ရင်ဆိုင်လိုက်ကြ”

အသံက တောင်တစ်ဝန်း အပ်ခိုးထပ်သွားသည်။

နဝမမြောက်တပည့်လေး ခေါင်းမော့ကြည့်ချိန် ကောင်းကင်ယံတွင် ဓားပျံတစ်စင်း ပျံဝဲနေတာ မြင်လိုက်ရသည်။

“ဒါ ကျိုးကျစ်ဖုန်းပဲ၊ ကောင်းကင်ဓားဂိုဏ်းက တပည့်ကြီးလေ၊ ဟိုတစ်လောက နတ်ဒေဝါဦးတည်နယ်ပယ်ဆီ ရောက်ထားတာဆို”

“သူက ခုမှ နတ်ဒေဝါဦးတည်နယ်ပယ်ကို ခြေချခါစပဲရှိသေးတာ၊ တစ်ယောက်ချင်းချရင် ရှစ်မေ့ ပြိုင်ဘက်တောင် မဟုတ်ဘူး”

“သူတို့လူတွေအများကြီးပါလာတာတော့ စိတ်မကောင်းစရာပဲ”

“…”

ရွှေနန်းဥယျာဉ်တောင်၏ လူဆိုးကိုးယောက်ထဲတွင် နောက်ဆုံးမှ ဂိုဏ်းကို ဝင်လာသူ စီယွမ်အာက အားအနည်းဆုံး ကျင့်ကြံဆင့်ရှိသည်။ သူကအခုလက်ရှိ နတ်ဒေဝါဦးတည်နယ်ပယ်တွင် တောက်ထိန်းချုပ်အဆင့်၌ ရောက်နေချေပြီ။

“ဒီလူတွေက စိတ်ပူစရာမဟုတ်ဘူး၊ တကယ့်ပြဿနာက ထိပ်တန်းဆယ်ယောက်ပဲ၊ သူတို့တွေအကုန်လုံးက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ခွန်အားတွေ ရှိနေကြပြီ”

“တာ့ကော အကူအညီမရှိဘဲနဲ့ဆို ရှစ်စွင်းမှာ ရန်သူတွေကို မောင်းထုတ်ဖို့ အကြံရှိပါစေပဲ ဆုတောင်းတယ်”

တတိယတပည့် တွမ့်မူရှန်းက လက်ပိုက်လျက် ဆို၏။

စတုတ္ထတပည့် မင်ရှစ်ရင်က ကောက်ကျစ်စွာ ပြုံးလေသည်။

“ဒါက သစ္စာဖောက်ရာကျမှန်း သိပေမဲ့ ငါတို့ထွက်ပြေးချင်ရင် ဘယ်သူကများ တားနိုင်မှာမို့လဲ”

တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ယွမ်အာလေးတို့အကုန် ရပ်သွားကြသည်။ အတော်ကြာတိတ်နေပြီးမှ တွမ့်မူရှန်းက ပြောလာသည်။

“ရှစ်စွင်းက ငါ့ကို လက်နက်မပေးသေးတာကို ဘယ်လိုလုပ် ထွက်သွားနိုင်ပါ့မလဲ”

ပဉ္စမတပည့် ကျောင်းယွဲ့က တခစ်ခစ်ရယ်လေတော့သည်

“ဘယ်ဟာက ပိုပြီးအရေးကြီးတာလဲ၊ ရှစ်ရှိုးရဲ့အသက်လား ဒါမှမဟုတ် ကျိုးပဲ့နေတဲ့လက်နက်လား”

နဝမတပည့်က သူတို့ကိုနားမလည်သည့်ပုံဖြင့် ကြည့်လာသည်။

“ရှစ်ရှိုးတို့နဲ့ ရှစ်ကျဲ တကယ် ရှစ်စွင်းနဲ့အတူ မတိုက်ခိုက်ပေးချင်ဘူးလား၊ ရှစ်စွင်းက ညီမလေးတို့ကို ကျင့်စဉ်တွေ ကြိုးစားစားသင်ပေးထားတာကို ဘယ်လိုလုပ် လုပ်ရက်ရတာလဲ”

ရှစ်ကျဲကျောင်းယွဲ့က လက်တစ်ဖက်ကိုမြှောက်ပြီး ပြောလာ၏။

“ညီမလေး၊ နင်က ဂိုဏ်းကို နောက်ဆုံးမှဝင်လာတာ၊ အဲတော့ နင်မသိသေးတဲ့ကိစ္စတွေ အများကြီးရှိသေးတယ်…”

မင်ရှစ်ရင်က နှာမှုတ်ကာ ပြောသည်။

“ရှစ်စွင်းက ငါတို့ကို ကျင့်ကြံစဉ်နည်းလမ်းတွေ သင်ပေးခဲ့ပေမဲ့ နှိပ်လည်းနှိပ်စက်ခဲ့တာပဲ၊ မဟုတ်ဘူးလား”

“ဒါပေမဲ့ အဲဒါကြောင့်ပဲ ညီမလေးတို့ ပိုပြီး အင်အားကြီးလာတာ မဟုတ်ဘူးလား”

ယွမ်အာလေးက သဘောမပေါက်ပေ။

“နင်က ရိုးလွန်းတာကိုး၊ ရွှေနန်းဥယျာဉ်တောင်ရဲ့ မကောင်းသတင်းနဲ့ မကောင်းဆိုးဝါးတပည့် ကိုးယောက်ရဲ့ ဂုဏ်သတင်းကိုပဲ ကြည့်ကြည့်”

တုတ်ကောက်တစ်ချောင်းသည် ကောက်ကွေးနေသော အရိပ်ရှိမည်ပင်။ တပည့်များ၏စရိုက်နှင့် အကျင့်ကလည်း သူတို့ဆရာနှင့် ဆင်လေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒါက သစ္စာဖောက်မှုအတွက် အကြောင်းပြချက်မဟုတ်ဘူးလေ” ယွမ်အာလေးက ခေါင်းကြောမာစွာ ဆိုသည်။

ထိုအခြင်းအရာကြောင့် တခြားသုံးယောက်မှာ ခေါင်းတခါခါနှင့် သက်ပြင်းချမိတော့သည်။ သူတို့ရှစ်စွင်းက ဒေါသထွက်လွယ်သလို တစ်ခါတစ်ရံ စိတ်ဆိုးမာန်ဆိုးဖြစ်တတ်၏။ သူ့တပည့်များကိုလည်း ခက်ထန်စွာ ဆက်ဆံသည်။ အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုတို့ ထွက်ခွာမှုအတွက်ကတော့ သူတို့အကြောင်းအရင်း မသိသလို ရှစ်စွင်းကလည်း တစ်ခါမှ ထုတ်ဖော် မပြောဖူးပေ။

ထိုစဉ် လုကျိုးကတော့ စနစ်ကို လေ့လာနေတာဖြစ်၏။

အကြောင်းပြန်လှန်ကတ်ကိုအသုံးချပြီးနောက် သူ့ခန္ဓာကိုယ်က နုပျိုလာကြောင်း ခံစားရသည်။ လူငယ်တစ်ယောက်ကဲ့သို့ အားအင် မပြည့်သေးသော်ငြား ဟိုဟိုဒီဒီ လှုပ်ရှားရန်တော့ လုံလောက်သည်။

သူက ခြေထောက်မြှောက်ပြီး ရိုးရှင်းသောအားကစားတစ်ချို့ လေ့ကျင့်လိုက်သည်။ သူ့ခန္ဓာကိုယ်အသစ်နှင့် ကျွမ်းဝင်ပြီးနောက် သက်ပြင်းချလိုက်မိတော့သည်။

“နည်းနည်းလေး အိုနေသေးတာပဲ”

သူ့ အရင်ဘဝတုန်းက ဘယ်လောက်အချိန်ပိုလုပ်ပြီး နောက်ကျမှအိပ်အိပ် အလွန်ဆုံးမှ အသက်သုံးဆယ် အရွယ်ဟုသာ ခံစားခဲ့ရ၏။ သူက ရုတ်တရက်ကြီး ဒီလောက်အိုမင်းသွားတာမျိုးနှင့် ကျင့်သားမရပေ။

ကံကောင်း၍ သူ့ကျန်ရစ်သည့် သက်တမ်းက ၃၁၃ ရက်ဖြစ်သွားချေပြီ။

သူ ကျင့်စဉ်များ၊ လက်နက်များ၊ အကြောင်းပြန်လှန်ကတ်များ ဝယ်ယူနိုင်ကြောင်း လုကျိုး သတိထားမိသွားခဲ့သည်။ ဆိုလိုသည်က သူ အိုမင်းမှုကို ပြောင်းပြန်လှန်၍ရသည်ဟုပင်။

၃၁၃ရက်က လုံလောက်သည်ထက်ကို ပိုလွန်းလှသည်။ သူ အနည်းဆုံးတော့ ပုံမှန် လှုပ်ရှားနိုင်သည့်အဆင့်သို့ ပြန်ရောက်ချင်သည်။ အိုမင်းလွန်းသည့်ပုံ ပေါက်နေတာက တကယ် ဆိုးရွားလှသည်။

ဒါမှမဟုတ်၊ သူ အသက်ငယ်အောင် ပြန်လှန်လို့များရနိုင်လား။ သို့သော်ငြား ခုလက်ရှိတွင် အကြောင်းပြန်လှန်ကတ်များ သိပ်မရှိပေ။ ခုလက်ရှိပြဿနာကို ဖြေရှင်းပြီးမှသာ စဉ်းစားနိုင်တော့မည်။

အခြား ကမ္ဘာကူးပြောင်းခရီးသွားသူများမှာ ဒီလိုအခြေအနေမျိုးတွင် မညပ်လောက်ဟု သူထင်မိတော့သည်။

“လက်ဆောင်ပစ္စည်းတွေက နည်းလွန်းတာ ဆိုးတာပဲ၊ ကြည့်ရတာ ခုပြဿနာကို ဖြေရှင်းဖို့ ခေါင်းကို အသုံးချရမဲ့ပုံဖြစ်နေပြီ”

လုကျိုး ဆက်ပြီး စဉ်းစားနေမိသည်။ တစ်ခဏအကြာတွင် သူဖြည်းဖြည်းချင်းထလာကာ အဆောက်အအုံငယ်ထဲမှ ထွက်လာခဲ့၏။

ချစ်ချစ်တောက် ပူနေသည့်နေက မျက်စိကျိန်းစရာပင်။ ကျိထျန်းတောက် မှတ်ဉာဏ်ထဲတွင် ဝိုးတဝါးမြင်ကွင်းများ ရှိသော်ငြား သူ့မျက်စိနှင့်ကိုယ်တိုင် မြင်ချိန် ကြည်လင်နေသော ကောင်းကင်ပြာကြောင့် အံ့အားသင့်မိသွားသေးသည်။

ဘုန်း…

ပေါက်ကွဲသံကြီးပေါ်လာပြီး ရွှေနန်းဥယျာဉ်တောင်တစ်ခုလုံးတုန်ခါသွားသည်။

လုကျိုးက မသိမသာမျက်မှောင်ကြုတ်လိုက်သည်။ ဒီကျင့်ကြံသူတွေက အကာအရံကို ဖျက်ဆီးဖို့ အဲလောက်တောင် စိတ်မရှည်ဖြစ်နေပြီလား။

ဘွန်း!

