အခန်း ၄၉။ မဟာဆီမဟာသွေးမိသားစု၏လှုပ်ရှားမှု
လေထဲကလူက သတိပေးလိုက်ပြီး လူတချို့က ချက်ချင်းပျံသန်းလာပြီးတော့ ချိပ်သင်္ကေတတွေကို စတင်စုဝေးလိုက်တယ်။ အနီရောင်အလင်းတွေက တောက်ပလာပြီး အလင်းတန်းရောင်ခြည် တစ်ခုက တောင်အကာအကွယ်အစီအရင်ကို တိုက်ရိုက်ထိမှန်သွားတော့တယ်။ အက်ကွဲသံကြီး တစ်သံကို ကြားလိုက်ရပြီး ချက်ချင်းပဲ အစီအရင်ကြီးထဲမှာ အက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒီကျင့်ကြံသူတွေက တိုက်ခိုက်တာမရပ်ဘဲ သူတို့တိုက်ခိုက်မှုတွေက ပိုတောင်ပြင်းထန်လာပြီး မဟူရာကောင်းကင်ဂိုဏ်းအထက် ဝေဟင်တစ်ခုလုံးတိုက်ခိုက်သံတွေနဲ့ ပြည့်သွားတော့တာပဲ။
ရှီးချိုးရဲ့မျက်နှာက စာရွက်တစ်ရွက်လို ဖြူဆုတ်နေတာ။ ဒီလူတစ်စုက သတ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ တောင်အကာအကွယ်အစီအရင်ကို တိုက်ရိုက်တိုက်ခိုက်တဲ့အထိ ရဲတင်းလွန်းတယ်။ မဟူရာကောင်းကင်ဂိုဏ်းရဲ့တပည့်တွေအားလုံးက ပြန်ထွက်လာပြီး ခန်းမရှေ့မှာ စုဝေးလိုက်တယ်။ သူတို့တွေက ကောင်းကင်ကို ကပျာကယာကြည့်လိုက်ကြပြီး ခန်းမသခင်တွေ အားလုံးကလဲ ရောက်လာတယ်။
“ဂိုဏ်းတူအစ်ကို ဒါက … “ဝိနယခန်းမသခင်ရှီးချန်က ရှေ့တိုးလာပြီး ကမန်းကတန်း မေးလိုက်တယ်။
“ငါ သေချာမသိဘူး” ရှီးချိုးက စိတ်လေးသွားပြီးတော့ တပည့်တစ်ယောက်ကို အမိန့်ပေးလိုက်တယ်။
“လင်းရှောင်တောင်ထွတ်ကို မြန်မြန်သွားပြီး ဆရာသခင်နှစ်ယောက်ဖြစ်တဲ့ ယဲ့ရှင်းနဲ့ ယွိယန်ကို အကြောင်းသွားကြား။ သူတို့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဖို့ ချက်ချင်းပြောလိုက်”
“မလိုတော့ဘူး” အသံကြားလိုက်ရပြီးတော့ အဖြူရောင်လူရိပ်နှစ်ရိပ်က ခန်းမထဲကို ဆက်တိုက် ဆင်းသက်လာတယ်။
“ငါတို့ ဒီရောက်နေပြီ” ဒီလောက် ရုတ်ရုတ်သဲသဲကြီးဖြစ်တာ သူတို့သတိပြုမိမှာပဲ။
“ဆရာဦးလေး နှစ်ယောက်လုံးကို နှုတ်ဆက်ပါတယ်” လူတိုင်းက အရိုအသေပေးလိုက်တယ်။
ယွိယန်က ခေါင်းညိတ်ပြီးတော့ မျက်မှောင်ကျုံ့ရင်းနဲ့ ကောင်းကင်ထဲမှာ ရှိတဲ့လူတွေကို မေးလိုက်တော့တာပေါ့။
“ဘာတွေဖြစ်နေတာလဲ …. အထက်ရွှမ်းယန်လောကက မိသားစုက ဒီကို ရုတ်တရက်ကြီး ဘာကြောင့် ရောက်လာတာလဲ” အထူးသဖြင့် တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ပုံနဲ့လေ။
အားလုံးက ကြောင်အတဲ့အမူအရာတွေ ရှိနေပေမဲ့ ကူယွဲ့က မျက်မှောင်ကျုံ့ပြီး ရှေ့တိုးကာ ပြောလိုက်တယ်။
“ဂိုဏ်းတူအစ်ကို … သူတို့က ကျွန်တော့်ကြောင့်လာတာထင်တယ်”
“ဂိုဏ်းတူညီလေး ကူယွဲ့” ဆရာသခင်နှစ်ယောက်လုံးထိတ်လန့်သွားတယ်။ သူတို့ထပ်မေးတော့မဲ့ အချိန်မှာပဲ တောင်အကာအကွယ်အစီအရင်နားမှာ ကျယ်လောင်တဲ့ ဘန်းဆိုတဲ့အသံကြားလိုက်ရပြီး ရန်သူရဲ့တိုက်ခိုက်မှုအောက်မှာ အစီအရင်က မွမွကြေသွားတော့တယ်။ ဧရာမကြာပွင့်ကြီးက ပင်မတောင်ထွတ်ရဲ့ ခန်းမဆီကို ဦးတည်လာပြီးတော့ ခန်းမရှေ့မှာ ရပ်တန့်သွားတော့တယ်။
အထက်ကကျင့်ကြံသူရာချီကိုအနီးကပ်ကြည့်ပြီးတော့ လူတိုင်းကပင့်သက်ရှိုက်မိသွားတယ်။ သူတို့ထဲကတချို့ကနတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူတွေဖြစ်ပြီး ဦးဆောင်လာတဲ့သူငါးယောက် က မသေမျိုးခရီးသွားတွေ။ ကျန်တဲ့သူတွေက နတ်ဝိညာဉ် ဒါမှမဟုတ် ရွှေအမြုတေ အဆင့်မှာရှိတဲ့သူတွေပဲ။ ရွှေအမြူတေအဆင့်အောက်ရှိ ဘယ်သူမှရှိမနေဘူး။
ဒီလို လူစုမျိုးက အလယ်ထျန်းလန်လောကတစ်ခုလုံးက ကျင့်ကြံသူတွေအားလုံးကို စုဝေးလိုက်မယ် ဆိုရင်တောင် ဒီလိုစည်ကားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှီးချိုးက အထက်ထျန်းလန်လောကရဲ့စွမ်းအားကို ကြောက်ရွံ့မှုတိုးလာတာကြောင့် စိတ်လေးလံလာတယ်။ တစ်ဖက်သူချက်ချင်းမတိုက်ခိုက်တာကို မြင်တော့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့သူက ရှေ့တိုးပြီးမေးလိုက်တယ်။
“အထက်ထျန်းလန်လောကရဲ့တာအိုရောင်းရင်းတို့ … ဂိုဏ်းကိုရုတ်တရက်ရောက်လာတဲ့အတွက် မကြိုဆိုမိတာတောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့တောင်အကာအကွယ်အစီအရင်ကို ဖျက်ဆီးရတဲ့ အကြောင်းအရင်းကို သိလို့ရမလား”
“ဟမ် မသိချင်ယောင်ဆောင်နေတာ ရပ်လိုက်တော့” ညာဘက်ခြမ်းက ကျင့်ကြံသူတစ်ယောက်က ရှေ့တိုးလာတယ်။
“ငါတို့ရွှမ်းယန်မိသားစုရဲ့အကြီးအကဲသုံးယောက်က မင်းတို့စူးစမ်းရှာဖွေတာကို ကူညီပေးဖို့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ ဒီကမ္ဘာကိုရောက်လာခဲ့တာ။ အသစ်ပေါ်ပေါက်လာတဲ့လျှို့ဝှက် ဆန်းကြယ်ဘုံ ဘယ်လောက်စစ်မှန်လဲဆိုတာ စစ်ဆေးမလို့လေ။ ဒါတောင် မင်းတို့တွေက အသိအမှတ် မပြုရုံတင်မကဘူး သူတို့ကို လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ သတ်ဖို့အတွက် ကောက်ကျစ်တဲ့နည်းလမ်းတချို့သုံးခဲ့တာ။ အထက်ထျန်းလန်လောကထဲက မဟာဆီမဟာသွေး မိသားစုလေးစုထဲက တစ်စုအနေနဲ့ ငါတို့ကသွေးကြေးအတွက် လက်စားမချေသင့်ဘူးလား”
အဲ့ဒီစကားတွေက ရှီးချိုးတင်မကဘူး မဟာကောင်းကင်ဂိုဏ်းကျင့်ကြံသူတဝက်လောက်ရဲ့ မျက်နှာတွေကို သုန်မှုန်သွားစေတော့တယ်။ သူတို့က ကူယွဲ့ကိုကြည့်ပြီးဖြစ်ပျက်ခဲ့တာကို ချက်ချင်းခန့်မှန်းမိလိုက်တယ်။ အရင်တုန်းက အထက်ထျန်းလန်လောကက လူသုံးယောက်ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကို တပည့်အများစုက မျက်မြင်တွေ့ပြီးသားပဲ။ သူတို့က လျှို့ဝှက်ဆန်းကြယ်ဘုံကို စူးစမ်းရှာဖွေပေးဖို့ ကူညီပေးမယ်ဆိုပေမဲ့ တကယ်တော့ အရင်းအမြစ်တွေအတွက် တိုက်ခိုက်ဖို့ ရောက်လာတာဖြစ်ပြီး တခြားဂိုဏ်းက ကျင့်ကြံသူတွေ အများကြီးနဲ့လည်း တိုက်ခိုက်တာဖြစ်လောက်တယ်။ ဒါပေမဲ့ ရလဒ်က သိသာနေပြီးပဲ။ တိုက်ခိုက်မှုက မျှော်လင့်ထားတာနဲ့ဆန့်ကျင်ဖက်ဖြစ်ပြီး အဲ့ဒီအစား သူတို့ပဲအသတ်ခံလိုက်ရတာ။ ထျန်းလန် လောက သုံးပါးထဲမှာ လျှို့ဝှက်ဆန်းကြယ်ဘုံတွေအများကြီးရှိတယ်။ ဒါပေမဲ့ အထဲကိုဝင်တဲ့ သူတွေကိုတော့ ကန့်သတ်ချက်တွေ အများကြီးလုပ်ထားတာ။ ဘာဖြစ်လို့လဲဆိုတော့ လျှို့ဝှက်ဆန်းကြယ်ဘုံက တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိဘူးလို့ယုံကြည်ထားလို့ပဲ။ အဲ့ဒီဘုံတွေထဲမှာ ပါဝင်တဲ့ ဓမ္မအသုံးအဆောင်တွေအားလုံးက ပိုင်ရှင်မရှိတော့ တစ်ချိန်ထဲမှာပဲ သူတို့ကိုရှာတွေ့တဲ့ လူအချို့က ရှိလာတယ်။ ဒါကြောင့် လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ အရင်းအမြစ်အတွက် တိုက်ခိုက်မှုက ပျံ့လာတာ။ ရလဒ်ကတော့ ရှင်သန်ဖို့အတွက် အရှိဆုံးလူပဲ ရှင်သန်လိမ့်မယ်။ လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာရှိတဲ့အငြိုးအတေးတွေအားလုံးက အပြင်လောကမှာ မပါဝင်ဘူး။ ဒါက ဂိုဏ်းတွေကအားလုံးသဘောတူလက်ခံထားတဲ့အရာပဲ။
ဒီနေ့ ရွှမ်းယန်မိသားစုရဲ့ လုပ်ရပ်က အဓိပ္ပာယ်မဲ့ပုံပဲ။ အထက်ထျန်းလန်လောကကလူတွေကပဲ တခြားသူတွေကိုပဲ သတ်ခွင့်ရှိပြီး ကျန်တဲ့သူတွေက တန်ပြန်တိုက်ခိုက်လို့မရဘူးလား။
“တာအိုရောင်းရင်းတို့ လျှို့ဝှက်ဆန်းကြယ်ဘုံက အန္တရာယ်များပြီး မတော်တဆမှုတွေ ကြုံနေကြပဲလေ။ ရောင်းရင်းတို့ တစ်နေရာရာမှာ အမှားလုပ်မိတာ မဖြစ်နိုင်ဘူးလား”
ရှီးချိုးက သူ့ရင်ထဲက ဒေါသကိုဖိနှိပ်ပြီးတော့ အသံတိုးတိုးနဲ့ သတိပေးလိုက်တယ်။
“ဟမ် မင်းတို့တွေက ကတ်တီးကတ်ဖဲ့ လုပ်နေသေးတာကို” ပြောတဲ့သူက သူ့လက်ကို ရုတ်တရက်မြှောက်ပြီး ကြည်လင်တဲ့ကြေးမုံနှစ်ချပ်ကို ထုတ်လိုက်တယ်။ ပြီးတော့ သူက ချိပ်သင်္ကေတတစ်ခုကိုထုတ်ပြီး ကျယ်လောင်စွာပြောလိုက်တယ်။
“ငါ့ရဲ့ ရွှမ်းယန်မိသားစုက လူတွေကသူတို့ရဲ့ ကောင်းကင်စိတ်အာရုံထဲမှာ ဝိညာဉ်လိုက်ခြင်း ချိပ်သင်္ကေတတစ်ခုကို စိုက်ပျိုးထားတာ။ ဒီသင်္ကေတက ဖျက်ဆီးခံလိုက်ရမှ အသက်ဝင်လာပြီး သူတို့မသေခင်အခိုက်အတန့်ကို ဂိုဏ်းဆီကိုပြန်ပို့ပေးတယ်။ ကြေးမုံနှစ်ချပ်ဆီမှာပုံရိပ်တစ်ခု ပေါ်လာတယ်။ ချင်းယင်မသေခင်နဲ့ နောက်တစ်ခုကတော့ ချင်းယီမသေခင်ပဲ။ ဒါပေမဲ့ နှစ်ယောက်လုံးက တူညီတဲ့လူတစ်ယောက်ရဲ့ ပုံပန်းသွင်ပြင်ကိုပဲ ပြသလာတယ်။ တစ်ခုတည်းသော ကွာခြားချက်က တစ်ယောက်က အထိတ်တလန့် ရပ်နေတုန်း နောက်တစ်ယောက်က ရှည်လျားတဲ့ ရွှေရောင်ဓားရှည်ကို ကိုင်ဆောင်ထားပြီး သတ်ဖြတ်လိုစိတ်ရှိနေတာပဲ။ ဒါက ယိချင်းပဲ။
ရုတ်တရက်ကြီး အကြည့်အားလုံးက ယိချင်းဆီ ရောက်လာတယ်။
“ဘာပြောစရာရှိသေးလဲ။ ငါတို့ အကြီးအကဲသုံးယောက်ကို သတ်လိုက်တဲ့သူက ဒီလူပဲ”
ပြောတဲ့သူက ယိချင်းဘက် ဒေါသတကြီးကြည့်လိုက်တယ်။
“ဒီနေ့ မင်းတို့တွေ အဲဒီနေ့တုန်းက လျှို့ဝှက်ဆန်းကြယ်ဘုံထဲ ဝင်ခဲ့တဲ့လူအားလုံးနဲ့အတူ လူသတ်သမားကို လွှဲမပေးရင် မင်းရဲ့ဂိုဏ်းက ဆက်ရှိနေခွင့်မရတော့ဘူး”
“အကြောင်းပြချက်မရှိတဲ့သူတွေကို တွေ့ဖူးပါရဲ့။ ဒါပေမဲ့ ဒီလိုယုတ္တိမရှိတဲ့သူမျိုးကို တစ်ခါမှမတွေ့ဖူးဘူး” ကူယွဲ့က မထိန်းထားနိုင်တော့ဘူး။
“မင်းတို့ရွှမ်းယန်မိသားစုက လောဘကြီးပြီး ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံကို လိုချင်နေတာ သိသာနေတာပဲ။ အခု အဲဒါကိုမရနိုင်တော့ ဒီအခွင့်အရေးကိုသုံးပြီး လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ ဖြစ်ခဲ့တာအတွက် လက်စားချေချင်နေတယ်။ လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ ကြုံတွေ့ရတဲ့ အန္တရာယ်တွေအတွက် တာဝန်ယူစေချင်နေတာပဲ။ မင်းတို့တွေက လုံလောက်အောင် မကျွမ်းကျင်ဘူးဆိုရင် တန်ကြေးကိုပေးဆပ်ရမှာပေါ့။ ဘယ်လိုများ ဒီနေရာ လာရှာရတာလဲ။ ရွှမ်းယန်မိသားစုက အရှုံးသမားပဲ”
“ဟမ်” တဖက်သူက ရုတ်တရက်နှာမှုတ်လိုက်တယ်။ တဖက်ခြမ်းရဲ့မသေမျိုးခရီးသွားတွေရဲ့ ဖိနှိပ်နိုင်တဲ့အရှိန်အဝါက ကောင်းကင်တစ်ခုလုံးလွှမ်းခြုံသွားပြီး ပင်မတောင်ထွတ်တစ်ခုလုံးကို ခြုံငုံ မိသွားတယ်။ ကူယွဲ့နဲ့ တခြားသူတွေက ဒါ့အတွက်ပြင်ဆင်ထားပြီးသား။ ဒါတောင် သူတို့ အဆင်ပြေတယ်ဆိုပေမဲ့ အဆင့်နိမ့်တဲ့တပည့်တွေက ချက်ချင်း လဲပြိုကျပြီးသွေးအန်ကုန်တော့ တာပဲ။
“မင်း …” ကူယွဲ့က ရှေ့တိုးသွားဖို့ပြင်လိုက်ပေမဲ့ သူ့ကိုယွိယန်ကထိန်းထားလိုက်တယ်။
“ဂိုဏ်းတူအစ်ကို”
“မလောနဲ့ … မဟူရာကောင်းကင်ဂိုဏ်းက သူတို့နဲ့တိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိဘူး”
အဲ့ဒီဖိနှိပ်တဲ့အရှိန်အဝါက ခဏပဲ ပြီးတော့ ချက်ချင်းပြန်ရုတ်သိမ်းသွားတာ။ မသေမျိုးခရီးသွားငါးယောက်ထဲမှာ အလယ်မှာရပ်နေတဲ့ကျင့်ကြံသူတစ်ယောက်ကရှေ့တိုးလာပြီး လူတွေကို ကြည့်လိုက်တယ်။ သူ့အကြည့်က ယိချင်းဆီကိုရောက်တဲ့အချိန် သူ့မျက်ဝန်းထဲမှာ ကြောက်ရွံ့စိတ် တစ်စွန်းတစပေါ်လာပြီး သူကပြောလိုက်တယ်။
“တာအိုရောင်းရင်းပြောတာက ယုတ္တိမရှိတာတော့ မဟုတ်ဘူး။ လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ ကြုံတွေ့ရတာက လူတစ်ယောက်ချင်းဆီရဲ့ကံပေါ် တကယ်မူတည်နေတာပဲ။ ပြောရရင် လက်စားချေဖို့လာတာက အဓိပ္ပာယ်မရှိဘူး” အနည်းဆုံးတော့ ပြောင်ပြောင်တင်းတင်း မဟုတ်ဘူးပေါ့/
“တတိယဦးလေး” ကျယ်လောင်စွာပြောနေတဲ့သူက ထိတ်လန့်သွားပြီး တစ်စုံတစ်ခု ပြောဖို့ ကြိုးစားပေမဲ့ တစ်ဖက်လူရဲ့အကြည့်ကြောင့် ပါးစပ်ပိတ်သွားတော့တာပဲ။
အဲဒီခရီးသွားမသေမျိုးက လက်နောက်ပစ်ထားပြီး သူ့မှာ မှန်ကန်ဖြောင့်မတ်ခြင်းဆိုတဲ့ အငွေ့အသက်မျိုး ရှိနေတယ်။
“အဲမှာ လွတ်နေတဲ့အပိုင်းတွေအများကြီးရှိတယ်။ ဒါကြောင့် ပိုနားလည်အောင်လို့ဒီနေရာကို ရောက်လာတာပဲ။ သာမန်ကံကြမ္မာတိုက်ပွဲသာဆိုရင်တော့ ငါတို့ဒီနေရာကိုသောင်းသောင်းဖျဖျ ရောက်လာမှာမဟုတ်ဘူး”
“ဘာကိုဆိုလိုတာလဲ” ကူယွဲ့က မကောင်းတာတစ်ခုခုကိုခံစားမိပြီးစိတ်လေးသွားတယ်။
ခရီးသွားမသေမျိုးက အနည်းငယ်ရယ်မောလိုက်ပြီး မျက်လုံးတွေမှေးကျဉ်းလိုက်ပြီး ပြောလိုက်တယ်။
“အဲ့ဒီနေ့တုန်းက အကြီးအကဲသုံးယောက်က လျှို့ဝှက်ဆန်းကြယ်ဘုံထဲမဝင်သွားခင်မှာ ငါတို့မိသားစုရတနာကို သူတို့သုံးယောက်နဲ့အပါ သယ်လာဖို့ တာဝန်တစ်ခုရထားတာ။ အခု သူတို့က သေပြီး ရတနာကမရှိတော့ဘူး။ ငါတို့ ဘာဖြစ်ခဲ့လဲဆိုတာ ရှာရမှာမဟုတ်ဘူးလား”
“ဒါ့အပြင် အကြီးအကဲသုံးယောက်ထဲမှာ နှစ်ယောက်က ခရီးသွားမသေမျိုးတွေလေ”
သူက စောင်းပါးရိပ်ခြည်ပြောတဲ့ပုံနဲ့ ယိချင်းကိုကြည့်ပြီးပြောလိုက်တယ်။ သုံးယောက်လုံးကို သတ်နိုင်တဲ့ တစ်ဦးတည်းသောသူက ပြည့်စုံတဲ့အမတတစ်ယောက်ကလွဲရင် အလွန်ထူးကဲတဲ့ ရတနာရှိတဲ့သူပဲဖြစ်ရမယ်။ ဒါကြောင့် ငါတို့ရွှမ်းယန်မိသားစုရဲ့ ရတနာဖြစ်တဲ့ ရွက်တစ်ထောင် ဝိညာဉ်ကိုပြန်ပေးဖို့ ဒီတာအိုရောင်းရင်းကိုပြောပါ့ရစေ”
ဟိုလီရှစ် ကူယွဲ့က ရုတ်တရက်ကြီး သူတို့အကွက်ကိုသဘောပေါက်သွားတယ်။ သေစမ်း … ဒီရွှမ်းယန်မိသားစုက တစ်ခုခုရဖို့အတွက်စွန့်စားနေတာပဲ။ သူတို့တွေက အရင်လူထက်တောင်ပိုပြီး လှည့်ဖျားတတ်သေးတယ်။
…