ERSY အခန်း ၈၂

အခန်း ၈၂ ။ ဝိညာဉ်ဖမ်းမျှော်စင်ထဲ အစုဝေပုံကျပါဝင်ခြင်း

ကောင်းကင်နဲ့မြေကြီးမှာ ထူးခြားဖြစ်စဉ်တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဉ်စွမ်းအင်အဆင့်က ထိုးထိုးထောင်ထောင် တက်လာတယ်။

ရှန်းရင် နေ့လယ်စာစားနေတုန်း တန်းလန်းပေါ့။ သူမ အသားတစ်ဖက် ကောက်ယူခါစရှိသေး မြေကြီးက ရုတ်တရက် တုန်ခါလာကာ တောင်တန်းတွေ ယိမ်းယိုင်သွားတော့ သူမလက် တုန်ရီသွားပြီး လက်ထဲကအသားလည်း မြေကြီးပေါ်ပြုတ်ကျသွားခဲ့လေတယ်။

နှမြောစရာ…

တစ်ဖက်မှာ ယိချင်းက နောက်ထပ်အသားတစ်တုံးကို ကောက်ယူပြီး ခွက်ထဲ တည်တည်ငြိမ်ငြိမ် ထည့်ပေးလာတယ်။

စားဖိုမှူးကောင်းပဲ

ရှန်းရင် စားတော့မဲ့ဆဲဆဲ ကူယွဲ့က တောက်လောငိနေတဲ့ စိတ်မရှည်မှုတွေနဲ့ ရုတ်တရက် ပြေးဝင်ချလာတယ်။

“ရှန်းရင်၊ စောနက လှုပ်ယမ်းသွားတာကို မင်းတို့ အာရုံခံမိလား”

“ငလျင်လှုပ်တာလား” သူမ ခေါင်းလေးစောင်းလိုက်တယ်။

“မင်းခေါင်းကို ငလျင်” ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်တယ်။

“ဆရာ၊ အရှေ့ဘက်အရပ်က ဝိညာဉ်ချီအဆင့်က ပေါ်ထွက်လာပါတယ်”

ယိချင်းခေါင်းမော့ပြီး ညာဘက်ကို ကြည့်ကာ တည်ငြိမ်တဲ့လေသံနဲ့ ရှင်းပြလာတယ်။

“ထူးခြားတဲ့ရတနာတစ်ခု လောကကြီးထဲ ဆင်းသက်လာတာ ဖြစ်နိုင်ခြေအများဆုံးပါ”

“ဟုတ်တယ်၊ လှုပ်ယမ်းသွားမှုကနေ ဆုံးဖြတ်ရရင်တော့ ဒီပစ္စည်းက သေးသေးမွှားမွှားတော့ မဟုတ်နိုင်ဘူး”

ကူယွဲ့ စိတ်လှုပ်ရှားစွာနဲ့ ဆက်ရှင်းပြတော့တယ်။

“မင်းတို့မြန်မြန်ထုပ်ပိုးကြ၊ ငါတို့ သွားစစ်ဆေးကြည့်ရမယ်”

“ဘာအတွက် အသင့်ပြင်ရမှာလဲ” ရှန်းရင် ခေါင်းမော့လိုက်တယ်။

“သေချာပေါက် အဲကိုသွားဖို့ ပြင်‌ဖို့လေ”

ကူယွဲ့ အကျင့်အတိုင်း ဖြေလိုက်တယ်။

“ထူးခြားတဲ့ရတနာတစ်ခု လောကကြီးထဲ ဆင်းသက်လာတာ၊ ဘာကြီးပဲဖြစ်နေပါစေ သခင် မရှိတဲ့ ပစ္စည်းဖြစ်မှာ၊ ငါတို့ အဲကိုစောစောရောက်လေ အကျိုးပိုများလေပဲ”

“ငါတို့ အဲဒါတွေကို လိုလား”

“ငါတို့မလိုဘူးလား”

“လိုအပ်တာရှိလို့လား”

“…” ကူယွဲ့ တစ်ခဏတုံ့ဆိုင်းနေပြီးမှ တစ်ခုခုကို တွေးမိသွားခဲ့တယ်။

ဟိုလီရှစ် သူတို့တကယ် မလိုဘူးပဲ။

သူနဲ့ယိချင်းကလွဲရန် ဝူတိဂိုဏ်းက ကျန်တဲ့သူတွေက ခန္ဓာကျင့်ကြံသူတွေ။ ခန္ဓာကျင့်စဉ်ဆိုတာက သန့်စင်တဲ့စွမ်းအင်ကို အဓိကထားတာ။ ဒါကြောင့် ဓမ္မအသုံးအဆောင်တွေနဲ့ ဝိညာဉ်ရတနာတွေက ခန္ဓာကျင့်ကြံသူတွေအတွက် ဘာမှအသုံးမဝင်ဘူး

သူတို့အတွက် အသုံးဝင်တာတွေက ဝိညာဉ်ဆေးဖက်နွယ်ဝင်တွေနဲ့ သက်စောင့်ဆေးပမာဏ နည်းနည်းပဲ။ ဒါပေမဲ့ အဲဒါတွေကတောင် သေခါနီးဆဲဆဲ အရေးပေါ်အခြေအနေအတွက်ပဲ အသုံးဝင်တာ။ ပြီးတော့ ဝူတိတစ်ဂိုဏ်းလုံးမှာ အပေါဆုံးအရာက ဝိညာဉ်ဆေးဖက်ဝင်အပင်တွေပဲ။

သူတို့ရှေ့ အဆင်သင့်ဖြစ်နေတဲ့ ရတနာတစ်ခုရှိနေရက်နဲ့ တစ်ယောက်မှ သုံးမရဘူး။ ဒီခံစားချက်က…။

ကူယွဲ့ ခေါင်းကို ရေခဲရေပုံးနဲ့ လောင်းချခံလိုက်ရသလို ခပ်ရေးရေးခံစားလိုက်ရတယ်။ စောနက စိတ်လှုပ်ရှားမှုအားလုံးလည်း ပျောက်ကွယ်သွားတော့တာပေါ့။ မဟူရာကောင်းကင်ဂိုဏ်းမှာ နေလာတာ အရမ်းကိုကြာညောင်း‌ခဲ့တော့ အရင်းအမြစ်တွေအတွက် တိုက်ခိုက်တာကို ကျင့်သားရနေခဲ့တာ။ Cheat တစ်ယောက်နဲ့ ရသွားတာက သိပ်ကို အထီးကျန်စရာကောင်းတာပဲ။

“ငါလည်းဗိုက်ဆာပြီ” ကျန်တဲ့ထမင်းကို သူ့အတွက်သူ ချက်ချင်းယူပြီး ထိုင်ချလိုက်တယ်။ ရင်ထဲမှာတော့ အခဲမကြေနိုင်မှုအပြည့်နဲ့။ သူ တစ်စုံတစ်ယောက်သော အစားသရဲကို လှမ်းကြည့်ပြီး တကျည်ကျည် မလုပ်ဘဲ မနေနိုင်တော့ဘူး။

“နေ့လယ်ခင်းကျ တပည့်တွေကို မုန်လာဥ… ဝိညာဉ်ဆေးဖက်နွယ်ဝင်အပင်တွေ ခူးဆွတ်ဖို့ တောင်နောက် ခေါ်သွားချေ” ဒီနောက် မှတ်စုစာရွက်တစ်ရွက်ထုတ်ပြီး သူမကို ကမ်းပေးလိုက်တယ်။

“ဒါက လိုတဲ့စာရင်း၊ နံပါတ်အလိုက် ခူးခဲ့၊ တစ်ပင်တောင် မလျော့စေနဲ့”

“မုန်လာဥနှုတ်ရမှာလား” ရှန်းရင် တုံ့ဆိုင်းနေမိတယ်။

“ငါ ယုန်ကို ခိုင်းလိုက်ရင်…”

“မရဘူး” ကူယွဲ့ အေးစက်စက် ကြည့်လိုက်ပြီး အချောင်ခိုချင်နေတဲ့ သူမရည်ရွယ်ချက်ကို ဖြတ်တောက်ပစ်လိုက်တယ်။

“သူတို့တွေက မိစ္ဆာတွေပဲ၊ အဲတော့ သူတို့ကို မိစ္ဆာအငွေ့အသက်တွေ ဝန်းရံနေတာ၊ ဒီမုန်လာဥအသုတ်… ဖွီ… ဒီဝိညာဉ်ဆေးဖက်ဝင်အပင်တွေက ဆေးလုံးဖန်တီးဖို့ ရွှမ်းယွမ်မိသားစုဆီ ပေးရမှာ၊ အဲတော့ မိစ္ဆာအငွေ့အသက်နဲ့ ညစ်ညမ်းစေလို့မဖြစ်ဘူး၊ မင်းသွားမှရမယ်”

“အလုပ်ရှုပ်လိုက်တာ၊ ငါတို့ မခူးဘဲနေလို့မရဘူးလား”

“မခူးဘဲတဲ့လား” သူ ထေ့ရယ်ပြီး သူမကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။

“ဂိုဏ်းတစ်ဂိုဏ်းရဲ့ ပုံမှန်လုပ်ငန်းတွေကို ထိန်းသိမ်းဖို့က လွယ်ကူတဲ့အရာလို့များ ထင်နေလား၊ ငါတို့ မုန်လာဥတွေ မခူးဆွတ်ရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ ဘယ်ကရတော့မှာလဲ”

“အာ… ငါတို့အသုံးစရိတ်က အရမ်းကြီးတာလား”

သူမ ဈေးထွက်ရတာလည်း မကြိုက်ဘူးလေ။

“မင်း အဲဒါကိုပြောဖို့ သတ္တိရှိတယ်ပေါ့လေ” ကူယွဲ့ ချက်ချင်းပေါက်ကွဲတော့တယ်။

“ဒါတွေအကုန်လုံးက မင်းအပြစ်မဟုတ်ဘူးလား၊ အထက်ထျန်းလန်လောကတစ်ခုလုံးကို ကြည့်စမ်း၊ မဟုတ်ဘူး ထျန်းလန်လောကတစ်ခုလုံးကို ကြည့်၊ ဘယ်မသေမျိုးဂိုဏ်းကများ သူတို့ရဲ့ အသုံးစရိတ်ထဲက ၈၀ရာခိုင်နှုန်းကို အစားအသောက်ပေါ် သုံးပစ်လို့လဲ”

တကယ်လို့ ငါတို့ ပိုက်ဆံမရှာရင် ဒီမှာ ဘယ်လို အားအားယားယားနေပြီးမျိုကြမှာလဲဟေ။

“အဓိက အချက်က မင်းတစ်ယောက်တည်း အဲလိုမျိုတာဆိုရင် ငါမမြင်ချင်ယောင် ဆောင်ပေးလို့ရတယ်…” သူ ဘယ်နဲ့ညာမှာ ထမင်းခူးနေတဲ့ မိန်းကလေးတွေကို လှည့်ကြည့်လိုက်တယ်။

“ဒါပေမဲ့ မင်းက အကျိုးနည်း တစ်ဂိုဏ်းလုံးကို ထမင်းစားအောင် လုပ်ခဲ့တယ်လေ၊ ဂိုဏ်းချုပ်အနေနဲ့ ထမင်းစားတာက သူတို့ကျင့်ကြံမှုကို အကူအညီ မဖြစ်တာ မသိဘူးလား”

“အာ… သူတို့လည်း ငါတို့ထဲကလူပဲလေ၊ ငါတစ်ယောက်တည်း စားတာက မကောင်းဘူးလားလို့လေ”

သူမ သူ့ လက်ထဲက ထမင်းပန်းကန်လုံးကို လှမ်းကြည့်ပြီး စိတ်ထဲကနေ ကြိတ်တွေးလိုက်တယ်။

နင်ရော နေ့တိုင်း မမျိုလို့လား။

“ကောင်းပြီလေ၊ ငါ မင်းကို ဒါနဲ့ပတ်သက်ပြီး ရန်မဖြစ်တော့ဘူး” သူ အသက်ပြင်းပြင်းရှူပြီး ညာဘက်မှာရှိနေတဲ့ ဖုန်းယင်ကို လှည့်ကြည့်လိုက်တယ်။

“ဒါပေမဲ့ ဒီတစ်ယောက်ကရော ဘာဖြစ်တာလဲ၊ ဘာလို့ ဒီနေရာမှာ ရှိနေရသေးတာတုံး” ပြီးတော့ သူ အမြဲသုံးတဲ့ တူနဲ့ဇွန်းတွေကိုလည်း သုံးနေသေးတယ်

“ဒီနေရာဆီ ရောက်လာတဲ့သူမှန်သမျှက ဧည့်သည်လေ”

“မင်းခေါင်းပဲဧည့်သည်” သူက ဝိညာဉ်ဖမ်းမျှော်စင်ရဲ့ မျှော်စင်သခင် မဟုတ်ဘူးလား။ မင်း ဝိညာဉ်ဖမ်းမျှော်စင်ဆီ ပြန်စမ်းပါ ဘာလို့ ဒီမှာ ကုန်းဆင်းဖို့ ရောက်နေတာလဲ။ ထမင်းက ဝိညာဉ်ကျောက်တုံးတွေ ကုန်ကျတယ်မဟုတ်လား။ သူ့ခုံမှာ နေရာဝင်ယူပြီး စားစရာဝေစုစားဖို့ ဘာအခွင့်အရေးရှိလို့လဲ။

“ဟမ့်” ဖုန်းယင် သရော်သံပြုပြီး ကူယွဲ့ရဲ့ မရွှင်မပျဖြစ်မှုကို စိတ်ထဲမထားဘူး။

“ကျုပ်ကရော မဖြစ်စလောက်ဂိုဏ်းလေးမှာ နေချင်တယ်များထင်နေလား”

“ဟင်းဟင်း…” ဆန္ဒမရှိဘူးဆိုရင်လည်း အဲပန်းကန်လုံး ချထားလိုက်လေ။

“ခင်ဗျားတို့တွေ ကျုပ်ဝိညာဉ်ဖမ်းမျှော်စင်ရဲ့ကိစ္စတွေအတွက် ဖြေရှင်းချက်မပေးဘူးလား” ဖုန်းယင် စားပွဲကို ချက်ချင်းထုပြီး ခက်ထန်စွာ ပြောတော့တယ်။

“အကြီးအကဲ ကူယွဲ့၊ ကျုပ် ဝိညာဉ်ဖမ်းမျှော်စင်ကို ဆောက်လုပ်ဖို့ ပင်ပင်ပန်းပန်းအားထုတ်ခဲ့ရတာ၊ ခင်ဗျားတို့ကတော့ အဲလိုလေး အလွယ်ဖျက်ဆီးလိုက်ကြတယ်၊ အခု ဒီအဆင့်မှာ ခင်ဗျားတို့က အသက်တစ်ချောင်းကယ်ဖို့ စိတ်အားထက်သန်နေလို့ တံခါးမှားခေါက်မိတယ်လို့ပြောပြီး ဒီကိစ္စကို ဒီတိုင်းလေး လျှောချချင်နေတာလား၊ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး၊ ခင်ဗျားတို့တွေ ကျုပ်ဝိညာဉ်ဖမ်းမျှော်စင်အတွက် လျော်ကြေးပေးရင်ပေး မပေးရင် ကျုပ်ကိုအခုသတ်လိုက်၊ မဟုတ်ရင် ကျုပ်ထွက်မသွားဘူး”

မင်း ငါ့ထမင်းပန်းကန်လုံးကို လုထားတာတောင် အကျိုးအကြောင်းပြောဖို့ ကြိုးစားနေသေးတယ်ပေါ့လေ

ကူယွဲ့မျက်ဝန်းထဲက တောက်လောင်နေတဲ့ ဒေါသတွေ ရုတ်ခြည်းတည်ငြိမ်သွားပြီး အတော်လေး ကြက်သီးထစရာကောင်းလာတယ်။ ရုတ်တရက် သူ့နှုတ်ခမ်းထောင့်တွေ ကော့တက်သွားပြီး ဖုန်းယင်ကို နွေဦးလေညင်းနဲ့တူတဲ့ အပြုံးမျိုးပြုံးပြ‌လာလေရဲ့…။

ရှန်းရင်နဲ့ ယိချင်းတို့နှစ်ယောက်လုံး ကြက်သီးထသွားတယ်။ အာ့ အို…. ဖေဖေနျိုက လူတွေကို လှည့်စားမဲ့အချိန်ကျမှ ဒီလိုကြောက်စရာအပြုံးမျိုးပြုံးတာ။

(⊙_⊙)

“မျှော်စင်သခင်ယင်၊ ခင်ဗျားပြောတာမှန်တယ်၊ ဒီကိစ္စက တကယ်ပဲကျုပ်တို့အမှားပါ၊ ဒါကြောင့် ဖြေရှင်းချက်ပေးသင့်တာပေါ့” သူ့ရဲ့ကျွမ်းကျင်တဲ့ပုံစံကို ပြောင်းရင်း ပိုခင်ခင်မင်မင် ပြုံးတော့တယ်။

“ဟမ့် အနည်းဆုံးတော့ ခင်ဗျားက အသိတရားရှိသေးတာပဲ”

“စိတ်ချပါ၊ မျှော်စင်သခင်၊ ဝိညာဉ်ဖမ်းမျှော်စင် ပြန်ဆောက်တာကို ဝူတိဂိုဏ်းဆီ လွှဲထားလိုက်ပါ”

ကူယွဲ့ ယုံကြည်ချက်ရှိတဲ့မျက်နှာ ပြောလိုက်တယ်။

“ကျုပ်ဝူတိဂိုဏ်းက လူအများ အသိအမှတ်ပြုထားတဲ့ လျှို့ဝှက်မသေမျိုးဂိုဏ်းတစ်ခုပါ၊ ဒီလို ဝိညာဉ်ကျောက်တုံးပမာဏက ကျုပ်တို့တတ်နိုင်တဲ့အတိုင်းအတာအတွင်း ရှိပါသေးတယ်၊ ပြီးတော့ ကျုပ်တို့ ခင်ဗျားမျှော်စင်ကို ထူးခြားတဲ့ဝိညာဉ်ကျောက်တုံးတွေနဲ့ လျော်ကြေးပေးပါ့မယ်၊ ဘယ်လိုသဘောရလဲ”

“တကယ်လား” ဖုန်းယင်မျက်လုံးတွေ တောက်ပသွားပြီး သံသယတစ်စွန်းတစ်စနဲ့ စေ့စေ့စပ်စပ် ကြည့်တော့တယ်။

“ခင်ဗျား ကျုပ်ကိုလိမ်နေတာလား၊ နောင်တရမှာလား”

“ဘာလို့ နောင်တရမှာလဲဗျာ၊ ကျုပ်… နျို… ကျုပ် ကူယွဲ့ကလည်း ဂိုဏ်းတစ်ခုရဲ့ အကြီးအကဲပါ၊ စကားတည်တဲ့ ယောက်ျားတစ်ယောက်ပါဗျ” သူ့မျက်လုံးတွေ မျဉ်းဖြောင့်ပုံဖြစ်သွားတဲ့အထိ ပြုံးတော့တယ်။ ရှေ့တက်ပြီး ဖုန်းယင်ပခုံးကိုပုတ်ကာ စိတ်အားထက်သန်စွာနဲ့ ပြောလိုက်တယ်။

“အမှန်တိုင်းပြောရရင် ကျုပ် ဝိညာဉ်ဖမ်းမျှော်စင်ရဲ့ နာမည်ကြီးဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ၊ ခင်ဗျားက နှစ်တစ်ရာအတွင်း ဆွေကြီးမျိုးကြီး မိသားစုတွေထက်ကြီးတဲ့ ကွန်ရက်ကို တည်ဆောက်နိုင်ခဲ့တာပဲ၊ ကျုပ်တကယ် အားကျမိပါတယ်”

“အမှန်ပဲ” သူ့ကျွမ်းကျင်မှုအကြောင်းပြောတော့ ဖုန်းယင်မျက်နှာက ဂုဏ်ယူဝင့်ကြွားမှုအပြည့်နဲ့။

“ကျုပ် ဒီထဲ ဘယ်လောက်တောက် အားစိုက်ထုတ်ခဲ့ရလဲဆိုတာ ခင်ဗျားမသိပါဘူး၊ ကျုပ်ကြွားတာတော့ မဟုတ်ပေမဲ့ ဝိညာဉ်ဖမ်းမျှော်စင်က အဲဒီထိပ်သီး မသေမျိုးဂိုဏ်းတွေကို မရှုံးဘူးရယ်”

“ဒါပေါ့ ဒါပေါ့” ကူယွဲ့က သဘောတူဟန် အမြန်ခေါင်းညိတ်ပြ‌တယ်။

“ဒါပေမဲ့ နှမြောစရာပဲ၊ ဝိညာဥ်လိုက်ဖမ်းမျှော်စင်က အထက်ထျန်းလန်လောကအကြောင်း အချက်အလက်သတင်းတွေရှိပေမဲ့ အလယ်နဲ့အောက်ထျန်းလန်လောကတွေမှာတော့ ကွန်ရက်က နည်းနည်းချို့တဲ့သေးတာမို့ မပြည့်စုံဘူးဖြစ်နေတယ်၊ မျှော်စင်သခင် ဒီအပိုင်းကို ပြင်လိုက်ပါလား၊ ပြီးတော့ ဝိညာဉ်ဖမ်းမျှော်စင်က ဆွေကြီးမျိုးကြီးမိသားစုတွေကိုပါ ကျော်လွှားနိုင်ပြီ”

ဖုန်းယင် မျက်မှောင်ကြုတ်လိုက်တယ်။

“ကျုပ်လည်း အရင်က ဒီအတွေးရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ သုံးလောကထဲ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် မဟုတ်တဲ့လူတွေက လွတ်လွတ်လပ်လပ် သွားလာလို့မရဘူးလေ၊ ကျုပ်က အထက်ထျန်းလန်ဂိုဏ်းမှာ ရှိနေတော့ တခြားလောကနှစ်ခုကြောင်း အရင်ဆုံးသတင်းရဖို့က ခက်နေတယ်…”

“ကျုပ်မှာ တကယ်တော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ အကြံရှိတယ်”

“တကယ်လား” မှင်တက်သွားပြီး ဖုန်းယင် ခြေနှစ်လှမ်းရှေ့တက်လိုက်တယ်။

“ဆရာသခင်ကူယွဲ့၊ ခင်ဗျားအမှန်အတိုင်း ပြောနေတာလား”

“ဒါပေါ့၊ ခင်ဗျား ‌သုံးလောကထဲ လွတ်လွတ်လပ်လပ် မသွားလာနိုင်ပေမဲ့ မိစ္ဆာလောကထဲမှာတော့ အဲလိုလုပ်နိုင်တာ မေ့နေတာပဲ၊ ကျုပ်မှာ လုံးဝစိတ်ချရတဲ့နည်းလမ်းရှိတယ်…” သူ လေးလေးနက်နက် ပြောလိုက်တယ်။

“ခင်ဗျားခွင့်ပြုရင် ခင်ဗျားပန်းတိုင်ကို ရောက်အောင် ကူညီပေးနိုင်တယ်”

“သေချာပေါက် ဒီလိုအပေးအယူကောင်းကို သဘောတူ‌တာပေါ့” ဖုန်းယင် စိတ်လှုပ်ရှားနေပေမဲ့ နည်းနည်းတော့ စိုးရိမ်နေတဲ့ပုံ။

“ခင်ဗျား အပြန်အလှန်အနေနဲ့ ဘာလိုချင်တာလဲ”

“ဒီကိုလာတဲ့လူတိုင်းက ဧည့်သည်ပါဗျာ၊ တောင်းဆိုချက်တွေအကြောင်း ပြောတာက ခံစားချက်တွေကို ထိခိုက်စေတယ်၊ ခင်ဗျားက ပွင့်လင်းတဲ့သူဆိုမှတော့ ဝူတိဂိုဏ်း တာဝန်ယူမဲ့ ဝေပုံကျ ရင်းနှီးမြုပ်နှံမှုအနေနဲ့ ပြန်လည်တည်ဆောက်ဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေကိုသုံးဖို့ ဒီအခွင့်အရေးကို အသုံးချရင်ရော”

“ဝေစုတွေကဘာလဲ”

“ဒီမေးခွန်းက နည်းနည်းရှုပ်တယ်၊ ခင်ဗျား ကျုပ်နဲ့အတူ စာကြည့်ခန်းထဲ လိုက်ခဲ့ပြီး ဆွေးနွေးရင်ရော”

“ကောင်းပြီလေ သွားကြတာပေါ့”

“ကြွပါ မျှော်စင်သခင်”

အဲလိုပြောပြီး နှစ်ယောက်သား စိတ်လှုပ်ရှားစွာနဲ့ ခန်းမထဲက ထွက်သွားကြတော့တယ်…။

ယိချင်းက ဇဝေဇဝါဖြစ်နေတဲ့ ပွဲကြည့်သူတွေထဲက တစ်ယောက်ပေါ့။ သူမေးလိုက်တယ်။

“ဆရာ၊ ဝိညာဉ်လ်ုကဖမ်းမျှော်စင်ရဲ့ ရာခိုင်နှုန်းဘယ်လောက်များ သူ ဆုံးရှုံးသွားလောက်လဲ”

ရှန်းရင် ။ ။ “ငါခန့်မှန်းရ‌သလောက်တော့ ဖေဖေနျိုဘယ်လောက် ဒေါသထွက်နေလဲပေါ် မူတည်မယ်ထင်တယ်”

“…”

ဖေဖေနျိုအိတ်ကပ်ထဲကနေ ပိုက်ဆံညှစ်ထုတ်ဖို့ ကြိုးစားတာက… ခေါင်းကိုင်ဖခင်လို လူတစ်မျိုးကို ဘယ်တော့မှ မကလိဖို့ သူ့ကို တစ်ယောက်ယောက် ပြောပြဖို့လိုနေပြီပဲ။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset