အခန်း ၈၄ ။ လျှို့ဝှက်နန်းတော်အဆောင်ငယ်
ဖုန်းယင် ဝူတိဂိုဏ်းကို ရောက်လာတည်းက စနစ်က ၈၀ရာခိုင်နှုန်းလောက် အမြဲနီးပါး ကလန်ကဆန်လုပ်နေတာပဲ။ ဖုန်းယင်ကို ကိုယ့်ဘာသာ ဂိုဏ်းကာကွယ်ခိုင်းတာ ဘာသဘောလဲ။ သူ့မှာသာ စွမ်းဆောင်ရည်ရှိရင် စောနက ဝိညာဉ်လှည့်စားအစီအရင်ချဖို့ လိုပါ့မလား။
သူ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်နှစ်ယောက်ကို ကိုင်တွယ်နိုင်ပေမဲ့ ဆယ့်ငါးယောက်ကို ခုခံခိုင်းနေတာကတော့ သေတွင်းတူးခိုင်းနေသလိုပဲ
မဖြစ်ဘူး။
သူက ဂိုဏ်းကို သူ့ဘာသာသာ ကာကွယ်ပေးရအောင် ဘာမို့လို့လဲ။ ဂိုဏ်းချုပ်ဖြစ်တဲ့ ရှန်းရင်ကတောင် ရန်သူတွေ ဂိုဏ်းကိုကျူးကျော်ဖို့လုပ်ချိန် အိပ်နေတာလေ။ သူ ဒီကိုလက်စားချေဖို့ရောက်လာပေမဲ့ သူမအစား ဂိုဏ်းကိုကာကွယ်ပေးဖို့ မျှော်လင့်နေကြတာလား။ အဲဒါ ဘယ်လိုမျိုး အတွေးအခေါ်ကြီးလဲ။ သူ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ငြင်းတယ် ငြင်းတယ် ဘယ်လိုပဲဖြစ်ဖြစ် ရှန်းရင်ကိုနှိုးရမယ်။
သူ ကျူးကျော်သူတွေကို လျစ်လျူရှုပြီး ရှန်းရင်ကိုနှိုးဖို့ နန်းတော်ဘေးအဆောင်ထဲ ဇွတ်တိုးဝင်ဖို့ လုပ်မလို့ပဲရှိသေး နောက်ကျလွန်းသွားခဲ့ပြီ။ တောင်အောက်ကနေ တစ်ခုခု ပြိုလဲသံကျယ်ကြီးကို ကြားလိုက်ရတယ်။ တခဏအတွင်း ယွီဟိုင်ဟုန်နဲ့ တခြား နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူအားလုံး ဖုန်းယင်ရှေ့က စတုရန်းရင်ပြင်မှာ ပေါ်လာကြတယ်။
“ဝိညာဉ်ဖမ်းမျှော်စင်ရဲ့ သခင်က တကယ်ကိုစွမ်းဆောင်ရည်ရှိတာပဲ” ယွီဟုန်ဟိုင်က လှောင်လာတယ်။
“မင်းက နတ်ဝိညာဉ်အဆင့်သာသာတစ်ယောက်ဆိုပေမဲ့ ဝိညာဉ်လှည့်စားအစီအရင်ကို ချနေနိုင်ပြီ၊ အစီအရင်က ငါတို့ကို အမြဲထိန်းမရဘဲ ခဏပဲထိန်းနိုင်တာတော့ နှမြောစရာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့အားလုံး သေတွင်းကမလွတ်ပါဘူး”
“ယွီဟိုင်ဟုန်” ယွီဟုန် သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။
“ရှင်က ကျွန်မတို့ဝူတိဂိုဏ်းကို ကျူးကျော်ရဲတယ်ပေါ့၊ ကျွန်မတို့ဆရာက ရှင့်ကို ထပ်ရိုက်နှက်မှာ မကြောက်ဘူးလား”
“ဟားဟားဟား…” သူက ရုတ်တရက် အားရပါးရ ထုတ်ရယ်တော့တယ်။
“ငါအဲလောက်တောင် အားကိုးရာမဲ့နေမယ်လို့ မင်းတို့တကယ်တွေးနေတာပဲ”
သူ လက်ထဲက ဓားတောက်ကို တည်တည်ငြိမ်ငြိမ်ကစားနေရင်း ပြောလိုက်တယ်။
“အဲမိစ္ဆာယိချင်းက စောနက ငါလူတစ်ယောက်နဲ့ ပို့ခိုင်းထားတဲ့ ဓားရေးယှဉ်ပွဲဆီ ဖိတ်ခေါ်ချက်နဲ့ မျှားခံလိုက်ရပြီ၊ အဲလူကူယွဲ့တောင် မသေမျိုးတက်လှမ်းမှုစေတီထဲမှာ တခြားသူတွေနဲ့ ပိတ်မိနေလောက်ပြီ၊ သေချာပေါက် ငါတို့ဒီရောက်နေတယ်ဆိုတဲ့အချက်က ငါတို့ ပြင်ဆင်မှု အပြည့်အဝ လုပ်ပြီးသားဆိုတာ ပြနေတာပဲလေ”
ဖုန်းယင်မျက်နှာ အသွေးအရောင်မရှိတော့ဘူး။ သူ ထိတ်လန့်နေတဲ့လူအုပ်ကြီးဆီ လှည့်ကြည့်လိုက်တယ်။ ရှန်းရင် တကယ်မရှိတော့တာ မဟုတ်လောက်ပါဘူးနော်။ အဲဒါကြောင့် မိန်းကလေးတွေက သူမကို သွားခေါ်ခွင့်မပေးတာလား။
“ကျွန်မဂိုဏ်းချုပ်က ဒီမှာမရှိဘူးလို့ ဘယ်သူပြောလဲ” ယွီဟုန်လည်း ထိတ်လန့်သွားတဲ့အမူအရာနဲ့။ အကြီးအကဲယိချင်းက ဓားရေးပြိုင်ပွဲဆီ ဖိတ်ကြားခံရတဲ့သူပါ။ အဲဒါက ဂိုဏ်းချုပ်နဲ့ ဘာဆိုင်လို့လဲ။
“ဟမ့်၊ မင်းတို့ မကြောက်တဲ့ပုံ ဟန်ဆောင်စရာမလိုပါဘူး”
ယွီဟိုင်ဟုန် စိတ်ရှည်ရှည်ဖြေပြီး သူ့နောက်ကလူတွေကို လက်ယမ်းပြလိုက်တယ်။
“သူ အခုဒီမှာမရှိဘူး၊ နောက်ပိုင်းသိသွားရင်တောင် ယွီမိသားစုကို လက်စားလာချေရဲရင် ကျန်တဲ့သူတွေလို ဘုရားထဲပိတ်မိနေမှာပဲ၊ မင်းတို့အားလုံး ဒီနေ့ထွက်ပြေးဖို့ကို မေ့လိုက်ကြတော့”
သူ စကားဆုံးဆုံးချင်း နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ထဲ မျောလွင့်လာတယ်။ မှော်အတတ်အမျိုးမျိုးနဲ့ မြေကြီးဆီ ပစ်တော့တာပဲ။
“နောက်ဆုတ်ကြ” ဖုန်းယင် လှမ်းအော်ပြီး အကာအကွယ်အစီအရင်ချလိုက်တယ်။ အံကိုကြိတ် ရှေ့ကိုပြေးတက်ပြီး နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူ ၇ ယောက် ၈ယောက်ကို ဝင်လုံးတော့တယ်။ ယွီဟုန်နဲ့ စစ်ယွီတို့လည်း သူ့နောက်က ပြေးလိုက်လာကြတယ်။
ရန်သူတွေ များလွန်းတယ်။ မိန်းကလေးတစ်ယောက်ဆီက နတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဆီကို ကိုင်တွယ်နိုင်ပေမဲ့ အသာစီးရနေတာတော့ မဟုတ်သေးဘူး။ အုတ်မြစ်အခြေတည်တပည့်တချို့ကတော့ ရန်သူတွေကြောင့် လွင့်ထွက်ကုန်တယ်။ ယွီဟုန်နဲ့စစ်ယွီပဲ တန်းတူတိုက်ခိုက်နိုင်တော့တယ်။
ဖုန်းယင် စနစ်ကို သူ့စွမ်းရည်အပြည့်အဝ ထုတ်ခွင့်ပြုပြီး ကျင့်ကြံဆင့်ကို နှောင်းပိုင်း နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ထိ အတင်းအကြပ် တိုးမြှင့်လိုက်တယ်။ စနစ်က သူတတ်နိုင်သမျှ အကူအညီတွေ ပေးပေမဲ့ ၇ယောက် ၈ယောက်ကို တားထားဖို့ လုံလောက်တယ်ဆိုရုံလေးပဲ။ ဖုန်းယင် ယွီဟုန်နဲ့စစ်ယွီကို ကူပေးရသေးတယ်။ သူ အကြာကြီး ထပ်မတောင့်ထားနိုင်တော့ဘူး။
တကယ်ပဲ စက္ကန့်သုံးဆယ်အကြာမှာ ကျင့်ကြံသူတစ်ယောက်က ကောင်းကင်တစ်ခုလုံးအပြည့် ဓားမိုး ဆင့်ခေါ်တော့တယ်။ ဓားတွေက ဖုန်းယင်နဲ့ မိန်းကလေးတွေဆီ ပျံသန်းလာတာပေါ့။ ဖုန်းယင် ရွေးစရာမရှိတော့ဘဲ နောက်ဆုတ်ရတော့တယ်။ သူ တခြားမိန်းကလေးတွေဆီ ပြေးသွားရင်း ယွီဟုန်နဲ့စစ်ယွီကို လှည့်ခေါ်လိုက်တယ်။
“အစီအရင်ထဲ ပြန်ဝင်နေကြ”
ဖြစ်ချင်တော့ နောက်ကျသွားခဲ့ပြီ။ မိန်းကလေးနှစ်ယောက် အစီအရင်ထဲ အချိန်မီ ပြန်မပြေးလိုက်နိုင်ဘူး။ စစ်ယွီက ရွှေအမြုတေလျှပ်စီးဝဋ်ကြွေးချေခြင်းကို ကျော်ဖြတ်ပြီးပြီမို့ ဒီဓားမိုးက သူမအတွက် ဘာမှမဟုတ်ဘူး။ လက်သီးတစ်ချက်ယမ်းပြီး သူမကိုယ်ကို ဓားတွေဆီကနေ ကာလိုက်တယ်။ တစ်ဖက်မှာတော့ ယွီဟုန်အခြေအအနေက သိပ်မလွယ်။ ဝိညာဉ်ဓားတွေက သူမကိုယ်ကို တစ်ချောင်းပြီးတစ်ချောင်း ရှကုန်ပြီး သွေးတွေက ဒဏ်ရာကနေ ထွက်လာတော့တယ်။
“ဆရာတူအစ်မ” ကျေးဇူးတင်စရာက စစ်ယွီက အမြန်တုံ့ပြန်ပြီး ယွီဟုန့်ဘေး ပြေးသွားကာ ဓားတချို့ကနေ ကာကွယ်ပေးလိုက်တယ်။
ဘေးကနေကြည့်နေတဲ့ ယွီဟိုင်ဟုန် မျက်မှောင်ကြုတ်သွားတာပေါ့။ သူ့အမူအရာက ပိုအာရုံစိုက်မှုရှိလာပြီး ရုတ်တရက် လက်နှစ်ဖက်လုံးနဲ့ လေပြင်းဓားသွားဖြူတွေ ဖန်တီးပြီး မိန်းကလေးနှစ်ယောက်ဆီ ပစ်လွှတ်တော့တယ်။ ဓားမိုးထဲက ဝိညာဉ်ဓားတွေထက် လေပြင်းဓားတွေက ပိုတောင်များနေပြီ။
“သတိထား” ဖုန်းယင် ဓားကို မိန်းကလေးတွေဆီ ပစ်လိုက်တယ်။ ဓားက သူတို့ဆီ ပျံသန်းလာပြီး အကြိမ်ရေတချို့ဝှဲသွားကာ လေပြင်းဓားတွေကို အောင်အောင်မြင်မြင် ချော်ထွက်သွားစေခဲ့တယ်။
“ရှင့်ကျင့်ကြံဆင့်တွေ ပြန်ရနေပြီပဲ” ယွီဟုန် မယုံနိုင်စွာနဲ့ ယွီဟိုင်ဟန်ကို စိုက်ကြည့်လိုက်တယ်။ အဲနေ့က သူ့ကျင့်ကြံဆင့်ကို ဂိုဏ်းချုပ်က ဖျက်ဆီးခဲ့ပြီပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ
“မှန်တယ်” ယွီဟိုင်ဟုန်က ဘဝင်ခိုက်စွာနဲ့ ပြုံးလိုက်တယ်။
“ယွီမိသားစုရဲ့ဘိုးဘွားတွေက ငါ့ကိုစောင့်ကြည့်ပေးနေတာ၊ ငါ့ကျင့်ကြံဆင့်ကို ပြန်ရအောင်လုပ်ဖို့က ကိစ္စအသေးအဖွဲလေးပဲ၊ ဘယ်လောက်များခက်နိုင်မှာလဲ၊ မင်းတို့ အရှုံးပေးရင် မင်းတို့အလောင်းတွေကို အကောင်းပတိထားခဲ့ဖို့ ဆန္ဒရှိသေးရင်ရှိသေးလောက်မှာပေါ့”
