ငါ့တပည့်တွေအားလုံးက ဗီလိန်တွေချည်းပဲ
အခန်း (၁) မိစ္ဆာတို့ရဲ့ သခင်
“ထင်ရှားတဲ့ သမာသမတ်ဂိုဏ်းတွေက သိပ်စက်ဆုပ်ဖို့ကောင်းတာပဲ၊ သူတို့က တခြားသူတွေရဲ့ အခက်အခဲကနေ ဘယ်လိုလုပ် အမြတ်ထုတ်နိုင်တာလဲ။ ငါ့ကို အပြင်ထွက်ခွင့်ပြု၊ သူတို့အားလုံးကို သွားသတ်ပစ်မယ်”
“စန်းရှစ်ရှိုး၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ သူတို့အကွက်ထဲ ဝင်သွားလိမ့်မယ်”
“၀ူရှစ်မေ့ ပြောတာမှန်တယ်၊ အခု ငါတို့တွေ အခု ထိတ်လန့်နေလို့မရဘူး၊ ရှစ်စွင်းက မတိုက်ခိုက်နိုင်ရင်တောင် ဒီမှာ ငါတို့လေးယောက်နဲ့ သူတို့တွေ ပြဿနာ သိပ်ဖြစ်နိုင်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်က ထိပ်တန်း သမာသမတ်ပညာရှင်ဆယ်ယောက်က ဒီကို ရောက်နေပြီ။ ပြီးတော့ ရှစ်စွင်းရဲ့ အခြေအနေက…”
“မင်းတို့အားလုံး တိတ်တိတ်နေကြ၊ ရှစ်စွင်း အနားယူနေတာ မမြင်ဘူးလား”
လုကျိုးက အပြင်းအထန် အငြင်းပွားနေတာကို ကြားရချိန် သူ့မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။ သူ့စိတ်အတွင်း အပ်ဆယ်သန်းကျော် ထိုးစိုက်နေသည့်အလား ရှုပ်ထွေးသော မှတ်ဉာဏ်များ ဝင်ရောက်လာကာ သူ့ခေါင်းထဲဝယ် ပုံရိပ်အပိုင်းအစများ လျင်မြန်စွာ ပေါ်လာ၏။
‘ဒါ ဘယ်နေရာလဲ’
‘ငါဘာဖြစ်သွားတာလဲ’
မှတ်ဉာဏ်ပုံရိပ်များက သူ့ကို သက်ရောက်လာသည်။
‘နေစမ်းပါဦး.. ဘာ… ငါက မိစ္ဆာဂိုဏ်းချုပ် ကျိထျန်းတောက် ဖြစ်လာတာလား’
လုကျိုးက သူ့ရှေ့ရှိ အရာအားလုံးကို တအံ့တဩ ကြည့်လိုက်၏။
ရှုမျှော် အဆောက်အအုံငယ်၊ ရွှေနန်းဥယျာဉ်တောင်၊ ဆိုးယုတ်သော တပည့်လေးဦးနှင့် တောင်ခြေရှိ သမာသမတ်ကျင့်ကြံသူဦးရေ သောင်းကျော်….
ထိုအချိန်အတောအတွင်း မှတ်ဉာဏ်များက သူ့ဆီ ဆက်ရောက်လာဆဲ ဖြစ်သည်။
သူ့ဘ၀တွင် ကျိထျန်းတောက်မှာ မတူညီသည့် ဒေသများ၌ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိပြီး နေရာအနှံ့ ပြဿနာဖန်တီးတတ်သည့် လူဆိုးများ ဖြစ်ကြသော တပည့်ကိုးဦးရှိသည်။
သူ့တပည့်ကြီး ယွီကျန့်ဟိုင်က သူ့ကို သစ္စာဖောက်ပြီးနောက် ဂိုဏ်းတစ်ဂိုဏ်း ထောင်ခဲ့ရာ ယခုဆို သူက နာမည်ဆိုးဖြင့် ကျော်စောသော ငရဲဂိုဏ်း၏ ခေါင်းဆောင် ဖြစ်နေပြီဖြစ်သည်။ ၎င်းကို တာ့ယန်ပြည်၏ နံပါတ်တစ် မိစ္ဆာဂိုဏ်းဟူ၍ သိကြသည်။
သူ့ဒုတိယတပည့် ယွီရှန်းရုန်က နေရာတိုင်းတွင် ပညာရှင်များကို စိန်ခေါ်ပြီး နည်းနည်းလေး သဘောမတွေ့သည်နှင့် မည်သူ့ကိုမဆို သတ်ဖြတ်တတ်သည်။
သူ့ တတိယ၊ စတုတ္ထနှင့် ပဉ္စမတပည့်တို့က တစ်ချိန်လုံး ပြဿနာ ရှာနေတတ်သော်လည်း သူတို့က ရွှေနန်းဥယျာဉ်တောင်မှ မထွက်သွားကြတာ တော်သေးသည်။
ဆဋ္ဌမတပည့် ယဲ့ထျန်းရှင်းက အမျိုးသမီး ကျင့်ကြံသူများစွာ ထောက်ခံ့သည့် လရောင်ဆွတ်နန်းတော်သခင် ဖြစ်ပြီး ကျောက်စိမ်းမျက်နှာ သူရာဟူသော နာမည်ပြောင်ရှိသည်။
သတ္တမတပည့် စီး၀ူယာ့တွင် တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်သည့် သတင်းအချက်အလက် ကွန်ယက်ရှိပြီး ကြောင်းကျိုးရှုမြင်တတ်သည့် အကြံအစည် ကြီးသောသူ ဖြစ်သည်။ သူသည် စစ်ပွဲတစ်ပွဲကို သဘောထားကွဲလွဲသည့် ဗျူဟာဖြင့် အစပျိုးသည်နှင့် ဒဏ်ရာရသူ အများအပြားဖြစ်ပေါ်စေပြီး မတိုင်းတာနိုင်သည့် ဒုက္ခဝေဒနာများ ရစေသည်။
အဋ္ဌမတပည့် ကျူးဟုန်ကုန်းက တောင်ပေါ်မှ ဆင်းပြီး နှစ်အနည်းငယ်အကြာတွင် မကောင်းဆိုးဝါးဘုရင်ဟူသော ဘွဲ့ကို ရသွားသည်။
န၀မတပည့် စီယွမ်အာက သူ့ဂိုဏ်းကို နောက်ဆုံးမှ ဝင်သူ ဖြစ်ပြီး သူ့အနှစ်သက်ဆုံး တပည့်လည်း ဖြစ်ကာ အသိတရားနည်းနည်း ရှိသေးသည့် တစ်ဦးတည်းသော တပည့်ပင်။ သူမက တောင်ပေါ်တွင် တစ်ချိန်လုံး နေသည်။
ကံဆိုးသည်မှာ ကျိထျန်းတောက်က ကျင့်ကြံသူ တစ်ဦး၏ သက်တမ်းအကန့်အသတ်ဖြစ်သော နှစ်တစ်ထောင် နီးပါး နေထိုင်ခဲ့ပြီး ဖြစ်သည်။ သူ အသက်ပိုကြီးလာသည်နှင့် တပည့်ကိုးဦးကို ထိန်းချုပ်နိုင်စွမ်း လျော့ကျလာကာ သူတို့ကို ဟန့်တားနိုင်စွမ်း သိပ်မရှိတော့ပေ။ နောက်ဆုံးတွင် တပည့်များထဲမှ ငါးဦးက သူ့ကို သစ္စာဖောက်ပြီး သူ့အာဏာကို အပြင်းအထန် စိန်ခေါ်ခဲ့တော့သည်။
လွန်ခဲ့သည့် တစ်လက ထိပ်တန်း သမာသမာပညာရှင်ဆယ်ဦးက ထောင်ချောက်ဆင်ပြီး မိစ္ဆာခေါင်းဆောင်ကို ပူးပေါင်းတိုက်ခိုက်ခဲ့၏။ ကျိထျန်းတောက်က သူတစ်ဦးတည်းဖြင့် ပညာရှင် ဆယ်ဦးကို ဆန့်ကျင် တိုက်ခိုက်ခဲ့ရာ နောက်ဆုံးတွင် အရှုံးအနိုင် မရှိခဲ့ပေ။
ယခု ပညာရှင်များက တောင်ခြေသို့ ရောက်နေပြီဖြစ်ကာ တိုက်ခိုက်ရန် အသင့် ဖြစ်နေပေသည်။
ရွှေနန်းဥယျာဉ်တောင်က ယခင်က မဖြစ်ဖူးသည့် အကျပ်အတည်းနှင့် ရင်ဆိုင်ရတော့သည်။
လုကျိုးက ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ သူက ကြိုးစားထလိုက်သည်နှင့် နောက်လန်ကာ မြေကြီးပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူ့တစ်ကိုယ်လုံး နတ္ထိဖြစ်ကာ အားမရှိသကဲ့သို့ ခံစားရသည်။
“ရှစ်စွင်း နိုးလာပြီထင်တယ်”
“ရှစ်စွင်း”
ရှုမျှော် အဆောက်အအုံငယ်အပြင်ဘက်တွင် အတော်ကြာ စောင့်နေသည့် တပည့်လေးဦးက လုကျိုးကို အရိုအသေ ပေးလိုက်သည်။ လုကျိုးက သူ့ရှေ့ရှိ လူလေးဦးကို ကြည့်ပြီး လည်ချောင်း ရှင်းလိုက်၏။
သူက စကား မပြောပေ။
သူ့ရှေ့ရှိ တပည့်များ အားလုံးက ဆိုးသွားသူများ ဖြစ်ပြီး ကျန်တပည့် ငါးဦး၏ သစ္စာဖောက်မှုက သူ့ကို သတိဝင်စေသည်။
“ရှစ်စွင်း ဘယ်လိုနေလဲ”
သူ့တတိယတပည့် တွမ့်မူရှန်းက စိတ်ပူပန်စွာ မေးလာသည်။
“ငါ အဆင်ပြေတယ်”
တပည့်လေးဦး၏ မျက်နှာက ဝင်းသွားသည်။
“ရှစ်စွင်း…. တောင်ခြေမှာ သမာသမတ်ဂိုဏ်းက လူတွေ ရောက်နေပါပြီ၊ ခုခံရေး အကာအရံကို ဖျက်ဆီးဖို့ သူတို့ အချိန် သိပ်မလိုတော့မှာ စိုးတယ်”
စတုတ္ထတပည့် မင်ရှစ်ရင်က ပြောသည်။
လုကျိုးက စိတ်တည်ငြိမ်အောင် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ ယခုအချိန်တွင် သူက ရွေးချယ်စရာ မရှိတော့ဘဲ ကျိထျန်းတောင်၏ မှတ်ဉာဏ်နှင့် ခန္ဓာကို အပြည့်အ၀ လက်ခံလိုက်ရပြီဖြစ်သည်။
“ကျွန်တော် အပြင်ထွက်ပြီး တာ့ကောကို ပြန်လာပြီး ကူညီပေးပါလို့ ပြောလိုက်ရမလား၊ ရှစ်စွင်းနဲ့ သူ့ဆက်ဆံရေးကို တွေးကြည့်ရင် သူက အကြောင်းမဲ့သက်သက် ဘေးထွက်ထိုင်မနေသင့်ဘူး။ သူက အခု သူ့လက်အောက်မှာ ဂိုဏ်းသား ထောင်ကျော်ရှိတဲ့ ငရဲဂိုဏ်းခေါင်းဆောင် ဖြစ်နေပြီလေ”
“ဒါမှမဟုတ် ချီရှစ်တိဆိုရင်ရော၊ သူက ဉာဏ်များတာပဲ”
“ရှစ်စွင်း”
“ပါးစပ်ပိတ်ထား”
လုကျိုးက သူတို့ကို ဖြတ်ပြောလိုက်သည်။
‘စိတ်အေးအေးထားစမ်း၊ ငါ ကြောက်နေလို့မရဘူး၊ ဘာပဲဖြစ်ဖြစ် ငါက အဲဒီကောင်တွေရဲ့ ရှစ်စွင်းပဲ၊ ငါ့ကျင့်ကြံဆင့် မရှိတော့ဘူးဆိုတာ ဖော်ထုတ်မိလို့မရဘူး၊ မဟုတ်ရင် ငါ စဉ်းတီးတုံးပေါ်က အသားစ ဖြစ်သွားမှာ၊ အပြင်က လူတွေ ငါ့ကို မသတ်ခင် ဒီ တပည့်လေးယောက်က ငါ့ကို အရင် သတ်လိမ့်မယ်’
“ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံက အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ထားနိုင်တာပဲ၊ မင်းတို့ ဘာတွေ ကြောက်လန့်နေတာလဲ”
လုကျိုးက ပြန်ပြောလိုက်၏။
တပည့်လေးဦးက မျက်နှာပူပြီး ခေါင်းငုံ့ထားက နောက်တစ်ခွန်း ထပ်မပြောဝံ့တော့ပေ။
“လောင်စန်း ခုနတုန်းက မင်း ဘာပြောလိုက်တာလဲ”
လုကျိုးက ကျိထျန်းတောက်၏ လေသံဖြင့် မေးလိုက်၏။
နှစ်တစ်ထောင် နေလာသည့် လူထူးလူဆန်း အဘိုးကြီးတစ်ဦးအနေဖြင့် ကျီထျန်းတောက်၏ စိတ်အခြေအနေက တခြားသူများထက် သာလွန်သည်။ သို့သော် လုကျိုးက သင်ယူလွယ်သူ ဖြစ်ပြီး သူတို့၏ မှတ်ဉာဏ်များ ပေါင်းစည်းသွားသည်နှင့် သူက ချက်ချင်း တုပလိုက်ရုံသာ ဖြစ်ကာ ချွတ်ချော်မှု မရှိပေ။ ထို့ကြောင့် သူတို့က မူမမှန်တာကို ရှာမတွေ့ပေ။
“ရှစ်စွင်း ကျွန်တော်က တာ့ကောကို ပြန်လာပြီး ကူညီခိုင်းဖို့ပါ”
တွမ့်မူရှန်းက ပြောသည်။ သူက လက်သီးဆုပ်ကာ ခေါင်းညွတ်နေချိန် လုကျိုးကို တစ်ချက် ခိုးကြည့်လိုက်၏။
လုကျိုးက သက်ပြင်းချပြီး ခေါင်းခါကာ
“ပညာရှင်ဆယ်ယောက် ပူးပေါင်းတိုက်ခိုက်တာ ခံရပြီး သရေအဖြစ် ခဲခဲယဉ်းယဉ်း အဆုံးသတ်ခဲ့ရတယ်၊ ဒါရဲ့ နောက်ကွယ်မျာ ဘယ်သူမှ မရှိဘူးထင်နေလား”
တွမ့်မူရှန်း၏ အမူအရာက အနည်းငယ် ပြောင်းခဲသွားသည်။
“ရှစ်စွင်းက တာ့ကောက ဆရာ့နောက်ကွယ်ကနေ လုပ်ကြံတယ်လို့ ဆိုလိုတာလား”
ကျိထျန်းတောက်က လောကတစ်ခွင်၌ နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေပြီး ထိုကဲ့သို့ မတော်တဆမျိုး တစ်ခါမှ မဖြစ်ဖူးပေ။ သူ အသက်ကြီးလာသည်နှင့် ခွန်အားက ယုတ်လျော့ကာ ဟန့်တားနိုင်စွမ်း လျော့နည်းလာသည်။ ထိုသို့တိုင် သူ့ကို ဖြေရှင်းရန်က မလွယ်ကူပေ။ သူ့အကြောင်း အရာအားလုံး သိသူကသာ ထိုမျှ ပြီးပြည့်စုံသည့် ထောင်ချောက်ကို ဆင်နိုင်မှာ ဖြစ်သည်။
တပည့်ကြီး ယွီကျန့်ဟိုင်က သူ့ရှစ်စွင်းအကြောင်း အသိဆုံးဖြစ်ပြီး စီး၀ူယာ့က အတွက်အချက် ကောင်းသည်။ ထို့ကြောင့် နှစ်ယောက်လုံး သံသယ ဖြစ်စရာပင်။
စတုတ္ထတပည့် မင်ရှစ်ရင်က ကျိန်ဆဲလိုက်၏။
“ကျေးဇူးမသိတတ်တဲ့ အယုတ်တမာတွေ၊ သူတို့က ရွှေနန်းဥယျာဉ်တောင်ကို သစ္စာဖောက်ရုံတင် မကဘူး ဆရာ့ကိုလည်း ထောင်ချောက် ဆင်ရဲတယ်”
“အကာအရံကြောင့်သာ မဟုတ်ရင် သူတို့ အခုလောက်ဆို တောင်ကို ဝိုင်းထားလောက်ပြီလို့ ကျွန်တော် ပြောရဲတယ်”
“…”
“တော်လောက်ပြီ”
အော်သံကြောင့် အားလုံး တိတ်ဆိတ်သွားပြန်သည်။ လုကျိုး၏ အသံက မကျေမနပ် ဖြစ်နေတာ သေချာသည်။ သူက
“မင်း ဘာတွေ တွေးနေမှန်း ငါမသိဘူးများ ထင်နေလား၊ မင်းက ငါ့ကို သေစေချင်နေတာလား မဟုတ်ဘူးလား”
“အမ်”
တပည့်လေးဦးက ချက်ချင်းပင် ဒူးထောက်ကာ တညီတညွတ်တည်း ပြောလိုက်၏။
“တပည့်တို့ မလုပ်ဝံ့ပါဘူး”
လုကျိုးက သူတို့ကို တစ်ချက်ကြည့်ပြီး သရော်ကာ
“မင်းတို့အားလုံးက နတ်ဒေဝါ ဦးတည်နယ်ပယ်ရောက်နေပြီပဲ၊ မင်းတို့တွေ နောက်နှစ်အနည်းငယ်အတွင်းမှာပဲ မင်းတို့ရဲ့ တာ့ကောနဲ့ အာ့ရှစ်ရှိုးလို နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်ကို ရောက်လောက်တယ်၊ အဲဒီကျရင် မင်းတို့ရှစ်စွင်း ငါက မင်းတို့ကို ထိန်းချုပ်နိုင်ပါဦးမလား”
“တစ်ရက်ပညာသင်ပေးသူက တစ်သက်တာ ဖခင်ပါပဲ။ ကျုပ်တို့တွေ ဆရာ့ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး”
တပည့်လေးဦးက ဦးညွတ်လိုက်သည်။
လုကျိုးက အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်၏။ သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ထိုအခြေအနေနှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။
“ငါ့ကို ထားခဲ့၊ ရန်သူတွေကို မောင်းထုတ်ဖို့ ငါ့မှာ အစီအစဉ်ရှိတယ်”
“နားလည်ပါပြီ”
တပည့်လေးဦးက နာနာခံခံဖြင့် ပြန်ဆုတ်သွားသည်။
‘ငါ့ဖင်ကို စီစဉ်နေလိုက်၊ ငါက ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရုံပါပဲကွာ’
နောက်ဆုံးတွင် လုကျိုးက စိတ်သက်သာရာ ရသွားပြီး သူ့ကျောတွင် ချွေးစေးများ ပြန်နေတာကို သိလိုက်ရ၏။ ‘ငါ စိတ်အေးအေး ထားဖို့လိုတယ်၊ ဒါပေမဲ့ အချိန်မရွေး ငါ့ကို ခုန်ပျံကျော်လွှားပြီး တိုက်ခိုက်ချင်နေတဲ့ ကျေးဇူးကန်းတဲ့ တပည့်လေးယောက်နဲ့ သမာသမတ်ကျင့်ကြံသူလို့ခေါ်တဲ့ဟာ ထောင်ချီကို ရင်ဆိုင်နေရချိန် ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ’
‘ကျိထျန်းတောက် ခင်ဗျား ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ကျုပ်က ခင်ဗျားအတွက် ဘာလို့ ရှင်းပေးရမှာလဲ’
‘ခင်ဗျားဘာသာ အပြစ်ကျူးလွန်တာ အားမရသေးဘဲ ဘာကြောင့်များ ဆိုးယုတ်တဲ့ တပည့်တွေ အများကြီး မွေးထုတ်ရတာလဲ’
‘သေလိုက်ပါတော့လားကွာ၊ ခင်ဗျား တကယ် သေသင့်တယ်’
‘အတွင်းရန်ရော အပြင်ရန်ရော အခု ဘယ်လို ဖြေရှင်းသင့်လဲ၊ ပြီးတော့ လှုပ်ရှားဖို့တောင် ခဲယဉ်းနေတဲ့ ခန္ဓာအိုကြီးနဲ့လေ’
‘ကမ္ဘာကူးပြောင်းလာသူတွေထဲ ငါ့ထက် ပိုကံဆိုးတဲ့သူ ရှိသေးလား’
“တင်း… တာဝန်ပြီးမြောက်ပါပြီ၊ အချိန်ယူခြင်း- နှစ်တစ်ထောင်၊ အမွေဆက်ခံခြင်းနှင့် သင်ကြားခြင်း တာဝန် ၉/၉”
“ကုသိုလ်ပြုစနစ် တရားဝင် အသက်သွင်းပါပြီ”
‘အမ်’ လုကျိုး ရင်တုန်သွားသည်။ ‘သူများကို ညစ်လို့ရမဲ့ အထောက်အကူလာပြီ’
ကျိထျန်းတောက်က မိစ္ဆာတပည့်ကိုးဦး ပျိုးထောင်ခဲ့သည့် အကြောင်းအရင်းကို သူ ရုတ်တရက် သဘောပေါက်သွား၏။
ကံဆိုးချင်တော့ သူ၏ တစ်ဘ၀လုံး ကြိုးစားအားထုတ်မှုက အခြားသူအတွက် လမ်းခင်းပေးသွားရုံသာ ဖြစ်နေသည်။ ၎င်းက နှစ်တစ်ထောင် ခက်ခက်ခဲခဲ ကြိုးစားမှု ဖြစ်သည်။
စနစ်က စာရင်းကွက် သယ်လာပြီး အပြာဖျော့ဖျော့ မျက်နှာပြင်က လုကျိုး၏ ရှေ့တွင် ပေါ်လာ၏။
အမည်။ ။ ကျိထျန်းတောက်
မျိုးနွယ်။ ။ လူသား
ကျင့်ကြံဆင့်။ ။ ခန္ဓာတည်ဖွဲ့ခြင်း န၀မအဆင့်
ကုသိုလ်အမှတ်။ ။ အနုတ် တစ်သိန်း(အသက်ဓာတ်၊ ကံစမ်းမဲ စသည်တို့ဖြင့် လဲလှယ်ရန် သုံးနိုင်)
ကျန်ရှိသက်တမ်း။ ။ သုံးရက်
အသုံးပစ္စည်း။ ။ မရှိ
ကျင့်ကြံခြင်း နည်းစနစ်။ ။ မရှိ
အခြားလုပ်ဆောင်ချက်။ ။ ကံစမ်းမဲ၊ စျေးတန်း
…
‘အနုတ်တစ်သိန်းတဲ့’ လုကျိုး မျက်လုံးပြူးသွားကာ စဉ်းစားလိုက်၏။
‘တကယ်ကြီးလား၊ ကုသိုလ်အမှတ်က အနုတ်တစ်သိန်းလား၊ ငါ့ကို အဘိုးကြီး ခန္ဓာကိုယ်ထဲ ပို့တာကို လက်ခံလို့ရသေးတယ်၊ ဒါပေမဲ့ ဒါက ဘာလဲ၊ ပြီးတော့ ကျန်တဲ့ သက်တမ်း သုံးရက်ကရော’
“ပြောင်းလဲဖော်ပြ”
“မှားယွင်းတဲ့ အချက်အလက် ပြန်ပြင်ပြီးပါပြီ။ ကျိထျန်းတောက်က အခုဆို လုကျိုး ဖြစ်သွားပါပြီ”
“တင်း…မူလတာဝန်ရဲ့ အကြိုလိုအပ်တဲ့ အလုပ်က အစပျိုးပါပြီ။ ရန်သူတွေကို မောင်းထုတ်ပါ”
“အကြိုလိုအပ်တဲ့ တာဝန်ကို ပြီးမြောက်အောင်လုပ်ပြီး သင့်ကိုယ်သင့် မှန်ကန်အောင် လုပ်ပါ၊ ဒါဆို ကုသိုလ်အမှတ်က သုည ဖြစ်သွားပါမယ်”
“လက်ခံကိုယ်က သိပ်အားနည်းနေတာကို တွေ့ရှိ၊ ဝါနုသူအတွက် လက်ဆောင်ထုပ်ရရှိ၊ သင် ဖွင့်ချင်ပါသလား”
မဆိုင်းမတွဆောင်ရွက်ပေးမှုများက လုကျိုးကို စိတ်ကျေနပ်စွာ ခေါင်းညိတ်စေသည်။
ဒီလိုမှပေါ့ကွာ။
သူက စနစ်က ပေးသည့် အကြိုလိုအပ်သည့်တာဝန်ကိုလည်း နားလည်နိုင်သည်။ ဆိုရလျှင် ကျိထျန်းတောက်က သူ့တစ်ဘ၀လုံး ဆိုးယုတ်သည့် အပြုအမူများသာ လုပ်ခဲ့သည်။
သို့သော် စနစ်က တရားမျှတသည်။ ဤခန္ဓာဟောင်း သိပ် အားနည်းနေမှန်း သိသောကြောင့် သူ့ကို ဝါနုသူအတွက် လက်ဆောင်ထုပ် ပေးခဲ့သည်။
“ဖွင့်မယ်”
“ထင်း… အသက်ဓာတ်တချို့ ပေးနိုင်တဲ့ အကြောင်းပြန်လှန်ကတ် တစ်ကတ် ရပါပြီ”
“အထွတ်အထိပ်သဏ္ဍာန်ကတ် သုံးကတ် ရပါပြီ၊ သင့်ကို ကျိထျန်းတောက်ရဲ့ အထွတ်အထိပ် သဏ္ဍာန် မိနစ်သုံးဆယ်စာ ပေးပါလိမ့်မယ်”
“လက်ခံခန္ဓာအတွက် သေစေနိုင်လောက်တဲ့ တိုက်ကွက် ငါးကွက်ကို ပိတ်ဆို့ပေးနိုင်တဲ့ အတိုက်အခိုက်ဒဏ်ပြင်းကာကွယ်ကတ် ငါးကတ်ရပါမယ်”
‘ဒါတွေက မဆိုးဘူးပဲ’ လုကျိုးက သူ့ကိုယ်ပိုင်စာရင်းကွက်ကို ထပ်ကြည့်လိုက်သည်။
အမည်။ ။ လုကျိုး
မျိုးနွယ်။ ။ လူသား
ကျင့်ကြံဆင့်။ ။ ခန္ဓာတည်ဖွဲ့ခြင်း န၀မအဆင့်
ကုသိုလ်အမှတ်။ ။ အနုတ်တစ်သိန်း (အကြိုလိုအပ်သည့် တာဝန် ပြီးမြောက်လျှင် သုည ဖြစ်သွားမည်)
ကျန်ရှိသက်တမ်း။ ။ နှစ်ရက်နှင့် နှစ်ဆယ့်သုံးနာရီ…
အသုံးပစ္စည်း။ ။ ကျိထျန်းတောက် အထွတ်အထိပ်အသွင် သုံးကတ်၊ အတိုက်ခိုက်ဒဏ်ပြင်းကာကွယ်ကတ် ငါးကတ်( အလိုအလျောက်သုံး)၊ အကြောင်းပြန်လှန်ကတ် တစ်ကတ်
ကျင့်ကြံခြင်း နည်းစနစ်။ ။ မရှိ