အခန်း ၉၁ ။ ဆရာသခင်စိတ်ညစ်ခြင်း
မသေမျိုးတက်လှမ်းမှုစေတီမှာ ဖြစ်ခဲ့တာအပြီး ယွီမိသားစုက လုံးဝ အရှုံးပေးလိုက်ရတော့တယ်။
စေတီပွင့်ထွက်သွားပြီးနောက်မှာ ယင်ချီတွေက ဆက်တိုက်အပြင်ကို လျှံထွက်လာပြီး လူတိုင်းကို ကြောက်လန့်သွားစေခဲ့တယ်။ ဘယ်သူမှ မသေမျိုးလောကနဲ့ တိုက်ရိုက်ချိတ်ထားတဲ့ မသေမျိုးစေတီက ဒီလိုယင်ချီတွေ အများကြီး ပြည့်နေမယ် မထင်ထားခဲ့ဘူး။ ဟွားယွမ်တစ်မြို့လုံး သက်ရောက်ခံလိုက်ရတယ်၊ – ယင်ချီက လပေါင်းများစွာကြာတာတောင် ပျောက်ပျက်မသွားဘဲ ဝိညာဉ်ချီတွေ ရှားပါးနေခဲ့တယ်။ ကျင့်ကြံသူတွေက အုပ်စုလိုက် ထွက်သွားကုန်ကြတယ်။ မလိုအပ်ဘဲ ဟွားယွမ်မြို့နား ဘယ်သူမှ မလာရဲကြတော့ဘူး။ အရေးကြီးတဲ့ ပင်မမြို့ကနေ ဟွားယွမ်မြို့က ခုတော့ မြို့ပျက်ကြီးတစ်ခုပဲဖြစ်နေတော့တယ်။
ကျန်တဲ့ဆွေကြီးမျိုးကြီးမိသားစုသခင်ကြီးသုံးယောက်က စေတီကနေ လွတ်လာတဲ့နောက် သူတို့က ယွီမိသားစုနဲ့ အဆက်အသွယ်ဖြတ်မဲ့အကြောင်း ကြေညာခဲ့တယ်။ သူတို့က လူတိုင်းကို စေတီနောက်ကွယ်က အမှန်တရားလည်း ပြောပြလိုက်တယ်။ မသေမျိုးတက်လှမ်းမှုစေတီမဟုတ်ဘဲ ကျင့်ကြံသူအားလုံးရဲ့ အစွမ်း၊ ကျင့်ကြံဆင့်၊ မူလဝိညာဉ်ကို စုပ်ယူဖို့ အထူးတလည်လုပ်ထားတဲ့ မိစ္ဆာလမ်းစဉ်စေတီပဲ။ တကယ်လို့ စေတီထဲ ရှိသမျှအားနဲ့ ဖောက်ဝင်လာတဲ့ ဝူတိဂိုဏ်းရဲ့ ဆရာသခင်ယိချင်းကြောင့်သာ မဟုတ်ရင် အထက်ထျန်းလန်လောကက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူအားလုံး စေတီထဲမှာ ပိတ်မိနေကြဦးမှာ။
အထက်ထျန်းလန်လောကလည်း သတင်းကြောင့် တုန်လှုပ်ကုန်တယ်။ အကျင့်ယုတ်မာမှုက အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေထက်တောင် ပိုဆိုးတာပဲ။ သာမန်ကျင့်ကြံသူတွေက သူတို့ခန္ဓာကိုယ်ကို ပြန်လည်ပေါက်ဖွားလာတာ ဒါမှမဟုတ် သူတို့ကျင့်ကြံဆင့်ကို ပြန်ရရှိအောင်လုပ်နိုင်ပေမဲ့ သူတို့မူလဝိညာဉ် ဆုံးရှုံးသွားတာနဲ့ ထာဝရပျောက်ကွယ်သွားရတော့မှာ။ ပြန်လည်ဝင်စားဖို့အတွက်တောင် အခွင့်အရေးမရှိဘူး။