“အိပ်မက်မက်နေလိုက်” ယွီဟိုင်ဟုန် ဓားကို တင်းတက်းဆုပ်ကိုင်လိုက်တယ်။ ဝူတိဂိုဏ်းကလူတွေဟာ တိုက်ပွဲအတွင်းမှာပဲ သေမယ် — ဘယ်တော့မှ အရှုံးမပေးဘူး
“ဟမ့် မင်းတို့က ကိုယ့်အကြောင်းကိုယ်မသိသေးတာပဲ” ယွီဟိုင်ဟုန်က အားကုန်ထုတ်သုံးပြီး တိုက်ပွဲထဲ သူ့အရှိန်နှုန်းကိုမြင့်တော့တယ်။ တခြားနတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေဆီကနေ မတူညီတဲ့ နည်းဗျူဟာကိုသုံးလေတယ် — သူတို့ကိုသတ်ဖို့ စိတ်ပိုင်းဖြတ်ထားသလိုမျိုး လေပြင်းဓားတွေကို စစ်ယွီနဲ့ ယွီဟုန်ဆီ အဆက်မပြတ်ပစ်တော့တာပဲ။
ဖုန်းယင် ဒေါသလည်းထွက် စိတ်လည်းပူပန်လာပြီ။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေကို ဝင်လုံးရုံတင်မကဘူး၊ အနောက်က အငယ်တွေကိုလည်း ကာကွယ်ပေးရတယ်။ သူ စစ်ယွီနဲ့ယွီဟုန့်ကိုပါ ကာကွယ်ဖို့ မတတ်နိုင်တော့ဘူး။
“စနစ် ငါ့ကိုကူစမ်းပါ၊ ငါ့ဆီမှာ စွမ်းရည်လှုံ့ဆော်မှုကျန်သေးလား၊ ဒီလိုမျိုး ဆက်သွားလို့မဖြစ်ဘူး”
[တင်း စွမ်းရည်လှုံ့ဆော်မှု ပြန်လည်သုံးစွဲနိုင်ရန် စောင့်ဆိုင်းချိန် ၊ ၅မိနစ်]
စားပွဲလှန်
(╯‵□′)╯(┻━┻
ဒီလိုသောက်ရေးကြီးအချိန်မျိုးမှာ စောင့်ဆိုင်းချိန် ဘာလို့ရှိနေသေးတာလဲ။ ဒီ စောင့်ဆိုင်းချိန်က သူစောနက ပြန်ဆုတ်ဖို့ကြိုးစားတဲ့အချိန်ပါ ပါတာလား။ မတရားဘူးလေ
လေပြင်းဓားတွေက မိန်းကလေးနှစ်ယောကိကို ထိတော့မယ်။ စစ်ယွီ မတတ်နိုင်တော့ဘဲ ကာလိုက်ရတယ်။ သူမလက်သီးတွေနဲ့ လေပြင်းဓားတွေကို လမ်းကြောင်းလွဲအောင် လုပ်ပစ်ပေမဲ့ အကုန်လုံးတော့ မလုပ်နိုင်ဘူးလေ။ လျှပ်စီးဝဋ်ကြွေးချေခြင်းကို ဖြတ်ကျော်လာတဲ့ ခန္ဓာကိုယ်တောင် ဝိညာဉ်ချီသိပ်သည်းလှတဲ့ လေပြင်းဓားတွေကို ခံနိုင်ရည်မရှိတော့ဘူး။ တချို့လေပြင်းဓားတွေက သူမကိုယ်ကို ရှကုန်တယ်။
ယွီဟိုင်ဟုန်က ကစားပွဲဆော့နေရသလိုမျိုး အရူးတစ်ယောက်အတိုင်းရယ်နေတယ်။ ရုတ်တရက် သူ့လောက်နီးနီး ရှည်လျားတဲ့ လေပြင်းဓားတစ်ချောင်းကိုဆင့်ခေါ်ပြီး မိန်းကလေးနှစ်ယောက်ဆီ လွှတ်တော့တယ်။ စစ်ယွီ ထိတ်လန့်နေရာက အမြန် သတိဝင်လာပြီး သူမကိုယ်ထဲက ရှိသမျှချီအားလုံးကို ဆင့်ခေါ်ကာ လေပြင်းဓားဆီ ရိုက်သွင်းရတော့တယ်။ ဒါပေမဲ့ ဝိညာဥ်ချီက ဓားရဲ့လမ်းကြောင်းကို နည်းနည်းပဲ ပြောင်းလိုက်နိုင်တာ။ မိန်းကလေးနှစ်ယောက်လည်း ရွေးစရာမရှိတော့ဘဲ ဘယ်ဘက်ခြမ်းဆီ ဆုတ်ရတော့တယ်။
လေပြင်းဓားက နန်းတော်တည့်တည့် ဦးတည်လာတယ်။ စစ်ယွီမျက်နှာပေါ် သွေးရောင်က မရှိတော့သလောက်ပဲ။ သူမက လေပြင်းဓားနောက် ချက်ချင်း လိုက်ပြီး နောက်ထပ် ထိုးချက်တစ်ချက် ပစ်လွှတ်လိုက်တယ်။ လေပြင်းဓားက နန်းတော်ကိုလွဲသွားဖို့ လုံလောက်တဲ့အထိ လမ်းကြောင်းပြောင်းပြီး ပင်မခန်းမဆောင်ရဲ့အရှေ့ တံခါးဘောင်ကို ထိမှန်သွားခဲ့တယ်။
“အာ” ယွီဟိုင်ဟုန် နောက်ထပ် လေပြင်းဓားကို ဆင့်ခေါ်မဲ့ဆဲဆဲမှာတင် တစ်စုံတစ်ရာကို သူသဘောပေါက်သွားတယ်။ မျက်မှောင်ကြုတ်ပြီး ဘေးပတ်ပတ်လည်က လူတွေကို စစ်ဆေးကြည့်တော့တာပဲ။ ဒီနောက်တော့ ကောက်ကျစ်စွာ ပြုံးလေတယ်။
“မင်းတို့အားလုံး အရှေ့ခန်းမဆောင်မှာ စုဝေးပြီး ဘယ်ဘက်က နန်းတော်အဆောင်ငယ်ကို ရှောင်နေကြတာပဲ၊ အဲမှာ အရေးကြီးတာတစ်ခုခု ဖွက်ထားတာလား”
လူတိုင်းမျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားချိန် ယွီဟိုင်ဟုန်တစ်ယောက် သူခန့်မှန်းတာ မှန်မှန်း သိလိုက်ရတယ်။ တစ်ယောက်ယောက် တုံ့မပြန်နိုင်ခင် သူ လက်ဖဝါးကို လှည့်လိုက်တယ်။ စောနက လေပြင်းဓားတွေကို အရုပ်နဲ့တူသွားစေတဲ့ ဧရာမလေပြင်းဓားကြီးကို ဆင့်ခေါ်လိုက်တာပဲ။ ဧရာမလေပြင်းဓားကြီးက တခြားလေပြင်းဓားအသေးတွေနဲ့အတူ နန်းတော်အဆောင်ငယ်ဆီ ပျံသန်းကုန်ကြတယ်။
“ဟင့်အင်း” ညီအစ်မကိုးယောက်ရဲ့ အော်သံ ပြိုင်တူထွက်လာတော့တယ်။
နောက်ကျသွားလွန်းခဲ့ပြီ။ တစ်ခဏအတွင်း မြက်ပင်နဲ့ အပင်တွေအားလုံး အမြစ်ကျွတ်ကုန်ကြတယ်။ လှပတဲ့ နန်းတော်အဆောင်ငယ်က အောက်ကမြေကြီးနဲ့အတူ လေထဲမြောက်တက်သွားတော့တယ်။ နန်းတော်အဆောင်ငယ်က အလယ်တည့်တည့်ကနေ ထက်ခြမ်းပိုင်းသွားပြီး ကျယ်လောင်လှတဲ့ အသံကြီးပေါ်လာကာ မြေပေါ်က ဖုန်မှုန့်အားလုံး လေထဲ လွင့်ပျံ့ကုန်ကြတယ်။
ယွီဟိုင်ဟုန် ဝူတိဂိုဏ်းရဲ့တခြားတပည့်တွေက အထဲမှာပုန်းနေတယ်လို့ တွေးခဲ့တာ။ ဒါပေမဲ့ နန်းတော်အဆောင်ငယ်ထဲ ဘယ်သူမှ ရှိမနေတာ မြင်လိုက်ရတယ်။ ထပ်ပြီးတော့ သူ လေပြင်းဓားတချို့ ဆင့်ခေါ်လိုက်သေးတယ်။
“မင်းတို့ ဒီနန်းတော်အဆောင်ငယ်မှာ ဘာကိုများအတိအကျဝှက်ထားလဲဆိုတာ မြင်ချင်တယ်၊ မင်းတို့တွေကို…”
“ငါပဲ” သူ စကားမဆုံးခင် ခပ်တိုးတိုးအသံတစ်သံက သူ့နောက်ကနေ ထွက်ပေါ်လာခဲ့တယ်။
လေပြင်းနဲ့မိုး ချဉ်းကပ်လာခဲ့ပြီ…။
…