အခန်း ၇၀ ။ ကောင်းမွန်တဲ့ကံတရားနှောင်ကြိုး
သူ့ဘေး ပျင်းတိပျင်းရွဲနဲ့ ထိုင်နေတဲ့ အမျိုးသမီးငယ်လေးကို သိချင်သွားတာက ရိဖုန်း။ ဒီအမျိုးသမီးက ဘယ်သူလဲ။ ဘာကြောင့် ရွှမ်းယွမ်မိသားစုကနေ အထူးတလည် ဆက်ဆံမှုရနေတာလဲ။
ဒါပေမဲ့ သူ မေးခွန်းတွေကို ထုတ်မေးတော့မဲ့ဆဲဆဲ သူ့လက်က ရုတ်တရက် စူးကနဲဖြစ်သွားတယ်။ ငုံ့ကြည့်လိုက်တော့ စောနက ဘေးမှာ ငြိမ်ငြိမ်လေး လှဲနေတဲ့ ဒသမအဆင့် မိစ္ဆာသတ္တဝါက ရုတ်တရက် ထခုန်ပြီး ခြေလေးချောင်းလုံး တောင့်တင်းနေကာ အမွှေးတွေထောင်နေတယ်။ ကြောက်စရာကောင်းတဲ့ တစ်ခုခုကို ကြုံတွေ့ခဲ့ရသလိုမျိုး တစ်ကိုယ်လုံးက အနည်းငယ် တုန်ယင်လာလေရဲ့။
“ဟမ်၊ ရွှယ်ယင်” ဘာဖြစ်တာလဲ။
ရုတ်တရက် လှုပ်ရှားမှုကြောင့် ရိဖုန်းဘေးက မိန်းကလေးက လှည့်လာပြီး မြေကြီးပေါ်က သတ္တဝါကို ကြည့်ကာ မေးလာတယ်။
“ကြောင်လား”
“ခြင်္သေ့ဟိန်းဟောက်သားရဲပါ”
ရိဖုန်း ရှင်းပြလိုက်တယ်။
“အော်” ရှန်းယင် နောက်တစ်ခေါက် ထပ်ကြည့်လိုက်တယ်။ ငါ ဒီသတ္တဝါလေးကို အရင်က တစ်ခါမှမမြင်ဖူးဘူးပဲ။ စားလို့များရလားမသိဘူး။
ခြင်္သေ့ဟိန်းဟောက်သားရဲခမျာ ပိုပြီးတောင်တုန်ယင်သွားတော့တယ်…။
“တုန်နေတာတော်တော့၊ နင် တခြားသူတွေကို တိုက်မိတော့မယ်”
သူမက ရုတ်တရက် သတိပေးလာတယ်။
ခြင်္သေ့ဟိန်းဟောက်သားရဲခမျာ ကျောက်ဖြစ်ရုပ်ကြွင်းလိုမျိုး ချက်ချင်းတောင့်ခဲပြီး ငြိမ်ငြိမ်လေး နေနိုင်သမျှ ငြိမ်ငြိမ်လေးနေတော့တယ်။
ရိဖုန်း သူ့မျက်လုံးကိုတောင်သူ မယုံနိုင်ဘူး။
“မိန်းကလေး၊ မင်းလည်း သားရဲထိန်းချုပ်တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်လား”
“တစ်ခါမှ မသင်ဖူးဘူး”
“ဒါဆို ပိုပြီးတောင်ထူးဆန်းသွားပြီ၊ ရွှယ်ယင်က အရင်က တစ်ခါမှ တခြားသူစကားကို နားမထောင်ဖူးဘူး… ဖြစ်နိုင်တာက နေမကောင်းဖြစ်နေတာလား”
“ဖြစ်နိုင်တယ်”
သူ ဘာရယ်မဟုတ်ဆက်မေးကြည့်လိုက်တယ်။
“မင်းအမြင်အရဆို သူ ဘာဖျားနာမှုဖြစ်နေတယ်ထင်လဲ”
“အာ… ခွေးပန်းနာရောဂါများလား”
“….”
——————
ပထမနေ့လက်ရည်စမ်းပွဲတွေက ဖွင့်ပွဲအခမ်းအနားလိုမျိုး လုပ်ရိုးလုပ်စဉ် အခမ်းအနားမျှသာ ဖြစ်တယ်။ အရေးကြီးတဲ့အပိုင်းက တတိယနေ့ ဗိုလ်လုပွဲတွေမှ လာမှာ။ ဂိုဏ်းတိုင်းရဲ့ ပညာရှင်တွေက နာရီအနည်းငယ်ပဲကြည့်ပြီး ပွဲကြည့်စင်မြင့်ကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကုန်ကြတယ်။ ယွီနဲ့ ရိမိသားစုနှစ်စုလုံးတောင် ထွက်သွားကြပြီ။
ရှန်းရင်တို့အုပ်စုကတော့ သူတို့တပည့်ကိုးယောက်လုံး ပြိုင်တာ ပြီးတဲ့အထိစောင့်ပြီးမှ ပြန်ဖို့ ပြင်လိုက်ကြတယ်။ ကံကောင်းတာက သူတို့တပည့်ကိုးယောက်လုံး မနက်ဖြန် ပွဲစဉ်ဒုတိယအဆင့်အတွက် အရည်အချင်းပြည့်မှီတာပဲ။ သူတို့ဘေးက ရွှမ်းယွမ်သားစုက နှစ်ယောက်ကလည်း သူတို့ကို ပွဲစဉ်တစ်လျှောက်လုံး အဖော်ပြုပေးပြီးတာတောင် အနားယူဖို့ သူတို့ခြံဝန်းဆီ တလေးတစား ပြန်ပို့ပေးလေတယ်။
“မမလေးတို့ နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ” အိမ်ထဲဝင်လာချိန် ကျောက်စိမ်းလိုမျိုး ဝတ်စားထားတဲ့ မုန်လာဥက ရှန်းရင်ပေါ် ခုန်အုပ်လာတော့ ရှန်းရင်လည်း အကျင့်အတိုင်း ဘေးကို ရှောင်လိုက်တယ်။ ရလဒ်ကတော့ အဲကျောက်စိမ်းလိုမျိုးအရာက ရှန်းရင်နောက်က လူ – ကူယွဲ့နဲ့ တည့်တည့် ဝင်တိုက်တော့တယ်။
ကူယွဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားပြီး မေးလိုက်တယ်။
“ဘာလို့ သောက်ကျိုးနည်း လူအသွင်ပြောင်းပြန်ပြီလဲ” တွင်းထဲနေဖို့ မင်းကတိက ဘယ်ရောက်သွားတာတုံး။
“ချီး” မုန်လာဥက ရွံတဲ့ပုံနဲ့ နောက်ပြန်ဆုတ်ပြီး ကူယွဲ့လက်ကို ရိုက်လိုက်တယ်။
“ရုပ်ဆိုးကောင်၊ ငါ့ကိုမထိနဲ့”
ကူယွဲ့ နားထင်က သွေးကြောတွေ ပေါက်ကွဲကုန်တော့တယ်။
“ဟိုလီရှစ်၊ နောက်ဆို မင်းဘာသာမင်း သွားလာရင်ရော၊ မုန်လာဥအဖြစ် ပြောင်းပြီး ငါ့ခြေထောက်ပေါ် ဖက်ထားမနေနဲ့” ငါ မင်းအလေးချိန်ကိုတောင် အပြစ်မတင်ရသေးဘူး
“ဖွီ၊ ငါကရော ဖက်ထားချင်တယ်လို့ထင်နေတာလား” မုန်လာဥလည်း ဒီလိုမျိုးလုပ်ချင်တာ မဟုတ်ပါဘူး။ သူ့ကို ခြေထောက် ဖက်ခွင့်မပြုတဲ့ မမလေးကြောင့်သာ မဟုတ်ရင်… မုန်လာဥ စဉ်းစားလေ ပိုပြီးစိတ်ထိခိုက်လာလေပဲ။ သူက ရှန်းရင်ဘက်လှည့်ပြီး ပွေ့ဖက်ဖို့ သနားစဖွယ် ပြောတော့တယ်။
“မမလေး သူ တို့ကို အနိုင်ကျင့်တယ်”
“သွားစမ်းပါဟယ်” ဟင်းသီးဟင်းရွက်ဆိုတာ ဒီလိုပြောဖို့ အခွင့်အရေးမရှိဘူး။
“ဝါးဝါးဝါး…”
“ဒါ… ဒါ အရွက်တစ်ထောင်အပင်ဝိညာဉ်လား” ရွှမ်းယွမ်ယွီ မုန်လာဥကို အထိတ်တလန့်ကြည့်မိလိုက်တယ်။ ဒီလောက်မြန်မြန် အသွင်ယူနိုင်ခဲ့တယ်ပေါ့ ရွှမ်းယွမ်မိသားစု နှစ်ထောင်ချီ ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့ အပင်ဝိညာဉ် သေသွားချိန်ထိ ပြုစုပျိုးထောင်ခဲ့တာတောင် အသွင်ယူအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။
ရွှမ်းယွမ်မိသားစုဝင်နှစ်ယောက်လုံးရဲ့ မုန်လာဥအပေါ် အကြည့်တွေက ရဲရဲတောက်လာလိုက်တာ မုန်လာဥခမျာ ရှန်းရင်နောက် ဝင်ပုန်းလိုက်ရတယ်။ ဒေါသထွက်သွားပြီး ခြိမ်းခြောက်တော့တာပဲ။
“ဖွီ၊ သွားစမ်းပါ ရုပ်ဆိုးကောင်တွေ၊ ငါ့ရဲ့သန့်စင်တဲ့ခန္ဓာကိုယ်ကို ငမ်းငမ်းတက်မနေကြနဲ့”
ရွှမ်းယွမ်မိသားစုဝင်နှစ်ယောက် ။ ။ “…”
အသွင်ယူတဲ့ အပင်ဝိညာဉ်တွေအားလုံး ဒီလိုအပေါက်ဆိုးကြတာလား။
“အဟွတ်၊ ကြီးမြတ်တဲ့နတ်ဒေဝါ” ရွှမ်းယွမ်ယွီက မုန်လာဥဆီကနေ အကြည့်ပြန်ရုတ်ပြီး လူတိုင်းကို အနှံ့ကြည့်ပြီးမှ ရှန်းရင်ဘက် လှည့်ပြောလိုက်တယ်။
“ပြိုင်ပွဲဒုတိယအဆင့်ကိုဝင်သွားတဲ့ တပည့်တွေအားလုံး ဂုဏ်ပြုပါတယ်၊ တကယ့်ကို မင်းတို့က ကြီးမြတ်တဲ့နတ်ဒေဝါရဲ့တပည့်တွေပဲ၊ တစ်ယောက်ချင်းစီတိုင်းက ထူးချွန်ပြောင်မြောက်ပါပေတယ်”
“ဒါပေါ့” မုန်လာဥက ရှန်းရင်မဖြေနိုင်ခင် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဝင်ဖြေတော့တယ်။
“ငါတို့ရဲ့မမလေးတွေအကုန်လုံးက အရမ်းကို ရှိန်စရာကောင်းတယ်”
ဒီနှစ်အတွင်း မုန်လာဥက တပည့်တွေနဲ့ ရင်းနှီးသွားပြီးပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သူ့ကိုနေ့တိုင်း ရေလောင်းပေးကြတဲ့သူတွေကိုး။ သူ့နှလုံးသားထဲမှာတော့ ရှန်းရင်က အဆင့်တစ်၊ မုန်လာဥ သူကိုယ်တိုင်က အဆင့်နှစ်၊ မမလေးတွေက အဆင့်သုံးပဲ။ သူသေကိုယ်သေရန်သူကတော့ မုန်လာဥတွေကို အမြဲခုတ်နေတဲ့ စားဖိုမှူးယိချင်းလေ။ ပြီးတော့ ကူယွဲ့အတွက်ကတော့… ဖွီ
“ကြီးမြတ်တဲ့နတ်ဒေဝါရဲ့တပည့်တွေဆိုတော့ သေချာပေါက်ကို ရှိန်စရာကောင်းတာပေါ့”
ရွှမ်းယွမ်ယွီက ခေါင်းညိတ်ပြပြီး သူတို့ကိုထပ်ကြည့်ကာ ဆက်ပြောလေတယ်။
“ဒါပေမဲ့… ကျွန်တော် ဒီတာအိုရောင်းရင်းတို့ရဲ့ ဝိညာဉ်အရိုးတွေကို အကြမ်းဖျင်း တစ်ချက်ကြည့်ပြီးတဲ့နောက်မှာ သူတို့ရဲ့အုတ်မြစ်တွေက… ဖျက်ဆီးခံထားရသလိုပဲ၊ ကြည့်ရတာ ဒဏ်ရာဟောင်းတွေ ဖြစ်ပုံပေါ်တယ်၊ ပွင့်ပွင့်လင်းလင်းပြောမိလို့ ခွင့်လွှတ်ပါ၊ ဒါပေမဲ့ ဒီလိုဒဏ်ရာတွေကို အမြန်ဆုံးကုသသင့်တယ်၊ မဟုတ်ရင် အနာဂတ်ကျ သူတို့ရဲ့ မသေမျိုး ကျင့်ကြံမှုလမ်းစဉ်ကို သက်ရောက်မှုရှိလိမ့်မယ်”
“ခင်ဗျားမှာနည်းလမ်းရှိလား” ကူယွဲ့ သူ့ကို အံ့ဩတကြီးကြည့်မိသွားတယ်။
သူက ခေါင်းညိတ်လာတယ်။
“ကျွန်တော့်ရွှမ်းယွမ်မိသားစုက သက်စောင့်ဆေးတွေနဲ့ပတ်သက်ရင် အမြဲကျွမ်းကျင်ပါတယ်၊ ကျွန်တော် ဆေးလုံးဖော်တဲ့လမ်းစဉ်မှာ အောင်မြင်မှုအသေးစားလေးတွေလည်းရခဲ့တယ်၊ သူတို့အခြေအနေက သိပ်ပြီးပြဿနာကြီးမဟုတ်ပါဘူး၊ အဋ္ဌမအဆင့် အားဖြည့်သက်စောင့်ဆေးနဲ့ဆို သူတို့ ဒဏ်ရာတွေကို ကုသနိုင်ပြီး အမာရွတ်တွေပျောက်ကင်းသွားနိုင်ပါတယ်၊ ဖြစ်ချင်တော့ ကျွန်တော် အားဖြည့်သက်စောင့်ဆေးတစ်စု ဖော်ထားတာမကြာသေးဘူး၊ ခင်ဗျားတို့ဂိုဏ်းကို လက်ဆောင်ပေးနိုင်ပါတယ်”
ဝူတိဂိုဏ်းဝင်တိုင်း ဒါကိုကြားပြီးဝမ်းမြောက်သွားကြတာပေါ့။
ရွှမ်းယွမ်ယွီက ချက်ချင်း လက်ဖဝါးအရွယ် ပုလင်းကို ထုတ်လာပြီး ကူယွဲ့ကို ကမ်းပေးကာ ထပ်ဖြည့်ပြောလေတယ်။
“သူတို့က နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပြီးမြောက်သေးတာမဟုတ်တော့ သူတို့အုတ်မြစ်တွေကို စောနိုင်သမျှစောစော ပြုပြင်တာက အကျိုးရှိပါလိမ့်မယ်”
ကူယွဲ့ သက်စောင့်ဆေးတွေကို ယူပြီး လေးနက်တဲ့လေသံနဲ့မေးလိုက်တယ်။
“ဒါတွေအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်ကျမလဲ” ဘယ်လိုပဲဖြစ်ဖြစ် ကူယွဲ့ သူ့နေရာကို တကယ်ရိုက်ခွဲဖျက်ဆီးထားမိတာလေ။ တခြားသူတွေရဲ့ ပစ္စည်းကို အလကား ယူလို့မကောင်းဘူး။
“မလိုပါဘူး၊ မလိုပါဘူး…” ရွှမ်းယွမ်ယွီ အမြန်ခေါင်းယမ်းကာ စိတ်အားထက်သန်စွာ ပြောလိုက်တယ်။
“ကျွန်တော်က ခင်ဗျားတို့ဂိုဏ်းနဲ့ ကောင်းမွန်တဲ့ကံတရားနှောင်ကြိုး ဖွဲ့ချင်ရုံပါ၊ တခြားအဓိပ္ပာယ်မရှိပါဘူး” သူ့မှာတောင်းဆိုစရာတွေရှိတောင် တောင်းဆိုရဲပါ့မလား။ ပြီးတော့ ဆွေကြီးမျိုးကြီး မိသားစုလေးစုထဲကတစ်စုကနေ လာတာမို့ တကယ်တော့ စိတ်ဝိညာဉ်ကျောက်တုံး ချို့တဲ့နေတာမဟုတ်ဘူး။ အဲဒါမဟုတ်သရွေ့…။
သူ့အကြည့်က အလိုလို မုန်လာဥဆီ ရောက်သွားတော့တယ်။
ကူယွဲ့ သဘောပေါက်သွားတယ်။ ချက်ချင်းပဲ လူတိုင်းရဲ့အကြည့်က တစ်ခုသော ဟင်းသီးဟင်းရွက်အပေါ် စုပုံကျလာလေရဲ့။
မုန်လာဥက သူတို့စိုက်ကြည့်မှုအောက် တုန်ရီပြီး အလိုလိုရင်ဘတ်ရှေ့လက်ပိုက်ကာ နောက်တစ်လှမ်း ပြန်ဆုတ်သွားတယ်။
“ဘာလဲ၊ ငါ့အရည်အချင်းကို ရောင်းစားပေမဲ့ ခန္ဓာကိုယ်ကိုတော့ မရောင်းစားဘူးနော်”
လူအုပ်ကြီး ။ ။ “…”
“မုန်လာဥ၊ ပန်းနည်းနည်းပွင့်အောင်လုပ်လိုက်” ရှန်းရင် ပြောလိုက်တယ်။ သူတို့ ပစ္စည်းတွေကို အလကား လက်ခံလို့မဖြစ်ဘူးလေ။
“ဟင့်အင်း” မုန်လာဥက ခေါင်းကို အသေယမ်းပြီး မျက်နှာပေါ် နစ်နာတဲ့အကြည့်မျိုးနဲ့ ရှန်းရင်ကို ကြည့်လာတယ်။
“မမလေးကိုပဲ တို့ပန်းတွေ ကြည့်ခွင့်ပြုချင်တာ”
ဘယ်သူက နင့်ဒုဓလီပန်းတွေ လိုချင်လို့လဲ။
သဘောထားမပြောင်းလဲချင်တာမြင်တော့ ရှန်းရင်က ယိချင်းကို လှည့်ကြည့်လိုက်တယ်။
“စားဖိုမှူး၊ ဒီည နံရိုးပေါင်းနဲ့ မုန်လာဥဟင်းရည် စားကြရအောင်”
“အကြံကောင်းပဲ ဆရာ”
မုန်လာဥမျက်နှာက ဖြူဖျော့သွားပြီး ငိုဖို့ လက်မတင်လေးပဲလိုတော့တယ်။
“ပွင့်အောင်လုပ်ပေးမယ်၊ လုပ်ပေးမယ် ဟုတ်ပြီလား”
သူ နာကြည်းချက်တွေနဲ့ လျှောက်လာပြီး… အဝတ်အစားအောက်ပိုင်းကို ဖြဲဖို့လုပ်လိုက်တယ်။
“ဟိုလီရှစ် မင်းဘာလုပ်နေလဲ”
ကူယွဲ့ အပြေးသွားပြီး မုန်လာဥကို ဘောင်းဘီချွတ်ချမှာကနေ လက်မတင်လေး တားဆီးလိုက်နိုင်တယ်။ အထိတ်တလန့်နဲ့ သူ မိန်းကလေးတွေကို လှမ်းပြောလိုက်တယ်။
“မင်းတို့အားလုံးအကြည့်လွှဲကျ၊ အကြည့်လွှဲကျ”
ယိချင်းကလည်း ရှန်းရင်မျက်ဝန်းပေါ် အလိုလိုကာပေးလေတယ်။
“မင်း ဘာလို့ ရုတ်တရက်ကြီး လူရမ်းကားပုံစံ ကစားချင်နေရတာလဲ”
ဒေါသထွက်တယ်ဆိုတာက ဒါအတွက် ဆင်ခြေမဟုတ်ဘူးနော်။
“ဘယ်သူက လူရမ်းကားလုပ်နေလို့လဲ၊ မင်းတို့ ပန်းတွေလိုချင်တယ်မဟုတ်ဘူးလား၊ ငါ့ဘောင်းဘီကို မချွတ်ရင် သူတို့ပွင့်အောင် ငါဘယ်လိုမျိုး သွားလုပ်ရမှာလဲ”
ပန်းပွင့်တာနဲ့ ဘောင်းဘီချွတ်တာ…
ဟေး၊ ခဏနေပါဦး။
ကူယွဲ့ တုံ့ဆိုင်းသွားပြီး ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားခဲ့တယ်။ ပန်းပွင့်တွေဆိုတာ အပင်တစ်ပင်ရဲ့… တစ်ခုခု ဖြစ်ပုံပေါ်တယ်မလား။
Σ(°△°|||)
ဒါဆို ဘောင်းဘီတွေချွတ်တာက တကယ်ကြီး… ပန်းပွင့်တွေပွင့်အောင် လုပ်ဖို့ပေါ့လေ
ကူယွဲ့ ။ ။ “…”
ယိချင်း ။ ။ “…”
ရှန်းရင် ။ ။ “…”
ရွှမ်းယွမ်ယွီ ။ ။ “…” ငါ အဲဒါတွေကို ရုတ်တရက်ကြီး လက်မခံချင်မိတော့သလိုပဲ။
…