တစ်ခါတည်းနဲ့ ဂိုဏ်းနဲ့ မိသားစုတွေအားလုံး ယွီမိသားစုရဲ့ ရန်သူဖြစ်လာကြတယ်။ သူတို့ အရင်က ယွီမိသားစုကို အထင်ကြီးခဲ့ကြသလောက် ခုတော့ မုန်းတီးနေကြပြီ။ နဂိုဆွေကြီးမျိုးကြီးမိသားစု ဖြစ်ခဲ့ပေမဲ့ အခုတော့ အရှိန်အဝါကျဆင်းသွားတော့တယ်။ တပည့်တွေလည်း ထွက်သွားရင်ထွက်သွား မဟုတ်ရင် နာမည်ပြောင်းကုန်ကြတယ်။ လဝက်အတွင်း သူတို့က ဂိုဏ်းငယ်လေးထက်တောင် အခြေအနေဆိုးနေပြီ။
တစ်ဖက်မှာတော့ ဝူတိဂိုဏ်းက အထက်ထျန်းလန်လောကမှာ ကျော်ဇောလာတယ်။ အထက်ထျန်းလန်လောကကို ကယ်တင်ဖို့ သူ့ကိုယ်သူ စတေးခဲ့တဲ့ ယိချင်းက ထိပ်တန်းဓားကျင့်ကြံသူအဖြစ် သတ်မှတ်ခံရတော့တာပေ့ါ။
“မနက်ဖြန်ကစပြီး၊ ကျွန်တော့်ကိုယ်ကျွန်တော် ချုပ်လှောင်ထားရလောက်တယ်”
“ဟမ်” ရှန်းရင် အချိန်တော်တော်ကြာမှ ပထမဆုံးအက်ြမ် ဟင်းပြည့်ပြည့်ဝဝစားရတော့တယ်။ သူမ ဘေးက ဆုံးဖြတ်ထားတဲ့အကြည့်နဲ့ စားဖိုမှူးကို လှည့်ကြည့်လိုက်တယ်။
“နင် မသက်သာသေးဘူးလား”
“မစိုးရိမ်ပါနဲ့ ဆရာ၊ ကျွန်တော် အနည်းနဲ့အများ ပျောက်ကင်းနေပါပြီ” ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ စားပွဲပေါ် ပန်းကန်ပြားတစ်ချပ် ထပ်တင်ပြီး ဆက်ပြောတော့တယ်။
“စေတီထဲက အဲတိုက်ပွဲအပြီးမှာ ကျွန်တော့်ကျင့်ကြံခြင်းက ယိုယွင်းလာသလို ခံစားရရုံပါ၊ ကျွန်တော့်အခြေအနေကို စစ်ဆေးပြီး ကျင့်ကြံချင်လို့ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားချင်လို့ပါ”
“ဟိုလီရှစ်၊ မင်းနောက်ထပ်ဉာဏ်အလင်းပွင့်တော့မှာ မဟုတ်လား” ကူယွဲ့ မျက်လုံးပြူးပြီး ထရပ်လိုက်မိတယ်။ မင်းက စာရင်းထဲကနေ ကျော်ထွက်သွားတော့မယ်
“ကျွန်တော်က ဓားဆန္ဒပေါ်ပိုပြီးထိုးထွင်းအမြင်ရှိတာပါ” ယိချင်းခေါင်းယမ်းလိုက်တယ်။
“ဉာဏ်အလင်းပွင့်တာလို့ ထည့်မတွက်ဘူး”
ကူယွဲ့ သူ့ကို ခေါင်းစခြေဆုံးကြည့်ပြီး တစ်ခုခုပြောဖို့လုပ်ပေမဲ့ စိတ်ပြောင်းသွားကာ ထိုင်ချလိုက်တယ်။ သူဆက်ပြီး စားနေတော့တာပဲ။
“အော်၊ ဒါနဲ့ နင်ဘယ်လောက် ဂူအောင်းတရားကျင့်မှာလဲ”
“ကျွန်တော် မြန်ရင် တစ်လနှစ်လပါ၊ နှေးရင်တော့ ခြောက်လတစ်နှစ် ကြာသွားနိုင်ပါတယ်”
“အဲဒါ အတော်ကြာတာပဲ…”
“မစိုးရိမ်ပါနဲ့ဆရာ၊ ကျွန်တော် မြန်နိုင်သမျှမြန်အောင် ကြိုးစားပါ့မယ်”
“အင်းပါ”
“ပြီးတော့ ကျွန်တော့်ဓားဆန္ဒက သရုပ်ဖော်နေပြီ၊ ကျွန်တော့်ကျင့်ကြံမှုကို ခိုင်မာအောင်လုပ်ဖို့အတွက်ပဲ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားတာပါ၊ ဒါကြောင့် သေချာပေါက် ကျွန်တော် အဆင်ပြေမှာပါ”
“အော်၊ ငါ့မှာ ပြဿနာလေးရှိတယ်”
“ဆရာပြောပါ”
“နင်တရားကျင့်နေတုန်း… အပြင်ထွက်လာပြီး ချက်ပေးလို့ရမလား”
“…”
တစ်ခဏအကြာ…။
“တပည့် အခြေအနေတွေကို သေချာစဉ်းစားဖို့ ပျက်ကွက်မိပါတယ်၊ အစားအသောက် ပိုပြင်ထားခဲ့ပြီး သူတို့ကို သိုလှောင်ထားဖို့ မှော်အတတ်သုံးခဲ့ရင်ရော”
“ကောင်းတယ်၊ စားဖိုမှူး၊ အဲဒါနဲ့စကြရအောင်”
“ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူးဆရာ”
ကူယှဲ့ ။ ။ “…” ငါ-ိုး။
သူ့ရှေ့က လူနှစ်ယောက် သူတို့ရဲ့တုံးအအဟာသလုပ်ရက်တွေဆီ ပြန်ဆိုက်ရောက်သွားတာကြည့်ရင်း စားသောက်ချင်စိတ်ကုန်သွားတယ်။
သူ တူကိုချပြီး ဘာစကားမှမပြောတော့ဘဲ ထွက်လာခဲ့တယ်။
“ဆရာသခင်နျို… အရင်ကနဲ့မတူသလိုပဲ”
ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။
“အင်း” ရှန်းရင်က ကူယွဲ့တစ်ယောက် အနောက်ခန်းမဆောင်က ထွက်သွားတာကို လိုက်ကြည့်နေမိတယ်။
“သူ ဒီနေ့ မပေါက်ကွဲသေးဘူး”
“…”
ဖေဖေနျို အနောက်ဆောင်က ထွက်သွားတာနဲ့ ပျောက်သွားသလိုမျိုးပဲ။ သူတို့နဲ့ ညစာတောင် မစားဘူး။ ရှန်းရင်နဲ့ ရန်ဖြစ်မဲ့သူမရှိတော့ နေရာက ထူးထူးဆန်းဆန်း တိတ်ဆိတ်နေခဲ့တယ်။ ရှန်းရင် စားပွဲပေါ်က အဆာသွပ်မုန့်တွေကို လှမ်းကြည့်ပြီး သက်ပြင်းချလိုက်တယ်။ သူမ အဆာသွပ်မုန့်တစ်ပန်းကန်ကို ကောက်ယူပြီး အနောက်ဆောင်က ထွက်လာခဲ့တယ်။
သူမ တောင်ထိပ်မှာ အတော်ကြာပတ်နေပြီးမှ တခြားညီမလေးတွေ ညွှန်တဲ့ တောင်စောင်းကို ရှာတွေ့တော့တယ်။ တောင်စောင်းမှာတော့ မုန်လာဥခင်းကို ငူတူတူကြည့်နေတဲ့ ကူယွဲ့။
“နင်လိုချင်လား” သူမ ကူယွဲ့ကို အဆာသွတ်မုန့်တချို့ကမ်းပေးလိုက်တယ်။
သူက သူမကိုလှည့်ကြည့်လာပြီး မျက်ဆန်လှန်ကာ မုန်လာဥခင်းဘက်ပြန်လှည့်သွားတယ်။
“နင်ဘယ်လောက်ပဲ စိတ်မပျော်ပါစေ၊ စားရမယ်” သူမ အဆာသွတ်မုန့်တွေကို ဘေးမှာချပေးပြီး ပခုံးပုတ်ပေးလိုက်တယ်။
“ပြော ဖေဖေနျို၊ ဘယ်မိသားစုကို ဒေဝါလီခံစေချင်လဲ”
ကူယွဲ့ တုံ့ဆိုင်းသွားတယ်။
“ငါက ဘာလို့ လူတွေ ဒေဝါလီခံတာလိုချင်ရမှာလဲ”
“တခြားသူတွေကို ဒေဝါလီခံရအောင် ကြိုးစားတာ နင်တို့စီအီးအိုတွေအတွက်ထုံးစံမဟုတ်လား”
သူမ စလိုက်တယ်။
“သွားစမ်းပါ” ကူယွဲ့ ရှန်းရင်ကို စူးစိုက်ကြည့်လိုက်တယ်။
“မင်းတစ်နေကုန် ဘာများစဉ်းစားသေးလဲ၊ ငါ့ကို နှောင့်ယှက်တာတော်တော့”
“အော်” သူမ အဆာသွတ်မုန့်ပန်းကန်ပြားကို ကောက်ယူပြီး ပြန်ဖို့လုပ်လိုက်တယ်။
“ပြန်လာခဲ့” ကူယွဲ့ပါးစပ်တွန့်ချိုးသွားတယ်။
“မင်းအရင်က အဲလောက်နာမခံပါဘူး၊ အခု ငါမင်းကိုပြောတော့ တကယ်ကြီးထွက်သွားတယ်ပေါ့၊ ဒါက မင်းလူတွေကို နှစ်သိမ့်တဲ့ပုံလား”
“နင်မလိုချင်ဘူးထင်လို့လေ”
“ပါးစပ်ပိတ် အဆာသွတ်မုန့်တွေ ဒီမှာထားခဲ့” သူက ဟောက်ပြီး ရှန်းရင်ကို အကြည့်လွှဲကာ လုံးဝလျစ်လျူရှုထားတော့တယ်။
ရှန်းရင် သက်ပြင်းချလိုက်တယ်။ သူမမှာ ရွေးစရာ မရှိတော့ဘဲ ကူယွဲ့ရှိတဲ့နေရာ ပြန်လျှောက်လာခဲ့ရတယ်။ သူမ သူ့ဘေးထိုင်ချပြီး မုန်လာဥခင်းကို သူနဲ့တူတူ စိုက်ကြည့်နေတော့တယ်။ တစ်ခုချင်းစီ အဆာသွတ်မုန့်တွေကို မျိုတော့တာပဲ။
ဘယ်သူမှ စကားမပြောဖြစ်ကြဘူး။ တိတ်ဆိတ်မှုက နည်းနည်းထူးဆန်းနေတယ်။ တစ်ခုတည်းသောအသံက ရှန်းရင် အဆာသွတ်မုန့်ကို ဝါးနေတဲ့အသံပဲ။
ဆယ်မိနစ်အကျော်…
မိနစ်နှစ်ဆယ်အကျော်…
သုံးဆယ်မိနစ်…
တစ်နာရီ…
နေဝင်ပြီး လမင်းကြီး အစားထိုးဝင်လာတော့တယ်။
ကူယွဲ့က သူ့ဦးနှောက်ထဲက သွေးကြောတစ်ကြော ပေါက်ထွက်သွားသလို ခံစားလိုက်ရတယ်။
“တစ်ခုခုပြောတော့ မင်းသေသွားမှာဆိုးလို့လား”
ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာ ဘာသောက်ကျိုးနည်းလုပ်နေတာလဲ။
“အာ…” နင် ငါ့ကို ပါးစပ်ပိတ်ခိုင်းခဲ့တယ်မဟုတ်လား။
“မင်း ငါ့ကို အကျိုးနည်း နှစ်သိမ့်မပေးနိုင်ဘူးလား၊ ဘာလို့ အဲမှာထိုင်မျိုပြီး စကားကျမပြောရတာလဲ၊ အနည်းဆုံး ငါဘာလို့ စိတ်ညစ်နေရတာလဲ မမေးရတာလဲ”
“အော်၊ ဘာလို့စိတ်ညစ်နေတာလဲ” စိတ်ကျေနပ်အောင်လုပ်ပေးရတာပေါ့။
ကူယွဲ့က တုံ့ဆိုင်းသွားပြီး နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်တယ်။ သူ တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ နောက်တော့ ပြန်ပိတ်သွားခဲ့တယ်။ သူအတော်ကြာ တုံ့ဆိုင်းနေပြီးမှ ရှင်းပြတော့တယ်။
“မင်းရဲ့ အဲဒီတပည့်က… သူ ကျင့်ကြံပြီးတာကနေ ထွက်လာရင် အနည်းဆုံးတော့ အလယ်အဆင့် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ကျင့်ကြံသူဖြစ်နေမှာ”
“ဖြစ်နိုင်လား” သူမမှ ဒီကိစ္စတွေမသိတာ။
ကူယွဲ့ အကျယ်ကြီး သက်ပြင်းချမိတယ်။
“ငါတို့သိကြတာ ဘယ်လောက်ကြာပြီလဲ”
ရှန်းရင်တစ်ခဏစဉ်းစားလိုက်တယ်။
“လေး… ငါးနှစ်လား”
“ဟုတ်တယ်၊ လေးငါးနှစ်လောက်…” သူ့မျက်လုံးတွေက ရီဝေနေတယ်။
“လေးငါးနှစ်လေးအတွင်းမှာ သူက ရွှေအမြုတေကျင့်ကြံသူအဖြစ်ကနေ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ထိ မြင့်တက်သွားခဲ့တယ်၊ တစ်စပ်တည်း နှစ်ကြိမ် ဉာဏ်အလင်းပွင့်ခဲ့တယ်၊ မင်း အထက်ထျန်းလန်လောကကလူတွေကို ဒီအကြောင်းသွားပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး”
“…” အဲလောက်တောင် ယုံကြည်စရာ မကောင်းတာလား။
“နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတွေက နှစ်လေးငါးရာ လေ့ကျင့်ပြီးမှ နေရာရလာခဲ့ကြတာတွေ၊ ငါဆို ဒီအဆင့်ရောက်ဖို့ နှစ်၃ရာကြာခဲ့တယ်၊ ဒါက ငါ့မှာ သဘောပေါက်နားလည်နိုင်စွမ်း မြင့်လို့” သူ့မျက်မှောင်ကြုတ်မှုက ပိုလေးနက်လာတယ်။
“ဒါပေမဲ့သူ့အတွက်တော့ ငါကဟာသပါ”
အဆာသွတ်မုန့်ကို လှမ်းနေတဲ့ ရှန်းရင်လက်က အလယ်တစ်ဝက်မှာရပ်သွားခဲ့တယ်။
“ရှန်းရင်၊ မင်းငါ့ကိုပြောစမ်းပါ… ငါတို့က ဘယ်လိုပဲဖြစ်ဖြစ် အိမ်နီးနားချင်းဟောင်းတွေပဲ၊ မင်းဆီက စကားနည်းနည်းနဲ့တင် သူ့ကို ဉာဏ်အလင်းပွင့်အောင် အစပျိုးနိုင်တယ်၊ မင်းငါ့ကို ဘာလို့ မကူညီပေးတာလဲ”
သူက သူမကို အသနားခံလုနီးပါး စိုက်ကြည့်လာတယ်။
“နင် ငါ အရင်ကပြောတာကို မသိတာလား”
“မင်းဘာပြောနေခဲ့လဲ ငါသိတယ်၊ အဲဒါကြောင့် ငါသဘောမပေါက်တာ” ကူယွဲ့လုံးဝကို ရှုပ်ထွေးနေတာ။
“အမှန်တိုင်းပြော၊ မင်း လျှောက်ရွှီးနေရုံမဟုတ်လား”
“အာ…”
“ဒါပေမဲ့ သူက မင်းလျှောက်ရွှီးတာကို သူ့ကျင့်ကြံဆင့်ကိုမြှင့်ဖို့ အသုံးချနိုင်တယ်” ကူယွဲ့အမူအရာက ပိုတောင်သောကရောက်လာဟန်။
“ငါက နှစ်ပေါင်းများစွာ လေ့ကျင့်ထားတာတောင် ငါ့လေ့ကျင့်မှုက သူတစ်ခါရွှီးခံရရုံနဲ့ မယှဉ်နိုင်ဘူးပဲ”
“ယိချင်းပဲဖြစ်ဖြစ် တခြားကျင့်ကြံသူပဲဖြစ်ဖြစ် လူတိုင်းက တိုးတက်နေတဲ့ပုံပဲ၊ ဒါပေမဲ့ ငါ… ငါကတော့ တန့်နေတဲ့တစ်ဦးတည်းသောလူ၊ မင်းသာ ငါ့နေရာမှာဆို စိတ်မညစ်ဘူးလား”
“ငါ့ရဲ့သိမြင်နားလည်မှုက တကယ်အဲလောက်တောင် ဆိုးတာလား၊ ငါဘာမှတောင် သဘောမပေါက်နိုင်တော့ဘူး”
“ငါ ဘာလို့ဒီလောကကြီးထဲ ဝိညာဉ်ကူးပြောင်းလာတာလဲ၊ ဒါတွေအားလုံးနောက်ကွယ်က ဘာအဓိပ္ပာယ်လဲ”
“ငါဟိုတလောက စိတ်နတ်ဆိုးတွေနဲ့ ပိတ်မိနေတုန်း ခေတ်သစ်ဆီ ပြန်ရောက်သွားခဲ့တယ်၊ နှစ်သုံးရာတောင်ရှိသွားပြီမို့ အဲကမ္ဘာက ဘယ်လိုမျိုးလဲ မေ့သွားပြီထင်နေခဲ့တာ၊ အခုထိအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေဦးမယ်လို့နားမလည်ခဲ့ဘူး၊ ဖြစ်နိုင်တာကတော့ ငါက မသက်ဆိုင်ရုံ.?? ဝူး… ဝူး…”
သူ စကားမဆုံးခင် ရှန်းရင်က အဆာသွတ်မုန့်တစ်ခု သူ့ပါးစပ်ထဲထိုးထည့်လာတယ်။ သူ ဘေးက လူကို ဒေါသတကြီး လှည့်ကြည့်လိုက်ပေမဲ့ သူမက သူ့ကို နဖူးတောက်တော့တယ်။
“ငတုံး”
“မင်း…”
“နင် ဘာနဲ့တူလဲသိလား” ရှန်းရင်က အတည်ပေါက်မေးလာတယ်။
“ဘာလဲ”
သူမက ရုတ်တရက် ကိုင်းလာပြီး သူ့မျက်လုံးတွေကို ကြည့်လိုက်တယ်။ သူ့အတွက် စကားသုံးလုံးပဲရှိတယ်။
“ကောင်စုတ်လေး”
“…”
…