အခန်း ၈၃ ။ အခြားဂိုဏ်းမှတိုက်ခိုက်မှု
ယင်းမိသားစုနဲ့ သဘောတူထားတဲ့ ပို့ဆောင်ရမဲ့နေ့က ရက်ပြည့်ပြီမို့ ဖေဖေနျိုက ခရီးရှည်ကြီး ထွက်သွားတယ်။ သူက ဆေးလုံးတွေလုပ်ဖို့ ရွှမ်းယွမ်မိသားစုဆီ သွားလည်ဖို့လိုသေးတဲ့အတွက် အနည်းဆုံးတစ်လလောက်တော့ ကြာမှာပဲ။
အခု ဝူတိဂိုဏ်းက အိမ်ထိန်းမရှိတော့ ရှန်းရင်စိတ်တိုင်းကျ လုပ်ချင်တိုင်းလုပ်နေတာပေါ့။ သူမက တစ်နပ်ကို ဟင်း၆ပွဲကနေ ၈ပွဲတိုးပေးဖို့ အတင်းတောင်းဆိုပြီး အဆာပြေမုန့်နဲ့ နေ့လယ်ခင်း လက်ဖက်ရည်အတွက် ဝန်ခမ်းဖွံ့ဖြိုးတိုးတက်မှုကိစ္စကို စားဖိုမှူးနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ ယွီဟုန်က ရုတ်တရက် အပြေးဝင်လာပြီး သူမကို စက္ကူကြိုးကြာတစ်ခုကမ်းပေးလာတယ်။
“ဂိုဏ်းချုပ်၊ ကျွန်မဒါကို အရှေ့ခန်းမမှာ ရှာတွေ့ခဲ့တာပါ”
“ဘာလဲ” ရှန်းရင် သူမဆီကယူလိုက်တယ်။ သူမရဲ့သိချင်စိတ် ထိုးတက်သွားတယ်။ ဒါပေမဲ့ ယိချင်းဆီ ကြိုးကြာစာရွက်က ရုတ်တရက် ယိချင်းဆီ ပျံသန်းသွားပြီး သူ့ကိုဝိုင်းတော့တယ်။
“စက္ကူကြိုးကြာတမန်ပဲ ကြည့်ရတာ ကျွန်တော့်အတွက်ဖြစ်ပုံပေါ်တယ်” ယိချင်း လှမ်းယူလိုက်တော့ စက္ကူကြိုးကြာက သူ့လက်ထဲ ကျလာတယ်။ အသေအချာကြည့်ပြီး ပြောလိုက်တယ်။
“ဒီကြိုးကြာရဲ့ ပုံစံအရတော့ တောက်ပနှလုံးဂိုဏ်းက သတင်းစကားဖြစ်မယ်”
သူ ချက်ချင်း လက်သိုင်းကွက်တစ်ခု လုပ်လိုက်တော့ စက္ကူကြိုးကြာက အဖြူရောင်အငွေ့တန်းအဖြစ် ပြောင်းလဲသွားပြီး လေထဲမှာ “တစ်ယောက်ချင်းတိုက်ခိုက်မှု” ဆိုတဲ့စကားလုံးဖြစ်ပေါ်လာတယ်။ သတ်ဖြတ်လိုတဲ့အငွေ့အသက်က ခပ်ရေးရေးထွက်နေတယ်။
“တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့ ဖိတ်ကြားချက်ပဲ” ယွီဟုန် အံ့ဩမှင်တက်သွားခဲ့တယ်။
နောက်တစ်စက္ကန့်မှာတင် ယောက်ျားတစ်ယောက်ရဲ့ အသံတစ်သံက ထွက်လာတယ်။
“ယွီမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကို အနိုင်ရခဲ့တဲ့ ဝူတိဂိုဏ်းချုပ်ယိချင်းရဲ့ ထူးချွန်ပြောင်မြောက်တဲ့အရည်အချင်းတွေကို ကြားဖူးခဲ့တာမို့ တောက်ပနှလုံးဂိုဏ်းက လေးစားမိသူ ကျုပ် ဖေးယဲ့ရှုက ခင်ဗျားကို တလေးတစား ဖိတ်ခေါ်ပါတယ်၊ ဒီပရမ်းပတာ အမတလမ်းကြောင်းပေါ် အသန်မာဆုံးလူကပဲ အထွတ်အထိပ်အုပ်ချုပ်သင့်တယ်၊ စိန်ခေါ်မှုအတွက် လက်ခံပါသလား”
အသံက စကားပြောတာရပ်သွားပြီးတဲ့နောက် အဖြူရောင်အလင်းတန်းက ရုတ်တရက် ပုံစံပြောင်းသွားပြီး နောက်ထပ်စာလုံးလေးတွေအဖြစ် ပြောင်းသွားပြီး စိန်ခေါ်မှုရဲ့ အချိန်နဲ့ တည်နေရာအသေးစိတ်ကို ပြောထားတယ်။
ရှန်းရင် ။ ။ “…”
ယိချင်း ။ ။ “…”
ယွီဟုန် ။ ။ “…”
ဒါဆို… စိန်ခေါ်ခံရတာ ဘယ်သူအတိအကျလဲ၊ ဂိုဏ်းချုပ်လား ယိချင်းလား။
“ဆရာ ကျွန်တော့်ကို သွားခွင့်ပေးပါ” တည်တံ့တဲ့အမူအရာနဲ့ ယိချင်းကရှေ့တက်လာတယ်။
“ဒီစိန်ခေါ်တဲ့နေရာက တစ်ရက်ခရီးပဲဝေးတာပါ၊ ကျွန်တော်နိုင်မယ်လို့ယုံကြည်တယ်”
“အော် ဒါပေမဲ့…”
“အဲနေ့က ယွီမိသားစုကိုနိုင်ခဲ့တာ ဆရာပါ၊ ဒီအထင်လွဲမှုကို ဂိုဏ်းတွေကြား ဆက်ပြီး ပျံ့နှံ့စေလို့ မဖြစ်ပါဘူး၊ ကျွန်တော် ဒါကိုအခွင့်ကောင်းယူပြီး ဖြေရှင်းခဲ့ပါမယ်”
“… ငါဆိုလိုတာ အဲဒါမဟုတ်ဘူးဟ”
“ဆရာ ကျွန်တော့်ကို စိုးရိမ်တာသိပါတယ်၊ ဒါပေမဲ့ ကျွန်တော် လက်မခံဘူးဆိုရင် တခြားဂိုဏ်းတွေက ကျွန်တော်တို့ကို အထင်သေးမှာပါ”
“ဟင့်အင်း ဟင့်အင်း ဟင့်အင်း ငါဆိုလိုတာက…”
“ကျေးဇူးပြောပြီး ကျွန်တော့်ကိုပြောပါ”
“နင်မသွားခင် ညစာပြင်ပေးသွားလို့ရမလား”
“…”
————————
ညဉ့်နက်ချိန်။
“တစ်ယောက်ယောက်များရှိလား၊ တစ်ယောက်ယောက်များ ရှိလား” တုန်ယင်နေတဲ့ ယုန်မိစ္ဆာလေးနှစ်ကောင်က ဝူတိဂိုဏ်းရဲ့ တောင်ဝင်ပေါက်ကနေ ဖြတ်လျှောက်လာကာ တိုးညင်းပေမဲ့ ဩရှတဲ့လေသံလေးတွေနဲ့ မေးနေတယ်။
တစ်ခဏနေတော့ အနီနဲ့အစိမ်းသဏ္ဌာန်နှစ်ခုက ဝင်ပေါက်မှာ ပေါ်လာတယ်။
အဋ္ဌမအဆင့်ယုန်မိစ္ဆာတွေကို ဇဝေဇဝါနဲ့ ကြည့်ပြီး ယွီဟုန် သူတို့ကို နှုတ်ဆက်လိုက်တယ်။
“ယုန်အစ်ကိုကြီးတို့၊ ဘယ်လိုဖြစ်လို့ ဒီလောက်နောက်ကျမှ ရောက်လာလဲသိလို့ရမလား”
“မိန်းကလေးဟုန်ကို နှုတ်ဆက်ပါတယ်” နားရွက်ကုတ်ရင်း ဘယ်ဘက်က ယုန်က ပြောပြလာတယ်။
“ဒီလိုမျိုးပါ… ကျွန်တော်တို့ မိစ္ဆာဘုံရဲ့အဝင်ဝဘေးက ဖြတ်သွားချိန် ကျင့်ကြံသူတစ်ယောက် ကျူးကျော်လာတာ မြင်ခဲ့ရပ့ါတယ်၊ ကျွန်တော်တို့သူ့ကိုမောင်းထုတ်ချင်ပေမဲ့… သူက မိန်းကလေးစစ်ယွီကို သိတယ်ပြောပါတယ်၊ ဒါကြောင့် သူ့ကိုခေါ်လာခဲ့တာပါ”
“ကျွန်မကို သိတာလား” စစ်ယွီက ယွီဟုန်ကို ဦးနှောက်ခြောက်သွားတဲ့ဟန်နဲ့ လှမ်းကြည့်လိုက်တယ်။
“ဘယ်သူများလဲ”
ယုန်နှစ်ကောင်က ဘေးကိုအမြန်ဖယ်ပေးပြီး စစ်ယွီ သူတို့နောက်မှာ လူတစ်ယောက် မြေကြီးပေါ် လဲနေတာမြင်လိုက်ရတယ်။ သူက ဒဏ်ရာအကြီးအကျယ်ရထားတဲ့ပုံပဲ။ သူ့ခန္ဓာကိုယ်က သွေးတွေဖုံးနေပြီး အသက်ရှူသံကလည်း အာရုံမခံနိုင်သလောက်ပဲ။
သူမ အရှေ့တက်ပြီး တစ်ချက်ကြည့်လိုက်တော့ မြင်လိုက်ရတာကြောင့် အံ့ဩမှုနဲ့မျက်လုံးပြူးသွားတယ်။
“ယင်းယွမ်ဖေး သူ ဘယ်လိုလုပ် ဒီလိုဒဏ်ရာတွေရလာတာလဲ”
ယွီဟုန်လည်း ထိတ်လန့်သွားတယ်။ သူမ ချက်ချင်းပဲ သူ့သွေးကြောတွေကို စစ်ဆေးကြည့်လိုက်တယ်။ သူ့ရွှေအမြုတေက တစ်စစီဖြစ်တော့မလို ဖြစ်နေတာမြင်လိုက်ရတယ်။ ဒါကြောင့် သူ သတိမေ့မျောတဲ့ အခြေအနေ ဖြစ်နေတာပဲ။
“အဲဒါ… ကျွန်တော်တို့လုပ်တာမဟုတ်ပါဘူး” ယုန်နှစ်ကောင်က အမြန်ရှင်းပြတော့တယ်။
“ကျွန်တော်တို့အားလုံးက ယုန်ကောင်းလေးတွေပါ၊ ကျွန်တော်တို့ သူ့ကိုအထဲ သယ်လာတည်းက ဒီလိုမျိုး ဖြစ်နေတာပါ”
ယွီဟုန် ခေါင်းညိတ်ပြလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယင်းယွမ်ဖေးပေါ်က ဒဏ်ရာတွေက ဝိညာဉ်စွမ်းအားကြောင့် ဖြစ်ထားတာ။ သူ့ကိုဒဏ်ရာရအောင်လုပ်ခဲ့တာ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ သူမက စစ်ယွီကို အမြန် ညွှန်ကြားလိုက်တယ်။
“ဆရာတူညီမ၊ သူ့နှလုံးသွေးကြောတွေကို ဝိညာဉ်ချီနဲ့မြန်မြန်ကာကွယ်ပေးထား၊ ငါ အမြစ်ယောင်ယှက်ဖွဲ့ဝိညာဉ်မြက်တချို့ခူးဖို့ တောင်နောက်သွားလိုက်ဦးမယ်”
“ကောင်းပါပြီ” စစ်ယွီ ခေါင်းညိတ်ပြီး ယင်းယွမ်ဖေးကို လက်မောင်းနှစ်ဖက်ကြား ပွေ့ထားလိုက်တယ်။ ယုန်နှစ်ကောင်ကို ခေါင်းညိတ်ပြလိုက်တယ်။
“ရှင်တို့အကူအညီအတွက် ကျေးဇူးပါ”
“ရပါတယ်၊ ဒါကျွန်တော်တို့တာဝန်ပါ” နားရွက်တွေကိုခါပြီး ယုန်လေးနှစ်ကောင်က တစ်ဖက်လှည့်ကာ ပျံထွက်သွားတယ်။ တော်တ်ေဝေးဝေးရောက်တော့မှပဲ သူတို့ သက်ပြင်းချနိုင်တော့တယ်။ ကံကောင်းလို့ ကြီးမြတ်တဲ့နတ်ဒေဝါအရှင်နဲ့ မကြုံခဲ့တာပဲ။
စစ်ယွီ ချက်ချင်းထိုင်ချပြီး တင်ပျဉ်ခွေထိုင်ကာ သူမဝိညာဉ်ချီကို ယင်းယွမ်ဖေးနှလုံးသွေးကြောကို ကာကွယ်ပေးဖို့အတွက် စုစည်းလိုက်တယ်။ တစ်ခဏနေတော့ ယွီဟုန်က အမြစ်ယောင်ယှက်ဖွဲ့ဝိညာဉ်မြက်နဲ့ ပြန်ရောက်လာပြီး ယင်းယွမ်ဖေးကို ကျွေးလိုက်တယ်။ အက်ကွဲရာအပြည့်ဖြစ်နေတဲ့သူ့ရွှေအမြုတေက တဖြည်းဖြည်းချင်း ပြန်ပြုပြင်လာတယ်။
တစ်အောင့်ကြာတော့ သူ့မျက်လုံးတွေက နည်းနည်းလှုပ်ရှားလာပြီး နိုးသွားတယ်။
“စစ်ယွီ…” ယင်းယွမ်ဖေးက စစ်ယွီကိုမြင်ရလို့ ဝမ်းသာသွားတယ်။ နောက်တော့ တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ မေးလာတယ်။
“ဒါဝူတိဂိုဏ်းလား၊ စစ်ယွီ… ငါ့ကို ကြီးမြတ်တဲ့နတ်ဒေဝါဆီ ခေါ်သွားပေးပါ သူ့ဆီ မြန်မြန်ခေါ်သွားပေး”
“ဂိုဏ်းချုပ်လား” စစ်ယွီအူကြောင်ကြောင်ဖြစ်သွားတယ်။
“ဘာလို့ဂိုဏ်းချုပ်ကို တွေ့ချင်ရတာလဲ၊ ကိုယ်ပေါ်မှာ ဘယ်လိုလုပ် ဒီဒဏ်ရာတွေရလာတာလဲ”
“ငါ့အဖေ ယင်း၊ ရိနဲ့ ရွှမ်းယွမ်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ခရီးသွားမသေမျိုး ဆရာဦးလေးတွေ မသေမျိုးတက်လှမ်းမှုစေတီထဲ ပိတ်မိနေကြတယ်၊ ကြီးမြတ်တဲ့နတ်ဒေဝါပဲ… ကြီးမြတ်တဲ့နတ်ဒေဝါပဲ သူတို့ကိုကယ်နိုင်မှာ” ယင်းယွမ်ဖေး စိတ်ပူပန်နေတယ်။
“ဘာမသေမျိုးတက်လှမ်းမှုစေတီလဲ” ယွီဟုန်ရောစစ်ယွီပါ ခေါင်းခြောက်သွားတယ်။
“အထက်ထျန်းလန်လောကမှာ မဟာဆွေကြီးမျိုးကြီးမိသားစုသုံးစုရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ ခရီးသွားမသေမျိုးတွေကို ပိတ်လှောင်ထားနိုင်တာ ဘယ်သူရှိလို့လဲ”
“အဲဒါ…”
“ငါတို့ယှီမိသားစုပဲ”
ယင်းယွမ်ဖေး စကားမဆုံးခင် ယောက်ျားတစ်ယောက်ရဲ့အသံတစ်သံထွက်လာပြီး ရုတ်တရက် သူတို့ရှေ့မှာ အစီအရင်တစ်ခုက တောက်ပလာတယ်။ တစ်ခဏအတွင်း ဒါဇင်ကျော်ပုံရိပ်တွေ သူတို့မျက်စိရှေ့ ရောက်ချလာတယ်။
“ယွီဟိုင်ဟုန်” ယွီဟုန် အံ့ဩမှင်တက်သွားတယ်။ နောက်ပြန်ဆုတ်ပြီး အင်းကွက်အစီအရင်အလယ်က လူကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိတယ်။
ယွီဟိုင်ဟုန်က အေးစက်စက် ရယ်တော့တယ်။
“ရွံစရာကောင်းတဲ့ မင်းတို့လူသားမီးပြင်းဖိုနှစ်ယောက်က အရှင်သခင်တစ်ယောက်ကို လက်ခံထားမယ်လို့ မထင်ထားမိခဲ့ဘူး”
ယွီဟုန်နဲ့ စစ်ယွီ ရင်ထဲထိတ်သွားတယ်။ သတိတကြီးနဲ့ သူတို့ရှေ့က လူတွေကို ကြည့်လိုက်တယ်။
“ရှင်တို့ ဘာလို့ဒီရောက်နေတာလဲ”
“အဲဒါအတွက်တော့ သခင်လေးယင်းကို ကျေးဇူးတင်ရမှာပဲ”
သူက ပြုံးပြီး ဒဏ်ရာအပြင်းအထန်ရထားတဲ့ ယင်းယွမ်ဖေးကို လှည့်ကြည့်လိုက်တယ်။
“လမ်းပြပေးမဲ့ သူမရှိရင် ငါတို့ဝင်လာလို့ရခဲ့မှာမဟုတ်ဘူး”
ယင်းယွမ်ဖေးမျက်နှာ ရုတ်တရက်ဖြူဖျော့သွားတယ်။
“ခင်ဗျား… ခင်ဗျားကျုပ်အပေါ် ဝိညာဉ်ချုပ်နှောင်မန္တန်ထားခဲ့တာပဲ”
သူ အာမေဋိတ်ပြုပြီးနောက်မှာ သွေးအန်တော့တယ်။ ပြန်ကောင်းမဲ့လက္ခဏာပြထားတဲ့ သူ့ရွှေအမြုတေက နောက်တစ်ကြိမ် အက်ကွဲလာပြီး မေ့သွားတော့လေတယ်။
စစ်ယွီ အမြန်သူ့ဆီပြေးသွားပြီး နှလုံးသွေးကြောတွေကို ငြိမ်အောင် ကြိုးစားလိုက်တယ်။
ဝိညာဉ်ချုပ်နှောင်မန္တန်က လူတစ်ယောက်ရဲ့ဝိညာဉ်အပေါ် တိုက်ရိုက်ကျစေတဲ့ မန္တန်ပဲ။ မန္တန်သက်ရောက်ထားတဲ့လူ ဘယ်နေရာပဲရောက်ရောက် မန္တန်အသက်ဝင်နေသရွေ့ မန္တန်ရွတ်ထားသူက သူ့ဘေးနားမှာ ချက်ချင်းပေါ်လာစေနိုင်တယ်။ တစ်ခုတည်းသော မကောင်းတဲ့အချက်က ဒီမန္တန်ဟာ မန္တန်သက်ရောက်ခံရသူအပေါ် ကြီးကြီးမားမား ထိခိုက်စေတာပဲ။
“ဟမ့် မင်းတို့ဝူတိဂိုဏ်းက ငါ့ယွီမိသားစုနဲ့ နှစ်သန်းချီ ကျင့်ကြံမှုကို ဖျက်ဆီးပစ်ခဲ့တယ်” ယွီဟိုင်ဟုန် ကြိမ်းဝါးပြီး သူ့မျက်လုံးတွေက ရဲရဲနီနေကာ အမူအရာက ရက်စက်ကြမ်းကြုတ်နေတယ်။ နောက်တော့ တစ်ခုခုကို ရုတ်တရက်သတိရသွားတဲ့ပုံနဲ့ အသက်ဝဝရှူလိုက်တယ်။
“ငါ့ဘိုးဘွားတွေရဲ့ကာကွယ်မှုသာ မရှိရင် ငါ့မိသားစုအဆင့်အတန်းက ကျဆင်းသွားမှာ၊ ဒီသွေးကြွေးက ကြီးလွန်းလို့ မင်းတို့တစ်ဂိုဏ်းလုံးကို အမြစ်ဖြုတ်ပစ်မှ ငါ့အမုန်းကြေမယ်”
ဒီလိုပြောပြီး သူ့မျက်လုံးတွေက အေးစက်သွားကာ စိတ်ရှည်မှုကုန်ဆုံးသွားတဲ့ဟန်။ လက်ယမ်းပြလိုက်တော့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူနှစ်ယောက်က ခန္ဓာကိုယ်မှာ မီးတောက်တွေနဲ့ တောက်လောင်နေရင်း ပြေးထွက်လာကာ မိန်းကလေးနှစ်ယောက်ကို ဝိုင်းထားတော့တယ်။
စစ်ယွီ သူ့တစ်ကိုယ်လုံးက ဝိညာဉ်ချီတွေကို ထိန်းချုပ်ပြီး ကြွက်သားတွေကို ကြီးစေလိုက်တယ်။ သူမခန္ဓာကိုယ်က ရုတ်တရက် လုံးပတ်တစ်ပတ်စာ ကြီးထွားသွားတယ်။ လက်သီးထုတ်ပြီး မီးပင်လယ်ထဲကနေ လမ်းကြောင်းတစ်ခု ဖောက်ကာ ယွီဟုန်ဘက် လှည့်ပြောလိုက်တယ်။
“ဆရာတူအစ်မ၊ သူ့ကိုခေါ်သွားလိုက်ပါ”
ယွီဟုန်က ခေါင်းညိတ်ပြီး ယင်းယွမ်ဖေးကို သယ်ကာ နောက်ပြန်ဆုတ်တော့တယ်။
“မင်းတို့ ဘယ်သူမှထွက်မပြေးရဘူး” ယွီဟိုင်ဟုန်က အေးစက်စက်ပြောပြီး သူ့နောက်က ကျင့်ကြံသူတွေကို လှည့်ညွှန်ကြားလိုက်တယ်။
“သူတို့ကိုသတ်ပစ်”
ချက်ချင်း ဒါဇင်လောက်ရှိတဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူတွေက ပြေးထွက်လာပြီး ဓားချီတသီတသန်းက စစ်ယွီဆီ တန်းတန်းမတ်မတ် ဦးတည်လာလို့ စစ်ယွီချက်ချင်း နောက်ကို ဆုတ်လိုက်ရတယ်။ ဓမ္မအသုံးအဆောင်မျိုးစုံက သူတို့ပေါ် ရွာကျတော့မလို့။
ရုတ်တရက် အင်းကွက်အစီအရင်က တောက်ပလာတယ်။ ချက်ချင်း အကာအကွယ်အစီအရင်တစ်ခု ပေါ်လာပြီး တိုက်ခိုက်မှုအားလုံးကို ကာဆီးထားလိုက်တယ်။
“မင်းတို့ကလေးမနှစ်ယောက် ဘာလို့ပြေးထွက်…”
ဖုန်းယင် စကားပြောရင်း ရပ်သွားပြီး ရှေ့ကမြင်ကွင်းကြောင့် မှင်တက်သွားတယ်။
“ဟေး၊ ခင်ဗျားက… ယွီမိသားစုရဲ့မျိုးနွယ်စုခေါင်းဆောင်ပဲ” သူက ပျောက်နေတာ မဟုတ်ဘူးလား။
[တင်း ကျုးကျော်သူတွေ့ပါတယ်၊ လူအရေအတွက် ။ ။ ၁၅ယောက် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်]
ဖုန်းယင် ထိတ်လန့်သွားတယ်။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူ ဆယ့်ငါးယောက်၊ ဒီယွီမိသားစုက ဝူတိဂိုဏ်းကို ရှင်းပစ်ဖို့ရည်ရွယ်ထားတာလား။
“ဝိညာဉ်ဖမ်းမျှော်စင်သခင်… ကျုပ်အားနာပေမဲ့ ခင်ဗျားကံဆိုးတာကိုပဲ အပြစ်တင်တော့”
ယွီဟိုင်ဟုန်က ဘေးပတ်လည်က နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေကိုကြည့်ပြီး ညွှန်ကြားလိုက်တယ်။
“ဘယ်သူမှဒီနေရာကရှင်လျက် မထွက်သွားစေနဲ့”
အယုတ်တမာကောင်
တိတ်တိတ်လေး ကျိန်ဆဲပြီး ဖုန်းယင် အမြန် သူ့ကောင်းကင်စိတ်အာရုံကို ဆက်သွယ်လိုက်တယ်။
“စနစ်၊ စွမ်းရည်အသက်သွင်း”
[တင်း စွမ်းရည် အောင်မြင်စွာ အသက်သွင်းပြီး]
ဖုန်းယင် အမြန် လက်နှစ်ဖက်နဲ့ စည်းတံဆိပ်တွေ ဖန်တီးလိုက်တယ်။ ချက်ချင်းပဲ ရေစီးကြောင်းတစ်ခု ဖြတ်သန်းသွားပြီး အဆင့်မြင့် ဝိညာဉ်ရှုပ်ထွေးအင်းကွက်က ချက်ချင်း ပုံပေါ်လာတယ်။ သူတို့နောက်ကိုလိုက်နေတဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူတွေ သူတို့ကိုယ်သူတို့ လေဟာနယ်ကို တိုက်ခိုက်နေတာပဲ မြင်လိုက်ရတယ်။ သူတို့ရန်သူတွေ ပျောက်သွားပြီ။
“သွားကြရအောင်၊ ဝိညာဉ်ရှုပ်ထွေးအင်းကွက်က သူတို့ကိုအကြာကြီးထိန်းထားနိုင်မှာမဟုတ်ဘူး”
ဖုန်းယင် အခု လျှောက်ယမ်းတိုက်ခိုက်နေတဲ့လူအုပ်ကြီးကို လှမ်းကြည့်လိုက်တယ်။ တစ်ဖက်လှည့်ပြီး သူ သုံးယောက်သားကို မကာ တောင်ထွတ်ဆီ ပျံသန်းလာခဲ့တော့တယ်။
တောင်ခြေက ဆူဆူညံညံသံတွေကြောင့် တခြားဂိုဏ်းသားခြောက်ယောက်လည်းနိုးလာပြီး စုံစမ်းဖို့ ပြေးထွက်လာကြတယ်။
“ဆရာတူအစ်မ ဘာဖြစ်ခဲ့တာလဲ” သူတို့ ခုလေးတင်မှ ပြန်ရောက်လာတဲ့ ယွီဟုန်တို့ကို ဝိုင်းလိုက်ကြတယ်။
“ယွီမိသားစုအကြီးအကဲနဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကျင့်ကြံသူတွေ ငါတို့ဂိုဏ်းထဲ ကျူးကျော်လာပြီး စတိုက်ခိုက်တော့တာပဲ” ဖုန်းယင်ရှင်းပြလိုက်တယ်။ သူ နန်းတော်အရန်ဆောင်ဘက် ဦးတည်တော့တယ်။
“ငါ ရှန်းရင်ကို သွားခေါ်ရမယ်”
သူပြောပြီးပြီးချင်း စိုးရိမ်နေတဲ့ မိန်းကလေးတွေရဲ့ အမူအရာက ပြောင်းလဲကုန်တယ်။ သူတို့အားလုံးက ရုတ်တရက် သူ့ရှေ့ရပ်ပြီး လမ်းကိုပိတ်ကာ ပြိုင်တူအော်လေတယ်။
“မဖြစ်ပါဘူး”
“ဘာလို့လဲ” ဖုန်းယင်ကြောင်သွားတယ်။ “ငါတို့ကြီးပဲ အဲဒီနတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတွေကို နိုင်ဖို့နည်းလမ်းမရှိဘူး၊ ရှန်းရ်ုက အစွမ်းကြီးတယ်မဟုတ်ဘူးလား”
“ညနောက်ကျလွန်းနေပါပြီ၊ အိပ်ပျော်နေလောက်ပြီ၊ ကျွန်မတို့ဂိုဏ်းချုပ်အိပ်တာကို နှောင့်ယှက်လို့ မဖြစ်ပါဘူး”
“ဒါကအသေးစိတ်တွေလုပ်ရမဲ့ အချိန်မဟုတ်ဘူး” ဒီလူအုပ်ကြီး ရူးနေတာပဲလို့ ဖုန်းယင်တော့ တွေးမိနေပြီ။
“ဒါကဂိုဏ်းစည်းမျဉ်းပါ” မိန်းကလေးတွေက ပြတ်ပြတ်သားသားပဲ။
“ဝူတိဂိုဏ်း၏ ပထမစည်းမျဉ်း ။ ။ ဘယ်သူမှ ဂိုဏ်းချုပ်အိပ်နေသည်ကို မနှောင့်ယှက်ရ၊ ချိုးဖောက်သူတွေ… ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲတဲ့”
“ဒါဘယ်လိုနုံချာတဲ့စည်းမျဉ်းလဲ”
“အကြီးအကဲယိချင်းက ဘာအခြေအနေပဲဖြစ်ဖြစ် ဒီစည်းမျဉ်းကို မချိုးဖောက်သင့်ဘူးတဲ့၊ ကောင်းကင်ကြီးပြိုကျနေရင်တောင်မှတဲ့”
“ငါက မင်းတို့ဝူတိဂိုဏ်းက မဟုတ်ဘူး၊ လမ်းဖယ်ကြစမ်း” ဖုန်းယင် ဒေါသထွက်စပြုလာပြီ။
“ဟင့်အင်းဆို ဟင့်အင်းပဲ”
“မင်းတို့…”
[တင်း ကျပန်းတာဝန် ။ ။ လက်ခံသူ၊ ကျေးဇူးပြုပြီး ခေါင်သူကြီးရဲ့ ဂိုဏ်းကို သင်ကိုယ်တိုင်ကာကွယ်ခုခံပါ]
သေစမ်း
…