အခန်း ၇၂ ။ မထင်မှတ်ထားသော အရည်အချင်းများ
“ဟင်းသီးဟင်းရွက်မိသားစုရဲ့ အကြီးအကဲ၊ ဘာကိစ္စရှိလို့လဲ” ရှန်းရင်ကမေးလာတယ်။
-_-|||
သောက်ကျိုးနည်း ဘာဟင်းသီးဟင်းရွက်မိသားစု အကြီးအကဲလဲ။ ကြီးမြတ်တဲ့နတ်ဒေဝါက အမြဲ သူ့ကို အမျိုးမျိုး ပြောင်းခေါ်နေတယ်လို့ ဘာလို့ခံစားရတာပါလိမ့်။
“ကြီးမြတ်… ကြီးမြတ်တဲ့နတ်ဒေဝါရှန်း” ရွှမ်းယွမ်ယွီ အရှေ့တက်ပြီး သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထားလိုက်တယ်။ သူ ဘာကြောင့်လာခဲ့ရလဲ မှတ်မိသွားပြီ။
“အသင့်ရဲ့ ဝူတိဂိုဏ်းက တပည့်လေးယောက် နောက်ဆုံးအဆင့်ထိ ရောက်သွားပြီလို့ကြားတယ်၊ ကျွန်တော် ဒီဂုဏ်သရေကြီးမားတဲ့ ဂိုဏ်းကို ဂုဏ်ပြုဖို့ တကူးတကလာခဲ့တာပါ”
“အကြီးအကဲ ခင်ဗျားက သိပ်ကြင်နာလွန်းနေပါပြီ” ကူယွဲ့ပါ ရောက်လာပြီး ပြောလာတယ်။
“ခင်ဗျားတို့ရွှမ်းယွမ်ဂိုဏ်းက တပည့်ငါးယောက်လည်း ဗိုလ်လုပွဲဆီ ရောက်ခဲ့တာပဲလေ၊ ဒီအခွင့်အရေးကို သုံးပြီး ကျုပ်တို့လည်း အကြီးအကဲကို ဂုဏ်ပြုပါတယ်”
“ကျွန်တော့်ဂိုဏ်းက တပည့်တွေက ခင်ဗျားတို့နဲ့ မယှဉ်နိုင်ပါဘူး” ရွှမ်းယွမ်ယွီက ပိုပြီးတောင် ယဉ်ယဉ်ကျေးကျေးပြုံးလာတယ်။ ကူယွဲ့နဲ့ ရွှမ်းယွမ်ယွီတို့ တစ်လှည့်စီ တစ်ယောက်ဂိုဏ်းကိုတစ်ယောက် ချီးကျူးနေတော့တာပဲ။ တစ်အောင့်ကြာပြီးတော့ ရွှမ်းယွမ်ယွီက အိတ်ထဲကနေ ဆေးဘူးတစ်ဘူးထုတ်ပြီး ကမ်းပေးလာတယ်။
“အော် ဟုတ်သား၊ ဒါကဝိညာဉ်သိပ်သည်းဆေးလုံးတွေပါ၊ သူတို့က ဝိညာဉ်ချီကို ကုသရမှာ ကူညီပေးလိမ့်မယ်၊ အဲလောက်ထူးခြားတာမဟုတ်ပေမဲ့ အရင်က အားဖြည့်သက်စောင့်ဆေးနဲ့ အတူတူတွဲသောက်ရင် အကျိုးသက်ရောက်မှု ပိုကောင်းပါလိမ့်မယ်၊ သူတို့က ခင်ဗျားတို့တပည့်တွေအတွက် ပြီးပြည့်စုံတာမို့ ဂုဏ်ပြုလက်ဆောင်အနေနဲ့ ယူလိုက်ပါ”
ကူယွဲ့ ဘူးကိုလှမ်းကြည့်လိုက်တော့ တကယ်ပဲ ပဉ္စမအဆင့် ဆေးလုံးတွေဖြစ်နေတာ သိလိုက်ရတယ်။ သူလက်ဆောင်ကို ငြင်းတာမျိုးမလုပ်ဘဲ အကြီးအကဲရဲ့စေတနာကို ယဉ်ယဉ်ကျေးကျေးလက်ခံလိုက်တယ်။
“အင်း ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင်ရွှမ်းယွမ်ယွီ၊ တကယ်လို့ အနာဂတ်မှာ ရှားပါးဆေးဖက်ဝင်အပင်တစ်မျိုးမျိုး အရေးပေါ် လိုအက်တာရှိရင် ကျုပ်တို့ဝူတိဂိုဏ်းဆီ အချိန်မရွေး လာနိုင်ပါတယ်၊ ခင်ဗျားကို ကူညီဖို့ ကျုပ်တို့ အကောင်းဆုံးကြိုးစားမှာပါ”
ကူယွဲ့ သူ့ဘေးက ဆောင့်ကြွားကြွားအမူအရာနဲ့ မုန်လာဥကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ ရွှမ်းယွမ်ယွီလည်း အလိုလိုလိုက်ကြည့်မိတာပေါ့။
“ဘာလဲ၊ မင်းတို့က ငါ့ကို ပန်းပွင့်စေချင်တာလား”
“…” တစ်စုံတစ်ခုသော ပုံရိပ်က ရွှမ်းယွမ်ယွီစိတ်ထဲပေါ်လာပြီး ရှိနေတဲ့လူတိုင်း တစ်ချိန်တည်း ပါးစပ်ပေါက်ပိတ်သွားကြတော့တယ်။
တကယ်ကို အနေရခက်တဲ့ မြင်ကွင်းတစ်ခုပဲ…။
“နင်… နင့်နာမည်ဘာပဲဖြစ်ဖြစ် မိသားစုခေါင်းဆောင် ငါ့ကို ဘာလို့ လာရှာတာလဲ”
ရှန်းရင်က ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွင်းလာတယ်။
ရွှမ်းယွမ်ယွီတုံ့ဆိုင်းနေပြီးမှ စကားစလိုက်တယ်။
“ဒီလိုပါ ကျွန်တော်က….”
ဒီနောက်တော့ သူက ဘာပြောရမှန်း မသိတဲ့ပုံနဲ့ တိတ်သွားတယ်။ စက္ကန့်နည်းနည်းကြာတော့ သူပြောလိုက်တယ်။
“ဒီလိုပါ၊ ယင်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်က ကြီးမြတ်တဲ့နတ်ဒေဝါအကြောင်း အင်မတန် စိတ်ဝင်စားနေပါတယ်၊ သူက အသင် ဒီရောက်လာတယ်ကြားတော့ ကျွန်တော့်ကို ဒီလာခိုင်းပြီး သူ့ကို တွေ့ဖို့ဆန္ဒရှိမလား မေးခိုင်းလိုက်တာပါ”
“ယင်းမိသားစုလား” ရှန်းရင်မျက်နှာက အူတူတူ။
“ယင်းမိသားစုက ဒီပြိုင်ပွဲကြီးရဲ့ ပွဲစီစဉ်သူတွေပါ”
ရွှမ်းယွမ်ယွီ ဒီအကြောင်းစဉ်းစားရင်း အံကြိတ်မိလိုက်တယ်။ သူ အဲ ယင်းမိသားစု မြေခွေးအိုကြီးတွေကို တိတ်တိတ်လေး ကျိန်ဆဲတော့တာပဲ။ ရွှမ်းယွမ်မိသားစုက ဆွေကြီးမျိုးကြီးမိသားစုလေးစုထဲက တစ်စု။ သူတို့လုပ်သမျှက အထက်ထျန်းလန်လောကရဲ့ အာရုံစိုက်မှုကို ရရှိနေကြပဲ။ ရွှမ်းယွမ်မိသားစုက ရှန်းရင်အပေါ် အရမ်းကိုနွေးထွေးလွန်းနေတာက လျှို့ဝှက်ချက် မဟုတ်ဘူး။ အခု တခြားဆွေကြီးမျိုးကြီးမိသားစုသုံးစုကလူတိုင်း သူမက ဘယ်သူလဲဆိုတာ ခန့်မှန်းဖို့ကြိုးစားနေကျပြီ။ ယင်းမိသားစုလည်း ခြွင်းချက်မဟုတ်ဘူး။ ဒါပေမဲ့ ရွှမ်းယွမ်ယွီက ယင်းဖုန်းတစ်ယောက် ခုထိတိတ်နေသေးတဲ့ တခြားမိသားစုနှစ်စုနဲ့ တခြားစီ တုံ့ပြန်မယ်လို့ လုံးဝမခန့်မှန်းမိခဲ့တာပဲ။ ယင်းဖုန်းက ရွှမ်းယွမ်ယွီဆီ တန်းတန်းမတ်မတ် ရောက်လာပြီး သူနဲ့တွေ့ဆုံအောင် ရှန်းရင်ကို ဖိတ်ပေးဖို့တောင်းဆိုလာခဲ့တယ်။
ယင်းမိသားစုက ရှန်းရင် ဘယ်သူလဲ ဂရုမစိုက်တာ အသိသာကြီးပဲ — သူတို့ဂရုစိုက်တာတစ်ခုတည်းက သူမကို ဘယ်သူ အရင်ဆုံးလုယူနိုင်မလဲဆိုတာလေ။ ယင်းမိသားစုက တကယ်ကို ပါးနပ်တဲ့စီးပွားရေးသမားတွေ၊ အမြဲ သွက်သွက်လက်လက်နဲ့ သက်ရောက်မှုရှိရှိ ဆောင်ရွက်နေကြတာ။ ဒါပေမဲ့ ရွှမ်းယွမ်မိသားစုနဲ့ ယင်းမိသားစုကြားက ဆက်ဆံရေးကြောင့် ရွှမ်းယွမ်ယွီခမျာ ယင်းဖုန်းရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ပဲ ရှိတော့တယ်။ အဲဒါကြောင့် သူသတ္တိစုပြီး ကြီးမြတ်တဲ့ နတ်ဒေဝါကို လာရှာရတာပဲ။
“သူက ဘာလို့ငါ့ကိုတွေ့ချင်တာတဲ့လဲ”
“အာ…” ရွှမ်းယွမ်ယီ တောင့်တင်းသွားတယ်။
“ဖြစ်နိုင်တာက… သူ အသင့်ရဲ့ ဂုဏ်သရေကို အားကျရှုစားပြီး ပိုသိကျွမ်းချင်ရုံနေမှာပါ”
“ဘယ်တော့”
“မနက်ဖြန် ပြိုင်ပွဲပြီးချိန်ပါ”
“အော် ကရိကထများလိုက်တာ” သူက ပြိုင်ပွဲပြီးရင် အိမ်ပြန်ပြီး ချက်ချင်းတစ်ရေးအိပ်မလို့ စီစဉ်ထားတာ။
“တကယ်လို့ ကြီးမြတ်တဲ့နတ်ဒေဝါအတွက် အဆင်မပြေရင် ကျွန်တော်တို့အမြဲ ရွှေ့ဆိုင်းလိုက်လို့ရပါတယ်၊ ကျွန်တော် အသင့်အကြောင်း သူ့ကိုဘာမှမပြောပြရသေးတာ စိတ်ချလိုက်ပါ”
ရှန်းရင် စိတ်ဆိုးမှာဆိုးလို့ ရွှမ်းယွမ်ယီ အမြန် ထပ်ဖြည့်ပြောလိုက်တယ်။
“ကျွန်တော် ယင်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဆီ မနက်ဖြန် ဂုဏ်ပြုထမင်းစားပွဲကို ပယ်ဖျက်ဖို့ ချက်ချင်းသွားအကြောင်းကြားလိုက်ပါ့မယ်”
ဂုဏ်ပြုထမင်းစားပွဲပေါ့။
ရှန်းရင်မျက်နှာက ချက်ချင်းတောက်ပသွားပြီး သူ့လက်မောင်းကို လှမ်းဆွဲတော့တယ်။
“နင့်ကို အခက်တွေ့အောင် မလုပ်ချင်ဘူး၊ ဒါကြောင့် ငါသွားဖို့ဆုံးဖြတ်လိုက်ပြီ ဘယ်ချိန်ကျင်းပမှာလဲ၊ ဘယ်အချိန်လဲ၊ ဘယ်နေရာလဲ၊ ဘယ်မှာလုပ်မှာလဲ၊ အဝတ်အစားစည်းမျဉ်းရော ရှိလားဟေ၊ ဘာအရောင်ဝတ်သင့်လဲ”
ရွှမ်းယွမ်ယွီ ။ ။ “…”
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
——————
တတိယနေ့။
နောက်ဆုံးတော့ သူတို့ ဂိုဏ်းတွေကြားက ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတွေဆီ ရောက်ခဲ့ပြီ။ ပထမဆုံးနေ့ကထက် ကြည့်ရှုသူတွေပိုများပြားလာတယ်။ စီစဉ်ကျင်းပသူ ယင်းမိသားစုအပါအဝင် ဆွေကြီးမျိုးကြီး မိသားစုလေးစုတောင် ရှိနေကြပြီ။
ဗိုလ်လုပွဲတက်သူတွေကို အတွဲလိုက် စီမံခန့်ခွဲထားတယ်။ အနိုင်ရသူတွေက နောက်တစ်ဆင့်ကို တက်ရောက်ပြီးရင် ပြိုင်စရာမလိုဘဲ နောက်တစ်ဆင့် တက်ရောက်ခွင့် ဘယ်သူရမလဲဆိုတာ မဲနှိုက်ရတယ်။ ထိပ်သီးသုံးယောက်ကို ဒီပုံစံအတိုင်း ရွေးချယ်သွားမှာပဲ။ ကူယွဲ့ မနေ့ညက ဗိုလ်လုပွဲဆီ ရောက်တဲ့ တပည့်လေးယောက်ကို မှာပြီးပြီ။ သူတို့ ထိပ်သီးဆယ်ယောက်ထဲ ပါရမယ်ဆိုတဲ့ အသေးစားရည်မှန်းချက်ကို အောင်မြင်ပြီးပြီလေ။ ဒါကြောင့် အသေအကြေ တိုက်ခိုက်စရာမလိုဘူးလို့ ပြောထားတယ်။ အထူးသဖြင့် ရွှေအမြုတေအဆင့်မှာပဲ ရှိသေးတဲ့နှစ်ယောက်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ပြိုင်ဘက်တွေအားလုံးက ဆွေကြီးမျိုးကြီးမိသားစုရဲ့ ပကတိပြည့်စုံ ရွှေအမြုတေအဆင့်ကို ပြီးမြောက်ထားပြီးသား တပည့်တွေ။
အုတ်မြစ်အခြေတည်တပည့်တွေက နည်းနည်းလေး ပိုပြီးအခြေအနေကောင်းတယ်။ တစ်ပွဲ ယှဉ်ပြိုင်ပြီးနောက်မှာ သူတို့ထဲကတစ်ယောက်က ထိပ်သီးတိုက်ခိုက်သူငါးယောက်ထိ ရောက်ပြီးမှ ရှုံးနိမ့်သွားတာ။ သူတို့ထဲကတစ်ယောက် အဆင့်ငါးကို အောင်နိုင်တာတင် စိတ်ချမ်းသာဖို့ကောင်းတဲ့ အံ့အားသင့်စရာပဲ။ ပိုပြီးအံ့အားသင့်ဖို့ကောင်းတာကတော့ ရွှေအမြုတေအုပ်စု။ သူတို့ဂိုဏ်းက ထိပ်သီးသုံးယောက်ထဲတောင် တကယ်ကြီး ဝင်သွားခဲ့တယ်တဲ့လေ။
ပြီးတော့ ဝင်သွားတဲ့လူက အလယ်ရွှေအမြုတေအဆင့်ရှိတဲ့ ယွီဟုန်မဟုတ်ဘူး။ အဲအစား ခုမှ အမြုတေဖွဲ့စည်းမှု ပြီးမြောက်ကာစ သူတို့အားလုံးထဲ အားအနည်းဆုံးဖြစ်ပုံပေါ်တဲ့ မိန်းကလေးစစ်ယွီ ဖြစ်နေတယ်။
ကူယွဲ့ ထိတ်လန့်သွားတယ်။ သူ သူမ တိုက်ခိုက်တာတောင် မမြင်ရသေးဘူး။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ထိပ်သီးသုံးယောက်ထဲ ပါသွားခဲ့ရတာလဲ။ သူ ဟိုဟို ဒီဒီ လျှောက်မေးကြည့်ပြီးမှပဲ အကြောင်းပြချက်ကို သိရတော့တယ်…။
“မပြိုင်ရဘဲ အဆင့်တက်တဲ့သူလား” ယိချင်း ချီတုံချတုံဖြစ်သွားတယ်။ ဒါက အကြောင်းရင်း ဖြစ်မယ်လို့ သူ မတွေးခဲ့မိဘူး။
“ထိပ်သီးဆယ်ယောက်ထဲက တစ်ယောက်က မနေ့ညက ပုဂ္ဂိုလ်ရေးအရ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးတော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့တယ်လို့ ကြားတယ်၊ အဲဒါကြောင့် ပြိုင်ပွဲက နုတ်ထွက်သွားတာပဲ၊ နှစ်ဆင့်လုံးကို ယှဉ်ပြိုင်စရာမလိုဘဲ အဆင့်တက်ရတာ သူကံကောင်းတာပဲ” ဆိုတော့ကား လက်လေးတစ်ချောင်းတောင် မလှုပ်လိုက်ရဘဲ ထိပ်ဆုံးသုံးယောက်ထဲ ရောက်သွားခဲ့တာပေါ့။
ကူယွဲ့နဲ့ ယိချင်း အကြည့်ချင်း ဖလှယ်မိလိုက်တယ်။ နှစ်ယောက်လုံး ဘာပြောရမလဲတောင် မသိတော့ဘူး။
မိန်းကလေးစစ်ယွီရဲ့ ရူးလောက်စရာကံကောင်းမှုက… ပြိုင်ဘက်ကင်းပဲ။
“ညီမလေးရှောင်လွိတက်လာပြီ” ရှန်းရင် စင်မြင့်ကို လက်ညှိုးထိုးပြလိုက်တယ်။
တကယ်ကိုပဲ စင်မြင့်က ရှင်းလင်းထားပြီ။ ပြိုင်ပွဲဝင်တွေက ဝတ်ရုံပြာတစ်ယောက်၊ ဝတ်ရုံစိမ်းတစ်ယောက် စင်မြင့်ပေါ်တက်လာကြတယ်။ အစိမ်းကတော့ စစ်ယွီ၊ သူမ မျက်နှာချင်းဆိုင်ကလူကတော့ ရွှေအမြုတေပကတိပြည့်စုံအဆင့် ကျင့်ကြံသူပဲ။ သူ့အရှိန်အဝါအရ နတ်ဝိညာဉ်အဆင့်ကို တက်လှမ်းဖို့ တစ်ဝက်ရောက်နေပြီဖြစ်ပုံပဲ။
နှစ်ယောက်သား စိတ်အေးအေးထားပြီး ရှုမှတ်ကာ သူတို့ရှေ့က ပြိုင်ပွဲကို အာရုံစိုက်လိုက်ကြတယ်။ စင်မြင့်ပေါ်မှာရှိနေသူက ယွီဟုန်ဆိုရင်တော့ အဆင်ပြေလောက်မှာ။ အနည်းဆုံးတော့ သူမက အလယ်ရွှေအမြုတေအဆင့်ကျင့်ကြံသူ။ ဒါပေမဲ့ ခုက စစ်ယွီဖြစ်နေတော့… ဒီတိုက်ပွဲကတော့ ကြမ်းတမ်းတော့မှာပဲ။ ကူယွဲ့ ညီအစ်မတွေကို သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု မထိခိုက်အောင် ဘယ်လိုနှစ်သိမ့်ပေးရမလဲတောင် စဉ်းစားနေမိပြီ။
“ကျုပ်က ယင်းမိသားစုက ယင်းယွမ်ဖေးပါ၊ ကျေးဇူးပြုပြီး သိုင်းကွက်တွေပြသပေးပါဦး တာအိုရောင်းရင်း”
ဝတ်ရုံပြာနဲ့လူက လက်သီးနှစ်ဖက်ဆုပ်ပြီး မိတ်ဆက်ဂါရ၀ပြုလာတယ်။
စစ်ယွီ ဓားကိုဆုပ်ထားတဲ့ပုံစံနဲ့တင် စိတ်လှုပ်ရှားနေမှန်း သိသာတယ်။ သူမ ပြိုင်ဘက်ကို ခေါင်းမော့ကြည့်ကာ အသက်ဝဝရှူပြီး သတ္တိရှိယောင်ဆောင်လိုက်တယ်။
“ကျွန်မက ဝူတိဂိုဏ်းက စစ်ယွီပါ၊ ကျေးဇူးပြုပြီး သိုင်းကွက်တွေပြသပေးပါဦး တာအိုရောင်းရင်း”
နောက်အခိုက်အတန့်မှာတော့ နှစ်ယောက်သား စတင်တိုက်ခိုက်ဖို့ လှုပ်ရှားတော့တယ်။ ယင်းယွမ်ဖေးက ရှားပါးလျှပ်စီးဝိညာဉ်ကြောကို ပိုင်ဆိုင်ထားတာ။ သူ့သိုင်းကွက်တိုင်းက လျှပ်စီးတစ်ချက် ဝင်းလက်သွားစေတယ်။ သူ့ရဲ့မြင့်မားတဲ့ ကျင့်ကြံဆင့်ပါပေါင်းလိုက်တော့ စင်မြင့်မှာ စက္ကန့်ပိုင်းအတွက် လျှပ်စီးပစ်သံတွေနဲ့ ပြည့်သွားတော့တယ်။ စစ်ယွီ မတ်တတ်ရပ်ဖို့တောင် နေရာမကျန်သလောက်ပဲ။
စစ်ယွီပုန်းဖို့ပဲရှိတယ်။ သူမ ပွဲစစချင်း သွေးပျက်ခဲ့ပေမဲ့ အမြန်ပဲစိတ်ပြန်ငြိမ်အောင် လုပ်လိုက်တယ်။
တစ်လှည့်စီ လျှပ်စီးကြောင်းတွေကို ရှောင်ရှားလိုက် သူမရဲ့ ဓားသိုင်းကွက်တွေကို သုံးလိုက်နဲ့ သူမပတ်ပတ်လည်က လျှပ်စီးတွေအားလုံးကို မြန်မြန်ဆန်ဆန် ရှောင်ရှားသွားနိုင်ခဲ့တယ်။ အချိန်အနည်းငယ်အတွင်းမှာ စင်မြင့်ပေါ်က လျှပ်စီးတွေထဲ ဓားတစ်ချောင်းရဲ့ ဝင်းလက်တဲ့ပြိုးပြိုးပြက်ပြက် အလင်းရောင်တွေ ရောနှောလာတော့တယ်။
“အာ” ယင်းယွမ်ဖေး တုံ့ဆိုင်းသွားပြီး မျက်ဝန်းထဲ အသိအမှတ်ပြုမှုတွေ ဖုံးလွှမ်းသွားတယ်။ ဒီသိုင်းလောကသားညီမ ဗိုလ်လုပွဲရောက်တာက အရင်ပွဲစဉ်တွေမှာ မယှဉ်ပြိုင်ရဘဲ နောက်တစ်ဆင့် တက်ရောက်ခွင့် မဲကျခဲ့တာမို့ ကံကောင်းရုံပဲလို့ သူတွေးထားခဲ့တာ။ ဒီလောက်ထိစွမ်းဆောင်နိုင်မယ် မထင်မိခဲ့ဘူး။ သူမက သူ့ထက် အများကြီးကျင့်ကြံဆင့်နိမ့်တာတောင် သူ့လျှပ်စီးကြောင်းတွေကို ခုခံပြီး တောင့်ခံထားနိုင်သေးတယ်။ သူမက ထိပ်သီးတိုက်ခိုက်သူဆယ်ယောက်ထဲပါဝင်ဖို့ တကယ်ပဲထိုက်တန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ ဓားသိုင်းတွေက တိုးတက်ဖို့ အလားအလာတွေရှိသေးတယ်။ သူ့စိတ်ထဲလေးလံသွားပြီး အမူအရာလည်း တည်ကြည်သွားခဲ့တော့တယ်။
“ကောင်းလိုက်တဲ့ ဓားရေးကွက်တွေပဲ တာအိုရောင်းရင်းရေ”
…