EYYJ အပိုင်း ၁၄

အပိုင်း (၁၄) ဆောင်းဦးကောက်ရိတ်ချိန်

ယွဲ့မိသားစုသည် ငွေအများအပြားသုံးခဲ့သည့်အတွက် အိမ်တွင် လယ်ဧက၃၀ရိတ်သိမ်းဖို့အရေး ကူညီရန် ငွေအနည်းငယ်ကိုသုံးကာ အချိန်ပိုင်းအလုပ်သမားနှစ်ဦးကို အံကြိတ်ရင်း ငှားလိုက်ရတော့သည်။

လယ်သမားများက ဆောင်းဦးကာလ ကောက်ရိတ်တော့မည်ကို ကောင်းကင်က သိသည့်အလား မျက်နှာသာပေးကာ နေသာနေတော့သည်။ အေးချမ်းသည့် ဆောင်းဦးမနက်ခင်းတွင် အဖြူရောင် အလင်းသည် အရှေ့ဖက်တောင်ကုန်းများကို ကျော်ကာ လင်းလာလေသည်။ ချွေ့ဖုန်းရွာရှိ အိမ်တိုင်းသည် လယ်ယာပစ္စည်းများကိုသယ်ကာ မိသားစုများနှင့် ရွာအပြင်က လယ်ကွင်းများဆီ ထွက်လာကြလေသည်။

လယ်သမားမိသားစုအတွက် ဘာမှမလုပ်ဘဲ ထိုင်နေရသည့် လအနည်းငယ်ရှိလေသည်။ လယ်သမားမိသားစုက ကလေးများသည် အရွယ်မတိုင်ခင် ရင့်ကျက်ကြသည်။ လေး ငါးနှစ်အရွယ်ကလေးများသည် လူကြီးများနောက်က ဖြည်းညင်းစွာလျှောက်ရင်း လိုက်လာကြ၏။ သူတို့သည့် ခြင်းတောင်းများကို သယ်ကာ လယ်ထဲက စပါးနှံများကို ကောက်ရန် လိုက်လာကြလေသည်။ ကလေးတစ်ယောက်သည် တစ်နေ့လျှင် စပါးနှံပိဿာဝက်ခန့် ကောက်နိုင်လေသည်။ စားစရာ မရှိတော့သည့်သူများအတွက် ဒါသည် အနည်းနှင့်အများတော့ ဝင်ငွေရလေသည်။

အစောပိုင်းနှစ်များတွင် မိသားစုက အခြေအနေကောင်းသဖြင့် ယွဲ့တာဖူက ထိုသေးငယ်သော ပမာဏလောက်ကို ဂရုစိုက်မနေချေ။ ထို့အပြင် စပါးနည်းနည်းလောက်သုံးပြီး နာမည်ကောင်းရသည်က အကျိုးရှိလေသည်။ ထို့ကြောင့် ရွာထဲက ကလေးများက သူ့လယ်တွင် စပါးနှံလာကောက်သည်ကို မတားခဲ့ချေ။

အဘွားချန်ကတော့ ထိုစပါးနည်းနည်းလေးအတွက်ပင် အမြဲတမ်း ရင်နာနေရလေသည်။ သို့သော် အရင်က ယွဲ့တာဖူ၏ အကျင့်နှင့် စကားကို လိုက်နာရသဖြင့် အံကြိတ်ကာ သည်းခံခဲ့ရသည်။ သို့သော် ယခုတော့ သူတို့မိသားစု၏ ပိုင်ဆိုင်မှုအားလုံးနီးပါးက အပေါက်ကြီးဖြစ်သွားလေရာ အဘွားချန်သည် ကြေးပြားတစ်စကိုပင် ရှစ်စိတ်ဖြစ်အောင် ခွာချင်နေတော့သည်။ သူတို့၏ကိုယ်ပိုင် လယ်ကွက်ထဲက စပါးများကို တခြားသူလာကောက်မည်ကို အဘယ်မှာ ဆန္ဒရှိမည်နည်း။

ထို့ကြောင့် ထိုနေ့ မနက်စောစောတွင် သူမသည် ယိုကျူး (ရှောင်ဝူ)၊ ယိုလင်း(ရှောင်ချီ) နှင့် ယိုလော့(ရှောင်ပါ့) တို့ညီအစ်မအများအတွက် ခြင်းများ ပြင်ဆင်ထားလိုက်လေသည်။ သူမ၏ ယုတ်မာသည့်မျက်လုံးများက ညီအစ်မသုံးယောက်ကို စေ့စေ့ကြည့်လိုက်ပြီးနောက် ခြိမ်းခြောက် ပြောဆိုတော့သည်။

“ နင်တို့တွေ ဒီနေ့ ခြင်းတွေကို ပြည့်အောင်မကောက်နိုင်ရင် ဒီည ထမင်းစားဖို့ မစဥ်းစားနဲ့”

ယိုကျင့်နှင့် ယိုရင်တို့သည် လယ်ကွင်းထဲတွင် ကောက်ရိတ်ရန် လူကြီးများအဖွဲ့တွင် ပါလာလေသည်။ အဘွားချန်က သူတို့ကို မာထန်စွာ ခပ်စိမ်းစိမ်းကြည့်လိုက်ပြီးနောက် ယွဲ့တာ့ဖူအတွက် ဘူးသီးခြောက်အပြည့် ရေထည့်ပေးရန် ခါးကော့ကာ ထွက်သွားတော့သည်။

ယိုပေါင်(ရှောင်လျို့)သည် သူမကို မွေးစဥ်က အဘွားချန်ကြောင့် ရေပုံးထဲတွင် ရေနစ်လုနီးပါး ဖြစ်ခဲ့ရသည်။ သူမကို နောက်ပိုင်းတွင် အသက်ကယ်ပေးနိုင်ခဲ့သော်လည်း သူမ၏ခန္ဓာကိုယ်က ထိခိုက်သွားခဲ့သည်။ တစ်ဖက်တွင် ယိုကျူးသည် သန်မာပြီး မည့်သည့်ကြီးကြီးမားမား ဖျားနာမှု မဖြစ်ခဲ့ချေ။ ထို့ကြောင့် ယိုကျင့်က ယိုပေါင်ကို အိမ်မှာနေခဲ့ပြီး ရှောင်ကျို့ကို ထိန်းခွင့်ပေးရန် အဘွားချန်ကို တောင်းတောင်းပန်ပန်ဖြင့် ပြောရတော့သည်။ စပါးနှံများကို ကောက်ရန် တာဝန်ပေးခံရသည့် ညီအစ်မသုံးယောက်သည် ခြင်းများကို သယ်ကာ ယိုကျင့်နောက်မှနေ၍ လယ်ကွင်းဆီ လိုက်လာခဲ့ကြတော့သည်။

သည်အချိန်တွင် နေပင် ကောင်းကောင်း မထွက်သေးချေ။ ဆောင်းဦးလေက အေးစိမ့်စိမ့် ခံစားချက်ကို သယ်လာပြီး တိုက်ခတ်လိုက်ချိန်၌ လူများမှာ သက်သောင့်သက်သာမဖြစ်တော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် မနက်စောစော ထရသဖြင့် ငိုက်မြည်းစိတ်တို့ကို လွင့်စဉ်သွားစေတော့သည်။ ယိုကျင့်သည် ပိုပြီးတက်ကြွလာကာ ညီမငယ် သုံးယောက်ကို လယ်ကွင်းဆီသို့ ခေါ်လာလိုက်သည်။ သူမ သတိထပ်ပေးလိုက်၏.

“ တခြားကလေးတွေဆီကနေ မလုနဲ့နော် နားလည်လား၊ ယိုကျူး နင်က အကြီးနော် ယိုလင်းနဲ့ ယိုလော့တို့ကို ဂရုစိုက်ရမယ်၊ ညီမလေးတွေကို မြစ်ဘက် ပေးမသွားရဘူးနော် သိလား”

ယိုကျူး လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။

“ စန်းကျဲ ညီမလေး ရှောင်ချီနဲ့ ရှောင်ပါ့ ကို ဂရုစိုက်ပါ့မယ်”

ယိုကျူးသည် သည်နှစ်တွင် ၇နှစ်သာရှိသေးသော်လည်း သူမ အသက်၅နှစ်ကတည်းက ခြင်းတစ်လုံးဖြင့် စပါးနှံများကို ကောက်လာခဲ့ရသည်။ သို့သော် ရှောင်ချီနှင့် ရှောင်ပါ့တို့အတွက်တော့ ပထမဆုံးအကြိမ် ဖြစ်လေသည်။ ယိုကျင့်မှာ မစိုးရိမ်ဘဲ မနေနိုင်ပေ။

ယိုကျင့်သည် ယိုလင်းနှင့် ယိုလော့တို့က ယိုကျူးနောက် လိမ်လိမ်မာမာဖြင့် လိုက်သွားကာ ရိတ်ထားပြီးသား လယ်ကွင်းများထဲတွင် စပါးနှံများ ရှာနေကြသည်ကို စောင့်ကြည့်လိုက်ပြီးနောက် အခိုက်တန့် စိတ်အေးသွားတော့သည်။ သူမသည် တံစဥ်ကို လှမ်းယူလိုက်ပြီးနောက် တစ်တန်းခွဲလောက် ရိတ်ပြီးထားသည့် ယိုရင်ရှိရာ စပါးခင်းဖက်သို့ လျှောက်လာလိုက်လေသည်။ ညီအစ်မနှစ်ယောက်သည် အတူတူမတ်တတ်ရပ်လိုက်ပြီး နှုတ်လမ်းကို စေ့ကာ ခါးကုန်းလိုက်တော့သည်။ သူတို့သည် စကားတခွန်းမှ မပြောတော့ဘဲ ကောက်ရိတ်လိုက်ကြလေသည်။

နေသည် တောင်ကုန်းပေါ်မှ မြင့်တက်လာ၏။ ဘဲဥလေးတစ်ခုလို ဖျော့တော့စွာ လင်းနေသည့် နေသေးသေးလေးမှ ပူပြင်းလွန်းသည့် နေတစ်လုံးအဖြင့် ပြောင်းသွားရန် အချိန်ကြာကြာ မယူလိုက်ရချေ။ နေထွက်ပြီး တစ်နာရီလောက်တွင် လယ်ကွင်းထဲ၌ ကောက်ရိတ်နေကြသူများသည့် မိုးရေကဲ့သို့ ချွေးများ ထွက်လာကြတော့သည်။

အရှေ့ဘက်တောင်ကုန်းနှင့် သိပ်မဝေးလှသည့်နေကို မျက်လုံးစွေကာ ကြည့်လိုက်ပြီးနောက် ယိုကျင့်သည် ဖျင်ကြမ်းအင်္ကျီလက်ဖြင့် နဖူးမှချွေးများကို သုတ်လိုက်ကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်လေသည်။ ထို့နောက် သိပ်မဝေးလှသည့်နေရာတွင် စပါးနှံများကို ကောက်နေကြသည့် ညီမငယ်သုံးယောက်ကို လှမ်းကြည့်လိုက်၏။ ခေါင်းပြန်ငုံံ့ကာ စပါးဆက်ရိတ်လိုက်တော့သည်။

ယိုကျင့်သည် ငယ်ငယ်လေးကတည်းက ယွဲ့အိမ်က အလုပ်အားလုံးကို လုပ်လာခဲ့ရလေသည်။ အခုတော့ အပူအဆုံးအချိန်ကို မရောက်သေးချေ။ သူမ ခံနိုင်ရည်ရှိသည့် အတိုင်းအတာအတွင်းတွင် ရှိလေသည်။ တစ်ဖက်တွင် ယိုကျင့်နောက်တွင် ကျန်ခဲ့သည့် ယိုရင်မှာ မခံနိုင်တော့ချေ။ ကောက်ရိတ်နေရင်းမှ ရုတ်တရက် ထိုင်ချလိုက်လေသည်။ သူသည် လေသံဖြင့် လှမ်းအော်လိုက်တော့သည်။

“ စန်းကျဲ….”

ကောက်ရိတ်နေဆဲ ယိုကျင့်က အားအင်ချိနဲ့သည့်အသံကို ကြားလိုက်သဖြင့် နောက်သို့ မြန်မြန် လှည့်ကြည့်လိုက်၏။ ပူပြင်လှသည့်နေကြောင့် မူးဝေနေသည့် ယိုရင်သည် မြေကြီးပေါ်တွင် ပစ်ထိုင်ကာ သူမကို ချိနဲ့စွာ လှမ်းခေါ်နေသည်ကို မြင်လိုက်ရတော့သည်။

ယိုကျင့် လက်ထဲက တံစဥ်ကို ချက်ချင်း ပစ်ချလိုက်ပြီး ခြေလှမ်းကျဲများဖြင့် ယိုရင်ဆီ လျှောက်သွားတော့သည်။ ယိုရင်ကို ကျောပိုးကာ လယ်ကွင်းဘေးက သစ်မာပင်အိုကြီးတစ်ပင် အောက်သို့ ခေါ်သွားလိုက်တော့သည်။ ယိုကျင့်သည် မနက်က ယူလာသည့်ဘူးသီးခြောက်ရေဘူးကို ထုတ်လိုက်ပြီး ယိုရင်ကို တစ်ငုံနှစ်ငုံလောက် သောက်ခိုင်းလိုက်လေသည်။ ယိုရင်၏ ညှိုးနွမ်းနေသည့် မျက်နှာလေးပေါ်က ချွေးများကို သုတ်ပေးလိုက်ပြီး

“ ယိုရင် အဆင်ပြေရဲ့လား”

ယွဲ့မိသားစုရှိ သမီးများထဲတွင် ယိုကျင့်တစ်ယောက်သာ မွေးလာကတည်းက အဘွားချန်၏ နှိပ်စက်မခံခဲ့ရချေ။ အကြောင်းမှာသည် သူမသည် အကြီးဆုံးဖြစ်ပြီး ယွဲ့ချန်လုက ပထမဆုံးကလေးရဖို့ နှစ်နှစ်ခန့် စောင့်ခဲ့ရသောကြောင့်ပင်။ သူမသည် ပိန်ပါးသော်လည်း ညီမငယ်လေးများထက်စာလျှင် ပို၍ကြံ့ခိုင်လေသည်။

ယိုရင်သည် အားအင်ကုန်ခမ်းသွားတော့သည်။ သစ်မာပင်အိုကြီးကို မှီထားရင်း အရိပ်အောက်တွင် တဖြည်းဖြည်း အသက်ရှူပြန်မှန်လာ၏။ ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခုဖြင့် သူမပြောလိုက်၏။

“စန်းကျဲ ညီမလေး အဆင်ပြေပါတယ်၊ ခဏလောက်နားနေလိုက်မယ်၊ မြန်မြန် ကောက်ရိတ်သွားလိုက်တော့”

ယိုရင်သည် အဖေက စန်းကျဲ သူမကို အဖော်လုပ်ပေးနေသဖြင့် လာဆူဆဲမည်ကို စိုးရိမ်နေမိသည်။

ယိုကျင့် သူမကို ဤသို့တွေ့လိုက်ရချိန်၌ အပူလျှပ်သွားမှန်း သိလိုက်တော့သည်။ ယိုရင် ပြောလိုက်သည့်စကားကလည်း အဓိပ္ပာယ်ရှိမှန်း သိလေသည်။ သူမနှင့် ယိုရင်တို့အတွက် သတ်မှတ်ပေးထားသည့် လယ်မြေကို ဒီနေ့ ပြီးအောင် မရိတ်နိုင်ခဲ့လျှင် ဒီညအတွက် ညစာစားရမည် မဟုတ်ပေ။ သူမ ပြန်ပြောလိုက်၏။

“ ဒါဆို နင်ဒီမှာ ကောင်းကောင်းနားနေလိုက်နော်၊ မူးနေရင် လမ်းမလျှောက်နဲ့ ရေများများသောက်”

ထိုနောက် သူမ လယ်ကွင်းဆီပြန်သွားလိုက်ကာ ကောက်ဆက်ရိတ်လိုက်တော့သည်။

လယ်ကွင်း၏တခြားဖက်တွင်တော့ ယွဲ့တာ့ဖူသည် ယိုကျင့်ရှိရာဖက်က အခြေအနေကို အဝေးမှ မြင်နေရ၏။ သူဘာမှ မပြောသော်လည်း တစ်လှမ်းကြည့်လိုက်ပြီး သဘောမတွေ့သည့်အမူအရာကို ထုတ်ပြလိုက်တော့သည်။ ယွဲ့ချန်လုသည် သည်နှစ်များတွင် စိတ်တို စိတ်ရှုပ်လွယ်လာတော့သည်။ သူ့အဖေ၏ သူစိမ်းဆန်ဆန်အမူအရာကို သတိထားမိသွားပြီး သူကြည့်နေသည့်ဘက်ကို လိုက်ကြည့်လိုက်လိုက်လေသည်။ ဆန်ကုန်မြေလေးနှစ်ယောက်က သစ်ပင်ရိပ်အောက်တွင် ပုန်းကွယ်ကာ အပါးခိုနေသည်ကို မြင်လိုက်ရတော့သည်။ ချက်ချင်းလိုပင် သူသည် ထိုဆန်ကုန်မြေလေးနှစ်ယောက်ကို သွားပြီး ဆုံးမချင်လိုက်တော့သည်။

“ လောင်အာ့ မင်းဘာလုပ်နေတာလဲ” ယွဲ့တာ့ဖူသည် ထိုတန်ဖိုးမရှိသည့် မြေးမလေးနှစ်ယောက်အတွက် စိတ်မကောင်း မဖြစ်ချေ။ သူ့သားက အပြင်တွက် သူ့ကလေးများကို ဆုံးမနေပြီး ရွာသားများတွက် ရယ်စရာဖြစ်နေမည်ကိုသာ စိုးရိမ်ခြင်းဖြစ်လေသည်။

“ နေရာတိုင်းမှာ လူတွေရှိနေတာ၊ သွားလိုက်လာလိုက်နဲ့ အလုပ်ရှုပ်ခံမနေနဲ့”

ယွဲ့ချန်လုသည် သူ့အဖေစကားကို အလိုလို နားလည်လိုက်ပြီး ညိုမည်းနေသည့်မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“အဖေ ကျွန်တော် ရေသွားသောက်ရုံပါ”

သူ့ပြောလိုက်သည့်စကားကို သားဖြစ်သူ နားလည်သွားသည်ကို တွေ့လိုက်ရသဖြင့် ယွဲ့တာ့ဖူ ဆက်မပြောတော့ချေ။

***

တဖက်တွင် ယွဲ့ယိုရင်သည် အနားယူနေသည်မှာ ၁၅မိနစ်ပင် မပြည့်သေးချေ။ ယွဲ့ချန်လုက သုန်သုန်မှုန်မှုန်မျက်နှာဖြင့် ရောက်လာတော့သည်။ အမှန်တွင် ယွဲ့ချန်လုသည် အစက ရုပ်မဆိုးချေ။ သူ့ အသက် ၈နှစ် ၉နှစ်လောက်တုန်းက ဆိုးသွမ်းပြီး မျက်ခုံးမှ နားရွက်အထိ တစ်လက်မလောက်ရှိသည့် ချုပ်ရာကြီးတစ်ခု မတော်တဆ ဖြစ်သွားပြီး သူ့ရုပ်လည်း ပျက်စီးသွားတော့သည်။ ထိုအခြင်းအရာကြောင့်ပင် ယွဲ့ချန်လု၏အရောင်အဝါသည် ပို၍ မည်းမှောင်လာတော့သည်။ သူ၏သုန်မှုန်နေသည့်မျက်နှာက တစ်နေ့လုံး ကြောက်စရာခံစားချက်ကို ပေးနေလေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အလားအလာရှိသည့်မိသားစု တချို့နှင့် လက်ထပ်ပွဲကို ငြင်းပယ်ခံလိုက်ရလေသည်။ နောက်ပိုင်း အဘွားချန်က အမျိုးသမီးစုကို တွေ့သွားပြီး သူမရုပ်ရည်က သင့်တော်သည်ဟု ထင်မိလေသည်။ ထို့ကြောင့် သူမ၏ဦးလေးဆီမှ ငွေတစ်စဖြင့် စေ့စပ်ကြောင်းလမ်းကာ အမျိုးသမီးစုကို ဝယ်ယူခဲ့လိုက်သည်။ ဤသို့ဖြင့် ယွဲ့ချန်လု အခြေကျသွားသည်ဟု မှတ်ယူနိုင်လေသည်။

ယွဲ့ချန်လုသည် တောက်ပသည့်မျက်လုံးများ၊ ဖြူဖွေးသည့်သွားများ ရှိသည့်သည် ဇနီးတစ်ယောက်ကို လက်ထပ်နိုင်ခဲ့သည်။ ထို့အပြင် အမျိုးသမီးစုသည် အလုပ်နှင့် လက်မကွာအောင် ဝီရိယရှိရှိ လုပ်ကိုင်တတ်လေသည်။ သူတို့ လက်ထပ်စက အဘွားချန်သည် သူမကို သဘောကျခဲ့သည်။ လူငယ်စုံတွဲသည် အလွန်စိတ်ချမ်းသာ ပျော်ရွှင်သည့်ဘဝတစ်ခုတွင် နေနိုင်ခဲ့သည်။ သို့သော် နှစ်နှစ် ကြာပြီးနောက် ယွဲ့မိသားစုအိမ်ကို နောက်မှဝင်လာသည့် ယောက်မက ကလေးအရင်မွေးသွားပြီး အမျိုးသမီးစု၏ ဗိုက်ကတော့ ဘာလှုပ်ရှားမှုမှ မရှိသေးချေ။ အဘွားချန်၏မျက်နှာသည် ပိုအကျည်းတန်လာတော့သည်။ ပျောက်ကွယ်သွားပြီးဖြစ်သည့် စိတ်ပျက်မှုတို့က တစ်ဖန် ပြန်ရောက်လာတော့သည်။

လက်ထပ်ပြီး သုံးနှစ်ကြာသည်အထိ အမျိုးသမီးစု၏ဗိုက်ထဲမှ ဘာသတင်းကောင်းမှ မကြားရချေ။ ထို့နောက် သူမ ယိုကျင့်ကို မွေးခဲ့သည်။ ထိုအချိန်တွင် သူ့မိန်းမ ကလေးမွေးနိုင်သ၍ အနှေးနှင့်အမြန် သားတစ်ယောက်တော့ မွေးနိုင်လိမ့်မည်ဟု ယွဲ့ချန်လု ထင်ထားခဲံသည်။ ထို့ကြောင့် သူသည် ယိုကျင့်ကို ချစ်သေးသည်။ သို့သော် နောက်ပိုင်းနှစ်များတွင် အမျိုးသမီးစု၏ဗိုက်သည် ဖောင်းလာလိုက် ၊ ပြားသွားလိုက်ဖြင့် ကိုယ်ဝန်ခြောက်ကြိမ်လွယ်ပြီး သမီး၇ယောက်ကို မွေးဖွားခဲ့သည်။ သို့သော် သားတစ်ယောက်မှ မပါသေးချေ။ အဘွာချန်၏မျက်နှာထားသည်လည်း တစ်နှစ်တစ်နှစ် ပိုဆိုးလာတော့သည်။ ယွဲ့ချန်လု၏စိတ်တို့သည်လည်း တစ်နှစ်ထက်တစ်နှစ် ကြမ်းတမ်းလာလေသည်။ အမျိုးသမီးစု ယိုကျူးနှင့် ယိုပေါင် အမြွှာကို မွေးလိုက်ပြီးနောက်ပိုင်း ယွဲ့ချန်လုသည် အမျိုးသမီးစုအပေါ်  အိမ်တွင်းအကြမ်းဖက်မှုများ စတင်လုပ်ခဲ့ပြီး အခုချိန်ထိ ဆိုးလာတော့သည်။ တစ်ခုခု အဆင်မပြေလျှင် အိမ်အပြင်တွင် စိတ်တိုဒေါသထွက်ရလျှင် အိမ်ပြန်ရောက်ချိန်၌ အမျိုးသမီးစုကိုဖြစ်ဖြစ် သမီးတချို့ကိုဖြစ်ဖြစ် ရိုက်နက်တော့သည်။

ထို့ကြောင့် ယိုရင်က မျက်နှာမဲဖြင့် သူမထံလျှောက်လာသည့် အဖေဖြစ်သူကို မြင်လိုက်ရသောအခါ အလိုလို ကိုယ်ကို ကျုံ့မိသွားပြီးမှ ကြောက်ကြောက်ရွံ့ရွံ့ နှုတ်ဆက်လိုက်တော့သည်။

“ အဖေ”

ယွဲ့ချန်လုသည် သစ်မာပင်အောက်က အဘွားချန်သူတို့အတွက် ပြင်ဆင်ထားပေးသည့် ဘူးသီးခြောက်ရေဘူးကို ကောက်ယူလိုက်ကာ ရေတစ်ငုံနှစ်ငုံလောက် မော့သောက်လိုက်၏။ ထို့နောက် အဖုံးပြန်ပိတ်ပြီး ထိုရေဘူးဖြင့် ယိုရင်ကို ရိုက်လိုက်ကာ ခပ်ဩဩအသံဖြင့် ဆူပူကြိမ်းမောင်းတော့သည်။

“ စားဖို့ပဲ သိပြီး နေ့တိုင်း အချောင်ခိုနေ ၊ နင် အလုပ်မလုပ်ရင် ကြည့်နေလိုက် ငါနင့်ကို သေအောင်ရိုက်ပြမယ်”

ယိုရင်သည် သတိထားသော်လည်း ယွဲ့ချန်လုက ဘူးသီးခြောက်ဖြင့် ထုလိုက်ချိန်တွင်တော့ မခုခံရဲသေးပေ။ ဘူးသီးခြောက်သည် သူမ၏ပေါင်ကို လာရိုက်ပြီး နာကျင်မှုကြောင့် မျက်ရည်များ ချက်ချင်း ဝဲတက်လာတော့သည်။ သို့သော် သူမ ဘာမှပြန်မပြောရဲပေ။ တုန်တုန်ယင်ယင်ဖြင့် သစ်မာပင်ကို အားပြုရင် ထရပ်လိုက်လေသည်။ ထို့နောက် သူမကောက်ရိတ်ခဲ့သည့် လယ်ကန်သင်းနားသို့ ထော့နဲ့ထော့နဲ့ဖြင့် ပြန်သွားလိုက်၏။ သူမအဖေ သတိမထားမိသည်ကို သိသွားပြီးနောက် လက်ကို ပင့်ကာ မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်လေတော့သည်။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset