အခန်း ၈၅ ။ ရုတ်တရက်နိုးလာခြင်း
ယွီဟိုင်ဟုန် ကြက်သီးထသွားတယ်။ အဲဒီရင်းနှီးနေတဲ့အသံက ငရဲတွင်းကြီးထဲကနေ ရောက်လာသလိုမျိုး။ သူ မလှုပ်ရှားရဲဘူး။ ဘာမှမမြင်ရတာ သေချာပေမဲ့လည်း ကြောက်ခမန်းလိလိ ဖိအားက လွှမ်းမိုးလာတာ ခံစားမိတယ်။ တစ်ခဏအတွင်း သူအသက်ရှူဖို့ပါ မေ့သွားတယ်။
တစ်အောင့်နေတော့ သူ တောင့်တောင့်ကြီး လှည့်လိုက်တယ်။ အံ့ဩတုန်လှုပ်မှုနဲ့ ရုတ်တရက် မျက်လုံးပြူးသွားတာပေါ့။
ရှန်းရင်က သစ်မှုန်သစ်စနဲ့ဖုန်မှုန့်တွေ ကပ်နေတဲ့ အဖြူရောက်အတွင်းဝတ်ရုံပဲ ဝတ်ထားတယ်။ သူမမျက်နှာက အိုးဖင်လိုမှောင်မည်းနေပြီး မျကန်ဝန်းတွေကတော့ ကျုံ့နေတယ်။ တုတ်ချောင်းလို ပိန်ပါးပေမဲ့ သူ့ခန္ဓာကိုယ်ကနေ ခြိမ်းခြောက်တဲ့အန္တရာယ်အငွေ့အသက်တွေ လွှင့်ထုတ်နေတာက ငရဲကနေ အေးစိမ့်တဲ့လေစိမ်းတွေက သူ့နှလုံးသွေးကြောထဲ ရစ်ပတ်သွားသလိုမျိုးပဲ။ သူမနောက်ကနေ မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ဟန်။
ကြက်သီးထစရာ တိတ်ဆိတ်မှုက နန်းတော်ထဲကျရောက်လာတယ်။ လူတိုင်းဟာ နေရာမှာတင် တောင့်ခဲသွားလေတယ်။ ရုတ်တရက် ပေါ်လာတဲ့ဒီလူကိုကြည့်ပြီး သူတို့အလိုလိုအသက်ရှူအောင့်ကာ ကြက်သီးမွှေးညင်းတွေထကုန်ကြတော့တယ်။
ရှန်းရင် တစ်လုံးချင်းစီ ပြောပြီး မေးတော့တယ်။
“ညသန်းခေါင်ကြီး… ဒီဆူဆူညံညံတွေက ဘာဖြစ်နေတာလဲ”
ယွီဟိုင်ဟုန် မျက်လုံးတွေ ပန်းကန်ပြားလောက်ကြီးသွားပြီး သူ့မျက်နှာပေါ် လုံးဝမယုံကြည်နိုင်တဲ့အမူအရာဖြစ်နေတာပေါ့။ ဟင့်အင်း၊ ဒါမဖြစ်နိုင်ဘူး။ သူဘယ်လိုလုပ် ဒီနေရာရောက်နေတာလဲ။ စိန်ခေါ်မှုကိုလက်ခံပြီး မြောက်ဘက်မြို့ဆီသွားတယ်မဟုတ်ဘူးလား။ တောက်ပနှလုံးဂိုဏ်းက ဖေးယဲ့ရှုက သူ့ကိုမြင်ခဲ့တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာပဲ၊ ဒါဆို ဘယ်လိုလုပ် ဒီကိုရောက်နေတာ။
“မင်း… ဘယ်လိုလုပ်မင်း… အား”
သူ စကားမဆုံးခင် လည်ထောင်က တင်းကြပ်သွားပြီး ရင်းနှီးနေတဲ့ မူးဝေဝေခံစားချက်တစ်မျိုး ရောက်လာတယ်။ နောက်တစ်စက္ကန့်မှာတင် သူ့တစ်ကိုယ်လုံးကနေ ဆိုးဆိုးရွားရွား နာကျင်မှု ခံစားလိုက်ရပြီး ခန္ဓာကိုယ်ထဲကသွေးကြောတွေ
အကုန်လုံးပေါက်ထွက်ကုန်တယ်။ နောက်တော့ မြေကြီးပေါ်ကနေ ဘုန်းကနဲ အသံကြီးပေါ်လာတော့တာပဲ။
ဒေါသတွေနဲ့ ဆူပွက်ပြီး ရှန်းရင် သူမဘေးကလူကို ဆွဲထူကာ မြေကြီးပေါ် ထုထောင်းတော့တယ်။ မြေကြီးက တုန်ယင်သွားပြီး တောင်ကြီးက ခါယမ်းသွားတယ်။ တစ်ခဏအတွင်း ထပ်တလဲလဲ ထုထောင်းသံတွေက မိုင်ထောင်ချီ ပဲ့တင်ထပ်သွားပြီး သူ့ရဲ့ ဒေါသထွက်တဲ့ဆူသံတွေနဲ့ ရောနှောနေတယ်။
“ဘယ်သူက နင်တို့ကို ဆူညံဖို့ပြောထားလဲ ဘယ်သူက နင်တို့ကို ဆူညံဖို့ပြောထားလို့လဲ ဘယ်သူက နင်တို့ကို အဲလောက်ဆူညံဖို့ပြောထားလို့လဲ…”
ထပ်ထပ်ထပ်ပြီးတော့…။
“မျိုးနွယ်စုခေါင်းဆောင်…” သတိပြန်ဝင်လာတဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေက အရှေ့ကို အပြေးတက်လာပြီး ကူညီဖို့လုပ်ပေမဲ့ မကူညီနိုင်ရုံတင်မကဘူး၊ ရှန်းရင်ရဲ့ ဒေါသမီးလျှံစက်ကွင်းထဲပါ ရောက်သွားတာတွေ့လိုက်ရတယ်။ သူမက ဘာကိုင်ထားလဲဆိုတာတောင် လုံးဝသတိမထားမိတဲ့ပုံ။ သူမနားဘယ်သူပဲရောက်လာရောက်လာ မြေကြီးပေါ် လှဲသိပ်ခံရတော့တာပဲ။
တစ်ယောက်ပြီးတစ်ယောက် မြီးတိုကြွက်လေးတွေကို ထုနှက်သလိုမျိုး မြေကြီးပေါ် ရိုက်နှက်တော့တယ်။ ပြီးတော့ သူမလက်ထဲက တူကတော့ – ယွီမိသားစု မျိုးနွယ်စုခေါင်းဆောင်ပေါ့
ငါးမိနစ်အတွင်း ဝူတိဂိုဏ်းကိုဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာတဲ့ ရန်လိုတဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူတွေ သေကြေကုန်တော့တယ်
ဖုန်းယင် ။ ။ “…”
ယွီဟုန် ။ ။ “…”
စစျယှီ ။ ။ “…”
တပည့်အားလုံး ။ ။ “…”
သူ… သူက ကြောက်စရာကောင်းလိုက်တာ။ ဖုန်းယင် နောက်ဆုံးတော့ သူမအိပ်နေချိန်အတွင်း ဘယ်တော့မှ မနှောင့်ယှက်ရဆိုတဲ့ ဝူတိဂိုဏ်းရဲ့ ပထမစည်းမျဉ်းက ဘာကြောင့်လဲဆိုတာ နားလည်သွားခဲ့ပြီ။ အကျိုးဆက်တွေက… တကယ်ကို တစ်ယောက်ယောက်အတွက် ခံနိုင်ရည်မရှိတဲ့အရာပဲ။
ငါးမိနစ်အကြာ…
“ရှန်း… ရှန်းရင်” သူမ နောက်ဆုံးတော့ မြီးတိုကြွက်တွေကို ရိုက်တာ ရပ်ပြီး မတ်မတ်ရပ်နေတာမြင်တော့ ဖုန်းယင် လှမ်းပြောမိလိုက်တယ်။
“ကံကောင်းလို့ မင်းအချိန်မီပေါ်လာတာမို့…”
“ဟမ်” သူ စကားမဆုံးခင် ရှန်းရင်က တစ်ဖက်လှည့်လာပြီး ရုတ်တရက် သတ်ဖြတ်လိုတဲ့ အငွေ့အသက်စီးကြောင်းနဲ့ ရေကြီးနေတဲ့ ကမ်းပါးကရေလို သူ့ဆီ တရှိန်ထိုးလာတော့တယ်။
ဖုန်းယင်နှလုံးသား ဒိတ်ခနဲဖြစ်သွားတယ်။
“မင်း… မင်းအဆင်ပြေရဲ့လား၊ ဟေး ခဏ… မင်း ဘာလုပ်နေတာလဲ”
သူမက ရုတ်တရက် သူ့ဆီလျှောက်လာတယ်။ သတ်ဖြတ်လိုတဲ့အငွေ့အသက်က ခြေတစ်လှမ်းတိုင်းမှာ တိုးလာတယ်။
“ရပ် ရပ်နော် ဟေးဟေးဟေး… ငါက ဖုန်းယင်လေ”
ရှန်းရင်က သူ့ကိုမကြားသလိုမျိုးဆက်လျှောက်လာတယ်။
[တင်း သတိပေးချက် သတိပေးချက် ခေါင်သူကြီးရဲ့ သင့်အပေါ် ရန်လိုမှုက ဇယားကွက်ထဲကနေ ကျော်သွားပါပြီ၊ မျိုးသုဉ်းခါနီးဆဲဆဲ၊ မျိုးသုဉ်းခါနီးဆဲဆဲ]
“မင်းအဲလိုတွေးတယ်လား၊ ငါ့ကိုမခြောက်နဲ့နော်”
ရှန်းရင်ကို ကြည့်ပြီး ဖုန်းယင် နားလည်သွားတာက သူမက သတိပြုမိတဲ့လက္ခဏာမပြဘဲ အဲအစား သူမအိပ်နေတာကို နှောင့်ယှက်တဲ့ အုပ်စုဝငိအဖြစ် သတ်မှတ်ထားတယ်ဆိုတာပဲ။ သူမရဲ့ နိုးနိုးချင်း ဒေါသက တကယ်ကိုကြောက်ဖို့ကောင်းပေမဲ့ ပုန်းစရာနေရာရှာမတွေ့ဘူး။
“ခဏ… ရှန်းရင်၊ အလျင်မလိုနဲ့နော်၊ ကျုပ်ကိုတစ်ချက်ကြည့်ဦး ရှန်းရင်… ဂိုဏ်းချုပ်… ခေါင်သူကြီးရေ”
ရှန်းရင်က သူပြောသမျှမကြားဘဲ ရှေ့ဆက်တက်လာတယ်။ ဖုန်းယင် နောက်ဆုတ်ဆုတ်သွားတာ ကျောနဲ့နံရံ တိုက်မိတဲ့အထိပဲ။ သူ့ခေါင်းထဲကစနစ်က သတိပေးတဲ့အချက်ပေးသံတွေ ဆက်တိုက်ထုတ်နေတယ်။
ရှန်းရင် စောနက ယွီဟိုင်ဟုန်ကိုလုပ်သလို သူ့လည်ထောင်ကိုဆွဲဆုပ်ဖို့လုပ်တော့တယ်။
ချက်ချင်း ဖုန်းယင် မျှော်လင့်ချက်အားလုံးဆုံးရှုံးသွားခဲ့တယ်။ ဒါက အဆုံးသတ်ပဲ။
“ဂိုဏ်းချုပ်”
မိန်းမတစ်ယောက်အသံက ရုတ်တရက်ထွက်လာတယ်။ လက်ကျန်ပေါက်စီလေး ထည့်ထားတဲ့ ပန်းကန်ပြားကို ကိုင်ပြီး ယွီဟုန်က လျှောက်လာကာ သူတို့ကြားဝင်လိုက်တယ်။
“ဒါက ယိချင်းပြင်ပေးထားတဲ့စားစရာပါ၊ စားကြည့်… မလားဟင်”
ရှန်းရင်လက်က ရပ်တန့်သွားတယ်။ သူမကခေါင်းငုံ့ပြီး ပန်းကန်ပြားပေါ်က ပေါက်စီကို တစိုက်မတ်မတ် ကြည့်နေတယ်။ သတ်ဖြတ်လိုတဲ့အငွေ့အသက်က လုံးဝပျောက်ကွယ်သွားပြီ။
သူမက ပေါက်စီကို ကောက်ယူပြီး နှစ်လုတ်သုံးလုတ်တည်းနဲ့မျိုချလိုက်တယ်။ နောက်တော့ လှည့်ထွက်ပြီး နန်းတော်အရံဆောင်ရဲ့ အပျက်အစီးပုံဆီ လျှောက်သွားတယ်။ သူမအိပ်ရာဆီ ရောက်တော့ စောင်ကိုမပြီး လှဲချလိုက်လေတယ်။
တစ်ခဏနေတော့ ရင်းနှီးနေတဲ့ဟောက်သံကိုကြားရတော့တယ်။
အားလုံး ။ ။ “…”
တစ်ချိန်လုံး အိပ်ပျော်နေခဲ့တဲ့ပုံပဲ
○| ̄|_
——————
ရှန်းရင် နောက်နေ့နိုးလာတော့ သူမအိပ်ရာဘေးမှာ လူအုပ်ကြီးဝိုင်းနေတာကို မြင်လိုက်ရတယ်။ သူမပေါ်ကြည့်နေတဲ့မျက်ဝန်းတွေထဲ စိုးရိမ်မှု၊ ရင်ထိတ်မှုနဲ့ လေးစားမှု အမူအရာအမျိုးမျိုး ပါဝင်နေလေတယ်။
“အိုး…” တိတ်ဆိတ်နေပြီးတဲ့နောက် သူမက နှုတ်ဆက်တဲ့ဟန် လက်မြှောက်ပြလိုက်တယ်။
“မင်္ဂလာမနက်ခင်းပါ နင်… နင်တို့အားလုံး ငါ့ကို မနက်စာစားဖို့အတွက် လာခေါ်ကြတာလား”
နင်တို့အားလုံးလာဖို့ လိုလို့လား။
“…”
ဘယ်သူမှ ပြန်မဖြေပေမဲ့ သူတို့မျက်ဝန်းထဲက အမူအရာကတော့ အားလုံးပြောနေတယ်။
ဒီလူတွေ ဘာဖြစ်နေကြတာလဲ။
အူကြောင်ကြောင် ရှန်းရင်တစ်ယောက် အိပ်ရာပေါ် ထထိုင်လိုက်တယ်။ နောက်တော့ သူမက ရှေ့က အပျက်အစီးပုံကြီးကို သတိထားမိသွားခဲ့တယ်။
“ဟမ်၊ အခန်းကဘာဖြစ်တာလဲ၊ ငလျင်လှုပ်ထားတာလား”
“…” လူတိုင်း အကြည့်အချင်းဖလှယ်ပြီး တစ်ယောက်က သတိနဲ့မေးလိုက်တယ်။
“ဂိုဏ်းချုပ်… မမှတ်မိဘူးလား”
“ဘာမှတ်မိရမှာလဲ” ရှန်းရင်က ခေါင်းကိုယမ်းပြီး ပိုတောင်ဇဝေဇဝါဖြစ်နေဟန်။
“ဘာမှမဟုတ်… ဘာမှမဟုတ်ပါဘူး” လူတိုင်း ခေါင်းယမ်းပြီး တံတွေးမျိုချမိလိုက်တယ်။ ဘာမှတောင်မပြောနိုင်တော့ဘူး။
ယွီဟုန်က ထရပ်ပြီး သူမကိုကြည့်တယ်။
“ဂိုဏ်းချုပ်၊ မနေ့ညက ယွီမိသားစုရဲ့မျိုးနွယ်စုခေါင်းဆောင်က နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်အုပ်ကို တောင်ပေါ်ဆီ ဦးဆောင်လာပြီး ကျွန်မတို့ဂိုဏ်းထဲ ကျူးကျော်ခဲ့ပါတယ်၊ ကျွန်မတို့ တိုက်ခိုက်ကြရင်းနဲ့ အဲဒါကြောင့်…”
“အော်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
“အဲတော့အားလုံး ဖြေရှင်းပြီးပြီလား”
“ဖြေရှင်းပြီးပြီ… ထင်တာပါပဲ”
“မဆိုးဘူး” ရှန်းရင်က နောက်ထပ်ချီးကျူးစကား ပြောလိုက်တယ်။
“အားလုံးပဲတော်ကြတယ်”
အားလုံး ။ ။ “…” တစ်ခုခု သူတို့လည်ချောင်းထဲ တစ်နေသလိုပဲ။
“ဒါပေမဲ့ ဒီအခန်းက ဆိုးဆိုးရွားရွား ပျက်စီးထားတာပဲ”
ရှန်းရင် ထရပ်ပြီး ဟိုဟိုဒီဒီကြည့်လိုက်တယ်။ ဒီအခန်းကိုပြန်ဆောက်ရတာက ရက်နည်းနည်းတော့ ကြာမှာပဲ။ သူ ယုန်ကိုသွားခေါ်ဖို့အတွက် တစ်ယောက်ယောက်ကိုစီစဉ်ဖို့ ပြင်လိုက်တယ်။
“ကြီးမြတ်တဲ့နတ်ဒေဝါ” အိပ်ရာအစွန်မှာရပ်နေတဲ့လူတစ်ယောက်က သူမဆီ တန်းတန်းမတ်မတ် လျှောက်လာတယ်။
“ကြီးမြတ်တဲ့ နတ်ဒေဝါ၊ ကျေးဇူးပြုပြီး ကျွန်တော့်အဖေကိုကယ်ပေးပါ”
အဲတော့မှပဲ ရှန်းရင် သူ့ကိုသတိထားမိတာ။
“နင်က ဘယ်သူလဲ” သူမအံ့ဩတကြီးမေးလိုက်တယ်။
“ဂိုဏ်းချုပ်၊ ဒါက ယင်းမိသားစုရဲ့ သခင်လေးယင်းယွမ်ဖေးပါ” စစ်ယွီက ရှေ့တက်ပြီးရှင်းပြလာတယ်။
“သူက မနေ့က သူ့ကိုသတ်ဖို့ကြိုးစားနေတဲ့ ယွီမိသားစုတွေ လိုက်ဖမ်းတာကနေ လွတ်မြောက်လာတာပါ၊ မနေ့က ယုန်မိစ္ဆာတွေက ညသန်းခေါင်ချိန် သူ့ကိုဒီထဲခေါ်လာပေးတာပါ”
“အော်…” ဒါဆိုအဲဒီကောင်ပေါ့။
“နင့်အဖေရော အဆင်ပြေရဲ့လား”
“ကျွန်တော့်အဖေနဲ့ တခြားမျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ရော ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေရော မသေမျိုးတက်လှမ်းမှုစေတီထဲ ယွီမိသားစုရဲ့ မျှားခေါ်တာခံခဲ့ရပါတယ်၊ သူတို့သေလားရှင်လားမသိရပါဘူး”
“မသေမျိုးတက်လှမ်းမှုစေတီလား” ဒါ ဘယ်လိုနေရာလဲ။ ရှန်းရင် တစ်ခဏတိတ်နေပြီးတော့ သူမဘေးက ဖုန်းယင်ဘက်လှည့်ကြည့်လိုက်တယ်။
“နင်… ကလေး၊ နင့်မှာ အချက်အလက်ပိုရှိတာပဲ၊ ရှင်းပြနိုင်လား”
ဖုန်းယင် ။ ။ “…”
သောက်ကျိုးနည်း ဘယ်သူ့ကို ကလေးလို့ခေါ်နေတာလဲ။ သူ့ဟာက မိဘအုပ်ထိန်းမှုစနစ်ဆိုပေမဲ့ တကယ်ကြီး သူ့ကိုကလေးလိုဆက်ဆံဖို့လိုလို့လား။
“ကျုပ်နာမည်ကဖုန်းယင်” ငါ့ကို ထပ်ပြီးကလေးလို့ခေါ်ကြည့် မင်းနောင်တရသွားလိမ့်မယ်။ ယုံလိုက်
[တင်း လက်ခံသူရဲ့ နာမည်ပြောင်းဖို့ လျှောက်လွှာအောင်မြင်ပါတယ်၊ နာမည်အသစ် ။ ။ ကလေး၊ အတည်ပြုပြီး]
“…”
…