သူ စည်းအကာအရံကို မော့ကြည့်လိုက်သည်။

ရွှေနန်းဥယျာဉ်တောင်က အမှန်တကယ်ကို အဖိုးထိုက်သည့် နယ်မြေပင်။ စွမ်းအားပြင်းလှသည့် အရံအတားက မြေအနေအထားအရ ဆတိုး အားကောင်းလှပြီး နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပညာရှင်များအတွက်ပင် ဖောက်ထွင်းရန် ခဲယဉ်းလှသည်။

ရွှစ်၊ ရွှစ်၊ ရွှစ်…

မျက်စိတစ်မှိတ်အတွင်းမှာပင် တပည့်လေးယောက်က သူ့ရှေ့ရောက်လာကြသည်။ သူတို့က လုကျိုး မတ်တတ်ရပ်နေတာ မြင်တော့ ထိတ်လန့်ကုန်ကြသည်။

“ရှစ်စွင်း”

“ရှစ်စွင်း”

“ရှစ်စွင်း”

“နှုတ်ဆက်ပါတယ်၊ ရှစ်စွင်း”

သူ့ကို နှုတ်ဆက်သည့်နောက်ဆုံးတပည့်က နဝမတပည့် စီယွမ်အာဖြစ်သည်။

လုကျိုးက သူမ၏ လှပကြော့ရှင်းသော မျက်နှာပေါ်မှ အပြုံးကို ကြည့်လိုက်သည်။

“ရှစ်စွင်း၊ ကြည့်ရတာ ငယ်သွားသလိုပဲ”

ယွမ်အာက အပြုံးနှင့်ပြောလေသည်။

“ဒီကိုလာပါဦး”

“ဟုတ်”

ကျိထျန်းတောက်၏ စီယွမ်အာ့အပေါ် အလေးပေးမြတ်နိုးမှုမြင်ကွင်းများက လုကျိုး အတွေးထဲ ပေါ်လာခဲ့သည်။ ဒီလူဆိုးကောင်ကြီးတွင် နူးညံ့သော စိတ်ရှိမည်မထင်ခဲ့ပေ။ သူက လက်တစ်ဖက်ကို မြှောက်ပြီး သူ့နဝမတပည့်၏နဖူးပေါ် ညင်သာစွာ ပုတ်လိုက်သည်။

“မင်းက အကောင်းဆုံးပဲ”

ဘေးတွင်ရပ်နေသည့် တွမ့်မူရှန်းက ဝင်ပြောလေသည်။

“ရှစ်စွင်း၊ သူတို့က အကာအရံကိုဖောက်ဖို့ကြိုးစားနေကြတယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို တိုက်ခိုက်ခွင့်ပြုပါ၊ သူတို့အားလုံးကို သေချာပေါက် သတ်ပစ်မယ်!”

လုကျိုးအကြည့်က တွမ့်မူရှန်းမျက်ဝန်းဆီ ရောက်သွားသည်။

ထိုအကြည့်က တွမ့်မူရှန်းနှလုံးသားကို တုန်ယင်သွားစေပြီး ခေါင်းငုံ့ကာ တစ်ဖက်သူကို တိုက်ရိုက် မကြည့်ရဲတော့ပေ။

“ရန်သူတွေကိုမောင်းထုတ်ဖို့ ငါ့မှာ အကြံတစ်ခုရှိပြီးသား၊ လိုက်ခဲ့ကြ”

လုကျိုးက ခပ်ယဲ့ယဲ့ပြောလိုက်သည်။

“နားလည်ပါပြီ!”

အသက်ဓာတ် အနည်းငယ် ပြန်လည်ရရှိပြီးနောက် လုကျိုးဆခြထောက်များက ပိုသွက်လက်လာခဲ့သည်။ ရွှေနန်းဥယျာဉ်တောင်အပြင်ဘက် လျှောက်လာစဉ် သူ့တပည့် လေးယောက်က တရိုတသေ လိုက်လာကြသည်။

တောင်အပြင်ဘက်တွင် ကျင့်ကြံသူထောင်ချီက အုပ်စုငယ်လေးများဖွဲ့ကာ စီရပ်နေကြသည်။ တစ်ချို့က ဓားပျံများပေါ်တွင်ရပ်ကာ၊ တစ်ချို့က ယာဉ်ပျံများပေါ် နှင့် တစ်ချို့က မြေပြင်ပေါ်တွင် ဖြစ်သည်။

သူတို့ရှေ့တွင်အမျိုးမျိုးသော တံခွန်များက ဝေ့ယမ်းနေသည် — ကောင်းကင်ဓားဂိုဏ်း၊ ကွန်ဖြူးရှပ်ကျောင်း၏ တွမ့်လင်းဂိုဏ်းခွဲ၊ ကမ္ဘာဦးတောက်ကျင့်ကြံသူ အစည်းအရုံး…အသီးသီးပင်။

“အားလုံးပဲ ပိုပြီးအားစိုက်ကြ! မကြာခင်အရံအတားက ပျက်တော့မှာပဲ! ရွှေနန်းဥယျာဉ်တောင်ရဲ့ မကောင်းဆိုးဝါးဂိုဏ်းချုပ်က ဆိုးဆိုးဝါးဝါးဒဏ်ရာရနေတာပဲဖြစ်ရမယ်၊ ခုထွက်မလာရဲတာကိုပဲ ကြည့်ကြည့်၊ အတိတ်တုန်းကဆို ရွှေနန်းဥယျာဉ်တောင်က ဘယ်တုန်းက ဒီလိုဆိတ်ဆိတ်နေပြီး အရှက်ကွဲခံလို့လဲ”

“အမှန်ပဲ… သူက ထွက်လာပြီးရင်ဆိုင်ဖို့ သိပ်ကြောက်နေတာပဲဖြစ်ရမယ်။ တိုက်ခိုက်ဖို့ ဆက်ပြီးစိန်ခေါ်ကြရအောင်”

ယာဉ်ပျံတစ်စင်းက ကောင်းကင်ကနေ ဖြတ်သန်းလာကာ အသံတစ်သံထွက်လာလေသည်။

“ရွှေနန်းဥယျာဉ်တောင်က မိစ္ဆာကောင်တွေ နားထောင်ကြစမ်း၊ မင်းတို့အခု ဝိုင်းခံထားရပြီ! မြန်မြန်ထွက်လာပြီး သေမင်းနဲ့ ရင်ဆိုင်ကြတော့”

ERLZ
Author: ERLZ
ငါ့တပည့်တွေ အကုန်ဗီလိန်တွေချည်းပဲ

ငါ့တပည့်တွေ အကုန်ဗီလိန်တွေချည်းပဲ

My Apprentices Are All Villains, 我的徒弟都是大反派
Score 7.8
Status: Ongoing Type: Author: , Artist: Released: 2019 Native Language: Chinese
Mou Sheng Ren Zhuan Peng ရေးသားသည့် My Disciples Are All Villains ကို ဘာသာပြန်ဆိုသည်အကျဉ်းချုပ်လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့ ငရဲဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဒုတိယ တပည့်ကတော့ နည်းနည်းလေး သဘောထားကွဲလွဲတာနဲ့ သူများကို သတ်ဖြတ်လေ့ရှိတဲ့ ဓားနတ်ဆိုးဖြစ်တယ်။သူ့ကျင့်ကြံမှုအခြေခံမရှိဘဲ အဲဒီ မိစ္ဆာတပည့်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ။သူ့တပည့်အကြီးဆုံး ယွီကျန့်ဟိုင်က ပြောတယ်။“ကျုပ် ဘ၀မှာ ရန်သူ တစ်ယောက်ဆို တစ်ယောက်မှ မရှိဘူး၊ ဒါပေမဲ့ ကျုပ်ရှစ်စွင်းက ကျုပ်ကို ဦးညွတ်လာအောင် လုပ်နိုင်တယ်”သူ့သတ္တမတပည့် စီးဝူယာ့က“ရှစ်စွင်း မသေသရွေ့ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း စားနိုင် အိပ်နိုင်မှာ မဟုတ်ဘူး”...သူ့န၀မတပည့် ယွမ်အာကတော့“ရှစ်စွင်းပြောသမျှ မှတ်ထားပြီး လူကောင်းတစ်ယောက် ဖြစ်အောင် လုပ်မယ်”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset