အခန်း ၈၈ ။ အတိဒုက္ခအဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ခြင်း
ယိချင်းနဲ့ ကူယွဲ့တို့ မျိုးနွယ်စုခေါင်းဆောင်သုံးယောက်နဲ့အတူ ပြန်ဆုတ်ရင်း တိုက်ခိုက်သူတွေကို ခုခံရတော့တယ်။ အချိန်တွေကုန်ဆုံးလာပြီ။ စေတီထဲ ဘယ်လောက်အချိန်ကြာသွားလဲတောင် မသိတော့ဘူး။ နောက်ဆုံးမှာတော့ သူတို့ရဲ့ သွေးကြောတွေကို ထိန်းညှိဖို့ အခွင့်အရေးရသွားခဲ့တယ်။ ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်သုံးယောက်ရဲ့ အခြေအနေကဆိုးနေတယ်။ တစ်စိတ်တစ်ပိုင်းက သူတို့နိုးလာချိန် ရသွားတဲ့ ဒဏ်ရာတွေကြောင့် ဆိုပေမဲ့ အဓိကကတော့ စိတ်နတ်ဆိုးအတိဒုက္ခ ဓမ္မဂါထာထဲ ပိတ်လှောင်သွားခဲ့တာ အင်မတန် ကြာညောင်းသွားခဲ့လို့ပဲ။ သူတို့ရဲ့ အုတ်မြစ်တွေ ထိခိုက်ကုန်တယ်။ သူတို့ကိုယ်ထဲက ဝိညာဉ်ချီတွေအားလုံး လွင့်ပျယ်လုနီးပါးဖြစ်နေပြီ။ ထူးဆန်းတာက သူတို့ကိုယ်ထဲ ဝိညာဉ်ချီတွေတောင် ဆွဲသွင်းလို့မရတာပဲ။
ပတ်ပတ်လည်ကချီတွေက ထူထဲလွန်းလို့ အကောင်အထည်မြင်ရလုနီးပါးပဲ။ ဒါပေမဲ့ သူတို့ကိုယ်ထဲ လမ်းညွှန်လို့မရတဲ့ အတုအယောင်ချီဖြစ်ပုံပဲ။ ဒါကြောင့် သူတို့ ဒဏ်ရာ သက်သာလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ချီပေါ်မှာ ကန့်သတ်မှုတစ်မျိုးမျိုး ထားထားတာဖြစ်ရမယ်လို့ ကူယွဲ့ ခန့်မှန်းမိလိုက်တယ်။
“ဘယ်လိုလုပ်ကြမလဲ” ကူယွဲ့ စိတ်ရှုပ်နေပြီ။
“ဒီလိုသာ ဆက်သွားနေရင် သူတို့ စိတ်နတ်ဆိုးတွေ ပိတ်လှောင်တာမခံရရင်တောင် ချုံးချုံးကျသွားလိမ့်မယ်”
“ဒီမျိုးနွယ်စုခေါင်းဆောင်တွေ ဘယ်လိုတွေးလဲပေါ် မူတည်တယ်မလား”
ယိချင်း သွေးကြောတွေကို ထိန်းညှိဖို့ မြေကြီးပေါ်ထိုင်နေတဲ့လူတွေကို လက်ညှိုးထိုးလိုက်တယ်။
လူသုံးယောက်က သူ့ကို အံ့ဩတကြီး ကြည့်လိုက်ကြတယ်။
“ခင်ဗျားဘာဆိုလိုတာလဲ ဆရာသခင်”
“သူတို့တွေက ခင်ဗျားတို့မိသားစုတွေရဲ့ ခရီးသွားမသေမျိုးတွေ၊ တချို့သူတွေက သူတို့ စိတ်နတ်ဆိုးတွေ ပိတ်မိနေကြဆဲဖြစ်ပြီး အသိစိတ်ပျောက်…” ယိချင်း စကားကို အဆုံးမသတ်ဘဲ ထားလိုက်တယ်။
ဖြူဖျော့သွားပြီး သုံးယောက်သား သူ့ဆိုလိုရင်းကို ချက်ချင်း နားလည်သွားတယ်။ သူတို့စိတ်နတ်ဆိုးတွေရဲ့ ပိတ်လှောင်တာ ခံထားရတာမို့ ခရီးသွားမသေမျိုးတွေက ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးကုန်ကြပြီ။ သူတို့လက်ရှိအခြေအနေနဲ့ဆို အချိန်ထပ်ကုန်လို့မဖြစ်တော့ဘူး။ နိုးမလာဘူးဆိုရင် သေတာနဲ့ မခြား ဖြစ်သွားမှာ။
လူတိုင်း တိတ်နေကြပြီး မျိုးနွယ်စုခေါင်းဆောင်သုံးယောက် အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ တစ်ခဏအကြာမှာတော့ သူတို့ဆုံးဖြတ်ချက်ချလိုက်တဲ့ပုံပေါ်ပြီး ခေါင်းညိတ်လိုက်ကြတယ်။
ရွှမ်းယွမ်ယွီ အသက်ပြင်းပြင်းရှူပြီး အံကြိတ်လိုက်တယ်။
“ဆရာသခင်ယိချင်း၊ ခင်ဗျားဘာဆိုလိုလဲ ကျုပ်နားလည်ပါတယ်၊ တကယ်လို့ နည်းလမ်းမရှိတော့ရင်… ကျုပ်တို့မိသားစုသုံးစုက ကျုပ်တို့ကို ကယ်ပေးတဲ့အတွက် ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် ခင်ဗျားတို့ကို ကျေးဇူးတင်နေမှာပါ” သူတို့လူတွေကို ကယ်လို့ရရင် ကောင်းတယ်ဆိုပေမဲ့ သူတို့ရဲ့ အသိစိတ်တွေကို စိတ်နတ်ဆိုးတွေက တိုက်စားသွားပြီဆိုရင် စေတီအပြင် ထွက်လာရင်တောင် အသုံးမဝင်တဲ့ လူသတ်လက်နက်တွေပဲ ဖြစ်လာတော့မှာ။
“ကောင်းပြီ” ဒီလိုမှပဲ ယိချင်း စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ကူယွဲ့ကိုကြည့်လိုက်တယ်။
“ဆရာသခင်လေးယောက် ကျွန်တော်တို့ကိုမှီလာရင် သူတို့ကို အရင် အာရုံလွှဲကြတာပေါ့၊ ခင်ဗျား သူတို့နဲ့ တိုက်ခိုက်ဖို့မလိုဘူး၊ သူတို့ကို အချိန်ပဲဆွဲထားပါ၊ ဒါပေမဲ့ ခင်ဗျားကို သူတို့မမှီစေနဲ့”
ကူယွဲ့ကို ညွှန်ကြားပြီးတဲ့နောက် သူ တခြားလူသုံးယောက်ကို ပြန်ကြည့်လိုက်တယ်။
“မျိုးနွယ်စုသခင်ရိ၊ ခင်ဗျား ခရီးသွားမသေမျိုးတွေကို အချိန်ဆွဲထားဖို့နည်းလမ်း စဉ်းစားလို့ရလား”
ရိဖုန်းက တစ်အောင့်စဉ်းစားပြီးတဲ့နောက် ခေါင်းညိတ်ပြတယ်။
“အင်း ဒါပေမဲ့ ဓမ္မအသုံးအဆောင်တွေနဲ့ပဲတော့ ကျုပ်တို့ သူတို့ကို အကြာကြီး မထိန်းထားနိုင်ဘူး”
“ကျုပ်တို့ သူတို့ကို နာရီဝက်လောက်ထိန်းဖို့လိုတယ်”
ယိချင်း တခြားသူနှစ်ယောက်ဘက် လှည့်ပြောလိုက်တယ်။
“မျိုးနွယ်စုခေါင်းဆောင်ယိနဲ့ မျိုးနွယ်စုခေါင်းဆောင်ရွှမ်းယွမ်တို့ ကျေးဇူးပြုပြီး သူ့ကို ကူညီပေးလိုက်ကြပါ၊ ခရီးသွားမသေမျိုးတွေထဲက တစ်ယောက်လောက်ကိုပဲ ထိန်းထားပေးပါ၊ ကျန်တဲ့သူတွေကိုတော့ ကျုပ်ဆီ လွှဲထားလိုက်လို့ရပါတယ်”
ကူယွဲ့ဘက် လှည့်ပြောလိုက်တယ်။
“နာရီဝက်နေရင် ဒီနေရာမှာ နောက်ထပ်လေးယောက်ကို အာရုံပြောင်းအောင် လုပ်ကြတာပေါ့”
“မင်းက လူစုခွဲပြီး အနိုင်ရဖို့ကြံနေတာပဲ” ကူယွဲ့ အားတက်သရော ပြောလိုက်တယ်။ စိတ်လှုပ်ရှားမှုတွေနဲ့ မျက်လုံးက တောက်ပနေတော့တာပဲ။
“ဟုတ်တယ်” သူခေါင်းညိတ်လိုက်တယ်။
“အခုတခြားနည်းလမ်းမရှိတော့ဘူး”
အဲလူတွေ ကျွန်တော်တို့ အစီအစဉ်ကို မရိပ်မိဖို့ပဲ မျှော်လင့်ကြတာပေါ့။
“ကောင်းပြီလေ ငါ မင်းပြောတဲ့အတိုင်း လုပ်မယ်” ကူယွဲ့ ခေါင်းညိတ်ပြီး အသက်ဝဝရှူလိုက်တယ်။
ယိချင်း တခြားသူတွေနဲ့ အစီအစဉ်ဆွဲလိုက်တယ်။ တစ်ခဏနေတော့ သူတို့ဆီ တန်းတန်းမတ်မတ် ဦးတည်လာတဲ့ ခရီးသွားမသေမျိုးတွေရဲ့ အန္တရာယ်အရှိန်အဝါကို ခပ်ရေးရေး အာရုံခံမိတော့တယ်။
“သူတို့ ဒီရောက်နေပြီ” ကူယွဲ့နဲ့ယိချင်း တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး အတူတူ ပျံထွက်ခဲ့ကြတယ်။
——————
ဟွားယွမ်မြို့။
“ဝိုး၊ မြင့်လိုက်တဲ့စေတီ” ရှန်းရင် သူမရှေ့က ကြီးမားတဲ့ အဖြူရောင် စေတီကို မော့ကြည့်လိုက်တယ်။ ဟွားယွမ်မြို့တစ်ဝက်စာလောက်ကို နေရာယူထားပြီး မိုင်အဝေးကြီးကနေ မြင်နိုင်တယ်။
“အသိသာကြီးပါ၊ ဒီစေတီက အမတဘုံဆီ ဦးတည်တယ်လို့ ပြောကြတာပဲ၊ အဲတော့ သေချာပေါက် ထူးခြားနေတာပေါ့” သူမဘေးကလူက စိတ်လှုပ်ရှားစွာ ရှင်းပြလာတယ်။
“စေတီထဲ သုံးထပ်ပဲရှိပေမဲ့ အထဲမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေအများကြီးတဲ့၊ အထဲမှာ သူ့လောကနဲ့သူတဲ့၊ မိန်းကလေး ကျုပ် မင်းကို ဒီထိပဲလိုက်ပို့နိုင်တော့မှာ၊ ကိုယ့်ဟာကိုယ် တစ်ယောက်တည်းပဲ ရှေ့ဆက်သွားရတော့မယ်”
အဲလူက အရှေ့ဘက်က ဟွားယွမ်မြို့တံခါးဆီ လက်ညှိုးထိုးပြပြီး ဓားပေါ်ကနေ မြေကြီးဆီ ဆင်းသက်လိုက်တယ်။
“ကျေးဇူးပါ မောင်လေး” ရှန်းရင် ပြုံးပြလိုက်တယ်။ မိစ္ဆာဘုံထဲကနေ ထွက်လာပြီးတဲ့နောက် သူမ လဝက်နီးပါး လျှောက်သွားခဲ့ပေမဲ့ မသေမျိုးတက်လှမ်းမှုစေတီကို မရှာနိုင်ခဲ့သေးဘူး။ ကံကောင်းလို့ သူမကို ခေါ်သွားပေးမဲ့ ကြင်နာတဲ့လူနဲ့ဆုံခဲ့လို့ပေါ့။ လောကကြီးမှာ လူကောင်းတွေနဲ့ ပြည့်နေသေးတာပဲ။
“ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်သွားမဲ့ ယင်းကောင်းကင်ယံမြို့ကလည်း ဒီနေရာနဲ့ မဝေးဘူးလေ၊ အဲတော့ လမ်းကြုံနေတာ” အဲလူက သူမကိုပြန်ပြုံးပြပြီး တစ်ဖန်ပျံတက်သွားတယ်။
“ဒါဆို ကျုပ်သွားလိုက်ပါဦးမယ်၊ နှုတ်ဆက်ပါတယ်”
ရှန်းရင် ပြန်လက်ယမ်းပြကာ နှုတ်ဆက်ပြီးတဲ့နောက် မြို့ထဲဝင်ခဲ့တယ်။
အနီးကပ်ကြည့်ရတော့ မသေမျိုးတက်လှမ်းမှုစေတီက ပိုတောင်ကြီးနေတယ်။ မသေမျိုးချီတွေက အဆက်မပြတ် လှည့်ပတ်နေလေရဲ့။ ကျင့်ကြံဆင့်အမျိုးမျိုးနဲ့ ကျင့်ကြံသူတွေက အောက်ခြေမှာ စုဝေးနေကြတယ်။ ဘယ်သူမှ ပွင့်နေတဲ့ စေတီဝင်ပေါက်ကို မစောင့်ကြပ်နေကြဘူး။ ဒါပေမဲ့ ဝင်သွားတဲ့ကျင့်ကြံသူဆိုတာ မရှိသလောက်ပဲ။ အများစုက စပ်စုတဲ့ ပွဲကြည့်သူတွေ။
“များလိုက်တဲ့လူအုပ်ကြီး” ရှန်းရင် သူမဘာသာ ရေရွတ်လိုက်တယ်။
“ဒါက ဘယ်လောက်မှ မဟုတ်သေးဘူး” သူမဘေးက လူတစ်ယောက်က စကားပြောလာတယ်။
“ဒီစေတီ လွန်ခဲ့တဲ့လဝက်ကျော်လောက်က ပေါ်လာတဲ့အချိန် လူအုပ်ကြီးကပိုတောင်ကြီးသေးတယ်၊ ပင်မဂိုဏ်းတွေနဲ့ ဆွေကြီးမျိုးကြီးမိသားစုတွေရဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေနဲ့ ခရီးသွားမသေမျိုးတွေအားလုံး ဒီကိုလာခဲ့ကြတာပေါ့ — အထက်ထျန်းလန်လောကထဲက ပညာရှင်တွေ အားလုံးနီးပါးရဲ့ စုဝေးပွဲပဲ၊ အခု စေတီအပြင်ကဒီလူတွေက နတ်ဝိညာဉ်အဆင့်ထက်မပိုဘူး”
“အော်” ခေါင်းညိတ်ပြရင်း ရှန်းရင်မေးလိုက်တယ်။
“ဒါဆို သူတို့ ဘာလို့အထဲမဝင်တာလဲ”
“မင်းပြောနေတာ မသေမျိုးတက်လှမ်းမှုစေတီလေ၊ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်အောက်က ကျင့်ကြံသူတွေ မဝင်ရဲကြဘူး၊ ပြောကြတာတော့ စေတီထဲမှာ အဆင့်သုံးဆင့်ရှိတယ်တဲ့၊ အဆင့်တိုင်းက အန္တရာယ်တွေနဲ့ပြည့်နေတာ၊ တတိယအဆင့်ထိရောက်တဲ့သူတွေကပဲ မသေမျိုးတစ်ယောက်ဖြစ်လာဖို့ တက်လှမ်းနိုင်တယ်၊ အခုထိတော့ ဆွေကြီးမျိုးကြီးမိသားစုတွေနဲ့ ဂိုဏ်းတွေရဲ့ ပညာရှင်တွေပဲ ဝင်သွားကြသေးတယ်”
“တကယ်ပဲ အထဲမှာ အဲလောက်ကြောက်စရာကောင်းတာလား”
“ဒါပေါ့”
“အော်” တလေးတနက်အမူအရာနဲ့ ရှန်းရင် စေတီကို လက်ညှိုးထိုးပြလိုက်တယ်။
“ဒါဆို ဘာလို့ သူတို့ အပြင်ကနေ စေတီအပေါ်ဘက်ဆီ တိုက်ရိုက်ပျံမတက်သွားရတာလဲ”
ဟမ်။
(⊙o⊙)
အဲလူခမျာ သူမရဲ့အတွေးအခေါ်ကြောင့် ဆွံ့အသွားတော့တယ်။ သူ ဒီတခြားနည်းလမ်းကို တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။
“ထိပ်ဆုံးအဆင့်ရောက်တာက ပန်းတိုင်လို့ နင်ပြောတယ်နော်”
“အာ… ကျုပ်ကြားရသလောက်တော့ တကယ်အဲလို… ဖြစ်ပုံပဲ”
အမျိုးသားက တိတ်သွားပြီး ဒီနည်းလမ်းရဲ့ ဖြစ်နိုင်ခြေကိုတွေးနေမိတယ်။ နောက်မှ ခေါင်းတယမ်းယမ်းနဲ့ ပြောလိုက်တော့တယ်။
“ဒါက မသေမျိုးစေတီလေ၊ သေချာပေါက် ဘေးပတ်လည်မှာ အကာအကွယ်အစီအရင် ရှိမှာပေါ့၊ လူတိုင်း ဘယ်လိုလုပ် ဒီတိုင်း ပျံတက်သွား…”
သူ စကားမဆုံးခင် ဘေးနားက လူက ဆောင့်ကြောင့်ထိုင်ချသွားတာ မြင်လိုက်ရတယ်။ နောက်အခိုက်အတန့်မှာပဲ ဘွန်းခနဲ အသံအကျယ်ကြီးကြားလိုက်ရပြီး မြေကြီးက လက်မနည်းနည်းလောက် နိမ့်ဝင်ကျသွားလေရဲ့။ စောနလေးကတင် သူ့ဘေးမှာ ရှိနေတဲ့အမျိုးသမီးက မြားတစ်စင်းလို လေထဲ လွှားခနဲ ပျံတက်သွားတော့တယ်။
“စေတီရေ သောက်ကျိုးနည်း… သူ တကယ်… တကယ်ကြီး တန်းပျံတက်သွားတာပဲ”
Σ(°△°|||)
————————
စေတီအတွင်း။
သူတို့ အားအကုန်နီးပါးထုတ်သုံးပြီးမှ အသိစိတ်ပျောက်ဆုံးနေတဲ့ ခရီးသွားမသေမျိုးတွေကို နောက်ဆုံးတော့ လျှော့ချနိုင်ခဲ့ပြီ။ ယိချင်း အကြံပြုတဲ့ အစီအစဉ်နောက်လိုက်ခဲ့ပေမဲ့လည်း လမ်းမှာ ခလုတ်ကန်သင်းတွေရှိတုန်းပဲ။ ကူယွဲ့ သူတို့ကို မျှားထုတ်သွားပြီး သိပ်မကြာခင်မှာ ခရီးသွားမသေမျိုးတွေက တစ်ခုခုလွဲနေမှန်း သိသွားတဲ့ပုံပဲ။ သူတို့ကကူယွဲ့နောက်မလိုက်တော့ဘဲ ပြန်လှည့်သွားကြတယ်။
သူတို့ရဲ့ အုပ်စုခွဲ၊ အနိုင်ယူဆိုတဲ့ အစီအစဉ်က ယိချင်းသာ အားကုန်ထုတ်သုံးပြီး မတောင့်ခံခဲ့ရင် ကျရှုံးသွားခဲ့မှာ။ ကံကောင်းလို့ မသေမျိုးခရီးသွားလေးယောက်ကနိုးလာပေမဲ့ စိတ်နတ်ဆိုးမေ့မျောမှုထဲ အချိန်အတော်ကြာ ရှိနေခဲ့တာမို့ သူတို့ရဲ့မျိုးနွယ်စုခေါင်းဆောင်သုံးယောက်ထက်တောင် အခြေအနေ ပိုဆိုးပြီး လမ်းလျှောက်နိုင်တယ်ဆိုရုံလေးပဲ။
ကူယွဲ့ ပင်ပန်းလွန်းလို့ မြေကြီးပေါ် ပစ်ကျသွားတယ်။ မတ်တတ်ရပ်နေဆဲဖြစ်ပြီး နောက်တစ်ဆင့်ဆီတက်ဖို့ ပြန်ပေါ်လာတဲ့ လှေကားထစ်တွေမှာရပ်နေတဲ့ ယိချင်းကို လှမ်းကြည့်လိုက်တယ်။ တစ်ခဏမောဟိုက်နေပြီးတဲ့နောက် သူ ယိချင်းကိုမေးလိုက်တယ်။
“မောလိုက်တာကွာ၊ နောက်ဘာဆက်လုပ်ကြမလဲ၊ အပေါ်တက်မှာလား”
ယိချင်း ကြာပန်းပုံစံ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူ့သွေးကြောတွေကို ထိန်းညှိပြီးတဲ့နောင် အံကြိတ်လိုက်တယ်။
“ဒီမှာစောင့်နေ၊ ကျွန်တော် တက်သွားလိုက်မယ်”
“ဘာ”
…