PTH အပိုင်း ၃၂

အပိုင်း ၃၂ သံမဏိဓားတစ်လက်မှ ချုပ်နှောင်ခြင်း

“အဲညက သူ့ကို ရှင် ဘယ်လိုသတ်လိုက်သလဲ ကျွန်မမသိဘူး၊ ဒါပေမယ့် ရှင့်ရဲ့ ဓားအရင်းအမြစ်က အားကောင်းပြီး ကျွန်မထက်တောင် အားကောင်းတာကို ကျွန်မသိတယ်။”

သူ့ကို ကြည့်နေ‌ကာ ကျောင်းလေးယု ဆက်ပြောလိုက်သည်။
“ရှင့်လို လူပျင်းတစ်ယောက်က ဘယ်လိုလုပ် ဒါကို လုပ်နိုင်သလဲ ကျွန်မ နားမလည်ဘူး။”

သူမ မွေးဖွားလာကတည်းက အာအိုးယာမာဂိုဏ်း၏ စောင့်ကြည့်မှုအောက်တွင် ကျင့်ကြံခြင်းကို သူမ လေ့ကျင့်လာခဲ့ပေသည်။

သူမ မျက်လုံးဖွင့်လိုက်သည့် မနက်တိုင်း သူမသည် သူမ၏ခန္ဓာကိုယ်ကို လေ့ကျင့်ပြီး ကျင့်ကြံပေလိမ့်မည်။ အာအိုးယာမာဂိုဏ်းကို သူမ ရောက်လာပြီးနောက် သူမ တခဏမျှပင် မပေါ့ဆခဲ့ပေ။

သူမက အသက်ရှူသွင်းလိုက်တိုင်း ကျင့်ကြံနေသည်ဟု ပြော၍ ရသည်။

သူမ ကျင်းကျူးအကြောင်း ကြားခဲ့ဖူးပြီး သူက သူ့ပျင်းရိမှုကြောင့် ကျော်ကြားသည်ကို သိသော်လည်း ထိုညက တောင်ထိပ်အပေါ် ဖြစ်ပျက်ခဲ့သမျှပြီးနောက် ၎င်းက သတင်းအမှားဖြစ်သည်ဟု သူမ တွေးထင်ခဲ့သည်။

ထိုအတွေးက သူ အလွန်ပျင်းရိသည်ကို သူမ၏ ကိုယ်ပိုင်မျက်လုံးဖြင့် သူ့ကို မမြင်ခင်အချိန်အထိဖြစ်ပေ၏။

သူ့ပါရမီကို ဤကဲ့သို့ ဖြုန်းတီးပစ်နေသည့် ဤမျှ ပျင်းရိသောလူတစ်ယောက်ကို သူမ ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပေ။

သူမကို စဉ်းစားရအခက်စေဆုံးသောအရာမှာ ထိုမျှပျင်းရိသောလူတစ်ယောက်တွင် ထိုမျှ အားကောင်းသော ဓားအရင်းအမြစ်တစ်ခု မည်သို့ရှိနေသနည်းဆိုခြင်းပင်။

သူမ ဤမေးခွန်း၏အဖြေကို သိချင်သော်လည်း သူမသည် ကျင်းကျူး၏ ဇစ်မြစ်အစစ်အမှန်ကို ပို၍ပင် သိချင်ပေသည်။

“ဓားပညာရပ်ကို လေ့လာဖို့ ကျွန်မ အာအိုးယာမာဂိုဏ်းကို ဘာကြောင့် လာချင်ခဲ့သလဲ ရှင်သိလား။”
ကျောင်းလေးယု မေးလိုက်၏။

“ဘာလို့လဲဆိုတော့ သူတို့က တပည့်တွေ ဒီမှာ ဘယ်လိုကျင့်ကြံကြသလဲဆိုတာကို ဂရုမစိုက်လို့ပဲ။ မင်းက မင်းစိတ်တိုင်းကျ လုပ်လို့ရတယ်။”
သူမကို ကြည့်လျက် ကျင်းကျူး ပြောလိုက်သည်။

အကြောင်းမှာ သူက ဤနေရာနှင့် ရင်းနှီးသောကြောင့်လည်း ဖြစ်သည်ဟု သူ စိတ်ထဲတွင် ထပ်ဖြည့်လိုက်၏။

ကျောင်းလေးယု ပြောလိုက်သည်။
“ရှင် ဘာကို ကျင့်ကြံချင်သလဲ၊ ရှင် ဘာကို ဖုံးကွယ်ချင်သလဲ ကျွန်မမသိဘူး၊ ဒါပေမယ့် ရှင်ဒီလိုလုပ်ရင် ရှင်က အာရုံစိုက်စရာဖြစ်လာလိမ့်မယ်။”

ကျင်းကျူး ပြောလိုက်၏။
“ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ဖို့က ဒုက္ခများလွန်းတယ်လို့ ငါ ထင်တယ်။”

ကျောင်းလေးယု မေးလိုက်သည်။
“ရှင့်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခံရလိမ့်မယ်ဆိုရင်တောင်မှလား။”

“တစ်သက်လုံးဖုံးကွယ်ထားလို့ရတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး၊ အိတ်ထဲမှာရှိတဲ့ ချွန်ထက်တဲ့ထိပ်ဖျားကို တစ်သက်လုံး ဖုံးကွယ်လို့မရဘူး။”

ကျင်းကျူး ပြောလိုက်သည်။
“ငါ့မှာ အလားတူ အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်။ နေက နေ့တိုင်းထွက်လာပေမယ့် ကောင်းကင်အတွက်က တစ်ချိန်လုံး တိမ်မည်းတွေနဲ့ ဖုံးကွယ်နေဖို့ မဖြစ်နိုင်ဘူးလေ။ မြေပေါ်မှာရှိတဲ့ လူတွေကို မင်းရဲ့တောက်ပမှုကို မြင်တွေ့တာကနေ တားဆီးဖို့ မင်းအမြဲကြိုးစားရင် အရမ်းခက်ခဲပြီး တုံးအတဲ့အရာတစ်ခုတောင် ဖြစ်သွားလိမ့်မယ်။”

ကျောင်းလေးယု သူ့ကို ကြည့်ရန် ဖြည်းညင်းစွာ လှည့်လာပြီး မသေချာစွာ မေးလိုက်သည်။
“ရှင်က ရှင့်ကိုယ်ရှင် နေနဲ့ ခိုင်းနှိုင်းနေတာလား”

ကျင်းကျူး ပြောလိုက်၏။
“ဒါက တင်စားချက်တစ်ခုသက်သက်ပါ”

“ချင်းရောင်တောင်ထွတ်ရဲ့ အစ်မကြီးတွေက ကျွန်မအကြောင်း အတင်းပြောကြတယ်၊ ကျွန်မက ဘဝင်အရမ်းမြင့်တယ် တဲ့”

တခဏတိတ်ဆိတ်နေပြီးနောက် ကျောင်းလေးယုပြောလိုက်သည်။
“ဒါပေမယ့် ကျွန်မက ရှင့်လောက် ဘဝင်မြင့်တယ်လို့ မထင်ဘူး။”

ကျင်းကျူး ပြောလိုက်သည်။
“ငါဆိုလိုတဲ့အရာကို မင်း နားလည်လောက်မယ်လို့ ငါထင်တယ်။”

ကျောင်းလေးယု တိတ်ဆိတ်နေ၏။

ကျင်းကျူး ပြောချင်သည့်အရာကို သူမ သိပေသည်။

သူမသည် မွေးရာပါတာအိုမျိုးစေ့နှင့် မွေးဖွားလာသူဖြစ်ပြီး ဓားပညာရပ်တွင် ပါရမီရှင်တစ်ယောက်ဖြစ်ကာ အာအိုးယာမာဂိုဏ်း၏ မျက်နှာသာပေးခြင်းကို ခံထားရသည်။ သူမ မွေးဖွားလာခဲ့ကတည်းက အကြည့်များစွာကို လက်ခံရရှိခဲ့၏။ အတွင်းစည်းကို ဝင်ရောက်လာပြီးနောက် သူမသည် ခက်ခဲပြီး အန္တရာယ်များသော ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်သည့် ဓားစိတ်ဆန္ဒဖြင့် ခန္ဓာကိုယ်အား ကျင့်ကြံခြင်းကို ရွေးချယ်ခဲ့သည်။ ထိုနည်းဖြင့် သူမသည် ‌ဓားတောင်၏ တိမ်တိုက်အနက်ပိုင်းတွင် ပုန်းအောင်းနိုင်ပြီး အခြားသူများ မမြင်တွေ့နိုင်တော့ပေ။

သူမသည် အလွန်ခေါင်းမာပြီး အမြဲတိတ်ဆိတ်နေတတ်၏။

ကျင်းကျူး လက်မြှောက်လိုက်ပြီး သူမ၏ ဆံပင်ကို ပွတ်သပ်လိုက်သည်။

ကျောင်းလေးယု မျက်ခုံးပင့်လိုက်ပြီး သတ်ဖြတ်ချင်စိတ်ဖြင့် သူ့ကို စိုက်ကြည့်လာခဲ့သည်။

ကျင်းကျူး သူ့လက်ကို ပြန်ရုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“မင်း မင်းရဲ့ ဆံပင်တွေကို သွားပြီး သန့်ရှင်းသင့်တယ်။ ကျင့်ကြံတာက ကျင့်ကြံတာပါပဲ။ မင်းကိုယ်မင်း ကြည့်ရဆိုးအောင် လုပ်စရာမလိုပါဘူး။”

ကျောင်းလေးယု ပြင်းထန်စွာ ခေါင်းခါလိုက်ပြီး ဖုန်မှုန့်များက သူမ၏ခေါင်းမှ ကျဆင်းလာကြသည်။ သူမသည် တစ်‌နေကုန်အပြင်ထွက် ကစားနေပြီးနောက် အိမ်ပြန်ရောက်လာသည့် ခွေးပေါက်လေးတစ်ကောင်အလား ဖြစ်၏။

“ကျွန်မ မေ့သွားတယ်”

ဤအရာကို ပြောပြီးနောက် ကမ်းပါးနံရံရှိ သူမ၏ ဂူဗိမာန်ဆီသို့ သူမ ဓားပျံစီးသွားခဲ့သည်။

သူသည်လည်း တစ်ခုခုမေ့နေသည်ဟု ကျင်းကျူး ခံစားလိုက်ရ၏။

ကျောင်းလေးယု ပြန်ရောက်လာရန် သိပ်မကြာခဲ့ပေ။ သူမ ဝတ်ရုံအသစ် လဲထားခဲ့ပြီး သူမ၏ အနက်ရောင် ဆံပင် တိုတိုများက ရေများ တစ်တောက်တောက် ကျနေသေးသည်။

သူမနေထိုင်သည့် ဂူဗိမာန်က သာမန်တပည့်များထက် များစွာ ပိုကောင်းပေ၏။ ၎င်းက ကမ်းပါးနံရံထိပ်တွင် တည်ရှိပြီး ရှီးလဲ့တောင်ထွတ်၏ အင်မော်တယ်ဆရာသခင်များမှ ယူဆောင်လာပေးသည့် ရေပူစမ်းဖြင့် ထောက်ပံ့ပေးထားသည်။

ကျင်းကျူး သူမ၏ဆံပင်ကို တစ်ချက်ကြည့်လိုက်၏။

ကျောင်းလေးယု ပြောလိုက်သည်။
“ဓားအရင်းမြစ်ကို ရန်သူတွေကို သတ်ဖြတ်ဖို့ အသုံးပြုတယ်။ ရှင် ဒီလိုအရာတွေအပေါ် သုံးလို့မရဘူး။”

ကျင်းကျူး တစ်ခုခုပြောတော့မည့်အချိန်တွင် သူ ရုတ်တရက် အရှေ့ဘက်ကောင်းကင်ကို လှည့်ကြည့်လိုက်သည်။

အလွန်အမင်းစူးရှသည့် လေချွန်သံများစွာက ကောင်းကင်တွင် ထွက်ပေါ်လာ၏။

တိမ်တိုက်များ ဆွဲဖြဲခံလိုက်ရပြီး မြှားများနှင့်တူသည့် ဖြောင့်တန်းသော တိမ်တိုက်များကို ချန်ရစ်ခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုဖြင့် တိမ်တိုက်၏ အလယ်ပိုင်းက မငြိမ်မသက် လိမ့်တက်သွားခဲ့သည်။ တခဏကြာပြီးနောက် ဓားအလင်းတစ်ခုက ကောင်းကင်ကို ထိုးခွဲသွားပြီး ဓားဆေးကြောခြင်းစမ်းချောင်းအပေါ် ရောက်လာခဲ့၏။

ထိုဓားအလင်းသည် သန့်စင်ပြီး တောက်ပကာ အဆင့်အလွန်မြင့်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုဓားကို စီးနင်းသူက မြင့်မားသော ကျင့်ကြံခြင်းအဆင့်ဖြင့် ဓားသမားတစ်ယောက်ဖြစ်လောက်၏။ သို့သော် အကြောင်းကြောင်းကြောင့် ထိုဓားပျံက အလွန်မငြိမ်မသက်ဖြစ်နေသည်။ ၎င်းက လိမ်ဖည်နေပြီး အရက်မူးနေသော ရွာသားတစ်ယောက် သို့မဟုတ် မည်သည့်နေရာသို့ သွားရမလဲမသိသည့် ကြိုးကြာတစ်ကောင်ကဲ့သို့ဖြစ်သည်။

ထိုဓားအလင်းသည် ဓားဆေးကြောခြင်းစမ်းချောင်းဘေးရှိ ကမ်းပါးများကြား လှည့်လည်နေပြီး တစ်ခါတစ်ရံ အပေါ်သို့ တက်သွားကာ တစ်ခါတစ်ရံ အောက်သို့ ဆင်းလာနေသည်။

အလွန်အမင်းစူးရှသော အသံတစ်ခုက ထိုဓားမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအားလုံးကို ပျံ့နှံ့သွား၏။

“တစ်မဟုတ်ရင် နှစ်ဆိုရင်ရော”

“တစ်မဟုတ်ရင် နှစ်ဆိုရင်ရော”

ဓားစီးနင်းသူ၏ အော်သံသည် တောင်ကြားထဲ ပဲ့တင်ထပ်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒက ရံဖန်ရံခါ ကျဆင်းလာပြီး စမ်းချောင်းထဲရှိ ရေများကို လှုပ်ခတ်နေစေ၏။ ထင်ရှားသည့် အမှတ်အသားများက ‌ကမ်းပါးများပေါ် ပေါ်လာပြီး ကျိုးပျက်သွားသည့် ကျောက်တုံးများက ပြုတ်ကျလာသည်။

ဓားအလင်းများက အဝေးရှိ တောင်ထွတ်များမှ မြင့်တက်လာပြီ တပည့်ရင်းများက လာနေကြပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

သူတို့ဆရာသခင်များ၏ ဆင့်ခေါ်မှုအောက်တွင် စမ်းချောင်းဘေးရှိ ဓားဆေးကြောခြင်းတပည့်များသည် ဓားဆေးကြောခြင်းစံအိမ်ထဲ ပုန်းအောင်းနေကြသည်။

ကောင်းကင်ရှိ စူးရှသံများကို ကြားပြီး ဓားစိတ်ဆန္ဒဖြတ်သန်းသွားပြီးနောက် ပျက်စီးသွားသည့် သစ်ပင်များနှင့် ကျောက်ဆောင်များကို မြင်တွေ့ပြီးနောက် တပည့်များသည် ဖြူလျော်သွားကြကာ ချောက်ခြားသွားကြသည်။

‘ဘာ‌‌ဖြစ်နေတာလဲ။ အဲပုဂ္ဂိုလ်က ဘယ်သူလဲ။ သူက ဘာလို့ အရမ်းရူးသွပ်ပြီး အရမ်းကြောက်ဖို့ကောင်းနေရတာလဲ။’

***

ကျောင်းလေးယု ကမ်းပါးအစွန်းကို လျှောက်သွားပြီး ကောင်းကင်ရှိ ရူးသွပ်နေသော ဓားအလင်းကို ကြည့်လိုက်ကာ သူမ၏ မျက်လုံးများက သတိနှင့် ရန်လိုမှုတို့ဖြင့် ပြည့်နေသည်။

ကျင်းကျူး သူမကို တိတ်တဆိတ်ကြည့်လိုက်ပြီး ထိုခံစားချက်နှစ်ခုတို့က မည်သည့်နေရာမှ ရောက်လာကြသည်ကို သိချင်နေမိသည်။

တောင်ထွတ်များမှ ဓားအလင်းများသည် ဓားဆေးကြောခြင်းစမ်းချောင်းမှ ဆယ်မိုင်အကွာအဝေးလောက်တွင် ရပ်တန့်သွားကြသည်။ သူတို့ အမိန့်တစ်ခုကို ရရှိခဲ့ကြခြင်း ဖြစ်ရပေမည်။

ထိုရူးသွပ်နေသည့် ဓားအလင်းက မြန်ဆန်လွန်းပြီး ဓားစီးနင်းသူက သန်မာလွန်းလှသည်။ တောင်ထွတ်များ၏ သာမန် တိုက်ရိုက်တပည့်များက ၎င်းအတွက် ပြိုင်ဘက် လုံးဝမဟုတ်ခဲ့ကြသောကြောင့် အသေအပျောက်အရေအတွက်ကိုသာ တိုးလာစေပေလိမ့်မည်။ ထို့ကြောင့် ရာချီသော ဓားအလင်းများက အနားစပ်တွင်သာ စောင့်ကြပ်နေကြပြီး သူတို့ကိုယ်သူတို့ ကာကွယ်ရန် တစ်ချိန်တည်းတွင် ထိုရူးသွပ်နေသော ဓားစီးနင်းသူကို ထွက်ပြေးလွတ်မြောက်ခြင်းမှ တားဆီးရန် ဓားဝင်္ကဘာများကို ဖွဲ့စည်းလိုက်ကြသည်။

တပည့်များ၏ ဓားဝင်္ကဘာများ ဖွဲ့စည်းပြီးနောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့က ရုတ်တရက် အရောင်ပြောင်းသွားကြ၏။

တိမ်တိုက်များက အရပ်မျက်နှာပေါင်းစုံကို ပြန့်ကျဲသွားကြပြီး လေးထောင့်ပုံသံမဏိဓားက ကောင်းကင်မှ ကျဆင်းလာသည်။

ထိုလေးထောင့်ပုံ သံမဏိဓားသည် လေထဲတွင် ရှည်လျားလာပြီး ပေသုံးဆယ်ထက်ပိုသော အမိုးခုံးတစ်ခုဖြစ်လာကာ ရူးသွပ်နေသော ဓားပျံကို ဖိနှိပ်လိုက်ပြီး ၎င်းကို မိုင်အနည်းငယ်အဝေးနေရာတစ်နေရာသို့ တွန်းပို့လိုက်သည်။

ပေါက်ကွဲသံများက တကယ့်မိုးခြိမ်းသံများအလား သံမဏိဓားအမိုးခုံးအောက်မှ ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။

ထိုတောင်တန်းနေရာရှိ ကျောက်စရစ်ခဲများက တုန်ရီသွားကြပြီး မြေပြင်မှ ခုန်ထွက်လာခဲ့ကြကာ မြေပြင်ပေါ် အသက်ဝင်လာသည့်အလား လိမ့်နေကြသည်။

ကြောက်မက်ဖွယ်တုန်ရီမှုက ဓားဆေးကြောခြင်းစမ်းချောင်းသို့ အဝေးမှ ရောက်လာခဲ့၏။ စမ်းချောင်းထဲရှိ ရေများက လှုပ်ခတ်နေပြီး ကမ်းပါးများနှင့် တိုက်မိပြီးနောက် အပိုင်းအစများအဖြစ် ပေါက်ကွဲသွားသည်။ ထိုတုန်ရီမှုအားကြောင့် ငါးများစွာ သေဆုံးသွားကြ၏။

တစ်နာရီကြာပြီးနောက် တိုက်ခိုက်ခြင်းက နောက်ဆုံး ရပ်တန့်သွားပြီး သံမဏိဓားက ငြိမ်ကျသွားကာ တကယ့်သံမဏိအိမ်တစ်လုံးနှင့် တူသည်။

ထိုသံမဏိဓားဖြင့် ဖုံးအုပ်ခံထားရသည့် ပုဂ္ဂိုလ်က သေသွားသလား သို့မဟုတ် အသက်ရှင်နေသေးသလား မသေချာပေ။

ငါးသေများစွာက စမ်းချောင်းမျက်နှာပြင်ပေါ် မျောနေကြပြီး ကျောင်းဂီမြို့ရှိ ချမ်းသာသော ကုန်သည်များက ငွေပြားများပါသည့် ခြင်းတောင်းတစ်ဒါဇင်ကို လွင့်ပစ်လိုက်သည်နှင့်တူသည်။

ရူးသွပ်သော ဓားဖြင့် ခုတ်ဖြတ်ခံထားရသည့် ကမ်းပါးများ၏ အစိတ်အပိုင်းများသည် ကျောက်တုံးငယ်များအဖြစ် ပျက်စီးသွားကြပြီး စမ်းချောင်းထဲသို့ ဖြည်းညင်းစွာ ကျဆင်းသွားကြကာ မရေမတွက်နိုင်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်နေစေသည်။ လူများစွာက ပျက်စီးမှုကြောင့် စိတ်မကောင်းဖြစ်နေကြ၏။

“ဒါက ကျိုးပျက်နေတဲ့ပင်လယ်အဆင့်ရဲ့ စွမ်းအားလား”

အဝေးရှိ မြင်ကွင်းကို ကြည့်လျက် ကျောင်းလေးယုပြောလိုက်သည်။

ကျင်းကျူး သူမ၏ဘေးကို လျှောက်လာလိုက်ပြီး ပြောလိုက်၏။
“ယွမ်ချီကျင်းက နှစ်ပေါင်းများစွာ သူ့ဓားကို မကိုင်ခဲ့ဘူး။ သူက ကျိုးပျက်နေတဲ့ပင်လယ်ရဲ့ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားပြီး နှစ်များစွာကတည်းက ကောင်းကင်ဘုံရောက်ရှိခြင်းအဆင့်ကို ဝင်ရောက်ခဲ့တာဖြစ်နိုင်တယ်လို့ ငါ ထင်တယ်။”

ကျောင်းလေးယု သူ့ကို အကြည့်တစ်ချက် ပစ်လိုက်၏။

သူပြောသည့်အရာ မှန်ကန်ခဲ့ပါက အာအိုးယာမာဂိုဏ်းတွင် ကုန်းမြေတိုက်တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ကောင်းကင်ဘုံ ရောက်ရှိခြင်းအဆင့်ကို ရောက်နေသည့် နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက် ရှိပေလိမ့်မည်။

*************************************

PTH
Author: PTH
ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

ကောင်းကင်ဘုံသို့ လျှောက်သောလမ်း

PTH, 大道朝天
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2017 Native Language: Chinese
ငါက ဓားပဲ... မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းရဲကြဘူး။ မိုင်တစ်ထောင်အတွင်း လူတစ်ယောက်ကို သတ်ဖြတ်တယ်... ဘယ်သူကမှ ခြေဆယ်လှမ်း မလှမ်းဝံ့ကြဘူး။ လူတစ်ယောက်ကို မိုင်တစ်ထောင်အတွင်း သတ်ဖြတ်တယ်... ခြေဆယ်လှမ်းလား... မဖြစ်နိုင်ဘူး။ ကောင်းကင်ဘုံကို သွားတဲ့ လမ်းမှာ လူတစ်ယောက်စီတိုင်းက ကိုယ့်ကံကြမ္မာကိုယ် စီရင်ရမယ်။စာစဉ်တင်သည့် ပေ့ချ်- https://www.facebook.com/TheHumanEmperorXoxa

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset