အခန်း ၄၈ ။ ဆေးညွှန်းလက်ခံခြင်း
သူတို့နေ့လယ်စာအတွက် သားရဲကောင်အသားကို ကင်စားခဲ့ကြတယ်။ ယိချင်းက တစ်နည်းနည်းနဲ့ လမ်းတစ်လျှောက်က ဝိညာဉ်သားရဲအလောင်းတွေကို ဘယ်လိုမျိုးစစ်ဆေးရမလဲဆိုတာ သင်ယူခဲ့ပြီးပြီ။ သူက ဘေးပတ်ဝန်းကျင်ကနေ ကုန်ကြမ်းတချို့ ကောက်ယူပြီး သားရဲကောင်အသားကိုကင်ဖို့ ကြာပန်းနီကံမီးရဲ့ လက်ကျန် မီးတောက်တွေကို အသုံးပြုလေတယ်။
မျက်စိကြီးပွင့်ပြီး မလှုပ်မယှက် အဲနေရာမှာ လဲနေတဲ့ ချင်းယီအတွက် ကူယွဲ့တစ်ယောက် တလေးတစားနဲ့ ဖယောင်းတိုင် ထွန်းပေးလိုက်ရှာပါတယ်။ သားရဲကောင် အသားက… အကျိုးနည်း အရသာရှိလွန်းတယ်။ သူ့ ငါးကြိမ်မြောက်သားရဲအကင်ကို စားပြီးနောက်မှာတော့ ကူယွဲ့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်စပြုလာခဲ့တယ်။
သူ အစားသရဲရှန်းကို သိကျွမ်းလာတည်းက သူ့ရဲ့ နှစ်ပေါင်းများစွာ အစာကင်းလွတ်မှုကျင့်ကြံစဥ်က ဖြည်းဖြည်းချင်း အလဟဿဖြစ်တော့မယ်။ သူ့ကိုယ်ထဲက အစားသရဲ — တရုတ်တိုင်းမှာရှိတဲ့ အရာ —က ပွင့်အန်ထွက်သွားပြီ။ သူ ဒါကို ပြန်မစိုးမိုးနိုင်သေးဘူး။ ဒီလိုသာဆက်သွားနေရင် သူ့ရဲ့ အစာကင်းလွတ်မှု ရလဒ်ကို ဘယ်ချိန်ကျမှ မြင်ရပါ့မလဲမသိတော့ဘူး။
အစုတ်ပလုတ် ရှန်းရင်။ သူ ငါ့ရဲ့ အမတအနာဂတ်ကို ဖျက်ဆီးပြီး အမတတက်လှမ်းမှု အောင်မြင်မှာကို တားဆီးနေတာပဲ!
(#‵′)凸
“နောက်တစ်တုံးထပ်ပေး”
သူတို့ စားသောက်ပြီးနောက်မှာတော့ တစ်ချိန်တစ်ခါက လှပခဲ့တဲ့ မသေမျိုးမျှော်နန်းကို လေ့လာလိုက်တယ်။ လုံးဝကိုဖျက်ဆီးခံလိုက်ရပြီ။ ရှန်းရင် ဓားက မသေမျိုးမျှော်နန်းရဲ့ အုတ်မြစ်မှာ စိုက်နေတာမို့ ကျန်သမျှက ဆေးလုံးဖော်မီးပြင်းဖိုပဲ။
“ငါတို့ဘယ်ဆက်သွားကြမလဲ” ရှန်းရင် ကူယွဲ့ကို လှမ်းကြည့်လိုက်တယ်။ နင်က ဘော့စ်ပဲဟာ — နင်ပဲ ဆုံးဖြတ်တော့။
“ဒီမှာ ဘာတန်ဖိုးရှိတာမှ မကျန်တော့ဘူး” ကူယွဲ့က ဆေးလုံးဖော်မီးပြင်းဖိုကို ကြည့်ရင်း ဖြေလိုက်တယ်။ မသေမျိုးမျှော်နန်းက ဖရိုဖရဲဖြစ်နေပြီး ရတနာသိုက်ထဲက ဆေးလုံးတွေကလည်း အစွမ်းသတ္တိကင်းမဲ့နေပြီ။ အပင်ဝိညာဉ်က ဒီရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံတစ်ခုလုံးမှာ ကျန်ခဲ့တဲ့ တစ်ခုတည်းသော တန်ဖိုးရှိတဲ့အရာပဲ။ ဒါကြောင့် သူတို့ဒီမှာဆက်နေဖို့ အကြောင်းရင်းမရှိတော့ဘူး။
“မီးပြင်းဖိုအထဲကို တစ်ချက်သွားကြည့်ကျတာပေါ့၊ သုံးလပြည့်ရင် အိမ်ပြန်ကြမယ်”
“ကျေးဇူးပြုပြီး ခဏနေကြပါဦး!” သုံးယောက်သား ခရီးဆက်မဲ့ဆဲဆဲ အသံတစ်သံက နောက်ကနေ လှမ်းတားလေတယ်။ ပိထောင်က ရုတ်တရက် ဘယ်ကမှန်းမသိ သူတို့ရှေ့ မျောလွင့်လာတယ်။
“အမွေအနှစ်ကျတော့ရော ဘယ်လိုလုပ်မလဲ၊ မိတ်ဆွေလေးနှစ်ယောက်၊ အမွေအနှစ်ကို ဆက်ခံဖို့ စိတ်ဝင်စားကြလား”
ကူယွဲ့က ရင်ခုန်သွားတယ်။ သူ အမတဝိညာဉ်အကြောင်း မေ့လုနီးပါးဖြစ်နေတာ။ ဒါက ဘယ်လိုပဲဖြစ်ဖြစ် မသေမျိုးဂိုဏ်းတစ်ခုပိုင်ခဲ့တဲ့ အမွေအနှစ်ပဲ — ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ဆေးညွှန်းတွေ အများကြီး ရှိနေနိုင်တယ်။
“အခု နင်ပြောလာမှပဲ… နင့်အမွေအနှစ်ကို လက်ဆင့်ကမ်းဖို့ ကြိုးစားနေတာ အကြာကြီးရှိနေပြီနော်၊ ဘာတွေများ ပါလို့လဲ” ရှန်းရင် မေးကြည့်လိုက်တယ်။
ပိထောင်က သူမရဲ့မေးခွန်းကို ကြားတော့ မျက်လုံးလေးတွေ အရောင်လက်သွားပါလေရော။ သူလိမ်လိမ်မာမာနဲ့ သူမအနား မျောလွင့်လာပြီး ဖြေလိုက်တယ်။
“ကျုပ်ဖြေကြားပါရစေ အမတအရှင် : ကျုပ်ရဲ့ အမွေအနှစ်ထဲ တန်းယန်ဂိုဏ်းက ဆေးလုံးနဲ့ သက်စောင့်ဆေးအားလုံးရဲ့ အညွှန်းတွေရော ဆေးလုံးဖော်တဲ့ ဗဟုသုတပညာရပ်အားလုံးလည်းပါဝင်ပါတယ်၊ ကျုပ်ရဲ့ တန်းယန်ဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသောင်းက ထိပ်တန်း မသေမျိုးဂိုဏ်းတစ်ခုပါ၊ ကျုပ်တို့ဆီမှာ မရေမတွက်နိုင်တဲ့ အဂ္ဂိရတ်ပညာရှင်တွေ ရှိခဲ့ပြီးတော့ မသေမျိုးတွေက ဆေးလုံးလေးတစ်လုံး၊ သက်စောင့်ဆေးလေးတစ်ခု တောင်းခံဖို့အတွက်နဲ့ ကျုပ်တို့ဂိုဏ်းဆီ လာကြပါတယ်”
“အိုး” ဒါဆို အမွေအနှစ်ဆိုတာက လောကနည်းနိဿယတွေကို စုစည်းထားတဲ့ ကျမ်းတစ်ခုပဲပေါ့။
“အမတအရှင်၊ ကျုပ်အမွေအနှစ်ကို ဆက်ခံတဲ့ ခင်ဗျား နောက်လိုက်နှစ်ယောက်ထဲက ဘယ်သူပဲဖြစ်ဖြစ် နောက်ထပ် နာမည်ကြီးအဂ္ဂိရတ်ပညာရှင်ဖြစ်လာမယ်လို့ ကတိပေးနိုင်ပါတယ်၊ အမွေအနှစ်ကို လက်ခံမဲ့သူက စောနက ဆေးသိုလှောင်ရုံထဲခင်ဗျားတို့တွေ့ခဲ့တဲ့ ဘယ်ဆေးလုံးကိုမဆို အလွယ်တကူ သန့်စင်ပြုလုပ်နိုင်ပါတယ်”
ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားတော့တယ်။
ဟိတ် ဟိတ် ဟိတ်။ သူဘယ်တုန်းက ရှန်းရင်ရဲ့ နောက်လိုက်ဖြစ်လာတာလဲ။ ဘာပဲဖြစ်ဖြစ်ပါ၊ ဒီအမွေအနှစ်ဆိုတာက တကယ်ဆွဲဆောင်မှုရှိသားပဲ။
ရှန်းရင် မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့တယ်။ ရုတ်တရက် သူမမျက်နှာက အကြံဉာဏ်ကောင်းတစ်ခု ရလိုက်သလိုမျိုး တောက်ပသွားတယ်။
“အမွေအနှစ်က လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသောင်းက အမြင့်ဆုံးအဆင့် ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေရဲ့ ဆေးညွှန်းတွေပါတယ်ဆိုတာ သေချာလား”
“ဒါပေါ့၊ သူတို့အားလုံးက ရတနာတွေလေ”
“အော်၊ ဒါဆို ဒီလောက်အချိန်တွေကြာပြီးမှတော့… သူတို့က အခု ခေတ်ကုန်သွားပြီ မဟုတ်လား”
“…. အာ၊ အယ်” ပိထောင် တိတ်ကျသွားတယ်။
“ကြည့်လေ” ရှန်းရင်က လေးနက်လှတဲ့လေသံနဲ့ စရှင်းပြတော့တယ်။
“အချိန်တွေက ပြောင်းလဲသွားပြီ၊ ဆက်လည်း ပြောင်းလဲနေဦးမှာ၊ နင်တို့ရဲ့နည်းလမ်းအားလုံးက လွန်ခဲ့တဲ့နှစ်ပေါင်းငါးသောင်းက အသုံးပြုခဲ့တာ၊ အပြင်လောကမှာက ဆင့်ကဲပြောင်းလဲတိုးတက်မှုတွေ အများကြီး ဖြတ်သန်းခဲ့ပြီးမှာပဲ မဟုတ်လား”
“…”
“နင့်ရဲ့အမွေအနှစ်က မြန်မြန်ဆန်ဆန် အသုံးမဝင်ဖြစ်သွားတတ်တဲ့ ဒီဂျစ်တယ်ပစ္စည်းတွေ မပါပေမဲ့ နှစ်နည်းနည်း… ဒါမှမဟုတ် ရာစုနှစ်နည်းနည်းကတော့ ဆေးနည်းတွေကို ခေတ်နောက်ကျအောင်လုပ်ဖို့ သေချာပေါက် လုံလောက်တယ်မလား၊ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ငါးသောင်းဆိုတာ ကျောက်ခေတ်ကနေ ဆိုရှယ်လစ်စနစ် နာမည်ကြီးလာချိန်ထိ တိုးတက်ဖို့ လုံလောက်တယ်လေ”
ပိထောင် : “…”
ကူယွဲ့ : “…”
ယိချင်း : “…”
ပိထောင် တကယ်နားလည်တာတော့မဟုတ်ပေမဲ့… ဘာလို့ ရုတ်တရက်ကြီးသွေးအန်တော့မလို ခံစားမိနေတာလဲ။ ဂုဏ်သရေရှိတန်းယန်ဂိုဏ်းက ထိပ်တန်းအဆင့် ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေရဲ့ ဆေးညွှန်းအားလုံးက… တကယ်ကြီး… ခေတ်နောက်ကျနေပြီလား။
“ကျုပ်ရဲ့ ရောင်းရင်း တာအိုကျင့်ကြံသူ နှစ်… နှစ်ယောက်” သူ့ဘေးရပ်နေတဲ့ လူနှစ်ယောက်ကို မျက်နှာချင်းဆိုင်ဖို့ သူ့ကိုယ်သူ တွန်းအားပေးလိုက်ရတယ်။
“ခင်ဗျားတို့ ကျေးဇူးပြုပြီး လွှဲယူ…”
ဒါပေမဲ့ သူ စကားမဆုံးခင်မှာတင် ကူယွဲ့နဲ့ယိချင်းတို့နှစ်ယောက်လုံးက ခြေလှမ်းကျဲကြီးတွေနဲ့ နောက်ဆုတ်ကုန်ကြပါလေရော။
“…” သူတို့ အဲလောက် လက်တွေ့ကျစရာမလိုပါဘူး၊ လိုလို့လား။ ဒါက သူတို့ကို လက်ခံဖို့တောင်းဆိုနေတဲ့ ရှေးဟောင်းအမွေအနှစ်လေ — သူတို့ ဘယ်လိုလုပ် အဲလောက်တောင် မုန်းတီးနိုင်ရတာလဲ။
┭┮_┭┮
“ကျုပ်ရဲ့ရောင်းရင်း တာအိုကျင့်ကြံသူနှစ်ယောက်၊ ခင်ဗျားတို့ထဲကတစ်ယောက်ယောက်များ ဒီအမွေအနှစ်ကို လက်ခံဖို့ ဆန္ဒရှိရင် ကျုပ်… ကျုပ်…”
ပိထောင် ဟိုဟိုဒီဒီကြည့်ပြီး တစ်စုံတစ်ရာကမ်းလှမ်းဖို့ ရှာလိုက်တယ်။ သူ အံကြိတ်ပြီး ရှက်ရွံ့နေတဲ့ အကြည့်တစ်ချက်နဲ့ သူ့ဘေးနားက ဆေးဖော်တဲ့ မီးပြင်းဖိုကို လက်ညှိုးထိုးကာ စကားဆက်ပြောလိုက်တယ်။
“ကျုပ် အဲမီးပြင်းဖိုထဲက သွေဖည်မီးလျှံကို ခင်ဗျားတို့ကို လှူဒါန်းပါ့မယ်၊ အဲလိုဆိုရင်ရော”
သူ ဘယ်လိုပဲဖြစ်ဖြစ် အမွေအနှစ်ကို လက်ဆင့်ကမ်းမှဖြစ်မယ်။ မဟုတ်ရင် သူ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်မှာ မဟုတ်ဘူး!
“ဒီမီးပြင်းဖိုထဲက မီးက…” ရှန်းရင်က စကားစပြောလာပြန်တယ်။
ကူယွဲ့နဲ့ ယိချင်းတို့မျက်နှာတွေ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ပြီး နှစ်ယောက်လုံး သူမပါးစပ်ကို ဝိုင်းပိတ်လိုက်ကြတော့တယ်။
ကျေးဇူးပြုပြီး ဆရာအရှင်ရေ! ဒီလျှို့ဝှက်ဆန်းကြယ်ဘုံကို သက်ညှာပေးနိုင်မလား။
————————
အဆုံးမှာတော့ ကူယွဲ့က တန်းယန်ဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ သဘောတူလိုက်တယ်။ အမတဝိညာဉ်က သူ့စကားအတိုင်း ကတိတည်ပြီး မီးပြင်းဖိုထဲက သွေဖည်မီးလျှံကိုပါ လက်ဆင့်ကမ်းပေးခဲ့တယ်။ ကူယွဲ့ သွေဖည်မီးလျှံကို နှစ်ပိုင်းခွဲပြစ်ပြီး တစ်ဝက်ကို ယိချင်းဆီ ပေးလိုက်တယ်။
ယိချင်း ဆေးလုံး ဘယ်လိုဖော်ရမလဲ မသိပေမဲ့ သူ လက်နက်သွန်းလုပ်တာနဲ့ပတ်သက်ပြီး ဗဟုသုတနည်းနည်းတော့ရှိတယ်။ သွေဖည်မီးလျှံက လက်နက်သွန်းလုပ်တဲ့နေရာမှာ အထူးတလည် အသုံးဝင်မှာ။
နှစ်ငါးသောင်းတန် အမွေအနှစ်က သွေဖည်မီးလျှံလောက်တောင် အဖိုးမတန်ဘူးပေါ့…။
ကူယွဲ့က အမွေအနှစ်ကို အနီးကပ် လေ့လာကြည့်တယ်။ တကယ်ကို ဒီဂြိုဟ်ဆိုးရှန်းရင် ပြောသလိုဖြစ်နေတာပဲ။ ပျောက်ဆုံးတာ ကြာပြီဖြစ်နေတဲ့ ဆေးလုံးအညွန်းစာတချို့ကလွဲ အမွေအနှစ်ထဲက ဆေးညွှန်းတွေရဲ့ ၈၀ရာခိုင်နှုန်းက ခေတ်ကုန်နေပြီဖြစ်တဲ့ ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေအတွက်ပဲ။ ခုကာလ ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေက အစွမ်းသက်ရောက်မှု ပိုရှိပြီး သူတို့ကိုလုပ်ဖို့လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို ပိုပြီးလွယ်လွယ်ကူကူရရှိနိုင်တယ်။
သူ တခြားခေတ်တစ်ခေတ်က ပညာရပ်ကုန်ကြမ်းကို လောလောလတ်လတ် ရှာတွေ့သလ်ု ခံစားလိုက်ရတယ် — ဆေးညွှန်းတွေက တကယ်ကိုအသုံးမဝင်ဘူးပဲ။ ပိုပြီးအရေးကြီးတာက ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ဆေးညွှန်းတွေက ထျန်းလန်လောကမှာ အစားထိုးခံရပြီးသား ဒါမှမဟုတ် ပျောက်ကွယ်သွားပြီးသား ဆေးလုံးတွေနဲ့ သက်စောင့်ဆေးတွေအတွက် ဖြစ်နေတယ်..။ နေ့တစ်နေ့ရဲ့ အဆုံးမှာတော့ ဒါက တကယ်ကို တန်ဖိုးမရှိသလောက်ပဲ။
သူ ဆေးညွှန်းတွေအားလုံးကို သေသေချာချာ ကြည့်ရှုပြီးတဲ့နောက် အမွေအနှစ်ထဲက ဆေးညွှန်းတွေကို ကျောက်စိမ်းပြားပေါ် ချက်ချင်း ရွှေ့ပြောင်းလိုက်တယ်။ သူ တာအိုနန်းဆောင်ဆီ ပြန်ရောက်တာနဲ့ ရှီးချိုးဆီအပ်ပြီး သူ့တပည့်တွေကို ဒီဆေးညွှန်းတွေ လွတ်လွတ်လပ်လပ် လေ့လာခွင့်ပေးရမယ်။ အနည်းဆုံးတော့ ဒါက ပိထောင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရာကျမှာပဲ။
သုံးယောက်သား လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ တစ်လကျော်တောင် နေခဲ့တယ်။ ဒီအချိန်အတွင်း ကူယွဲ့က စိတ်နှစ်ပြီး သွေဖည်မီးလျှံကို သန့်စင်ပစ်ခဲ့တယ်။ သွေဖည်မီးလျှံက သိပ်ကိုအစွမ်းကြီးတာမို့ ထိန်းသိမ်းဖို့နဲ့တင် သူ့အတွက် အတော်လေး အားထုတ်လိုက်ရတယ်။ ဒါက သူတို့ကို မသေမျိုးချီတွေ အများကြီးဝိုင်းထားလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သွေဖည်မီးလျှံကို ထိန်းသိမ်းပြီးတဲ့နောက် ဒီနှစ်တစ်လျှောက်လုံး ပြောင်းလဲမှုမရှိခဲ့တဲ့ သူ့ရဲ့ကျင့်ကြံဆင့်က နောက်ဆုံးတော့ စတင်မြင့်တက်လာခဲ့ပြီ။
ဒါပေမဲ့ သူ့မှာ အောင်ပွဲခံဖို့ အချိန်မရှိသေးဘူး။ သူ သွေဖည်မီးလျှံကိုလည်း သန့်စင်နိုင်ခဲ့တဲ့ ယိချင်းကို လှည့်ကြည့်လိုက်တယ်။ ယိချင်းက နေ့တိုင်း သူတို့စားစရာတွေကို ပြင်ပေးဖို့ စောစောထရပြီး သူတို့ဒီရောက်နေချိန် ရှန်းရင်အတွက်ပါ အိမ်ဆောက်ဖို့ စီစဉ်ခဲ့တာ။ ကူယွဲ့ကတော့ စဉ်းစားကြည့်ရုံနဲ့တင် သွေးအန်ချင်နေမိပြီ။
သေစမ်း၊ ယှဉ်နေလို့ အသုံးမဝင်ပါဘူးလေ။ ကူယွဲ့ခမျာ သူ့ကိုယ်သူ ကောင်းကင်ဘုံရဲ့ မျိုးမစစ်လေးလို ခံစားလိုက်ရတယ် — ယိချင်းကတော့ သေချာပေါက် သားအစစ်ပေါ့။
“ပြန်ကြရအောင်” သူ့နှလုံးသားထဲက ကျိုးပဲ့နေတဲ့အပိုင်းအစတွေကို ကောက်တင်ပြီး ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံထဲကနေ ထွက်ဖို့ ဦးတည်လိုက်တယ်။ လျှို့ဝှက်ဆန်းကြယ်ဘုံထဲကနေ ထွက်လာပြီးနောက်မှာတောင် သူ့ဘေးက ဘယ်သူနဲ့မှ အဆက်အဆံမလုပ်ဘဲ မဟူရာကောင်းကင်ဂိုဏ်းဆီ တန်းဦးတည်လာခဲ့တယ်။
ကူယွဲ့ ချက်ချင်း ရှန်းရင်နဲ့ ယိချင်းကို ပင်မတောင်ထွတ်ရဲ့ အဓိကခန်းမဆီ ခေါ်လာခဲ့တယ်။ လျှို့ဝှက်ဆန်းကြယ်ဘုံထဲကနေ ကောက်ယူလာတဲ့ ဝိညာဉ်ဆေးပင်တွေကို သူ့သိုလှောင်ရေးအိမ်ထဲကနေ ထုတ်ပြလိုက်တယ်။ ရှီးချိုးက အကုန်လုံးကိုမြင်တော့ ပြုံးဖြီးဖြီး လုပ်နေပုံက သူ့ကိုယ်သူ ပေါင်၂၀၀ ကလေးအတိုင်း လုပ်နေသလိုပဲ။
“နှစ်ပေါင်းသောင်းချီသက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်တွေ အများကြီးပဲ! ခရီးစဉ်က သေချာပေါက် ဆရာဦးလေးနဲ့ ပညာရှင်ယိ…” ဒါပေမဲ့ ရှီးချိုးမျက်နှာပေါ် မယုံကြည်နိုင်မှုအပြည့်နဲ့ ယိချင်းကို လေ့လာရင်း ရုတ်တရက် ရပ်တန့်သွားခဲ့တယ်။
“မင်း… မင်း… မင်း ကျင့်ကြံဆင့်က… ဘယ်လိုလုပ်…” ယိချင်းက မဟူရာကောင်းကင်ဂိုဏ်းကနေ ထွက်သွားတုန်းကတောင် နတ်ဝိညာဉ်အဆင့်ပဲရှိသေးတာ။ ဘယ်လိုလုပ် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူအနေနဲ့ ပြန်လာတာလဲ။ သူ ကန်းနေတာလား။
“လျှို့ဝှက်ဆန်းကြယ်ဘုံထဲ ဉာဏ်အလင်းပွင့်သွားတာ” ကူယွဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ချိုးသွားပြီး ရှင်းပြလိုက်တယ်။
“ထပ်… ထပ်ပြီး နောက်ထပ် ဉာဏ်အလင်းပွင့်မှုပေါ့”
သူ ဟိုးတလောကတင် ဉာဏ်အလင်းပွင့်ထားတာမဟုတ်ဘူးလား။ အရမ်းကို မြန်မြန်ဆန်ဆန် အဆင့်တွေတက်လှမ်းနေတာပဲ! ရှီးချိုး အံ့ဩမှုကို မျိုသိပ်ပြီး သေချာစဉ်းစားကြည့်လိုက်တယ်။ အဲဒါက ရှေးဟောင်း လျှို့ဝှက်ဆန်းကြယ်ဘုံပဲ — ကံကောင်းသွားတာ ဖြစ်နိုင်ပါတယ်။ သူ ယိချင်းကို ဂါရ၀ပြုပြီး ဂုဏ်ပြုလိုက်တယ်။
“ဝမ်းမြောက်ပါတယ် ဆရာသခင်ယိချင်း”
ယိချင်း ပြန်ခေါင်းညိတ်ပြလိုက်တယ်။
“အော် ဟုတ်သား” ရှီးချိုး ရုတ်တရက် တစ်စုံတရာကို မှတ်မိသွားတယ်။
“အထက်ထျန်းလန်ဂိုဏ်းက…”
သူ ချင်းယင်အကြောင်း မေးတော့မဲ့ဆဲဆဲ စကားမဆုံးခင်မှာတင် သူ့ခြေထောက်အောက်က မြေကြီး လှုပ်ခါသွားတာခံစားလိုက်ရတယ်။ မဟူရာကောင်းကင်ဂိုဏ်းတစ်ခုလုံး တုန်ယင်လာပြီး ပင်မခန်းမဆောင်အပြင်ဘက်ကနေ မျက်စိကျိန်းစရာ အဖြူရောင်အလင်းတန်းကြီးတစ်ခု ပေါ်လာတယ်။
“တောင်အကာအကွယ်အစီအရင်!” ချက်ချင်းပဲ တောင်အကာအကွယ်အစီအရင်က အသက်ဝင်သွားတယ်။ ရှီးချိုး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ကူယွဲ့နှဲ့ အကြည့်ချင်းဆုံသွားတယ်။
“တစ်ခုခုဖြစ်နေပြီ!”
နှစ်ယောက်သား ပင်မခန်းဆောင်ကနေ မြန်မြန် ပြေးထွက်လာခဲ့ပြီး ရှန်းရင်နဲ့ယိချင်းတို့ အနောက်ကနေ လိုက်လာခဲ့ကြတယ်။
မဟူရာကောင်းကင်ဂိုဏ်းတစ်ခုလုံးကို တောင်အကာအကွယ်အစီအရင်က အခု အကာအကွယ်ပေးထားပြီ။ အစီအရင်ရဲ့ မနီးမဝေးမှာ ကြာပန်းကြီးတစ်ပွင့်က လေထဲ နားခိုနေတယ်။ ကြာပန်းရဲ့ အပေါ်မှာတော့ ရာနဲ့ချီတဲ့ အမည်မသိကျင့်ကြံသူတွေ။ တစ်ယောက်ချင်းစီက အစိမ်းနဲ့အဖြူ အကွက်ဆင်ဝတ်ရုံတွေ ဝတ်ထားကြပြီး အားလုံးက ရန်လိုမှုအပြည့်နဲ့ ငုံ့ကြည့်နေကြတယ်။
ယောက်ျားတစ်ယောက်ရဲ့ ဒေါသတကြီးအသံက ထွက်ပေါ်လာတယ်။
“မင်းတို့လိုဂိုဏ်းလေးတစ်ဂိုဏ်းက ငါတို့ရွှမ်းယွမ်မိသားစုကလူကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ၊ ငါတို့အကြီးအကဲသုံးယောက်ကို သတ်တဲ့ လူသတ်သမားသုံးယောက်ကို အပ်ကြစမ်း၊ မဟုတ်လို့ကတော့ ဒီနေရာကို သွေးချောင်းစီးအောင် လုပ်ပစ်မယ်”
…