ERSY အခန်း ၉၀

အခန်း ၉၀ ။ လေပေါရာမှ သေဆုံးခြင်း

“ဒါပေမဲ့… မင်းနဲ့အဲဓားကျင့်ကြံသူက ငါ့ကို အံ့ဩစေခဲ့တာပဲ” ယွီဟောက်ထျန်းက ရှန်းရင်ကို တစ်ချက်ကြည့်ပြီး သူ့မိစ္ဆာချီက တရကြမ်း တိုးလာတယ်။

“တစ်ယောက်က စိတ်နတ်ဆိုးတွေရဲ့ သက်ရောက်မှု မခံရချိန် တခြားတစ်ယောက်က စေတီထဲ တန်းပြီး ထိုးဖောက်ဝင်ရောက်လာနိုင်တယ်၊ ဒီလိုကျင့်ကြံဆင့်တွေက ရှားပါးတော့ နှစ်ယောက်လုံးက ငါ့မိစ္ဆာလမ်းစဉ်ကျင့်ကြံမှုအတွက် ကုန်ကြမ်းကောင်းတွေပဲ”

သူစကားပြောပြီးပြီးချင်း သူ့တစ်ကိုယ်လုံးထဲက အနက်ရောင်ချီတွေ ထပ်ပြီး ထွက်လာတယ်။ ပတ်ဝန်းကျင်က ရုတ်တရက် မှောင်မည်းသွားတော့တာပဲ။ လေထဲမျောနေတဲ့ အနီရောင်မျက်လုံးနှစ်လုံးပဲ မြင်ရတော့လေတယ်။

“ငါ မင်းကျင့်ကြံခြင်းကို ရပြီးတာနဲ့ မသေမျိုးတစ်ယောက်အဖြစ်ကနေ မိစ္တာမျိုးနွယ်စုရဲ့ အဖွဲ့ဝင်အစစ်အမှန်အဖြစ် ပြောင်းလဲလို့ရပြီ” သူ့အသံက စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေတော့ စေတီတစ်ခုလုံးလည်း အပြင်းအထန် ယမ်းခါတော့တယ်။

“အဲဒါဖြစ်ရင် အထက်ထျန်းလန်လောက မသေမျိုးတောင် ငါ့ပြိုင်ဘက်ဖြစ်တော့မှာ မဟုတ်ဘူး”

သူ့ရယ်သံက ပိုတောင် ကောက်ကျစ်စဉ်းလဲလာပြီး မျက်လုံးထဲက အနီရောင်အလင်းတန်းက တဖြတ်ဖြတ် တောက်ပနေတော့တယ်။ ဒီနောက် ကြက်သီးထစရာအရှိန်အဝါနဲ့ သူ့တစ်ကိုယ်လုံးကို ရှန်းရင်ဆီ ပစ်လွှတ်တာပဲ။

“ဒီစေတီရဲ့ အစိတ်အပိုင်း ဖြစ်လာ‌လိုက်တော့” အနက်ရောင် ချီထုကြီးက ရှန်းရင်ကိုယ်ပေါ် အုပ်မိုးခါနီးဆဲဆဲပေါ့။

“ငါပြောတာက…” ရှန်းရင် မျက်မှောင်ကြုတ်သွားပြီ။ ရုတ်တရက် သူမကရှေ့တက်ပြီး အနက်ရောင်ချီထုကြီးဆီ မျက်နှာသေနဲ့လျှောက်လာကာ အထဲကို လက်လှမ်းလိုက်တယ်။

ဟမ်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ” သက်ရှိတိုင်းကို ဝါးမျိုပစ်နိုင်တဲ့ မိစ္ဆာချီကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိနေတာလဲ။

ယွီဟောက်ထျန်း မတုံ့ပြန်နိုင်ခင် သူ့မျက်စိရှေ့ တစ်စုံတစ်ရာ လက်ခနဲဖြစ်သွားပြီး ဘန်းခနဲ အသံကျယ်ကြီးနဲ့အတူ သူ့ခေါင်းကို မြေကြီးပေါ် ဆောင့်ရိုက်ခံရတော့တယ်။

ရှန်းရင်က အဲနေရာမှာတင်မရပ်ဘဲ ‌ဖရဲသီးခွဲသလိုမျိုး သူ့ခေါင်းကို မြေကြီးပေါ် ထပ်တလဲလဲ ဆောင့်တော့တာပဲ။ ဘန်း ဘန်း ဘန်း စေတီတစ်ခုလုံး ဆောင့်ချက်တစ်ခုစီအောက် တသိမ့်သိမ့် တုန်နေတော့တာပဲ။

“ဘယ်ဘက်လဲပဲ မေးတာကို၊ နင်က ဘာမို့လို့ ငါ့ကို ဒီလို သောက်ရေးမပါတာတွေအားလုံး ပြောနေရတာလဲ” ရှန်းရင် ဆက်‌ထုထောင်းရင်း ဆူတော့တယ်။

“ငါ မစားရသေးတာ မသိဘူးလား၊ ဒါ နင် င့ါအချိန်ကို ဖြုန်းတီးပစ်လို့ သင်ခန်းစာပေးတာ၊ သင်ခန်းစာပေးတာ…”

ဘာလို့တွေ့သမျှ လူဆိုးတွေအကုန်လုံး စာတမ်းလုပ်နေတဲ့ ကျောင်းသားတွေလို အရစ်ရှည်နေကျတာလဲ။

ရှန်းရင် နှစ်ပတ်လောက် ကောင်းကောင်း မစားသောက်ခဲ့ရတာ၊ မျိုသိပ်ထားတဲ့ မချင့်မရဲဖြစ်မှုတွေက ရုတ်တရက် ပေါက်ကွဲထွက်သွားတော့တယ်။ ထုထောင်းချက်တိုင်းက အရင်တစ်ကြိမ်ထက် ပိုပြင်းလာတယ်။ ပြီးတော့ ထုထောင်းချက်တစ်ချက်စီနဲ့အတူ ယွီကိုယ့်ပေါ်က အနက်ရောင်ချီက လွင့်ပြယ်ကုန်တယ်။ သိပ်မကြာခင်မှာပဲ ပိန်းပိတ်အောင်မှောင်မည်းနေတဲ့ စေတီထဲ အလင်းပြန်ဝင်လာတယ်။ ယွီဟောက်ထျန်းတောင် မိစ္ဆာအရှိန်အဝါအားလုံး ဆုံးရှုံးသွားပြီးတဲ့နောက် အသက်ရှိတဲ့ အရိပ်အယောင် မပြတော့ဘဲ သူ့နဂိုပုံဖြစ်တဲ့ အမည်းရောင်ဝတ်ရုံနဲ့ အရိုးခြောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။

တစ်မိနစ်အကြာမှာတော့ ယွီဟောက်ထျန်း သေသွားခဲ့ရှာပြီ။

နတ်ဆိုးအရှိန်အဝါရဲ့ထောက်ပံ့မှုမရှိဘဲ မသေမျိုးတက်လှမ်းမှုစေတီတစ်ခုလုံး နဂိုမူလအသွင် ပြောင်းလဲသွားခဲ့တယ်။ စေတီရဲ့ ဆွတ်ဆွတ်ဖြူနေတဲ့အရောင်က ပျောက်ကွယ်သွားပြီး တဖြည်းဖြည်း အမည်းရောင် ပြောင်းသွားကာ ယင်ချီမီးခိုးထုကြီးပဲ ကျန်ရစ်နေတော့တယ်။

ရှန်းရင် ဒီပြောင်းလဲမှုတွေကို စိတ်ထဲထားဖို့ အချိန်မရှိဘူး။ သူမ စေတီကို ဟိုဟိုဒီဒီရှာကြည့်ပေမဲ့ လူအရိပ်အယောင်မတွေ့။ ဒါပေမဲ့ သေချာကြည့်ပြီးတဲ့နောက် သူမ ရပ်နေတဲ့နေရာရဲ့ သိပ်မဝေးတဲ့နေရာမှာ အရင်ကရှိမနေခဲ့တဲ့ လှေကားအနက်တစ်ခုရှိနေမှန်း မြင်လိုက်ရတယ်။ ကွေ့ပတ်နေတဲ့ လှေကားထစ်တွေက အောက်ထပ်ဆီ ဦးတည်နေတဲ့ပုံ။

သူမ လှေကားကနေ ချက်ချင်း ဆင်းလာခဲ့တော့ အရှေ့ကနေ တချွတ်ချွတ်သံတွေ ကြားလိုက်ရတယ်။ နောက်တော့ မှော်ဆန်ဆန် အလင်းရောင်ကို မြင်ရပြီး ရင်းနှီးနေတဲ့ ဓားဆန္ဒကို အာရုံခံမိလိုက်တယ်။

စားဖိုမှူး

ရှန်းရင် ချက်ချင်း စိတ်ဓာတ်တက်ကြွသွားတော့တာပေါ့။ လှေကားထစ်တွေကို လျစ်လျူရှုပြီး သူ ချက်ချင်း ခုန်ဆင်းလိုက်တယ်။ အပေါ်က တစ်ထပ်နဲ့ ခပ်ဆင်ဆင်အခန်းပဲ။ ရင်းနှီးနေတဲ့ ရုပ်သွင်တစ်ခုက အလယ်မှာ တောင့်တောင့်ကြီး ရပ်နေတယ်။ သူ့တစ်ကိုယ်လုံး တစ်ခုခုနဲ့ ပေကျံနေတဲ့ပုံ။

“ဟေး…” သူမ အရှေ့တက်ပြီး သူ့ကို လှမ်းခေါ်ဖို့ ပြင်လိုက်တယ်။

ယိချင်းက ဝှေ့ယမ်းတော့တယ်။ သူ့ဓား ဝှေ့ယမ်းချက်တစ်ချက်နဲ့ ဓားဆန္ဒက နဂါးအဖြစ်ပြောင်းသွားပြီး ရန်လိုခက်ထန်စွာနဲ့ သူမဆီ တစ်ရှိန်ထိုး ဦးတည်လာလေရဲ့။

ဟိုလီရှစ်

လန့်သွားပြီး ရှန်းရင် အမြန် လက်သီးထိုးကာ နဂါးရဲ့ လမ်းကြောင်းကို အပေါ်ဘက်လွှဲလိုက်တော့ မျက်နှာကြက်ကို ဖောက်ထွက်ပြီး စေတီက အမိုးမဲ့သွားခဲ့တယ်။

“ဆရာလား” ယိချင်းက ခပ်တိုးတိုး‌လှမ်းခေါ်လေတယ်။

အဲအချိန်ကျမှ ရှန်းရင်တစ်ယောက် ယိချင်းတစ်ကိုယ်လုံး သွေးတွေဖုံးနေတာ ကိုင်ထားတဲ့ ဓားဖျားကနေ သွေးတွေ တတောက်တောက်စီးကျနေတဲ့အထိဆိုတာ မြင်လိုက်ရတယ်။ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေက မျက်ဝန်းထဲ မြင်နေရတုန်းပဲ။

“စားဖိုမှူး နင် ဘာဖြစ်နေတာလဲ” ရှန်းရင် စိတ်ပူပန်စွာနဲ့ မေးလိုက်တယ်။

အစကတော့ ယိချင်းက မှင်တက်သွားပုံ။ နောက်တော့ စိတ်အေးသွားတဲ့ပုံနဲ့ သူ့ပါးစပ်က သနားစရာအပြုံးမျိုး ကွေးညွှတ်သွားခဲ့တယ်။ သူ့နောက်ဆုံးလက်ကျန်အားကို သုံးလိုက်သလိုမျိုး တင်းမာနေတဲ့ လက်တွေက ပြေလျော့သွားပြီး အရှေ့ကို ယိုင်ထိုးသွားတော့တယ်။

“စားဖိုမှူး” ရှန်းရင် အော်ခေါ်ရင်း အပြေးအလွှား သွားတယ်။ သူ့ကိုတွဲထူပြီး ထိုင်ချလို့ရအောင် ကူညီပေးလိုက်တယ်။

“ဟဲ့ဟဲ့ဟဲ့… ငါ့ကို မခြောက်နဲ့နော်၊ ထတော့ ဟုတ်ပြီလား”

သူမ သူ့မျက်နှာကို ပုတ်ပြီး အသိဝင်လာအောင်ကြိုးစားပေမဲ့ အချည်းနှီး။ ဟိုဟိုဒီဒီကြည့်လိုက်တော့ အသက်မဲ့နေတဲ့ လူငါးယောက်က မြေကြီးပေါ် လဲ‌ကျနေတယ်။ သူတို့မျက်နှာတွေကို ရင်းနှီးနေသလိုပဲ။ နောက်မှ နားလည်လိုက်တာက သူတို့က ယွီမိသားစုရဲ့ ခရီးသွားမသေမျိုးငါးယောက်။ ရုတ်တရက် သူ ဒီလိုအခြေအနေကို ဘယ်‌လိုရောက်လာခဲ့လဲဆိုတာ သူမ သဘောပေါက်သွားတော့တယ်။

ငါးယောက် တစ်ယောက် အထင်ကြီးစရာပဲ။

ကိစ္စရှိတာတစ်ခုတည်းက သူ့အခြေအနေက… ဟင်းချက်နိုင်သေးရဲ့လား။

┑( ̄Д ̄)┍ o(︶︿︶)o

————————

ယိချင်း ဘယ်လောက်ကြာအောင် မေ့မျောနေခဲ့မှန်း မသိပေမဲ့ နိုးလာချိန် ဒဏ်ရာတွေအားလုံး ပျောက်ကင်းလုနီးပါးဖြစ်နေပြီး ထိခိုက်ထားတဲ့ သွေးကြောတွေပါ အလုံးစုံ ပြုပြင်ထားသလို ဒဏ်ရာရ မူလဝိညာဉ်ပါ အကောင်းအတိုင်း ပြန်ဖြစ်နေပြီ။

သူ မမေ့မျောခင် ဖြစ်ခဲ့တာကို ပြန်သတိရပြီး ရင်ထဲပျော်ရွှင်သွားကာ သူ့အကြည့်က ဘေးက ခုံမှာ ထိုင်ရင်း အသီးဝါးနေတဲ့လူတစ်ယောက်ပေါ် ချက်ချင်းရောက်သွားလေတယ်။

“ဆရာ…” သူ ထထိုင်တော့မဲ့ဆဲဆဲ ခန္ဓာကိုယ်ထဲ‌ကနေ စူးခနဲနာကျင်သွားခဲ့တယ်။

“ဖြည်းဖြည်း၊ ဖြည်းဖြည်း” ရှန်းရင် အမြန် သူ့ကို ပြန်လှဲခိုင်းလိုက်တယ်။

“နင့်ဒဏ်ရာတွေက အကုန်ပျောက်သေးတာမဟုတ်ဘူး”

ယိချင်း ပြန်လှဲသွားပေမဲ့ သူ့အကြည့်တွေက သူမပေါ်မှာပဲ။

“ကျွန်တော်အဆင်ပြေပါတယ်၊ ကျွန်တော့်ဒဏ်ရာတွေကို ကုသပေးတဲ့အတွက် ကျေးဇူးပါ”

“အာ…” ရှန်းရင် ဘာပြောရမလဲမသိတော့ဘူး။

“မင်းကိုပြုစုပေးတဲ့သူက ဒီမှာပါဗျ” ယိချင်းရဲ့သွေးကြောကိုစမ်းဖို့ ကုတင်အစွန်းမှာထိုင်နေတဲ့ ကူယွဲ့က လှမ်းအော်တော့တယ်။ သူ ယိချင်းနဲ့ အနီးဆုံးထိုင်နေတာအသိသာကြီး၊ ဒါတောင် ယိချင်းအကြည့်က မယုံနိုင်စရာ ရှန်းရင်အပေါ် အရင်ရောက်သွားသေးတယ်။

ကူယွဲ့ကို လှည့်ကြည့်လာချိန် ယိချင်းက မျက်မှောင်ကြုတ်ပြီး ဘာမှမကြားရသလိုမျိုး ချက်ချင်း ပြန်လှည့်သွားတယ်။ ရှန်းရင်ကို တောက်ပနေတဲ့အမူအရာနဲ့ ဆက်ကြည့်နေတော့တာပဲ။

ငါ့ကို ခုလေးတင် ရွံရှာတဲ့ပုံ ပြလိုက်တာလား၊ သူ အဲလိုလုပ်လိုက်တာ ငါသေချာတယ်

w(?Д?)w

“ဆရာ့ကို စိုးရိမ်စေမိတာ ကျွန်တော့်အပြစ်ပါ”

“… ငါ တကယ် မစိုးရိမ်ခဲ့ရပါဘူး”

အလုပ်တွေမှန်သမျှက ဖေဖေနျိုပဲ လုပ်တာ၊ သူမ လုပ်ခဲ့သမျှက ထိုင်ခုံမှာ ထိုင်ရုံပဲ။

“မင်းဘာစဉ်းစားနေလဲ မသိဘူး၊ ရှန်းရင် လာမယ်ဆိုတာ ကောင်းကောင်းသိရက်သားနဲ့ ဘာလို့ ထွက်သွားရတာလဲ” ကူယွဲ့ကတော့ အပြစ်တင်နေတာမပြီးတော့ဘူး။

“နည်းနည်းသာ ဆက်ကြာသွားရင် ၂ပတ်လောက် သတိလစ်နေတာနဲ့တင် ပြီးမှာမဟုတ်ဘူး၊ မင်းကျင့်ကြံဆင့်တွေပါ ဆုံးရှုံးသွားလောက်တယ်”

“နှစ်ပတ်သတိလစ်နေခဲ့တာလား”

“အေးလေ၊ ၁၆ရက်နီးပါးပဲ”

“ဒါဆို ကျွန်တော့်ကိုပြန်ခေါ်လာတာ ဆရာဖြစ်မယ်မလား”

ယိချင်းမေးလိုက်တယ်။

“မင်းဘာလို့ သူ့ကိုစဉ်းစားလိုက်တာလဲ”

ကူယွဲ့ စိတ်ရှုပ်သွားတယ်။

“အပြင်သွားရင် ဝိညာဉ်ကျောက်တုံးတွေကို သယ်ဖို့တောင် ပျင်းရိနေတာ၊ သယ်ရတဲ့သူက သေချာပေါက် ငါ…”

“ကျေးဇူးပါ ဆရာ” သူ စကားပြောပြီးတာကိုတောင် မစောင့်ဘဲ ယိချင်းက ရှန်းရင်ဘက် လှည့်သွားတယ်။

“ကျွန်တော့်အသက်ကို နောက်တစ်ကြိမ် ကယ်ပေးတဲ့အပြင် ဒီလောက်အကြာကြီး ပြုစုပေးခဲ့တာလား”

ကူယွဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားပြီ။

“ဟေး ဟေး ဟေး၊ ဘယ်သူက ဘယ်သူ့ကိုကယ်ခဲ့လဲဆိုတာ မင်းသေချာသိအောင်လုပ်စမ်း ပြီးတော့ ဒီရက်ပိုင်း သစ်သီးတွေ ထိုင်ကိုက်ဝါးဖို့ကလွဲ ဘာမှကို မလုပ်တာ”

“နိုးလာတာကောင်းတယ်” ရှန်းရင်က ဝင်ပြောတော့တယ်။

“ငါ ဒီတစ်ကြိမ် ဆုံးဖြတ်ချက်မှာ အမှားလုပ်မိလိုက်လို့၊ နောက်ကျလွန်းသွားပြီး နင့်ကို ဒီဒဏ်ရာတွေရစေမိခဲ့တယ်”

ကူယွဲ့က သူမကြွားလုံးကို ဖော်ထုတ်တော့တယ်။

“ငါ့ခြေထောက်ပဲ ဆုံးဖြတ်ချက်မှာ အမှားလုပ်မိ၊ မင်း လမ်းပျောက်နေခဲ့တာ အသိသာကြီး”

“ဟင့်အင်း၊ ကျွန်တော့်အရည်အချင်းတွေက မယှဉ်သာလို့ ဒဏ်ရာကြီးတွေရ… ဆရာနဲ့ ဘာမှမဆိုင်ပါဘူး”

ယိချင်းက ယတိပြတ်ဆုံးဖြတ်ထားတဲ့အမူအရာနဲ့ ပြောလာတယ်။

“ခုကစပြီး နှစ်ဆပိုလေ့ကျင့်ပါတော့မယ်၊ ဒါမှ ဆရာ့ကို အသရေပျက်တာမျိုးမဖြစ်စေမိမှာ”

“မင်း တစ်ကြိမ်တည်းနဲ့ လူငါးယောက်ကို နိုင်ပြီးပြီပဲ၊ ဘာလိုချင်သေးလို့လဲ” ကူယွဲ့ ဝင်ပြောလိုက်တယ်။ သူ့ အရည်အချင်းတွေက ယှဉ်ပြိုင်ဘက်မဟုတ်ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။

“အင်း ငါနင့်ကို ယုံကြည်တယ်၊ နင်လုပ်မှာပါ” ရှန်းရင်က အားပေးတဲ့အနေနဲ့ ပခုံးပုတ်လိုက်တယ်။

“ကောင်းကောင်းအနားယူ၊ ဒါမှ မြန်မြန် သက်သာပြီး နင့်… လေ့ကျင့်မှုကို ဆက်လုပ်နိုင်မှာ”

“မင်းဆိုလိုချင်တဲ့စကားက “ဟင်းချက်မှု” မလား”

ကူယွဲ့ ဘေးကနေ တီးတိုးရေရွတ်လိုက်တယ်။

“ဟုတ်ကဲ့ ဆရာ ကိစ္စမရှိပါဘူး” စောင်ကိုပြန်ဆွဲခြုံပြီး ယိချင်းက လိမ်လိမ်မာမာလှဲသွားတယ်။

“မင်းတို့နှစ်ကောင် ငါပြောတာကိုရော နားတောင်ထောင်နေရဲ့လား”

“ဖေဖေနျို၊ ငါ့ကို အဲသစ်သီးပန်းကန်ပြားလေး လှမ်းပေးလို့ရမလား”

“သွားစမ်းပါ”

ဒီဆရာတပည့်နှစ်ယောက်နဲ့တော့ သေစမ်း။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset