ERSY အခန်း ၆၉

အခန်း ၆၉ ။ ပြိုင်ပွဲပဏာမအဆင့်

ရှန်းရင်အုပ်စုက ပြိုင်ပွဲခန်းမထဲ အချိန်မီရောက်လာခဲ့တယ်။ သူတို့ ဝင်လာချိန် ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေက အဲနေရာမှာ စုရုံးနေကြပြီ။ တစ်ချက်ကြည့်ရုံနဲ့ လူတစ်ထောင် ရှိနေပြီဆိုတာ သိနိုင်တယ်။

တိုက်ဆိုင်မှုဟုတ်ဟုတ် မဟုတ်ဟုတ်တော့ သူတို့ မသိဘူး။ ဒါပေမဲ့ သစ်ရွက်ကြောဂိုဏ်းရဲ့ တပည့်တွေက သူတို့ရှေ့ ခြေတစ်လှမ်းစောနေတယ်။ ဖြစ်ချင်တော့ ဒီဂိုဏ်းထဲက ကျင့်ကြံသူတွေအားလုံးက မိန်းမတွေပဲ။ ဒီပြိုင်ပွဲမှာပါဝင်တာက အမျိုးသားကျင့်ကြံသူတွေနဲ့ယှဉ်ရင် မိန်းကလေးကျင့်ကြံသူတွေက နည်းတယ်။ ဒီလူနည်းစုလေးထဲ ဝူတိဂိုဏ်းက ကိုးယောက် ထပ်ဖြည့်လာတာက အမျိုးသမီးကျင့်ကြံသူတွေရဲ့ ရုတ်တရက် စုပြုံကျလာမှုကို အတော်လေး ထင်ရှားသိသာသွားစေတယ်။

သူတို့ အစောတုန်းကတော့ အာရုံစိုက်ခံရတာကို စိတ်မရှုပ်ပေမဲ့ လူအုပ်ကြီးထဲက တီးတိုးပြောတာတွေ ကျယ်လောင်လာတယ်။ မိန်းကလေးကိုးယောက်ကို အာရုံစိုက်နေတဲ့ အကြည့်တွေက လက်ညှိုးထိုးတာတွေနဲ့အတူ တိုးလာပါလေရော။

“ကြည့်ပါဦး၊ အဲကလူတွေက မျက်နှာတွေပျက်နေတာကို ထွက်လာရဲသေးတယ်လား”

“အင်းလေ၊ အားလုံးက ရုပ်ဆိုးလိုက်ကြတာ ငါတစ်ခါမှ ဒီလောက်ရုပ်ဆိုးတဲ့ ကျင့်ကြံသူတွေ မမြင်ဖူးဘူး သူတို့တွေက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေများလား”

“ဒါတောင် နတ်သမီးအလှနဲ့ မိန်းကလေးကျင့်ကြံသူတွေ မွေးထုတ်ပေးလို့ နာမည်ကြီးတဲ့ သစ်ရွက်ကြောဂိုဏ်းဘေး ရပ်ဖို့ ရွေးတယ်ပေါ့”

“အမှန်ပဲ၊ ဒီလိုမျိုး ဆိုးယုတ်တဲ့အကျင့်စရိုက်တွေက ဘယ်ဂိုဏ်းကပါလိမ့်”

“…”

ပတ်ပတ်လည်က တီးတိုးပြောဆိုမှုတွေက ကျယ်သထက် ကျယ်လောင်လာတယ်။ မိန်းကလေးကိုးယောက်က ခေါင်းငုံ့ရင်း ရှက်ရွံ့ စိတ်ရှုပ်စွာနဲ့ သူတို့မျက်နှာပေါ်က အမာရွတ်တွေကို အလိုလိုကာလိုက်မိတယ်။ သူတို့ရဲ့ စောနတုန်းက မြင့်မြင့်မားမား စိတ်ဓာတ်က လုံးဝကို ပျောက်ကွယ်သွားပြီ။

ကူယွဲ့ ချက်ချင်း အမူအရာ‌ တည်တံ့သွားတယ်။ယွီဟုန်နဲ့ တပည့်တွေရဲ့ အုတ်မြစ်အခြေတည်က ပျက်စီးထားတာ။ ဝူတိဂိုဏ်းမှာ ဝိညာဉ်ဆေးပင်တွေ ပေါက်ရောက်ပေမဲ့ ဆေးမြစ်တွေနဲ့ပဲတော့ ကလေးမတွေကို အရှင်း မကုသနိုင်တာမို့ ဒဏ်ရာဟောင်းအကြွင်းအကျန်တွေက ခန္ဓာကိုယ်မှာ စွဲကျန်ရစ်ခဲ့တယ်။ ဒီစွဲကျန်ရစ်နေတဲ့ ဒဏ်ရာတွေက ကျင့်ကြံမှုအတွက် ကြီးကြီးမားမား သက်ရောက်မှု မရှိပေမဲ့ သူတို့ရဲ့ အမာရွတ်မျက်နှာတွေက ပျောက်ကင်းဖို့ အရိပ်လက္ခဏာ မပြသေးဘူး။

နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတွေမို့ ကူယွဲ့ရော ယိချင်းရောက ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်တွေကို တွယ်ငြိမှု မရှိတော့ဘူး။ ပြီးတော့ ကနဦးဖွဲ့စည်းခြင်းမှာ ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းဖို့ အခွင့်အရေးရှိတာမို့ အဆင့်မြင့်ကျင့်ကြံသူတွေထဲ သူတို့ရုပ်သွင်ကို တန်ဖိုးထားတာ နည်းတယ်။ ဒါကြောင့် ကူယွဲ့က ဒီပြဿနာကို ဖြေရှင်းဖို့ ဘယ်တော့မှ မစဉ်းစားမိခဲ့တာပဲ။ သူကိုယ်တိုင်လည်း မိန်းကလေးတွေရဲ့ ရုပ်သွင်ကို ကျင့်သားရသွားပြီမို့ သူတို့ပုံပန်းက တစ်ခုခုလွဲနေတယ်လို့ မစဉ်းစားမိဘူး။

ဒါပေမဲ့ ဘယ်သူက ထင်မိမှာလဲ။ ဒီလို အသေးအဖွဲကိစ္စလေးကြောင့် သူတို့ရဲ့ပထမဆုံး ပြိုင်ပွဲ ပွဲဦးထွက်မှာတင် အဆင့်နိမ့်တပည့်တွေရဲ့ အထင်သေးခြင်းခံရမယ်လို့လေ။ သူ ဒေါသထွက်ပေမဲ့ လူတိုင်းပါးစပ်ပေါက်ပိတ်အောင် လုပ်ဖို့နည်းစဉ်းစားမရဘူး။ သူလုပ်နိုင်သမျှက သူတို့ပတ်လည်ကလူတွေကို သတိပေးတဲ့အနေနဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း အရှိန်အဝါကို လွှတ်ထုတ်ပြီး မိန်းကလေးတွေကို နှစ်သိမ့်ပေးလိုက်တယ်။

“ပြိုင်ပွဲမှာပဲ အာရုံစိုက်ကြ၊ တခြားကိစ္စတွေကို စိတ်ထဲမထားနဲ့”

“ဟုတ်…” မိန်းကလေးတွေက ခေါင်းညိတ်ပြပေမဲ့ တက်ကြွလာတဲ့ အရိပ်အယောင်တော့ မပြဘူး။

ကူယွဲ့က သက်ပြင်းချမိပြီး ပြိုင်ပွဲစတော့မှာကိုမြင်တော့ ပြောလိုက်တယ်။

“ငါတို့အကြာကြီးဒီမှာနေလို့မဖြစ်ဘူး၊ မစိုးရိမ်နဲ့၊ အပြင်ကနေမင်းတို့ကို ကြည့်နေမယ်၊ ဒါကြောင့် အကောင်းဆုံးကြိုးစားကြ”

အဲလိုပြောရင်း ကူယွဲ့က ယိချင်းနဲ့ ရှန်းရင်ကို ထွက်ဖို့ အမူအရာပြလိုက်တယ်။ ဒါပေမဲ့ သူ ခြေလှမ်းနည်းနည်းပဲ လျှောက်ရသေး အရှေ့မှာ ရှိနေတဲ့ရှန်းရင်က တန့်သွားတယ်။

“ဘာဖြစ်တာလဲ” သူမေးလိုက်တယ်။

ရှန်းရင်က ပြန်မဖြေဘဲ ရုတ်တရက်ကြီး တစ်ဖက်လှည့်သာလှည့်လာကာ မိန်းကလေးကိုးယောက်ရှေ့ ပြန်လျှောက်လာခဲ့တယ်။

“ငါမနေ့က ပြောခဲ့တာနဲ့ ပတ်သက်ပြီး… ငါအမှားလုပ်ခဲ့မိတယ်”

အံ့ဩသွားပြီး မိန်းကလေးကိုးယောက်က သူမကို မော့ကြည့်လာခဲ့တယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဝူတိဂိုဏ်းမှာ သူငယ်ချင်းမရှိဘူး၊ ဒါကြောင့် ငါပြောတဲ့ သူငယ်ချင်းဆက်ဆံရေးကို ပထမ ထားဆိုတာနဲ့ပတ်သက်ပြီး စိတ်အရှုပ်မခံနဲ့တော့”

သူမရဲ့မျက်ဝန်းထဲက အမူအရာတွေဟာ အေးစက်သွားပြီး စကားတစ်လုံးချင်းစီကို အလေးပေးဖိပြောတော့တယ်။

“အဲတော့… ငါ့ကိုမျက်နှာသာမပေးနဲ့၊ အားလုံးကို ထုထောင်းသာပစ်”

“…”

“နင်တို့တွေက သေချာပေါက် နတ်သမီးတွေ မဟုတ်ပေမဲ့ ဒီလူအားလုံးရဲ့ အိပ်မက်ဆိုးဖြစ်နိုင်တယ်”

တစ်ခဏအကြာ…

“ဟုတ်ကဲ့ ဂိုဏ်းချုပ်” × ၉

မိန်းကလေးတွေက အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်တွေ ပြည့်သွားတယ်။ သူတို့နှလုံးသားတွေက တိုက်ခိုက်လိုစိတ်အပြည့်အဝနဲ့ တောက်လောင်နေတော့တယ်။

ယိချင်း ။ ။ “…” ဆရာပြောတာ အများကြီး အဓိပ္ပာယ်ရှိတယ်။

ကူယွဲ့ ။ ။ “…” ဟင်း၊ ဦးနှောက်ပျက်နေတဲ့ ပရိသတ်ပဲ။

——————

ဂိုဏ်းပြိုင်ပွဲတွေက အထက်ထျန်းလန်လောကက လူတွေကို ဆွဲဆောင်တဲ့ ပွဲအခမ်းအနားကြီးတွေဆိုပေမဲ့ ပြိုင်ပွဲတစ်ခုလုံးက ပြီးဆုံးဖို့ ၃ရက်ပဲလိုတယ်။ ဒီနေ့က ကျင့်ကြံခြင်းနယ်နိမိတ်တစ်ခုချင်းစီက ထိပ်သီးငါးဆယ်ကို ရွေးချယ်ဖို့အတွက် အဓိကကျင်းပမဲ့ လက်ရည်စမ်းပွဲတွေ ဖြစ်တယ်။ စည်းမျဉ်းတွေကတော့ရှင်းပါတယ်။ နယ်ပယ်တစ်ခုချင်းစီက လူအယောက်တစ်ရာအစုအဖြစ် ခွဲပြီး ဒီပွဲကိုအနိုင်ရရှိတဲ့လူတွေက နောက်တစ်ဆင့်အတွက် အလိုလို အရည်အချင်းပြည့်မီမယ်။

ဒါက ပထမဆုံးနေ့မို့ ကိုယ်စားပြုအဖွဲ့တွေခေါ်လာတဲ့ ဂိုဏ်းအသီးသီးက လုပ်ငန်းစဉ်တွေကို လာကြည့်ကြမှာ။ မိုးထိုးပြီး မျောလွင့်နေတဲ့ စင်မြင့်က ဂိုဏ်းအသီးသီးက ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြည့်နေတယ်။ အမြင့်ဆုံးအဆင့်ကတော့ ထိပ်သီးဆွေကြီးမျိုးကြီးမိသားစုလေးစုက လူတွေပေါ့။ တစ်ပွဲချင်းစီက ထိပ်သီးပြိုင်ပွဲဝင်သုံးယောက်ဟာ များသောအားဖြင့် ဒီမိသားစုတွေက ဖြစ်တတ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဂုဏ်သတင်းက လောင်းကြေးထပ်ထားရတော့ မိသားစုတစ်ခုချင်းစီက မျိုးနွယ်စုခေါင်းဆောင်တွေပါ ရှိနေကြပြီး သူတို့ရဲ့ နောက်ပါအခြွေအရံတွေကလည်း ခရီးသွားမသေမျိုးတွေ ဖြစ်ကြတယ်။

“ဒီတစ်ကြိမ်ပြိုင်တဲ့ ဂိုဏ်းအရေအတွက်က အရင်နှစ်တွေထက် အတော်လေးများတယ်နော်”

ယွီမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် ယွီဟိုင်ဟုန်က မျက်မှောင်ကြုတ်ရင်း အောက်ကလူအုပ်ကြီးကို မှတ်ချက်ပေးတယ်။

“ဒါပေါ့၊ ဒီနှစ်ပိုင်းအတွင်း ဂိုဏ်းအသစ်လေးတွေ အများကြီးဖွဲ့ကြတယ်လို့ကြားတယ်”

ရိမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် ရိဖုန်းက သူ့ဘေး‌ လှဲနေတဲ့ ဒသမအဆင့်မိစ္ဆာသားရဲကို ပုတ်ပေးနေတယ်။ သူက ရယ်သံနဲ့ ပြောတော့တယ်။

“ကံကောင်းလို့ ဒီယင်းကောင်းကင်ယံမြို့က လုံလုံလောက်လောက် ကြီးပေးလို့ပဲ၊ တကယ်လို့ လူနှစ်ဆ ရောက်လာရင်တောင် ပြဿနာရှိမှာ မဟုတ်ဘူး၊ ယင်းမိသားစုက တကယ်ကို အင်မတန်ချမ်းသာတယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့ အညီနေတာပဲ၊ ဒါပေမဲ့ ယင်းမျိုးနွယ်စုခေါင်းဆောင်ရဲ့ အရိပ်အယောင် မတွေ့ရပါလား”

ရိဖုန်းက ဟိုဟိုဒီဒီကြည့်ပြီးတော့ ပွဲစီစဉ်သူ ယင်းမျိုးနွယ်စုခေါင်းဆောင်ကို ဘယ်နေရာမှာမှ မတွေ့ရတာ နားလည်သွားတယ်။

“ဖြစ်နိုင်တာကတော့ ပြိုင်ပွဲကိစ္စတွေ ဆောင်ရွက်ဖို့ သွားတာနေမှာပေါ့၊ သူ တော်တော် အလုပ်ရှုပ်နေတာပဲ ဖြစ်ရမယ်၊ ဒီတစ်ကြိမ် ဂိုဏ်းတွေအများကြီး ဝင်ပြိုင်တာဆိုတော့” ပိုတောင် မျက်မှောင်ကြုတ်ပြီး ယွီဟိုင်ဟုန်က အောက်ကတခြားဂိုဏ်းတွေကို အထင်သေးတဲ့အကြည့် ကြည့်တော့တယ်။ သူတို့တွေ သူ့ဂိုဏ်းကို မယှဉ်နိုင်ဘူးလို့ ယုံကြည်ချက်ရှိနေတာ။

“ပြိုင်ပွဲတစ်ခုစီက အရင်တစ်ကြိမ်ထက် ပိုပိုဆိုးလာတယ်၊ နင်းပြားဂိုဏ်းအကုန်လုံးက အခု ပြိုင်ရဲနေကြပြီ၊ ယင်းမိသားစုက အကန့်အသတ်မထားတာ မှားသွားတယ်”

ရိဖုန်းက ရယ်လိုက်ပေမဲ့ ပြန်တော့မတုံ့ပြန်ဘူး။ ယွီမျိုးနွယ်စုခေါင်းဆောင်ရဲ့ မော်ကြွားမှုနဲ့ စကားပြောရင် ဗိုင်းကောင်းကျောက်ဖိ စည်းမျဉ်းကို ဘယ်တော့မှမလိုက်နာတာကို ကြားဖူးတယ်။

ဒါပေမဲ့ ယွီဟိုင်ဟုန်က သူ့တိတ်ဆိတ်မှုကို သဘောတူညီတယ် မှတ်သွားတယ်။ သူ့မျက်လုံးထဲက အမူအရာက တဖြည်းဖြည်းအထင်သေးလာတယ်။ ရုတ်တစ်ရက် တစ်ခုခုက်ု သတိထားမိသွားပြီး အေးစက်စက် နှာမှုတ်တော့တာပဲ။

“အဲကိုလှမ်းကြည့်စမ်း၊ ပွဲကြည့်စင်မြင့်ပေါ် သေမျိုးတွေခေါ်လာတဲ့ လူတွေ တကယ်ရှိတာပဲ၊ ဒီနေရာကို ဘယ်နေရာများထင်နေလဲ၊ ဘယ်လိုလူပဲဖြစ်ဖြစ်…”

ဘန်း…

ဒါပေမဲ့ သူ စကားမဆုံးခင် ဘေးမှာ တိတ်တိတ်လေးထိုင်နေတဲ့ ရွှမ်းယွမ်မျိုးနွယ်စုခေါင်းဆောင် ရွှမ်းယွမ်ယွီ ရုတ်တရက်ကြီး ခြေထောက်ပျော့ခွေသွားသလိုခံစားလိုက်ရတယ်။ သူ ထိုင်ခုံကနေ ချော်ကြပြီး မြေကြီးပေါ် လဲသွားတယ်။

လူတိုင်း ထိတ်လန့်သွားကြတယ်။

“ညီနောင်ရွှမ်းယွမ်၊ ဘာဖြစ်တာ…” နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျွမ်းကျင်သူက မြေညီကနေ ဘယ်လိုလုပ်ပြုတ်ကျသွားတာလဲ။

ရိဖုန်း နည်းနည်းစိတ်ရှုပ်ထွေးသွားတယ်။ ဒါပေမဲ့ ရွှမ်းယွမ်ယွီကတော့ သူ့ကို လုံးဝ လျစ်လျူရှု‌ထားလေရဲ့။ သူ ချက်ချင်းထရပ်ပြီး ယွီဟိုင်ဟုန် လက်ညှိုးထိုးတဲ့ သေမျိုးဘက် ခုန်ဆွခုန်ဆွ ပြေးသွားခဲ့တယ်။

ရွှမ်းယွမ်မိသားစုက ရွှမ်းယွမ်နောက်‌ရပ်နေတဲ့ ခရီးသွားမသေမျိုးတွေတောင် ချက်ချင်း အနောက်ကနေ လိုက်လာတယ်။ သူတို့ အလောတကြီး ပြေးသွားပုံက ပြန်ဝင်စားဖို့ အသည်းအသန်ပြေးလွှာနေတဲ့ပုံမျိုးပဲ။

“ကြီးမြတ်တဲ့… နတ်ဒေဝါ.. အသင်… ဘယ်လိုလုပ် ဒီရောက်လာခဲ့တာလဲ” ရှန်းရင်ရှေ့ ရောက်တော့မှ ရွှမ်းယွမ်ယွီ သူ့မျက်စိသူယုံရဲတော့တယ်။ ဘုရားသခင်ရေ ပုံရိပ်ယောင်မဟုတ်ဘူးဟ၊ တကယ်ပဲ သူ ရုတ်တရက်ကြီး သူ့ဘောတွေ နာလာသလိုပဲ။

“နှုတ်ဆက်ပါတယ်၊ ကြီးမြတ်တဲ့နတ်ဒေဝါ”ရင်တဒိတ်ဒိတ်ခုန်ပြီး ခရီးသွားမသေမျိုး ရွှမ်းယွမ်ယုံကလည်း ရှန်းရင်ကို ရှေ့တက်နှုတ်ဆက်တယ်။

ဒီလူနှစ်ယောက် ရုတ်တရက်ပေါ်လာတော့ အံ့ဩပြီး ရှန်းရင်က အလိုလို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်တယ်။

“အော် မင်္ဂလာမနက်ခင်းပါ၊ နင်…” အလယ်မှာတန့်သွားပြီး မေးလိုက်တယ်။

“နင်တို့က ဘယ်သူလဲ”

နှစ်ယောက် ။ ။ “…”

“သူက ငါတို့ ဟိုတစ်ခေါက်က သွားလည်ခဲ့တဲ့ ရွှမ်းယွမ်မိသားစုက ခရီးသွားမသေမျိုးလေ” ကူယွဲ့ ရှင်းပြရင်း ရွှမ်းယွမ်ယုံကို လက်ညှိုးထိုးကာ ပါးစပ်တွန့်သွားတယ်။ နောက်တော့ ရွှမ်းယွမ်ယုံဘေးက လူကို လှည့်ကြည့်လိုက်တယ်။

“ပြီးတော့ ခင်ဗျားက ရွှမ်းယွမ်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်မယ်”

“အိုး…” ရုတ်တရက် သတိပြန်ရသွားပြီး ရှန်းရင် အာမေဋိတ်သံရွတ်လိုက်တယ်။

“မုန်လာဥကိုလုဖို့ကြိုးစားတဲ့ ဟင်းသီးဟင်းရွက်မိသားစုပဲ”

နှစ်ယောက်သား ။ ။ “…” ဘာဟင်းသီးဟင်းရွက် မိသားစုလဲ။ ခင်ဗျား သူ့ကို မရှင်းပြခဲ့ရမှာ

“အဲတုန်းက ကျုပ်တို့ကြား နားလည်မှုလွဲတာတွေ အများကြီးရှိခဲ့တယ်၊ ကျုပ်တို့ကို သနားညှာတာတဲ့အတွက် အကြီးအကဲနတ်ဒေဝါကို အများကြီးကျေးဇူးတင်ပါတယ်” ရွှမ်းယွမ်ယွီက ရင်းနှီးစွာ ပြုံးပြတော့တယ်။

“အကြီးအကဲနတ်ဒေဝါ ဒီနေရာကို ဘာကိစ္စနဲ့ရောက်လာသလဲ စပ်စုလို့များရမလား”

“ပြိုင်ပွဲလေ”

“ပြိုင်ပွဲလား” မင်းကလား။ မင်းကို ဘယ်သူ သောက်ကျိုးနည်းနိုင်မှာလဲ။

“ကျုပ်တို့ဝူတိဂိုဏ်းဆိုတဲ့ ဂိုဏ်းတစ်ခု ထောင်ထားတာ၊ ပြိုင်ပွဲဝင်ပြိုင်ဖို့တပည့်တွေကို ဒီခေါ်လာခဲ့တယ်”

ကူယွဲ့ရှင်းပြလိုက်တယ်။

ရွှမ်းယွမ်ယွီက ခေါင်းညိတ်ပြီး အမြန်လမ်းပြတော့တယ်။

“ဒါဆို ပြိုင်ပွဲစတော့မှာဆိုတော့ အကြီးအကဲနတ်ဒေဝါ ကျေးဇူးပြုပြီး ကျွန်တော်တိုနဲ့ထိုင်ပြီး ပြိုင်ပွဲကြည့်ပါလား”

ကူယွဲ့က ယိချင်းနဲ့ အကြည့်ချင်းဖလှယ်ကာ လူပြည့်နေတဲ့ ပွဲကြည့်စင်တွေကို လှမ်းကြည့်ပြီးတော့ ပြန်ဖြေလိုက်တယ်။

“ဒုက္ခများသွားရပါပြီ”

“ဒါကျုပ်တာဝန်ပါ၊ ဒီဘက်ကြွပါ ကြီးမြတ်တဲ့နတ်ဒေဝါ”

အဲလိုနဲ့ ယွီနဲ့ရိမိသားစုတွေ ရွှမ်းယွမ်မျိုးနွယ်စုခေါင်းဆောင်က ယွီဟိုင်ဟုန် အထင်သေးတဲ့ အဲဒီသေမျိုးကို ခုံဆီ တလေးတစား လမ်းပြလာတာမြင်လိုက်ရတယ်။ သူက ရွှမ်းယွမ်ယွီစောနကထိုင်ခဲ့တဲ့ ထိုင်ခုံပေါ် အနေရခက်တဲ့အပြုအမူမျိုး မပြဘဲ နတ်ဝိညာဉ်ဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်က သူ့ဘေးမှာရပ်လေတယ်။ ရွှမ်းယွမ်ယွီနဲ့ ရွှမ်းယွမ်ယုန်က သူ့ဘေးမှာရပ်နေကြပြီး ‌ထိုင်ချဖို့ ဆန္ဒတော့မရှိတဲ့ပုံ။

ယွီမိသားစုခေါင်းဆောင် ထိတ်လန့်သွားပြီး အဲလူနှစ်ယောက်ကို ရူးနေလားဆိုတဲ့ပုံစံနဲ့ ကြည့်မိတော့တယ်။ ရွှမ်းယွမ်မိသားစုက ရူးသွားပြီလား။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိစ္စမှမဟုတ်တာ၊ သူတို့ကိုမေးဖို့က သူ့ပုံစံ မဟုတ်တာမို့ အေးစက်စက်သာနှာမှုတ်ပြီး အကြည့်လွှဲလိုက်လေတယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset