အပိုင်း ၃၁ လက်ဖက်ရည်အိုးထဲရှိ တောင်ကျရေ
မည်သူမျှ ကျင်းကျူးကို လာမမေးခဲ့သလို သူ့အား မှောင်မဲပြီး အေးစက်သော ဓားအကျဉ်းထောင်သို့ ခေါ်သွားရန် ရှိုင်းတောင်ထွတ်မှ ဓားသမားများ ရုတ်တရက် မပေါ်လာခဲ့ကြပေ။
သိသာစွာဖြင့် ထိုညက သူ ဂူဗိမာန်ထဲမရှိခဲ့သည်ကို လီရှီရှူး မည်သူ့ကိုမျှ မပြောပြခဲ့ပေ။
လီရှီရှူးသည် ခုရက်ပိုင်း ယခင်ကထက် ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့ပြီး လွန်ခဲ့သည့်သုံးနှစ်ကထက်ပင် ကြိုးစားနေခဲ့သည်ဟု ဂျူနီယာညီမလေးယုချန်းဆီမှ သူ သိရှိခဲ့သည်။ ထို့အပြင် ထိုလူငယ်လေးသည် ပို၍ပင် စကားနည်းလာပြီး သူ ဘာတွေးနေသည်ကို မည်သူမျှ မသိကြပေ။ သို့သော် သူ့အဆင့်များက မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် တိုးတက်လာနေသည်ကို သူ သိပေသည်။
လီရှီရှူး၏ ကြိုးစားမှုနှင့် တိတ်ဆိတ်မှုတို့က မည်သည့်နေရာမှ ရောက်လာခဲ့ကြသည်ကို ကျင်းကျူး အကြမ်းဖျင်းနားလည်ပေ၏။ သို့သော် သူ တိတ်တဆိတ်သာ နေခဲ့သည်။
အခြားဓားဆေးကြောခြင်းတပည့်များသည်လည်း ကြိုးစားလေ့ကျင့်နေကြ၏။ နေ့စဉ်နေ့တိုင်း ဓားတောင်အပေါ် လူများစွာကို မြင်တွေ့နိုင်ပေသည်။ သူတို့ထဲမှ အချို့တို့က တိမ်တိုက်များ၏ အနားစပ်ကို သွားနိုင်ခဲ့ကြပြီဖြစ်သည်။
နောက်ပိုင်းနေ့ရက်များတွင် ဓားတောင်ပေါ်မှ ဓားများကို အောင်အောင်မြင်မြင်ယူဆောင်နိုင်ခဲ့ကြသည့် တပည့်များ တဖြည်းဖြည်း များလာခဲ့သည်။ မကြာမကြာ ပျော်ရွှင်သည့် ရယ်မောသံများ၊ ထူးဆန်းသည့် အော်သံများနှင့် ရင်နာနေသည့် အော်သံများကို ဓားဆေးကြောခြင်း စမ်းချောင်းဘေးတွင် ကြားနိုင်ပေသည်။
တပည့်များသည် သူတို့ အကြိမ်များစွာ ကြိုးစားပြီးနောက် ရရှိလာခဲ့သည့် မှော်ဓားများကို အလွန်တန်ဖိုးထားခဲ့ကြပြီး အတန်းထဲတွင် ရှိနေချိန်နှင့် အစာစားချိန်များတွင် ဓားများကို အနီးကပ်ယူဆောင်ထားခဲ့ကြသည်။ သူတို့သည် သူတို့၏ အစ်ကိုကြီးများနှင့် အစ်မကြီးများထံမှ လေ့လာခဲ့ကြကာ ဓားများကို ထုပ်ပိုးရန် အနူးညံ့ဆုံး ဖဲကြိုးများကို အသုံးပြုပြီး သူတို့၏ကျောပေါ် သယ်ဆောင်ထားခဲ့ကြသည်။
ဓားဆေးကြောခြင်းခန်းမတွင် မည်သည့်ဖဲကြိုးကို အသုံးပြုသည်၊ မည်သည့်ချည်က ပိုကြည့်ကောင်းပြီး ဓားအတွက် အကျိုးအရှိဆုံးဖြစ်သည် ဟူသော အကြောင်းအရာများက ကျော်ကြားသော စကားဝိုင်းဖြစ်လာခဲ့သည်။
တပည့်အချို့တို့သည် အိပ်ချိန်နှင့် ရေချိုးချိန်အတွင်း ဓားများကို သူတို့၏ ရင်ဘတ်၌ပင် ထွေးပွေ့ထားခဲ့ကြ၏။
စီနီယာဆရာသခင် မိန်းလီ ဤအရာအားလုံးကို ဒေါသထွက်သွားပြီးနောက် ဤအခြေအနေက အနည်းငယ် လျော့နည်းသွားခဲ့သည်။
***
ကျင်းကျူး ဂူဗိမာန်မှ လုံးဝမထွက်ခွာခဲ့ပေ။ ဤအရာများအားလုံးတို့ကို သူ့အား ဂျူနီယာညီမလေး ယုချန်းနှင့် လဲလန်စီရင်စုမှ လူငယ်လေးယွမ်တို့က ပြောပြခဲ့ကြခြင်းဖြစ်သည်။
သူ့အတွက် ဤအရာအားလုံးတို့သည် အာရုံစိုက်စရာများစွာမလိုအပ်သည့် အသေးအဖွဲဇာတ်ကွက်များဖြစ်ကြသည်။
ထိုညက တောင်ထိပ်တွင် ကျောင်းလေးယုနှင့်တွေ့ဆုံပြီး ထိုဘီးဟူတောင်ထွတ်ကျွမ်းကျင်သူကို သတ်ဖြတ်ခြင်းတို့က သူ့အတွက် ကြော်ငြာတစ်ပုဒ်မျှဖြစ်ကြသည်။
သူ့အမြင်တွင် ကျောင်းလေးယုသည် သူတို့နှစ်ယောက်က လျှို့ဝှက်ချက်များရှိကြပြီး ဝေးဝေးနေသင့်သည်ကို သိသည်အထိ ဉာဏ်ကောင်းသောကြောင့် ဤကိစ္စက ဤနေရာတွင် ပြီးဆုံးလောက်ပေသည်။
သူ့တွက်ချက်မှုအတွင်း သွေဖယ်မှုတစ်ခုရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် သူသည် နောက်တစ်ကြိမ်ကျော်ကြားလာခဲ့ပြီး ယခင်ကထက်ပင် ကျော်ကြားသေး၏။
သတင်းတစ်ပုဒ်က ဓားဆေးကြောခြင်းစမ်းချောင်း၏ ကမ်းပါးများတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကို ကြားလိုက်သည့်လူများ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။
ဓားဆေးကြောခြင်းခန်းမတွင် ဆူညံနေပြီး လူတိုင်း ထိုအကြောင်း ပြောဆိုနေကြသည်။
ရွှဲယုန် ထူးထူးဆန်းဆန်းအော်ဟစ်လိုက်၏။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထို့နောက် သူ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရကာ တောင်ပိုင်းထင်းရှူးစံအိမ်တွင် ရှိနေချိန်က တူညီသည့် တုံ့ပြန်မှုကို ပြုလုပ်လိုက်သကဲ့သို့ဖြစ်သည်။
ဤသတင်းက ဓားဆေးကြောခြင်း စံအိမ်ရှိ မိန်းလီနှင့် တခြားအင်မော်တယ်ဆရာသခင်များကိုပင် လှုပ်ခတ်သွားစေခဲ့သည်။
ချင်းရောင်တောင်ထွတ်၏ ဤစီနီယာဆရာသခင်နှင့် လင်းဝုကျိတို့သည် ကျင်းကျူးကို အလွန်မျှော်မှန်းထားကြသော်လည်း သူက အလွန်လျင်မြန်စွာ ကျော်ကြားလာမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
စမ်းချောင်၏ အဆုံး ကျောက်ဆောင်နံရံတွင် စိုရွှဲနေသည့် လီရှီရှူးကို မာဟွာ ပဝါတစ်ထည် ကမ်းပေးလိုက်ပြီး အပြုံးရေးရေးလေးဖြင့် ပြောလိုက်သည်။
“မင်းသိလား။ မင်းရဲ့ အဲသခင်လေးက နောက်တစ်ခေါက် ကျော်ကြားလာပြီ။”
မျက်နှာသုတ်နေသည့် လီရှီရှူး၏ လက်များ တောင့်တင်းသွားကြ၏။ တခဏတိတ်ဆိတ်နေပြီးနောက် သူ ခေါင်းမော့လိုက်ပြီး ပူပန်စွာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ကျောင်းလေးယုက ဓားတောင်ပေါ်မှာ သူမရဲ့ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး ဓားဆေးကြောခြင်းစမ်းချောင်းကို ပြန်လာခဲ့ပြီ။”
မာဟွာ ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်သည်။
“ကြည့်ရတာ သူမက တကယ်ပဲ ဓားစိတ်ဆန္ဒတွေနဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံတာ ပြီးမြောက်သွားခဲ့ပုံပဲ။”
လီရှီရှူး မှင်သက်သွား၏။
ကျောင်းလေးယုသည် သာမန်တပည့်များ အားလုံးတို့၏ အသည်းစွဲဖြစ်သလို သူ့အသည်းစွဲလည်းဖြစ်သည်။ သို့သော် ဤဒဏ္ဍာရီလာအစ်မကြီးကို သူ ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပေ။
စီနီယာအစ်မကြီးက ဓားတောင်ပေါ် သူမ၏ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ခြင်းက ကိစ္စကြီးတစ်ခုဖြစ်သော်လည်း… ၎င်းက သူ့သခင်လေးနှင့် မည်သို့သက်ဆိုင်နေသနည်း။
“ပြဿနာက ကျောင်းလေးယုဟာ တောင်ထိပ်ကနေ ထွက်လာပြီးနောက်မှာ သူမရဲ့ ဂူဗိမာန်ကို မသွားခဲ့သလို ဆရာတွေဆီ လည်ပတ်ဖို့ ဓားဆေးကြောခြင်းခန်းမကိုလည်း မသွားခဲ့ဘူး။ ဒါပေမယ့် အဲအစား ကျင်းကျူးရဲ့ ဂူဗိမာန်ကို သွားခဲ့တယ်။”
မာဟွာ စမ်းချောင်းအောက်ပိုင်းတစ်နေရာကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“သူမ အခု ကျင်းကျူးနဲ့ စကားပြောနေတယ်။”
လီရှီရှူး စိတ်သက်သာရာရသွားကာ သူ့သခင်လေးသည် သာမန်မဟုတ်ဘဲ စီနီယာအစ်မကြီးလေးယုကဲ့သို့ ပါရမီရှင်တစ်ယောက်ကသာ သူ့ကို စကားပြောရန် ဆန္ဒရှိလိမ့်မည်ဟု တွေးတောလိုက်သည်။
သူတို့ အတူရှိကြချိန် ကျင်းကျူးက စကားအများကြီး ပြောဆိုလေ့မရှိသည်ကို တွေးတောကာ သူ ရုတ်တရက် သိမ်ငယ်သွား၏။
မာဟွာ သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး သူ့ကို ကြည့်လာကာ မေးလိုက်သည်။
“မင်း သွားမကြည့်ချင်ဘူးလား”
လီရှီရှူး ခေါင်းခါလိုက်ပြီး ပဝါကို ကျောက်တုံးပေါ် ဖြန့်ကျက်လိုက်ကာ ၎င်းကို နေလှန်းလိုက်သည်။ ထို့နောက် သူ စမ်းချောင်းဆီပြန်သွားပြီး ဓားပညာကို ဆက်လက်လေ့ကျင့်လိုက်သည်။
စမ်းချောင်းထဲရှိ သေးသွယ်သွယ်ပုံရိပ်ကို ကြည့်ကာ မာဟွာ မျက်မှောင်ကြုတ်လိုက်သည်။
ဤလူငယ်လေးက ဘာဖြစ်ခဲ့သည်ကို သူ မသိပေ။
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း လီရှီရှူးသည် ပို၍ တိတ်ဆိတ်လာပြီး ကြိုးစားလာကာ သူက နောက်ဆုံးတွင် ပန်းတိုင်တစ်ခုကို တွေးလိုက်သကဲ့သို့ သို့မဟုတ် ဖိအားတချို့အောက် ရောက်နေသကဲ့သို့ဖြစ်သည်။
လျန်းဝမ်တောင်ထွတ်၏ ဓားပညာရပ်သည် မဆုတ်မနစ်နှင့် ဇွဲရှိခြင်းတို့ဖြစ်သည်။ လီရှိရှူး၏ စွမ်းဆောင်ချက်က ကောင်းသည့်အရာဖြစ်လောက်သော်လည်း တစ်ခုခုမှားနေသည်ဟု မာဟွာ ခံစားနေရ၏။
အစိမ်းရောင်သစ်ပင်များစွာဖြင့် ဖြစ်ပေါ်နေသော သဘာဝစံအိမ်ကို ပြန်သွားကာ မာဟွာ မေးလိုက်သည်။
“ကျင်းကျူးက အသုံးမကျတဲ့လူတစ်ယောက်လို့ ခင်ဗျားထင်တုန်းလား။”
ဂုဟန် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။
“ဓားတစ်လက်ကို မယူနိုင်တဲ့ ဘယ်သူမဆို လူအများရဲ့ မျက်စိထဲမှာ ပါရမီရှင်တစ်ယောက်ဆိုရင်တောင် အသုံးမကျတဲ့ လူတစ်ယောက်ပဲ”
မာဟွာ သူဆိုလိုသည့်အရာကို သဘောပေါက်လိုက်ပြီး ထပ်မပြောခဲ့ပေ။
***
အတန်းပြီးနောက် ဒါဇင်ချီသော တပည့်များ ဓားဆေးကြောခြင်းခန်းမမှ ထွက်ပေါ်လာခဲ့ကြပြီး ဓားဆေးကြောခြင်းစမ်းချောင်၏ ကမ်းနားကို ရောက်လာခဲ့ကြသည်။
သူတို့ သူတို့၏ ဓားများကို ဆေးကြောပြီး သစ်သီးများကို စားသုံးရန် ဤနေရာကို လာခဲ့ကြခြင်းဖြစ်ပြီး သူတို့ထဲမှ အချို့တို့က အေးအေးလူလူ စကားပြောနေကြသည်။
အမှန်တွင် သူတို့အားလုံး စမ်းချောင်း အခြားတစ်ဖက်ရှိ ကမ်းပါးကို ကြည့်နေကြပေ၏။
ကမ်းပါးများကြားတွင် ညီညာသော ကျောက်ဖျာတစ်ခုရှိပြီး ၎င်းနောက်တွင် ကမ်းပါးနံရံရှိ အခြားဂူဗိမာန်များနှင့် သိပ်မခြားနားသည့် ဂူဗိမာန်တစ်ခုဖြစ်သည်။
ဤအချိန်တွင် ထိုဂူဗိမာန်ရှေ့၌ ဝေဝေဝါးဝါးလူပုံရိပ်နှစ်ခု ရှိနေကြပေသည်။
“အဲဒါက တကယ်ပဲ စီနီယာအစ်မကျောင်းလား”
“သေချာရဲ့လား”
“ယုခွမ်က စီနီယာအစ်မကျောင်းနဲ့အတူ အတွင်းစည်းကို ဝင်လာခဲ့ပြီး သူတို့က ဓားဆေးကြောခြင်း ခန်းမမှာ ရက်ပေါင်းဒါဇင်ချီ အတူ ကုန်ဆုံးခဲ့ကြတယ်။ သူ ဘယ်လိုလုပ် မှားနိုင်မှာလဲ။”
“စီနီယာအစ်မကျောင်းက တကယ်ပဲ တောင်ပေါ်က ဆင်းလာခဲ့တာလား။ ဒါဆို သူမက ဘာလို့ အဲမှာရှိနေရတာလဲ။”
“ကြည့်၊ သူမက တကယ်ပဲ ကျင်းကျူးကို စကားပြောနေတယ်”
***
စမ်းချောင်းဘေးရှိ တပည့်များသည် အသံတိုးတိုးဖြင့် စကားပြောနေကြပြီး စိတ်လှုပ်ရှားနေကြသည်။
သူတို့အတွက် ကျောင်းလေးယုသည် အလေးစားရဆုံး စီနီယာ အစ်မဖြစ်သလို သူတို့ အနားမကပ်နိုင်သည့် နတ်သမီးတစ်ပါးလည်းဖြစ်သည်။
စီနီယာအစ်မကျောင်းက အေးစက်စက်နှင့် စကားနည်းသူဖြစ်သည်ကို လူတိုင်း သိကြပေ၏။ သူမသည် လူတိုင်းကို ညီတူညီမျှ ဆက်ဆံပြီး သူတို့နှင့် ခပ်ကင်းကင်းနေခဲ့သည်။ သူမသည် သူမကို လိုချင်နေသည့် လျန်းဝမ်တောင်ထွတ်နှင့်ပင် မရင်းနှီးချင်ခဲ့ပေ။ သို့ဖြစ်၍ ဓားတောင်ပေါ် ကျင့်ကြံပြီးနောက် သူမက ဘာကြောင့် ကျင်းကျူးကို တွေ့ဆုံရန် လာခဲ့သနည်း။
အရေးကြီးဆုံးအရာမှာ သူမသည် ကျင်းကျူးကို အမှန်တကယ် စကားပြောနေပေ၏။
ကျင်းကျူးတွင် ထူးခြားသော အရာရှိနေသည်မှာ ဖြစ်နိုင်၏လော။
ရက်အနည်းငယ်ခန့်က သူသည် ဓားတောင်ပေါ်ရှိ တိမ်တိုက်များထဲ ဝင်ရောက်ပြခြင်းဖြင့် လူများစွာကို တုန်လှုပ်သွားစေခဲ့သော်လည်း ဓားကို ယူဆောင်ခြင်းတွင် သူ မအောင်မြင်ခဲ့သောကြောင့် ၎င်းက ကိစ္စကြီးတစ်ခုမဟုတ်ပေ။
“ပြီးခဲ့တဲ့နှစ်နှစ်လုံး အစ်ကိုကျင်းက အဲလောက်အများကြီး မလုပ်ခဲ့ပေမယ့် အရေးကြီးတဲ့အချိန်မှာ သူက အမြဲ အံ့ဩစရာတစ်ခုခုကို လုပ်ပြတယ်။ သူက သူ့ပါရမီကို ဖုံးကွယ်ထားတဲ့နေရာမှာ တကယ်တော်တယ်။”
စမ်းချောင်းအခြားတစ်ဖက်ရှိ မြင်ကွင်းကို ကြည့်ကာ လဲလန်စီရင်စုမှ လူငယ်လေးယွမ်သည် မနာလိုစွာ ပြောလိုက်သည်။
ဤအချိန်တွင် မည်သူက ကျင်းကျူးကို မနာမလိုမဖြစ်ဘဲ ရှိမည်နည်း။
“စီနီယာအစ်မကျောင်းကလည်း သာမန်လူတစ်ယောက်ပဲလား။”
တပည့်တစ်ယောက်က ခေါင်းရှုပ်နေသည့် ပုံစံဖြင့် ပြောလိုက်၏။
တခြားသူများက သူဆိုလိုသည့်အရာကို မေးလိုက်ကြသည်။
ထိုတပည့်က သူ့လက်ကိုမြှောက်လိုက်ပြီး မျက်နှာပေါ် အမူအရာတစ်ခု လုပ်ပြလိုက်၏။
တခြားသူများ သဘောပေါက်သွားကြပြီး ရယ်မောလိုက်ကြကာ သူ့ကို ဆဲဆိုလိုက်ကြသည်။
“ငါသိပြီ”
ရွှဲယုန် ရုတ်တရက် သူ့လက်မောင်းကို ဝေ့ယမ်းလိုက်ပြီး ဒေါသတကြီးပြောလိုက်၏။
“ကျင်းကျူးက ညတိုင်း တိတ်တိတ်လေးကျင့်ကြံပြီး နေ့ဘက်မှာ အိပ်နေကာ တည်ငြိမ်ယောင်ဆောင်နေတာဖြစ်ရမယ်။ ဒီလိုမှမဟုတ်ရင် သူက ဓားတောင်မှာ တိမ်တွေထဲ ဝင်ပြီး စီနီယာအစ်မကျောင်းနဲ့ ဘယ်လိုလုပ် ရင်းနှီးခဲ့မှာလဲ။ ကျောင်းမှာတုန်းက သူ့လိုလူအများကြီးကို ငါ မြင်ခဲ့ဖူးတယ်။ သူက ကြောင်သူတော်တစ်ယောက်ပဲ။”
***
စမ်းချောင်း၏ တစ်ဖက်ကမ်းရှိ တပည့်များ၏ မျက်လုံးထဲတွင် ကျင်းကျူးသည် မနာလိုခံရဆုံး လူတစ်ယောက်ဖြစ်သော်လည်း သူသည် ယခင်ကကဲ့သို့စကားနည်းနေဆဲပင်။
သူသည် ဝါးကုလားထိုင်ပေါ်၌ပင် လဲလျောင်းနေ၏။ ကမ်းပါးနောက်ဘက်ရှိ မျောက်များက ကျောက်တုံးကြီးနှစ်တုံးကို ဤနေရာသို့ မရွေ့ခဲ့ပါက ကျောင်းလေးယု မည်သည့်နေရာတွင် ထိုင်ရမလဲ မည်သူမျှ သိလိမ့်မည်မဟုတ်ပေ။
“မင်း သက်သာသွားပြီလား”
“အင်း”
“ဓားစိတ်ဆန္ဒတွေနဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံတာ ပြီးသွားပြီလား”
ကျင်းကျူး စကားအများကြီး မပြောခဲ့သလို ကျောင်းလေးယုသည်လည်း အများကြီးမပြောခဲ့ပေ။
ထိုသည်က ကောင်းသည်ဟု သူ ခံစားရ၏။
တစ်ခါတစ်ရံ နည်းနည်းလေး စကားများသည်ကလွဲ၍ လီရှီရှူးသည်လည်း အလွန်ကောင်းပေသည်။
စကားပြောခြင်းတွင် သူ အတွေ့အကြုံအများကြီး မရှိပေ။ စကားဝိုင်းက ပြီးသွားပြီဟု သူ ထင်သောကြောင့် ကြွေပြားပန်းကန်ပြားကို ကြည့်လိုက်ပြီး လက်ထဲတွင် သဲတစ်ဆုပ်ကို ကိုင်ထားကာ မည်သည့်နေရာတွင် ထားရမလဲ တွေးတောနေသည်။
ကျောင်းလေးယု ဘာမှမပြောခဲ့ပေ။ သူမ မျက်စိမှိတ်လိုက်ပြီး နေရောင်အောက် စတင် ကျင့်ကြံလိုက်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ဝိဉာဉ်ချီကို စုပ်ယူနေသည်။
ထိုညကရရှိခဲ့သည့် သူမ၏ ဒဏ်ရာများက ကောင်းသွားကြပြီဖြစ်၏။ ကျင်းကျူး သူမကို ပေးခဲ့သည့် ထိုဆေးလုံးက အလွန်ထိရောက်မှု ရှိလှသည်။ သို့သော်လည်း ဓားတောင်ပေါ် တစ်နှစ်ကျော်လောက် နေနေပြီးနောက် သူမ၏ ဓားစိတ်ဆန္ဒများဖြင့် ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းက ကြီးစွာ ထိခိုက်သွားခဲ့သည်။ သူမ၏ မရီတျန်းများတွင် သေးငယ်သည့် အပေါက်များစွာ ရှိခဲ့ကြပြီး ဓားဆေးလုံး၏ ပျော့ပြောင်းမှုကိုလည်း သက်ရောက်သွားခဲ့သည်။ ဤအရာအလုံး နှေးကွေးစွာ ပြန်ကောင်းရန် အချိန်လိုအပ်ကြ၏။
အချိန်အကြာကြီးကြာပြီးနောက် သူမ မျက်လုံးဖွင့်လိုက်ပြီး အနောက်ဘက်တွင် နေဝင်နေသည်ကို သူမ တွေ့လိုက်ရသည်။
ကျင်းကျူး ထိုသဲတစ်ဆုပ်ကို ကိုင်ထားဆဲဖြစ်ပြီး ကြွေပန်းကန်ပြားကို ကြည့်နေကာ အစက ပုံစံနှင့် တစ်ပုံစံတည်းဖြစ်သည်။
တခဏသာ ကုန်ဆုံးသွားသည်ဟု ထင်ရ၏။
ကျောင်းလေးယု သူ့ကို ကြည့်လိုက်ပြီး ဤလူငယ်က အနည်းငယ် မှန်းဆရခက်သည်ဟု ခံစားလိုက်ရသည်။
ဤနေရာရှိ မှန်းဆရခက်မှုက သူ့ကျင့်ကြံခြင်းအဆင့်ကို ရည်ညွှန်းခြင်းမဟုတ်ဘဲ အခြားတစ်ခုဖြစ်၏။
သူ့တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စိတ်ရှည်သည်းခံမှု ရှိသောကြောင့် သူသည် ထူးခြားရပေမည်။
ကျင်းကျူးသည် ကျားကစားနေသကဲ့သို့ ထင်ရကာ နောက်တစ်စေ့ကို မည်သည့်နေရာသို့ ရွေ့မလဲ မသေချာပေ။
သူမ သူမ၏ အကြည့်ကို ကြွေပန်းကန်ပြားသို့ ပြောင်းလိုက်ပြီး ကြည်လင်သော ကျောက်စရစ်ခဲများကို အချိန်အကြာကြီး ကြည့်နေကာ ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ”
ကျင်းကျူး ခေါင်းမော့လိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။
“စိတ်ဝင်စားစရာပဲ”
ဤကလေးမလေးက သူ့ဆိုလိုချက်ကို နားလည်နိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ခက်လွန်းတယ်”
ကျောင်းလေးယု ပြောလိုက်၏။
“ကျွန်မ သွားတော့မယ်”
သူမက ၎င်းတို့ကို စိတ်ဝင်စားစရာကောင်းသည်ဟု တွေးသော်လည်း တန်ဖိုးရှိသော အချိန်များကို ဤအရာများအပေါ် ကုန်ဆုံးသင့်သည်ဟု သူမ မထင်သည်မှာ သိသာလှသည်။
“ကောင်းပြီ”
ကျင်းကျူး ပြောလိုက်၏။
***
ရက်အနည်းငယ်ကြာပြီးနောက် ကျောင်းလေးယု ထပ်လာခဲ့သည်။
ကျင်းကျူး၏ ဂူဗိမာန်ရှေ့ ဓားအလင်းရောင် ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသောအခါ ချောင်းအခြားတစ်ဖက်ရှိ တပည့်များ တုန်လှုပ်သွားခဲ့ကြသေးသည်။
“မင်း ရောက်လာပြီလား”
သူမ၏ ဆံပင်များက တိုပြီး ရှုပ်ပွနေသေးကာ အညစ်အကြေးတစ်လွှာဖြင့် ဖုံးနေပြီး တောထဲရှိ ပုံပျက်နေသော ပေါင်းပင်များအလား ဖြစ်ကြသည်ကို ကျင်းကျူး တွေ့လိုက်ရသည်။
သူ့ဓားအသိစိတ်ထဲရှိ ထိုပုံရိပ်က အလွန်ကြည်လင်၍လား သူ မသိသော်လည်း သူ ရုတ်တရက် ရေအနည်းငယ်ဆာသည်ဟု ခံစားလိုက်ရသည်။
သူ့အတွက် လက်ဖက်ရည်ဖြည့်ပေးသည့် လီရှီရှူး မရှိသောကြောင့် သူ့လက်ဖက်ရည်အိုးကို မျောက်များက နေ့တိုင်း တောင်ကျရေဖြင့် ဖြည့်ပေးထားသည်။
လက်ဖက်ရည်အိုးကို ကျောက်စားပွဲပေါ်တင်ထားပြီး သူက ဝါးကုလားထိုင်အပေါ် ထိုင်နေ၏။
သူ လက်လှမ်းရန် လုပ်လိုက်သော်လည်း သူ့အနားတွင် လူတစ်ယောက်ရှိသည်ကို သူ သတိရသွားသောကြောင့် ကျောင်းလေးယုကို သူ ကြည့်လိုက်သည်။
ကျောင်းလေးယု မေးလိုက်၏။
“ရှင် ဘာကို ဆိုလိုတာလဲ”
ကျင်းကျူး ပြောလိုက်သည်။
“ငါ့ကို ရေတစ်ခွက်ငှဲ့ပေး”
“မရဘူး”
ကျောင်းလေးယု ပြောလိုက်၏။
“အိုး”
သူမက လီရှီရှူး မဟုတ်သည်ကို ကျင်းကျူး နားလည်သွားသည်။
သန့်စင်ပြီး ချိုမြိန်သော တောင်ကျရေသည် လက်ဖက်ရည်ကဲ့သို့ သောက်ကောင်း၏။
ဤသည်မှာ ခွက်ထဲရှိ တောင်ကျရေကို သူ သောက်လိုက်ချိန် သူ တွေးလိုက်သည့်အရာဖြစ်သည်။
*************************************