အခန်း ၈၇ ။ စိတ်နတ်ဆိုးကို နှိုးခြင်း
ယိချင်းက သူ့ဓားသိုင်းတွေကို မချုပ်ထိန်းထားတော့ဘူး။ သူတိုက်ခိုက်တဲ့နည်းလမ်းကနေ သူ့ပြိုင်ဘက်က သူ့အပေါင်းအဖော် မဟုတ်ဘဲ သွေးကြွေးရှိတဲ့ရန်သူလို့ ထင်လောက်တယ်။ သူ ကူယွဲ့ကို နေရာတိုင်း ထိုးတာတောင် ကူယွဲ့ကတော့ နာကျင်မှုခံစားရတဲ့ပုံမပေါ်။ သူ့ကိုယ်သူ ကာကွယ်ဖို့ မကြိုးစားတော့ဘဲ ယိချင်းကိုပဲ အားကုန်ထုတ် တိုက်လေတယ်။
ကူယွဲ့ခန္ဓာကိုယ်က ခဏနေတော့ ဒဏ်ရာတွေနဲ့ ဖုံးလာပြီး အရေးပေါ်အခြေအနေရောက်နေတဲ့ပုံပေါ်မဲ့ သူ့မျက်လုံးတွေကတော့ အာရုံမစိုက်သေးဘဲ အမူအရာကလည်း အတူတူပဲဖြစ်နေတယ်။ ယိချင်း သူ့ဓားဆန္ဒကို ရုတ်တရက် ဆင့်ခေါ်ပြီး ရင်းနှီးနေတဲ့ မဟာရွှေဓားကိုဆွဲထုတ်ကာ ကူယွဲ့ဘက် ထိုးစိုက်တော့တယ်။
စီးပိုးတဲ့ဓားဆန္ဒက သူတို့နားက အပင်နဲ့ သစ်ပင်တွေကို အက်ကွဲပြီး မြေကြီးပေါ်လဲကျသွားစေတယ်။ မဟာရွှေဓားက ကူယွဲ့ခန္ဓာကိုယ်တည့်တည့် ဆက်ပြီးဦးတည်နေလေတယ်။
ကူယွဲ့မျက်လုံးတွေ ရုတ်တရက် ပြူးသွားတယ်။ သူ့မျက်လုံးထဲက မြူခိုးတွေလည်း ရှင်းလင်းသွားပြီး အံ့ဩတကြီး ရေရွတ်လိုက်တယ်။
“ဟိုလီရှစ်”
ယိချသ်းက လက်ကို လိမ်လိုက်ပြီး ဓားဆန္ဒက အသံစူးကြီးနဲ့လမ်းကြောင်းလွဲသွားကာ ကူယွဲ့ဘေးကတောင်ဆီ ဝင်တိုက်သွားခဲ့တယ်။ မဟာရွှေဓားက တောင်ထိပ်ကို ဖြတ်သွားပြီး ကျောက်တုံးတွေကို လိမ့်ကျသွားစေခဲ့တယ်။
ကူယွဲ့ ချွေးသီးချွေးပေါက်တွေ ကျဆင်းလာတာကို မြင်လိုက်ရတယ်။ ကျေးဇူးတင်စရာကောင်းတာက ငါ သတိပြန်ရလာတာပဲ။ ဒီဓားက ငါ့ကိုယ်ဆီ ဦးတည်လာတာ အသိသာကြီး။ ငါ့ကိုဖြတ်သွားလောက်တယ်။
“ယိချင်း မင်း… မင်း တကယ့်ကို ရက်စက်တာပဲ” မင်း ငါ့ကိုအဲအကွက်နဲ့ သတ်ဖို့လုပ်တာ အသိသာကြီး။
ယိချင်းက အကြည့်လွှဲသွားတယ်။ နှမြောတဲ့ အမူအရာက မျက်နှာပေါ်ဖြတ်ပြေးသွားသေးတယ်။ သူ ကူယွဲ့ဆီ ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။
“တကယ်လို့ ကျွန်တော် အဲလိုမလုပ်ရင် ခင်ဗျား သတိပြန်ရလာမှာမဟုတ်ဘူးလေ”
“ဘယ်သူ့ကိုလိမ်ဖို့ကြိုးစားနေတာလဲ” ကူယွဲ့ ဒေါသတကြီး ရန်တွေ့လိုက်တယ်။ ငါနားမလည်ဘူးများ မထင်နဲ့။ မင်းမျက်နှာပေါ်က အမူအရာက အဲဒီ cheat ရှန်းရင် ဖြစ်နေကျ အမူအရာပဲ။
“မင်းငါ့ကိုထုထောင်းဖို့အခွင့်အရေးယူနေတာပဲ မဟုတ်လား”
“ခင်ဗျားအတွေးလွန်နေပြီ” ယိချင်းက ကူယွဲ့နဲ့ အကြည့်ချင်းမဆုံဘဲ ခေါင်းစဉ် မြန်မြန်ပြောင်းလိုက်တယ်။
“ခင်ဗျားကိုယ်တိုင်က ဓားကျင့်ကြံသူကို ဘာလို့ စိတ်နတ်ဆိုးတွေနဲ့ အချိန်အကြာကြီး ပိတ်မိနေရတာလဲ”
ပြီးတော့ မသိဘဲ လှည့်စားတာလည်းခံရတယ်။ တကယ်လို့ ကူယွဲ့သာ နောက်တစ်က္ကန့် ထပ်ပိတ်မိနေရင် အသက်ရှင်လျက် ထွက်လာနိုင်တော့မှာမဟုတ်ဘူး။
“ခင်ဗျားဘာမြင်ခဲ့တာလဲ”
ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သူ့အမူအရာက ပြောင်းလဲသွားပြီး လည်ချောင်းဟန့်လိုက်တယ်။
“ဘာမှမဟုတ်ပါဘူး၊ ဟိုးအရင်တုန်းကဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို မှတ်မိသွားခဲ့ရုံပါ” စိတ်နတ်ဆိုးတွေရဲ့ ကြောက်ဖို့ကောင်းတဲ့အချက်က သူတို့က လူတစ်ယောက်ရဲ့ အားနည်းချက်ကို အသုံးချတာပဲ။ သူတို့ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဆုပ်ကိုင်မိတာနဲ့ သူတို့က အဲလူကို ပိတ်လှောင်ထားဖို့ ပြီးပြည့်စုံတဲ့ စိတ်ကူးယဉ်ကမ္ဘာကို မြင်ယောင်စေတော့တာပဲ။ စိတ်နတ်ဆိုးတွေနဲ့ ပိတ်မိနေတဲ့လူတွေက သူတို့အကြီးမားဆုံးအားနည်းချက်နဲ့ ရင်ဆိုင်ပြီးရင်တောင် နားမလည်ကြဘူး။ ကူယွဲ့က… ခေတ်သစ်ကမ္ဘာဆီ ပြန်ရောက်သွားခဲ့တာလေ။
ယိချင်းက သူ့ကို ဆက်ပြီးမမေးတော့ဘူး။ ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်တယ်။
“အဲမှာ လှေကားထစ်တွေ ပေါ်လာပြန်ပြီ”
ကူယွဲ့ လိုက်ကြည့်လိုက်တော့ ပတ်ဝန်းကျင်က ပြောင်းလဲနေတာ နားလည်သွားတယ်။ အားလုံးြ ဆွဲဖြဲခံရပြီး ပြန်စုစည်းထားသလိုပဲ။ စက္ကန့်နည်းနည်းနေတော့ သူတို့နှစ်ယောက်ရှေ့ ကျောက်လှေကားထစ်တွေပေါ်လာပြီး ကောင်းကင်ဆီ ဦးတည်သွားတယ်။
နှစ်ယောက်သား အပြန်အလှန်ကြည့်မိပြီး အတူတူ လှေကားထစ်တွေပေါ် ပျံသန်းလာခဲ့တယ်။
သူတို့ နောက်ဆုံးလှေကားထစ်ပေါ် နင်းချိန် သူတို့ပတ်ဝန်းကျင်တွေက နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့တယ်။ သူတို့အခု အင်မတန် ကျယ်ပြန့်တဲ့ ကျက်ရိုင်းမြေကြီးထဲ ရောက်နေပြီ။ သူတို့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့တောင် ဒီကျက်ရိုင်းမြေရဲ့ နယ်နိမိတ်အကန့်အသတ်ကို အာရုံခံမရဘူး။ နောက်ထပ်လောကတစ်ခုဆီ ခြေချမိသလိုပဲ။
သူတို့ မသေမျိုးတက်လှမ်းမှုစေတီကြောင့် အံ့ဩမှုနဲ့ ပင့်သက်ရှိုက်လိုက်မိတယ်။ ယွီမိသားစုက တတိယအထပ်ကို ဘယ်သူပဲရောက်ရောက် မသေမျိုးတက်လှမ်းမှု အောင်မြင်နိုင်မယ်လို့ပြောတာ မထူးဆန်းတော့ဘူး။ မသေမျိုးတက်လှမ်းမှု အောင်မြင်ဖို့ဆိုတာ လုံးဝမလွယ်ကူဘူးလေ။ ဒီစေတီရဲ့ တစ်ဆင့်ချင်းစီက အတော်လေး စိန်ခေါ်မှုများတယ်။ သူတို့ စေတီထဲဝင်ဝင်ချင်း သူတို့ရဲ့စိတ်နတ်ဆိုးတွေကို အနိုင်ရဖို့လိုတယ်။ ပထမအဆင့်မှာတင် သူတို့ရဲ့တာအိုနှလုံးသားကို စမ်းသပ်နေပြီ။ ကိစ္စတွေက ဒီကနေ ပိုပြီးခက်ခဲသွားတော့မှာ။
ကြည့်ရုံနဲ့တင် စေတီက မသေမျိုးတက်လှမ်းမှုလျှပ်စီးဝဋ်ကြွေးချေခြင်းထက် ပိုပြီးလွယ်ကူမှာ မဟုတ်ဘူး။ ကူယွဲ့နဲ့ယိချင်းတို့ စေတီရဲ့ ဒုတိယအဆင့်ပဲရောက်လောက်သေးတယ်။
စောနက တောက်ပတဲ့အလင်းရောင်က ခဏနေတော့ ရုတ်တရက် ပြန်ပေါ်လာတယ်။ ကူယွဲ့ စောနကပေါ်လာတုန်းကတော့ အလင်းရောင်တစ်တန်းထဲပဲ။ ခုတော့ ဆယ်ခုတောင်ရှိနေပြီ။ ဒါပေမဲ့ အရင်က ထွက်လာတဲ့အသံက ဒီတစ်ကြိမ်တော့ ဘာစကားမှမပြောဘူး။
အလင်းရောင်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ပုံသဏ္ဌာန်ဆယ်ခုက သူတို့ရှေ့ပေါ်လာတယ်။ သူတို့ အလယ်က လူသုံးယောက်ကို မှတ်မိသွားချိန် နှစ်ယောက်သား ထိတ်လန့်သွားခဲ့တယ်။
“ယင်းမိသားစုသခင်ကြီး၊ ရိမိသားစုသခင်ကြီးနဲ့ ရွှမ်းယွမ်မိသားစုသခင်ကြီး” ကူယွဲ့ တခြားလူတွေကို စစ်ဆေးကြည့်လိုက်တော့ အားလုံးက ခရီးသွားမသေမျိုးတွေမှန်း သိလိုက်ရတယ်။
“သူတို့… သူတို့က စေတီထဲ ပထမဆုံးဝင်သွားတဲ့သူတွေ မဟုတ်လား၊ သူတို့ ဘာလို့…”
သူတို့ သူ့လိုမျိုး အသိစိတ်ပျောက်ဆုံးနေတာလား။ အခုထိန်းချုပ်ခံထားရတာလား။ ဒီစေတီကလူတွေကို ဘာလုပ်နေတာလဲ။
“ကျွန်တော်က ဘယ်ဘက်သွားမယ်၊ ခင်ဗျားက ညာဘက်သွား”
ယိချင်း အော်လိုက်တယ်။ သူ ဓားကိုတင်းတင်းဆုပ်ကိုင်ကာ ရှေ့တက်သွားတော့တယ်။ သူတို့ အခုတိုက်ခိုက်ဖို့ကလွဲ ရွေးစရာမရှိတော့ဘူး။ ကူယွဲ့လည်း အုပ်စုဆီ ပြေးဝင်သွားခဲ့တယ်။
မှော်အတတ်တို့က ခဏအတွင်း လေထဲပျံ့သွားခဲ့တယ်။ ယိချင်းနဲ့ ကူယွဲ့တို့က ဓားကျင့်ကြံသူတွေဆိုတော့ ခရီးသွားမသေမျိုးတစ်ယောက်နှစ်ယောက်ကို ကိုင်တွယ်နိုင်ပေမဲ့ သူတို့က အများကြီး။ ဆွေကြီးမျိုးကြီးမိသားစုရဲ့ သခင်ကြီးသုံးယောက်က စေတီထဲဝင်ချိန် သူတို့က မိသားစုထဲက ခရီးသွားမသေမျိုးအားလုံးကို ခေါ်လာခဲ့တာ။ ရွှမ်းယွမ်မိသားစုရဲ့ သခင်ကြီးကပဲ သူတို့မိသားစုက ခရီးသွားမသေမျိုးအားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာမို့ ခေါ်မလာခဲ့တာ။
မိသားစုသခင်ကြီးတွေကလွဲပြီး ခရီးသွားမသေမျိုးက ၈ ယောက်။ ကူယွဲ့နဲ့ယိချင်း တစ်ယောက်စီ လေးယောက်ကို ရင်ဆိုင်ရမှာ – စဉ်းစားကြည့်ရုံနဲ့တင် သူ့ကိုပင်ပန်းစေတယ်။ အရင်အဆင့်မှာ သူ ဒဏ်ရာတွေ ရလာတယ်ဆိုတဲ့ အချက်က ကိစ္စတွေကို ပိုဆိုးရွားသွားစေတယ်။ ဆိုးဆိုးရွားရွားကြီး ဒဏ်ရာရတာမဟုတ်ပေမဲ့ သူ့စွမ်းဆောင်မှုကိုတော့ သက်ရောက်စေတယ်။
သူတို့ထွက်ပေါက်ရှာဖို့အတွက် အချိန်မရှိဘူး။ တစ်ခုတည်းသော ဖြေရှင်းချက်က သူတို့အတတ်နိုင်ဆုံး တိုက်ခိုက်ပြီး ဒီလူတွေကိုနှိုးဖို့ပဲ။
သိပ်မကြာခင်မှာပဲ ကူယွဲ့တစ်ယောက် ဒီလူတွေရဲ့အခြေအနေက သူနဲ့ကွဲပြားတာ နားလည်သွားတယ်။ သူတို့ရဲ့ခံစားချက်မပါတဲ့အကြည့်က သူတို့ အသိ ပျောက်ဆုံးနေရုံတင်မကဘူးဆိုတာ ဖော်ပြနေတယ်။ သူတို့ရဲ့မူလဝိညာဉ်တွေကတောင်….။
ကူယွဲ့ မျက်လုံးပြူးသွားတယ်။ သူ ဘေးက ယိချင်းကို လှမ်းအော်လိုက်တယ်။
“ယိချင်း၊ သူတို့အများစုက စိတ်နတ်ဆိုးတွေရဲ့ လုံးဝညှို့ယူတာကိုခံလိုက်ရပြီ၊ ငါတို့ သူတို့ကိုနှိုးလို့မရဘူး”
သူအံကြိတ်လိုက်တယ်။ ခရီးသွားမသေမျိုးတွေဆိုတာ မသေမျိုးတက်လှမ်းမှုကိုအောင်မြင်ဖို့ ကျရှုံးခဲ့တဲ့ ကျင့်ကြံသူတွေပဲ။ သူတို့ရဲ့စိတ်နတ်ဆိုးတွေရစ်တွယ်နေတာက တခြားသူတွေထက် များတယ်။ သူတို့ရဲ့စိတ်နတ်ဆိုးတွေကို အနိုင်ယူဖို့က သူတို့အတွက် သိပ်မလွယ်ကူဘူး။
ယိချင်းလည်း ဒါကို ရုတ်တရက်နားလည်သွားချိန် အမူအရာက ပျက်သွားတယ်။ တိုက်ခိုက်မှုကို ခုခံရင်း သူ ထိန်းချုပ်ခံထားရတဲ့လူအုပ်စုကို စစ်ဆေးလိုက်တယ်။
“အာရုံစိုက် အရင်ဆုံး မိသားစုသခင်ကြီးသုံးယောက်ကို နှိုးရအောင်”
ကူယွဲ့ခေါင်းညိတ်ပြီး ခရီးသွားမသေမျိုးတွေရဲ့ ဘေးကတိုက်ခိုက်မှုကို ရှောင်လိုက်တယ်။ သူ တစ်ဖက်လှည့်ကာ ယင်းဖုန်းကို အာရုံစိုက်လိုက်တယ်။
ဒီတိုက်ပွဲက နာရီ၂၀ကျော်သွားခဲ့တယ်။ ကူယွဲ့ ဝိညာဉ်စွမ်းအားလျော့ကျလာတာနဲ့အတူ သူ့ဓားကို ပြင်းထန်တဲ့သတ်ဖြတ်လိုတဲ့ဆန္ဒထုတ်ပြီး ယင်းဖုန်းဆီ ဓားထိုးဖို့အတွက် နောက်ဆုံးအားထုတ်မှု လုပ်လိုက်တော့တယ်။ ဓားက ယင်းဖုန်းကိုယ်ထဲ ဖြတ်လုနီးနီးမှာတင် သူ့ရဲ့ စိတ်လွင့်နေတဲ့မျက်နှာက အာရုံစိုက်မှုတချို့ပြန်ဝင်လာတယ်။ သူ ရုတ်တရက် ဓားဆန္ဒနဲ့ ဆုံလိုက်ရလိုပ မျက်ဝန်းတွေက အထိတ်တလန့်ဖြစ်သွားတော့တာပေါ့။ သူရှောက်ပေမဲ့ ဓားက သူ့ညာဘက်လက်ကို ရှသွားသေးတယ်။ သွေးတွေ ဒဏ်ရာကနေ စထွက်လာတော့တယ်။
“ဒါ… ဒါက…” ယင်းဖုန်း ထိတ်လန့်နေသေးပေမဲ့ အကြောက်တရားက ဇဝေဇဝါဖြစ်မှုရောထွေးနေတယ်။
“ဆရာသခင်ကူယွဲ့လား”
ကူယွဲ့ ရှင်းပြဖို့အချိန်မရှိဘူး။ ယိချင်းက ခုသတိရနေပြီဖြစ်တဲ့ တခြားမိသားစုသခင်ကြီး၂ယောက်ကို ကူပြီး သူတို့ဆီ ပျံသန်းလာတယ်။ ယင်းဖုန်းနဲ့ယှဉ်ရင် တခြားမိသားစုသခင်ကြီး၂ယောက်က ပိုပြီး ဒဏ်ရာရထားတယ်။ ယိချင်း မထိန်းဘူးဆိုတာ အသိသာကြီးပဲ။
ယိချင်းက တစ်ဖက်လှည့်ပြီး သူ့နောက်လိုက်နေတဲ့ ခရီးသွားမသေမျိုးတွေကို ဓားနဲ့ထိုးလိုက်တယ်။ ကောင်းကင်က ဓားချီအပြည့်နဲ့။
“သူတို့နိုးနေပြီ သွား” ယိချင်းက ညွှန်ကြားပြီးတော့ လမ်းကြောင်းပြောင်းကာ မိုးကုပ်စက်ဝိုင်းဆီ ပျံတက်သွားခဲ့တယ်။
ကူယွဲ့လည်း အချိန်ဖြုန်းမနေဘူး။ သူ ဒဏ်ရာရထားတဲ့ ယင်းဖုန်းကိုဆွဲထူပြီး ယိချင်းနောက်လိုက်ခဲ့တယ်။
သူတို့အနားယူဖို့အချိန်လိုနေပြီလေ။
——————
ဒီအချိန် ကီလိုမီတာ၅၀အဝေးမှာတော့။
ရှန်းရင် ထူးဆန်းတဲ့ပတ်ဝန်းကျင်ကို လေ့လာပြီး ရုတ်တရက် အရေးကြီးတဲ့မေးခွန်းကို သတိရသွားခဲ့တယ်။
ဟွားယွမ်မြို့က… ဘယ်မှာလဲ။
သူမသာ လမ်းပျောက်မယ်ဆိုတာ သိနေခဲ့ရင် မုန်လာဥကိုပါ ခေါ်လာခဲ့မိမှာ။ သူမ ဒီလောက်အဝေးကြီးတောင် လျှောက်လာခဲ့ပြီးပြီ… ငါပြန်လှည့်သင့်လားဟေ။
သူမ ပြန်လှည့်တော့မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာတင် ရပ်သွားခဲ့တယ်။
အိမ်က… ဘယ်ဘက်လဲ။
ဟာ အိမ်ကနေ ထွက်လာရတာ တကယ်ကို ဒုက္ခများလွန်းတာပဲ။
…