ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၂၀
မနက် ၇နာရီထိုးပြီးနောက် တောရိုင်းထဲ၌ ရှင်သန်ရသည့် ရသစုံရှိုးစတင်လေပြီ။ ရှိုးပွဲအား ထပ်မံ၍ တိုက်ရိုက်လွှင့်လေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု့ စတင်သည်နှင့် ကြည့်ရှူ့သူမှာ ၅၀,၀၀၀ ဖြစ်သွား၏။
ယဲ့တောင်မှ ဖြစ်ခဲ့သော ကိစ္စသည် အင်တာနက်ပေါ်မှ ကြီးမားစွာ ဂယက်ထခဲ့လေသည်။ ထိုရှိုးပွဲသည် မောင်လီချမ်းအား လူသိများလာစေသည်။ ထိုကိစ္စကြောင့် ဒေတာများသည် အဆင့်တခုသို့ ရောက်နေနိုင်သော်လည်း ထိုမျှများမည်ဟု သူ မထင်ထားပေ။ သူတို့ စတင်လိုက်သည်နှင့် လူအရေအတွက်မှာ ၅၀,၀၀၀ပင် ရှိနေလေပြီ။ သူ ဂဏန်းအား ကြည့်လိုက်ပြီး အလွန်ပျော်သွား၏။
ကင်မရာသမားများ ဝင်မလာခင် ကုန်းချင်းယောင် သံပြားအား အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ထားလိုက်၏။ သူမ သေချာ ဆိုဒ်ကြီးသော ဆွယ်တာအနွေးထည်အား ယူဝတ်ခဲ့၍ သံပြားအား ထည့်ရန်အဆင်ပြေနေသည်။
နောက်ဆုံး၌ လူ၆ယောက် ဘက်စ်ကားထဲ၌ အတူတူထိုင်ကာ ဟုန်ယန်တောင်သို့ ထွက်လာကြတော့သည်။
ကုန်းချင်းယောင်သည် ပထမဆုံး ဘက်စ်ကားပေါ် ရောက်သူဖြစ်ပြီး မောင်လီချမ်းမှ သူမအား တွေ့သည်နှင့် ” ချင်းယောင် မင်္ဂလာနံနက်ခင်းပါ ” ဟု နှုတ်ဆက်လာ၏။
” မင်္ဂလာပါ “
သူမ နှုတ်ဆက်ပြီးသည်နှင့် ဘက်စ်ကား၏ နောက်ဆုံးတန်းသို့ တည့်မတ်စွာ သွားတော့၏။
ထို့နောက် ကျုံးရှင်းရင်နှင့် လုယုံရီတို့ အချိန်ခဏခြားပြီးမှ ရောက်လာပြီး အချင်းချင်း နှုတ်ဆက်လိုက်ကြကာ ကော်ယွမ်ခိုင်လည်း ရောက်လာတော့၏။ ခဏအကြာ ယုချူးရွှယ်လည်း ကားပေါ်ရောက်လာပြီး ခပ်ဖျော့ဖျော့ပြုံးထားလျှက် ကားပေါ်မှ သူများမှ သူမအား အရင်နှုတ်ဆက်လာကြသည်။
သူမ၏ ရွှေရောင်သခင်ကြီးကြောင့် မဟုတ်လျှင် ရေတပ်ကြောင့်လည်း ဖြစ်နိုင်ပါသည် ယခု ဧည့်သည်များကြား၌ ယိုရှင်းယွီ အပြီးတွင် ယုချူးရွှယ်သည် လူသိအများဆုံးဖြစ်လာ၏။
ယုချူးရွှယ် ခပ်ဖျော့ဖျော့သာ စကားပြန်လိုက်ပြီး နောက်ဆုံးခုံ၌ ထိုင်နေသော ကုန်းချင်းယောင်အား ကြည့်လိုက်သည်။ သူမ စဝင်ကတည်းက ကုန်းချင်းယောင်သည်သာ တစ်ဦးတည်းသော စတင်၍ မနှုတ်ဆက်သူပင်။ ယုချူးရွှယ် အကြည့်လွှဲလိုက်ပြီး ရှေ့ဆုံးခုံ၌ ထိုင်လိုက်သည်။
မကြာခင် ယိုရှင်းယွီလည်း ရောက်လာကာ ဝင်လာသည်နှင့် လူတိုင်းကို ခေါင်းညွှတ်လာပြီး ” တောင်းပန်ပါတယ်၊ အားလုံးကို စောင့်ရစေမိပါပြီ “
ကော်ယွမ်ခိုင်မှ ချက်ချင်း ” ရပါတယ် ကျွန်တော်တို့လဲ အခုမှရောက်တာ “
ယုချူးရွှယ်သည် ယိုရှင်းယွီအား သူမဘေး၌ ထိုင်စေချင်သော်လည်း သူသည် သူမကို ကျော်ကာ ကုန်းချင်းယောင်ထိုင်သော နောက်ဆုံးတန်း၏ အရှေ့သို့ သွားထိုင်လိုက်သည်။ ကားထဲ၌ ကင်မရာများသာမရှိလျှင် ယုချူးရွှယ် ရှိရှိသမျှ အထုပ်များကို ကုန်းချင်းယောင်ထံသို့ ပစ်ပေါက်ပြီးနေပြီ။
ဘက်စ်ကား စတင်ထွက်ပြီးနောက် မောင်လီချမ်းမှ ရှေ့ဆုံးတန်း၌ ထိုင်နေလျှက် ” အားလုံးပဲ မင်္ဂလာပါ၊ ကြည့်ရှူ့သူများနဲ့ ထပ်တွေ့ရပြန်ပြီ၊ ဒီနေ့က ဒုတိယအကြိမ် ရသစုံရှိုး ရိုက်ကူးတာပါ၊ ဒီတခါတော့ ကျေးရွာလေးတရွာကို သွားနေတာပါ၊ အနောက်ဘက်ပိုင်းမှာရှိပြီး ဟုန်ယန်ရွာလို့ ခေါ်ပါတယ်၊ ရွာမှာ နေထိုင်တဲ့သူက ၂,၀၀၀လောက်ပဲရှိပြီး ရွာမှာ သဘာဝအလှတရားတွေနဲ့ ကျေးလက်အငွေ့အသက်တွေ ပြည့်ဝနေပါတယ် “
မောင်လီချမ်း ဟုန်ယန်ရွာအား မိတ်ဆက်ပေးပြီးနောက် ကြည့်ရှု့သူများမှ ရွာမှာ လုံခြုံရဲ့လားဟု မေးလာကြသည်။ ထို့ကြောင့် ” ကြည့်ရှူ့သူ တော်တော်များများက ရွာက လုံခြုံပါ့မလားလို့ မေးနေကြမယ်ထင်တယ်၊ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ဟုန်ယန်ရွာကို ၃ကြိမ်တိတိ စစ်ဆေးထားပါတယ်၊ တရားဝင် အုပ်ချုပ်ရေးမှုးတွေနဲ့လဲ မရေမတွက်နိုင်အောင် အတည်ပြုပြီးပါပြီ၊ ဒီနေရာက ရှင်းလင်း ရိုးရှင်းပြီး လုံခြုံပါတယ် “
မောင်လီချမ်း ဟုန်ယန်ရွာအား ရွေးချယ်ရခြင်း ပထမအချက်မှာ ထုတ်လုပ်မှု့အသင်း၏ ငွေမလုံလောက်၍ဖြစ်ပြီး ဒုတိယအချက်မှာ မြို့နယ်အုပ်ချုပ်ရေးမှ ဟုန်ယန်ရွာအား ရသစုံရှိုးပွဲ၌ ထည့်ရိုက်ကူးပြီး ခရီးသွားများ ပိုများလာစေရန် ရည်ရွယ်ထား၍ဖြစ်သည်။ သို့မှသာ ရွာသားများ၏ စီးပွားရေးအခြေအနေကောင်းကာ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ပေမည်။ ထို့ကြောင့် ၂ဦး၂ဖက် သဘောတူ၍ ထိုနေရာအား ရွေးလိုက်ခြင်းပင်။
20 02
ဟုန်ယန်ရွာနှင့် နီးသမျှ မြို့တိုင်းသည် ရွာသို့ ဘက်စ်ကားဖြင့် ၃နာရီကြာ ထပ်သွားရသေးသည်။ ဤသည်ကိုတောင် မရောက်သေးဘဲ နောက်ထပ် ၂ကီလိုမီတာ လမ်းလျှောက်ရသေး၏။ သူမ အမူးပြေသည့် ဆေးကြိုသောက်ထားသည်ကိုတောင် ကျိုးရှင်းရင် အနည်းငယ် မသက်မသာခံစားနေရသည်။
ဧည့်သည် ၆ယောက် ကားထဲမှ မဆင်းခင် မောင်လီချမ်းမှ အော်ဟစ်လာ၏။ ” ကျေးဇူးပြုပြီး ပါလာတဲ့ ပစ္စည်းတွေကို ချန်ထားခဲ့ပါ၊ ဖုန်းတို့ ဘာတို့လဲ ပါပါတယ် “
” ဟူး… “
ကော်ယွမ်ခိုင် မတတ်နိုင်ဘဲ သက်ပြင်းချမိသွားကာ ပါလာသမျှကို ထုတ်ပေးလိုက်တော့သည်။ အားလုံး စည်းကမ်းလိုက်နာ၍ ပစ္စည်းများကို လိမ်လိမ်မာမာ ထုတ်လာပေးကြ၏။
ကုန်းချင်းယောင် အင်္ကျီအိတ်ကပ်ထဲ၌ သံပြားအား ဆက်သိမ်းထားပြီး ကားထဲမှ ထွက်လာတော့၏။ လူတစုသည် ကားပါကင်၌ ရပ်နေကြပြီး မောင်လီချမ်းမှ ” ဒါက ဟုန်ယန်ရွာက ရွာသားတွေပဲ “
လူ၂ဦးသည် ဦးဆောင်၍ ” အားလုံးပဲ ဟုန်ယန်ရွာမှ ကြိုဆိုပါတယ် ” ဟု အော်လိုက်ကာ ကျန်သူများမှ ” ကြိုဆိုပါတယ် ” ဟု အော်ဟစ်လိုက်ကြသည်။
ဟုန်ယန်ရွာသည် ဝေးလံခေါင်းပါး၍ ဆင်းရဲနွမ်းပါးကြ၏။ ထိုနေရာ၌ လူငယ်များသည် အပြင်သို့ထွက်၍ အလုပ်လုပ်ကြပြီး သက်ကြီးရွယ်မို၊ အမျိုးသမီးနှင့် ကလေးများသာ အိမ်ထဲ၌ ကျန်ခဲ့ကြလေသည်။
မောင်လီချမ်းမှ မိတ်ဆက်ပေးလာ၏။ ” ဒါက ဝူထျဲကျူး တဲ့ ဟုန်ယန်ရွာရဲ့ လက်ထောက်ပဲ၊ ဒါက ဝမ့်တရှန်တဲ့ ရွာသူကြီး “
အားလုံး ဧည့်သည်များနှင့် လက်ဆွဲ နှုတ်ဆက်လိုက်ကြပြီး ဝူထျဲကျူးမှ ” နောက်ထပ်တနေရာဖြစ်တဲ့ တောင်ပေါ်ကို ခေါ်သွားပေးပါ့မယ် “
ယိုရှင်းယွီမှ ရှေ့သို့လျှောက်လာပြီး ” ဒုက္ခပေးမိပါပြီ “
” ပြဿနာမရှိပါဘူး၊ ပြဿနာမရှိပါဘူး ” လို့ ရွာသားများမှ ချက်ချင်း ပြောပေးလာကြသည်။ အပြင်လူ အနည်းငယ်သည် ရွာထဲဝင်လာ၍ ရွာသားများမှ သူတို့ ထိုရိုက်ကူးရေးအား မျှော်လင့်နေကြသည်။
ဝမ့်တရှန်မှ ” စကားမစပ် တောရိုင်းထဲမှာ ညအိပ်လို့ အဆင်မပြေလောက်ဘူးထင်လို့ ကျွန်တော်တို့ တဲ၅ခုကိုလည်း အသင့်ရွေးပေးထားပါတယ် “
” ငါးခုလား “
အားလုံး မေးခွန်းထုတ်လိုက်ကြ၏။ သူတို့က ၆ယောက်တောင်လေ။
ဝူထျဲကျူးမှ ရှက်ရွှံ့စွာနှင့် ” ထပ်ပြီး ရွေးချယ်စရာ မရှိတော့လို့ပါ၊ တဲအိမ်၅အိမ်ကိုတောင် သေချာစီစစ်ရွေးထားရတာဖြစ်ပြီး နောက်ဆုံးနေရာကတော့ တောင်တဝက်မှာရှိတဲ့ လှိုင်ဂူကို ရွေးချယ်ပေးထားပါတယ် “
” လှိုင်ဂူလား “
ယုချူးရွှယ် သူမ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ပေးထားသော ဇာတ်ညွှန်းနှင့် ကွာနေသည်ကိုသာ စဉ်းစားနေမိသည်။ တခါတရံ ရှိူးပွဲ၏ အကြောင်းအရာ အပြည့်အစုံအား သူတို့ကို အံ့ဩစေချင်၍ ချရေးမပေးတတ်၍ ယုချူးရွှယ်လည်း အကုန်မသိနေပေ။
လမ်းအနည်းငယ် လျှောက်ပြီးနောက် ကျုံးရှင်းရင် သူမဘာသာ မရပ်နိုင်တော့ပေ။ ဝူထျဲကျူးမှ ရွာသားများအား ရွာသို့ပြန်၍ အားကောင်းမောင်းသန် ယောင်္ကျားလေးများကို အမြန်ခေါ်ခိုင်းလိုက်ပြီး ဝါးထမ်းစင်အား ကျုံးရှင်းရင်ကို သယ်ရန် အရင်ရှာခိုင်းလိုက်သည်။
ကျုံးရှင်းရင်အား ရွာသားတစ်ယောက်မှ စောင့်နေပေးပြီး ကျန်လူများ ရွာသို့ ချီတက်ကြတော့သည်။
ဤနေရာရှိ စွမ်းအင်းသည် ပြည့်ဝနေပြီး ကုန်းချင်းယောင် ကားထဲမှ ထွက်ကတည်းက ထိုသည်ကို ခံစားမိလေသည်။ ဤသည်မှာ သူမ မမျှော်လင့်ထားသည်ထပ်ပိုသော အံ့ဩစရာနေရာပင်။ ခရီးသွားရသည်မှာ ကြာမည်ဖြစ်ပြီး အားလုံး ရိုက်ကူးရေးအား အတိုချုန်းချင်၍ အမြန်လမ်းလျှောက်ကြတော့သည်။ ၁ကီလိုမီတာလောက် လိုသည့်အချိန်တွင် ယုချူးရွှယ်နှင့် အခြားလူများ ခြေထောက်မှအားများ ကုန်နေပြီဖြစ်ပြီး အားကစားလုပ်သော ယိုရှင်းယွီနှင့် လုယုံရီပင် အနည်းငယ် ပင်ပန်းနေလေပြီ။ ကုန်းချင်းယောင်သာ အရှိန်အမှန်မှန်နှင့် လမ်းလျှောက်နိုင်ဆဲပင်။
ဝူထျဲကျူး နှင့် ဝမ့်တရှန် တို့သည် လမ်းလျှောက်နေလျှက် ကုန်းချင်းယောင်သာ ဆက်သွားနိုင်တော့သည်ကိုတွေ့၍ အရှိန်လျော့ကာ ” ဟိုမှာ အရိပ်ကောင်းတဲ့နေရာရှိတယ်၊ အာ့မှာ ခဏနားကြမလား “
20 03
ဆောင်းဦးအစောပိုင်းဖြစ်၍ ရာသီဥတုသည် မပူသလို အေးမနေပေ။ ထိုအေးသည်ဟူသော နေရာသည် အားလုံးအား နားစေချင်၍ပြောသော စကားလုံးမျှသာ။ သူ ပြောသည်အား ကြားသည်နှင့် အားလုံး တူညီစွာ ” ကောင်းတယ်၊ ကောင်းတယ် “
ယုချူးရွှယ် သစ်ပင်အရိပ်ထဲ၌ ထိုင်လိုက်ပြီး သယ်မခံထားရသော ကျုံးရှင်းရင်အား ကြည့်လိုက်၏။ သူမသာ ကျူံးရှင်းရင် ဒီလိုအသယ်ခံရမည်မှန်းသိလျှင် မသက်မသာဖြစ်ချင်ယောင် ဆောင်ပါသည် သို့မှ သူမလည်း ထမ်းစင်စီးရမည်ဖြစ်သည်။
ယုချူးရွှယ် မဝေးသောနေရာ၌ရှိနေသော ကုန်းချင်းယောင်အား ကြည့်လိုက်၏။ သူမသည် မထိုင်ရုံမက ဘေးနားသို့ပင် လျှောက်ကြည့်နေသေးသည်။ ယုချူးရွှယ်စိတ်ထဲမှ နှာမှုတ်လိုက်သည်။
ကုန်းချင်းယောင် နောက်သို့ လိုက်ရသော ကင်မရာသမားသည် မောနေလေပြီ။ ကုန်းချင်းယောင် လမ်းဆက်လျှောက်နေသည်ကို တွေ့၍သာ သူနောက်မှ ကြိုးစား၍ လိုက်နေခြင်းပင်။ ကုန်းချင်းယောင် သိပ်ဝေးသော နေရာသို့မသွားဘဲ အနီးအနားအား ပတ်ကြည့်လိုက်ပြီးနောက် ပြန်လာလေသည်။
လုယုံရီမှ ကုန်းချင်းယောသ်လက်ထဲ တခုခုပါလာသည်ကိုတွေ့၍ ” အာ့တာဘာလဲ “
” ဌက်ပျောသီး အသေးလေးပါ ” ဝူထျဲကျူးမှ စတင်၍ ရှင်းပြလိုက်၏။
” အာ့တာက တောရိုင်းသစ်သီးလို့ ခေါ်သလို ဩဂုတ်လ ဖရဲသီးလို့လဲ ခေါ်ပါတယ် “
( August Melon လို့ရေးထားပါတယ်၊ တရုတ်မှာပဲ တွေ့ရတဲ့ ရှားပါအသီးဖြစ်မယ်၊ ဘာသာပြန်သူတော့ တခါမှ မမြင်ဖူးပါဘူး )
ယိုရှင်းယွီ ထိုဌက်ပျောသီးနှင့်တူသော သစ်သီးအား စပ်စုချင်လာပြီး ” စားလို့ရလား “
” ရတာပေါ့ “
ဝူထျဲကျူးမှ ရွာသားအချို့အား ထပ်၍ ခူးခိုင်းလိုက်လေသည်။
ကုန်းချင်းယောင် ၂လုံးလောက်ခူးယူ၍ ကင်မရာသမားထံသို့ ပေးလိုက်၏။ ကင်မရာသမားသည် အနည်းငယ် ရှက်ရွှံ့နေသော်လည်း ကုန်းချင်းယောင်မှ ” စားလိုက် ရေငတ်ပြေတယ် “
ကင်မရာသမားသည် မနက်စာသာ စားထားရပြီး လမ်းလျှောက်နေရ၍ ရေဆာနေပြီဖြစ်ကာ ယူလိုက်ပြီး ” ကျေးဇူးပါ ” ဟု ပြောလိုက်၏။
ဖန်သားပြင်၌ ကြည့်ရှူ့နေကြသော သူများသည် ကုန်းချင်းယောင်မှ ဂရုစိုက်တတ်သည်ကို တွေ့သွားကြ၏။ အိုင်ရှောင်းယွင်ပင် ဆရာသခင်မှ ပွင့်လင်းလာပြီဟု ခံစားသွားရပြီး အရမ်းစိတ်လှုပ်ရှားသွား၏။ သူမ ထိုကိစ္စအား ကောင်းသည်ဟု ခံစားရ၏။
ကုန်းချင်းယောင် အဝေးသို့ မသွားတော့ဘဲ နေရာတနေရာရှာ၍ ထိုင်လိုက်ကာ ဩဂုတ်လဖရဲသီးအား စတင်၍ စားလိုက်တော့သည်။ ရွာသားများသည် အများကြီးခူးလာကြ၍ အားလုံးဝေမျှ၍ စားလိုက်ကြတော့သည်။
၁၅မိနစ်မျှ နားပြီးနောက် အားလုံးဆက်၍ ချီတက်ကြတော့သည်။ သူတို့ ရွာသို့ ရောက်သောအခါ မနက်၁၁နာရီပင် ထိုးနေလေပြီ။ ရွာသားတိုင်းနီးပါးသည် ရွာဝင်ပေါက်၌ ရပ်နေကြပြီး သူတို့အား ရောက်လာသည်ကို ကြိုဆိုသည့်အနေနှင့် လက်များ ဝှေ့ယမ်းပြကြလေသည်။
ယိုရှင်းယွီ နှင့် အခြားလူများသည် ပြန်နှုတ်ဆက်လိုက်ပြီး ကုန်းချင်းယောင်ပင် လက်ဆန့်ထုတ်၍ ဝှေ့ယမ်းပြလာ၏။
ကြည့်ရှူ့သူ၏ ကွန့်မန့်များ တက်လာကြတော့၏။
[ ဒီကရွာသားတွေက အရမ်းစိတ်အားထက်သန်ကြတာပဲ ]
[ ဝိုး… ရွာက အရမ်းကောင်းတာပဲ ]
[ မရှင်းပြနိုင်ပေမယ့် စိတ်လှုပ်ရှားသွားရသလိုပဲ ]
[ ဟုန်ယန်ရွာ သေချာမှတ်ထားလိုက်ပြီ ငါ တခါတော့ သွားရမယ် ]
[ ကုန်းချင်းယောင် ပြုံးတာကို ပထမဆုံး မြင်ဖူးတာပဲ ]
[ ဟမ်၊ ကုန်းချင်းယောင် ပြုံးလိုက်တယ်လား၊ ပြန်သွားပြီး ကြည့်လိုက်ဦးမယ် ]
…………
ဝူထျဲကျူးမှ ” အားလုံးကို ဟုန်ယန်ရွာက ကြိုဆိုပါတယ် “
ယိုရှင်းယွီနှင့် အခြားသူများမှလည်း ” ကျေးဇူးတင်ပါတယ် “
ဝူထျဲကျူးမှ ” ကောင်းပြီ ပထမဆုံး တဲအိမ် ၄လုံးကို လိုက်ပြပေးမယ်၊ မင်းတို့ကြိုက်ရင် အာ့မှာနေနိုင်တယ်၊ ဟုတ်ပြီလား “
ယိုရှင်းယွီမှ ” လက်ထောက်ပြောတာကို လိုက်နာပါ့မယ် “
ကော်ယွမ်ခိုင်မှ ” ဘာလို့ တဲအိမ်က ၄လုံးပဲလဲ ” ဟု မေးလာ၏။
အစတုန်းက ၅လုံးလို့ သူပဲ ပြောခဲ့တာ မဟုတ်ဘူးလား။
20 04
ဝူထျဲကျူး မှ ” မိန်းကလေးကျုံးရှင်းရင်က နေမကောင်းသေးလို့ ရွာသားတွေက အိမ်တအိမ်ကို ခေါ်သွားပေး နှင့်လိုက်လို့ပါ “
ယုချူးရွှယ်အခုမှ ထမ်းစင်ပေါ်သို့ မလိုက်ရ၍ ပိုနောင်တရလာလေပြီ။ ဝူထျဲကျူးသည် ရွာ၏လက်ထောက်ဖြစ်ပြီး သူ့အခြေအနေသည် အကောင်းဆုံး ဖြစ်လိမ့်မည်။
အကွာအဝေးအရ အနီးဆုံးအိမ်အား ဝူထျဲကျူး ခေါ်သွားပြပြီး ရွာသားများမှ နောက်မှ လိုက်လာပြီး ” ဒါက ရွာသူကြီးရဲ့ အိမ်ပါ၊ ကျေးဇူးပြုပြီး လှည့်ပတ်ကြည့်ပါဦး ကြိုက်ရင် နေလို့ရပါတယ် “
ဝမ့်တရှန်သည် ရှက်ရွှံ့နေပြီး ” အိမ်ရဲ့ အခြေအနေကတော့ အရမ်းကို ရိုးရှင်းလွန်းနေပါတယ် “
အားလုံး အိမ်အခြေအနေသည် ရိုးရှင်းသည်ထက်ပိုသည်ကို မြင်ရပါသည်။ အိပ်ရာသည် ကျောက်တုံးများနှင့်လုပ်ထားပြီး နံရံအား ဘိလပ်မြေနှင့် လုပ်ထား၏။ ယိုရှင်းယွီမှ ” ဘယ်သူ ဒီမှာနေချင်ကြလဲ “
ယုချူးရွှယ် နေရာမှာ ထိုမျှရိုးရှင်းမည်ဟု မထင်ထားပေ။ သူမ တခြားအိမ်များ ရှိသေးသည်ကို သတိရပြီး ဘာမှမပြောတော့ပေ။ ကော်ယွမ်ခိုင်မှ ” အာ့တာဆို ကျွန်တော် အာ့မှာနေလိုက်မယ် “
ဟုန်ယန်ရွာသည် တကယ်တော့ သေးငယ်မနေပါချေ။ သို့ပေမယ့် လူဦးရေသည် နည်းပါးလှ၏။ ထို့ကြောင့် ရွာသားများသည် ခပ်ခွာခွာ တကွဲတပြားနေကြ၏။ သူတို့ နောက်တအိမ်သို့ သွားရန်ပင် အချိန်၅မိနစ်ကြာ၏။
အားလုံး နောက်အိမ်သို့သွား၍ အခြေအနေမှာ အတူတူပင်ဖြစ်သည်ကို တွေ့လိုက်ရ၏။ ယိုရှင်းယွီနှင့် ယုချူးရွှယ်တို့မှာ နေစရာနေရာကို ရွေးလိုက်ကြပြီး နောက်ဆုံး ၁အိမ်သာ ကျန်တော့၏။ လုယုံရီ ကုန်းချင်းယောင်အား ကြည့်လိုက်ပြီး ” မင်း နောက်ဆုံး အိမ်မှာနေလိုက်ပါ “
ကုန်းချင်းယောင် လွန်ခဲ့သည့် အချိန်များမှ စဉ်းစားထားသည့်အတိုင်း ” ငါ လှိုင်ဂူထဲမှာနေမယ် “
သူမ ည၌ လေ့ကျင့်စရာရှိသေးပြီး သံပြား၏ မကောင်းဆိုးဝါးဝိညာဉ်သည်လည်း လေးလံလွန်းလှသည်။ သူမ ထိန်းချုပ်ထားနိုင်ပေမယ့် ခဏမျှ ထိန်းချုပ်မှု့ လွတ်ထွက်သွားလျှင် မည်သို့လုပ်မည်လဲ။
ကုန်းချင်းယောင်မှ အစကတည်းက တွေးပြီးသားဖြစ်နေသည်ကိုတွေ့၍ လုယုံရီ ဘာမှ မပြောတော့ပေ။ အားလုံး မမျှော်လင့်ထားသည့် နောက်ဆုံးအိမ်အခြေအနေမှာ ကောင်းမွန်နေလေသည်။ အိမ်သည် လယ်သမားအိမ်ဟုဆိုနိုင်ပြီး သစ်သားအိပ်ရာ၊ စားပွဲနှင့် စင်များပင် ပါရှိသေးသည်။ အရေးအကြီးဆုံးမှာ အိမ်သာသည် ရေဆွဲချလို့ရသည့် အမျိုးအစားပင်။ ယုချူးရွှယ် သွေးပင် အန်ချင်လာပြီး မောင်လီချမ်းမှ သူမအား ကြိုမပြောသည့်အတွက် အပြစ်တင်ချင်နေတော့သည်။
လုယုံရီ ထိုသည်ကို မြင်သောအခါ ” အားလုံးပဲ ပြောင်းချင်ကြသေးလား ” ဟု မေးလာ၏။
ဘယ်သူမှ အသံမထွက်လာကြပေ။ ထိုအချိန်မှ ပြောင်းလျှင် သေချာပေါက် ဖန်များလျော့သွားနိုင်ပေသည်။ လုယုံရီအား ဂုဏ်ပြုပေးနေလျှက် အားလုံး နောက်ဆုံးမှ မရွေးမိသည်ကို နောင်တရနေကြ၏။
ဝူထျဲကျူးမှ ဆက်၍ ” အာ့တာဆိုရင် နောက်ဆုံး လှိုင်ဂူကို သွားကြည့်ကြမလား “
” ကောင်းပြီလေ “
ယခုအခန်းအား ကြည့်ပြီးနောက် အားလုံးလှိုင်ဂူသည် မည်သို့ပုံရှိမှန်း သိချင်လာကြသည်။
____
စာရေးဆရာမှ ပြောစရာရှိပါတယ်။
အားချီ : စာဖတ်သူတွေက မေးကြတယ်၊ မင်းသားက ဘယ်မှာလဲတဲ့၊ သူကို ပထမအပိုင်းထဲက တွေ့ဖူးပေမယ့် ဇာတ်လိုက်ရဲ့ အရှိန်အဝါက မလုံလောက်လို့ သတိမထားမိတာဖြစ်မယ်၊ စာဖတ်သူတွေက သူ့ကို လျစ်လျှူရှူ့ထားကြတာထင်တယ် T-T
ချန်ဇယ် : ဟုတ်တယ် ငါ အပြစ်ပါ
အားချီ : စကားမစပ် ဇာတ်လိုက်ရဲ့ ဇနီးလေးကို လိုက်မဲ့ခရီးက အဝေးကြီးလိုပါသေးတယ်နော်
ကုန်းချင်းယောင် : ဘာအကြောင်းပြောနေကြတာလဲ
အားချီ : မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး၊ နောက်ထပ် အပိုင်းနည်းနည်းလောက် ရေးလိုက်ဦးမယ်၊ ငါက နေ့တိုင်းပျော်နေတာ……